← Chapters

အခန်း ၁၄၁

Vol. 15 Ch. 141

အခန်း ၁၄၁

Vol. 15 Ch. 141

အခန်း (၁၄၁) - ယွီလုံနတ်ဘုရား (၁)

မိုးခြိမ်းသံတိုးတိုးသည် ကောင်းကင်ယံထက်ဝယ် ရုတ်တရက် လှိမ့်ဝင်လာလေသည်။

ညဉ့်မှောင်ထုကို တစ်ဦးတည်း ရင်ဆိုင်ကြည့်ရှုနေသော မော့တူရှင်းက ဖြည်းညင်းစွာ ပြောလိုက်၏။

"မိုးရွာတော့မယ်..."

ပျန်းချန်က မျက်လုံးပင့်ကြည့်လိုက်ပြီး ဂိုဏ်းတူအစ်ကိုကြီးမှာ အပိုစကားများကို တစ်ဖန်ပြောဆိုပြန်ပြီဟု ခံစားလိုက်ရချေသည်။

မိုးရွာတော့မည် မဟုတ်လျှင် သူတို့သည်လည်း မိုးခိုရန်အတွက် အမိုးအကာရှိသော ဤကဲ့သို့သော နေရာမျိုးကို ရှာဖွေနေကြမည် မဟုတ်ပေ။

သူသည် လက်ထဲမှ သစ်သားချောင်းကို လှည့်ပတ်ကာ မုန့်ပြားအပူညီမျှစေရန် ပြုလုပ်ရင်း မေးလိုက်၏။

"သခင်လေးသုံး... လော့ချန်အိမ်တော်ရဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုထင်လဲ..."

ချူချင်းသည် ထိုစကားကို ကြားသောအခါ ဝမ်ရိုကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် မေးလိုက်လေသည်။

"ဝမ်ရို... မင်းအဖေမှာ ညီအစ်ကိုတွေ ရှိလား..."

ဝမ်ရိုက မျက်တောင်ခတ်လိုက်ရင်း ပြန်ပြော၏။

"ရှိတယ်... ကျွန်မမှာ ဦးလေးနှစ်ယောက် ရှိတယ်..."

ချူချင်းက ခေါင်းညိတ်လိုက်၏။

"ဝမ်ရိုနဲ့ငါ ဒီလမ်းတစ်လျှောက် လာခဲ့တဲ့အချိန်မှာ လူသတ်သမားတွေနဲ့ နှစ်ကြိမ်တောင် ရင်ဆိုင်ခဲ့ရတယ်..."

"ပထမတစ်ကြိမ်တုန်းက သူတို့ ပါးစပ်ကနေ သတင်းအချို့ ရခဲ့တယ်... တစ်ယောက်ယောက်က သူတို့ကို နျဲ့ကျင့်ထိုင်ရဲ့ လူသတ်သမားတွေအဖြစ် ဟန်ဆောင်ခိုင်းပြီး ဝမ်ရိုကို လုပ်ကြံခိုင်းတာလို့ သိခဲ့ရတယ်..."

"ဒါပေမဲ့ မနေ့ညက ငါတို့ ကြုံတွေ့ခဲ့ရတဲ့ တိုက်ပွဲကတော့ မတူဘူး..."

"သူတို့က လူအင်အားအများကြီး သုံးခဲ့ပေမဲ့ ဘယ်သူ့ကမှ ဟန်ဆောင်ဖို့ ရည်ရွယ်ချက်မရှိတာ သိသာတယ်..."

"ပြီးတော့ တိုက်ခိုက်တဲ့အချိန်မှာလည်း ဖမ်းဆီးဖို့ကိုပဲ အဓိကထားပြီး ရက်ရက်စက်စက် လက်မပါခဲ့ကြဘူး..."

"ဒါဆို... သခင်လေးသုံးက ဒါက အုပ်စုနှစ်စုရဲ့ လက်ချက်လို့ သံသယဝင်နေတာလား..."

ပျန်းချန်သည် နောက်ဆုံးတွင် မုန့်ပြားကို လက်ထဲသို့ ယူလိုက်နိုင်သော်လည်း အနည်းငယ်ပူနေသဖြင့် လက်နှစ်ဖက်ကို ဟိုဘက်ဒီဘက်ပြောင်းကိုင်ရင်း ပြောလိုက်၏။

"ဒါပေမဲ့ မင်းက ဂိုဏ်းတူညီမလေးရဲ့ အိမ်ကဆွေမျိုးတွေအကြောင်း မေးနေမှတော့ သူတို့ကို သံသယဝင်နေတာ မဟုတ်လား..."

ချူချင်းက ခေါင်းညိတ်ကာ ပြောလိုက်၏။

"လော့ချန်အိမ်တော်ဟာ 'ဂိုဏ်းနှစ်ဂိုဏ်း၊ ခန်းမသုံးဆောင်၊ ဂိုဏ်းခွဲငါးခုနဲ့ အိမ်တော်တစ်ဆောင်' ထဲက တစ်ခုဖြစ်ပြီး အင်အားက သာမန်ထက် ထူးကဲတယ်... အိမ်တော်သခင်ဝမ်မှာ ဝမ်ရိုတစ်ယောက်ပဲ သမီးအဖြစ် ရှိတာ..."

"သူမကို တခြားသူတွေရဲ့ မျက်စိထဲမှာ ဆူးငြောင့်ခလုတ်လို့ မသတ်မှတ်ဘူးလို့ ပြောဖို့ခက်တယ်..."

"ဒါပေမဲ့ ဒီလုပ်ရပ်က နျဲ့ကျင့်ထိုင်နဲ့ ပတ်သက်နေတော့ ငါ့အတွက် သိပ်ပြီး ယုတ္တိမရှိသလို ခံစားရပြန်တယ်..."

"တကယ်လို့ အိမ်တော်သခင်ဝမ်က ဒီကိစ္စကြောင့် နျဲ့ကျင့်ထိုင်နဲ့ ရန်သူဖြစ်သွားခဲ့ရင် ရလဒ်က တကယ်ကို ခန့်မှန်းရခက်လိမ့်မယ်..."

"တကယ်လို့ တစ်ယောက်ယောက်က ဒါကို အသုံးချပြီး ပြဿနာရှာချင်တာဆိုရင် အကုန်လုံးကို ဆုံးရှုံးသွားမဲ့ ရလဒ်မျိုးကို မကြောက်ဘူးလား..."

"ဒါဆိုရင်တော့... ဂိုဏ်းတူညီမလေးရဲ့ ဦးလေးနှစ်ယောက်က ဘယ်လိုလူစားမျိုးလဲဆိုတာအပေါ် မူတည်တာပေါ့..."

ပျန်းချန်က ခေါင်းလှည့်ကာ ဝမ်ရိုကို ကြည့်လိုက်၏။

သူမ၏ မျက်နှာထားမှာ အေးစက်တည်ငြိမ်နေပြီး ချူချင်းနှင့် ပျန်းချန်တို့၏ စကားများကို စိတ်ထဲထားပုံမရသည်ကို မြင်သောအခါ ပျန်းချန်က သက်ပြင်းချလိုက်လေသည်။

"ကြည့်ရတာ ဂိုဏ်းတူညီမလေးလည်း သူတို့အကြောင်းကို သိပ်မသိဘူးထင်တယ်..."

ချူချင်းမှာ အံ့အားသင့်သွားရ၏။ သူသည် ဝမ်ရို၏ မျက်နှာထက်မှ ထိုအဓိပ္ပာယ်ကို မည်သို့ ဖတ်ရှုလိုက်သနည်း။

ဝမ်ရိုက ပြောလိုက်၏။

"ကျွန်မက ငယ်ငယ်ကတည်းက ထိုက်ရိဂိုဏ်းကို ပို့ခံခဲ့ရတာဆိုတော့ အိမ်ကဆွေမျိုးတွေအကြောင်း သိပ်မသိတာ သဘာဝပဲလေ..."

နှစ်ပေါင်းများစွာ အတူတကွ နေထိုင်ခဲ့ကြသော ဂိုဏ်းတူမောင်နှမများပီပီ ခံစားချက်မဲ့သော မျက်နှာထက်မှပင် တိကျသော အချက်အလက်များကို ဖတ်ရှုနိုင်ကြပေသည်။

ချူချင်းက ခေါင်းခါလိုက်၏။

"ကိစ္စမရှိပါဘူး... ဒီလိုကိစ္စမျိုးကို လော့ချန်အိမ်တော် ရောက်မှပဲ အကဲခတ်ကြည့်ကြတာပေါ့..."

"ပြီးတော့ ဒုတိယအသုတ် လူသတ်သမားတွေက နျဲ့ကျင့်ထိုင်ရဲ့ နာမည်ကို မသုံးခဲ့သလို ပြန်ပေးဆွဲဖို့ကိုပဲ အဓိကထားခဲ့တာဆိုရင်..."

"သူတို့က ဝမ်ရိုကို အသုံးချပြီး အိမ်တော်သခင်ဝမ်ကို ခြိမ်းခြောက်ချင်တာ ဖြစ်ဖို့များတယ်..."

"အကြောင်းပြချက်ကတော့ ထျန်းကျီးအမိန့်တော်ပြားကြောင့်ပဲ..."

ပျန်းချန်က ချီးကျူးလိုက်၏။

"သခင်လေးသုံးက တကယ်ကို အမြော်အမြင်ရှိတာပဲ... အစမြင်ရုံနဲ့ တစ်ခုလုံးကိုသိမြင်နိုင်တယ်..."

ချူချင်းက ခေါင်းခါလိုက်၏။

"အခု သိထားရတာတွေက အရမ်းနည်းလွန်းသေးတယ်... ပြောသမျှကလည်း ခန့်မှန်းချက်တွေသက်သက်ပဲ..."

"ဒါပေမဲ့ အချက်တစ်ချက်ကိုတော့ အသေအချာ အတည်ပြုနိုင်တယ်..."

ပျန်းချန်က ခေါင်းညိတ်လိုက်၏။

"ဝမ်ရိုရဲ့ အိမ်ပြန်လမ်းကြောင်းက လျှို့ဝှက်ချက် မဟုတ်တော့ဘူး... ဒီတစ်ခေါက် လော့ချန်အိမ်တော်ကို သွားရမဲ့ခရီးကတော့ အေးအေးချမ်းချမ်း ရှိမှာမဟုတ်တော့ဘူး..."

ဝမ်ဖူစန်း၏ သိုင်းပညာမှာ လောကတွင် အတုမရှိဖြစ်ပြီး နှစ်ပေါင်းများစွာတိုင်အောင် လော့ချန်အိမ်တော်ကို စောင့်ရှောက်လာခဲ့ရာ မည်သူမျှ မပြစ်မှားဝံ့ကြချေ။

ထျန်းကျီးအမိန့်တော်ပြား ကိစ္စကြောင့် အရပ်ရှစ်မျက်နှာမှ ဘေးအန္တရာယ်များကို ဆွဲဆောင်လာခဲ့လေသည်။

ထိုလူများသည် လော့ချန်အိမ်တော်ကို လွယ်လွယ်ကူကူ လက်ရဲဇက်ရဲ တိုက်ခိုက်ဝံ့ကြမည် မဟုတ်ပေ။

ဝမ်ဖူစန်း၏ အပြင်ဘက်တွင် ရောက်ရှိနေသော သမီးဖြစ်သူသာလျှင် အားနည်းချက်အစစ်အမှန် ဖြစ်နေချေသည်။

ထိုလူစုသည် ၎င်းကို အခွင့်ကောင်းယူကာ နည်းလမ်းအမျိုးမျိုး အသုံးပြုကြမည်မှာ သေချာလှ၏။

အကယ်၍ ဝမ်ရိုကို သူတို့လက်ထဲမှာ ထိန်းချုပ်ထားနိုင်ခဲ့ရင် ဝမ်ဖူစန်းက တစ်ခုခုလုပ်ဖို့ တွန့်ဆုတ်နေမှာကို စိုးရိမ်စရာ လိုပါဦးလော။

"ကျွန်မက အဖိုးတန်ရတနာလေး ဖြစ်သွားတာပေါ့..."

ဝမ်ရိုက သူမကိုယ်သူမ ညွှန်ပြလိုက်ပြီးနောက် နှုတ်ခမ်းထောင့်များကို လက်ဖြင့် အပေါ်သို့ဆွဲတင်ကာ ကြောက်မက်ဖွယ်ကောင်းသော အပြုံးတစ်ခုကို ဖော်ပြလိုက်လေသည်။

ပျန်းချန်၏ မျက်နှာမှာ မည်းမှောင်သွားပြီး သူမနှင့် ဝေးရာသို့ မသိမသာ ဆုတ်ခွာလိုက်မိ၏။

သူမ၏ ဤအပြုံးမှာ လူစားတော့မည်လားဟု အမြဲတစေ သံသယဝင်စေပေသည်။

ချူချင်းသည် တစ်ခဏမျှ စဉ်းစားရခက်သွားပြီးနောက် သူမ၏လက်ကို အောက်သို့ ညင်သာစွာ တွန်းချပေးလိုက်ကာ ထိုအပြုံးကို ကြောက်စရာမကောင်းအောင် ပြုပြင်ပေးလိုက်၏။

"အရမ်းလွန်သွားပြီ... ဒီလိုဆိုရင် ပိုကောင်းမှာ..."

အလွန်အမင်း သဘာဝမကျသော်လည်း ဤကဲ့သို့သော အပြုံးမျိုးမှာ ကြည့်ရဆိုးလှသည်တော့ မဟုတ်ပေ။

ချူချင်းက လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ဝမ်ရိုသည်လည်း အနည်းငယ် စိတ်မသက်မသာဖြင့် လက်ကို အောက်သို့ ချလိုက်လေသည်။

တစ်စုံတစ်ခုကို ပြောရန်ပြင်လိုက်စဉ်မှာပင် မော့တူရှင်း၏ ပြတ်သားသော အော်ဟစ်သံကို ကြားလိုက်ရ၏။

"ဘယ်သူလဲ..."

အခန်းထဲရှိ လူသုံးယောက်မှာ ရုတ်တရက်ထိတ်လန့်သွားကြ၏။ အထူးသဖြင့် ချူချင်းပင်။

သူသည် မည်သည့်လှုပ်ရှားသံကိုမျှ မကြားရသော်လည်း ဤမော့တူရှင်းက မည်သို့ သိရှိသွားသနည်း။

သူသည် တကယ်ကိုပင် စွမ်းအားများကို ဖုံးကွယ်ထားနိုင်သူ ဖြစ်ပေသည်။

သို့သော် ခေတ္တမျှ စောင့်ဆိုင်းသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ပေါ်မလာခဲ့ချေ။

လူတိုင်း၏ အကြည့်များမှာ မော့တူရှင်း၏ ကျောပြင်ဆီသို့ ရောက်ရှိသွားကြလေသည်။

မော့တူရှင်းက တည်ငြိမ်စွာ ပြောလိုက်၏။

"လေတိုက်လို့ပါ... စောစောက ငါ နားကြားမှားတာ ဖြစ်လိမ့်မယ်..."

"..."

ပျန်းချန်က မျက်လုံးကို အားရပါးရ ပင့်ကြည့်လိုက်၏။

"သခင်လေးသုံး... ညဦးပိုင်းကို မင်းနဲ့ ငါ့ဂိုဏ်းတူညီမလေးတို့ စောင့်လိုက်ကြ... ညသန်းခေါင်ကျော်ရင်တော့ မင်းတို့ အနားယူဖို့ ငါတို့နဲ့ လူလဲကြတာပေါ့..."

"ငါ့ဂိုဏ်းတူအစ်ကိုကြီးက ဟန်ဆောင်ပန်ဆောင်နဲ့ လန့်အောင်လုပ်နေတာကို မကြည့်ချင်တော့လို့..."

ချူချင်းက တစ်ခဏမျှစဉ်းစားပြီးနောက် ပြောလိုက်၏။

"ဒါဆိုရင် မနက်ဖြန်ညကျမှ ပြန်လဲကြတာပေါ့..."

ညဦးပိုင်းမှာ စောင့်ရလွယ်ကူပြီး အိပ်ငိုက်ခြင်း မရှိသော်လည်း ညသန်းခေါင်ကျော်အချိန်မှာ အလွန်ပင်ပန်းလှသဖြင့် ထိုဂိုဏ်းတူညီအစ်ကိုနှစ်ယောက်ကိုသာ ဤကဲ့သို့သော ပင်ပန်းသည့်အလုပ်ကို အမြဲတမ်း မခိုင်းစေသင့်ပေ။

အစီအစဉ်များ ဆွဲပြီးနောက် အားလုံးက ညစာစားကြပြီး ချူချင်းနှင့် ဝမ်ရိုတို့သည် မော့တူရှင်း၏နေရာတွင် အစားထိုးကာ တံခါးဝ၌ သွားရောက်ထိုင်လိုက်ကြလေသည်။

ထိုဂိုဏ်းတူညီအစ်ကိုနှစ်ယောက်ကို စောစောအနားယူစေပြီး ညသန်းခေါင်တွင် နိုးထကာ တာဝန်လဲရန် ပြင်ဆင်စေလိုက်၏။

ဤအချိန်တွင် တိုက်ခတ်လာသော လေညင်းမှာ အေးစိမ့်မှုကို သယ်ဆောင်လာပြီး မိုးဖွဲလေးများက မြေပြင်ကို စိုစွတ်စေကာ တဖြည်းဖြည်း ရေစီးကြောင်းငယ်များအဖြစ် ပြောင်းလဲသွားသဖြင့် အအေးဓာတ်မှာ ပိုမိုပြင်းထန်လာချေသည်။

ချူချင်းသည် ယခုအခါ အတွင်းအားကျင့်စဉ် အောင်မြင်ထားပြီဖြစ်ရာ ဤမျှလောက်သော အအေးဓာတ်မှာ သူ့ကို မတုန်လှုပ်စေနိုင်ပေ။

ဝမ်ရိုကမူ ကျောပိုးအိတ်ထဲမှ ဝတ်ရုံရှည်တစ်ထည်ကို ထုတ်ဝတ်လိုက်ပြီး လက်ပိုက်ကာ အပြင်ဘက်မှ မိုးစက်များကို ကြည့်ရင်း မေးလိုက်၏။

"ဒီလိုမျိုး ရွာနေတာဆိုရင် မနက်ဖြန်မနက်ကျရင် မိုးတိတ်ပါ့မလား..."

"မပြောတတ်ဘူး..."

ဤခေတ်ကာလတွင် မိုးလေဝသခန့်မှန်းချက် မရှိသဖြင့် ချူချင်းသည်လည်း ကြိုတင်သိရှိရန် ခက်ခဲလှပေသည်။

စကားဝိုင်းမှာ ဤနေရာတွင်ပင် ရပ်တန့်သွားသဖြင့် အခန်းထဲရှိပျန်းချန်ပင် ကြည့်ရင်း မျက်မှောင်ကြုတ်သွားရ၏။

အဘယ်ကြောင့် စကားနှစ်ခွန်းတည်းနဲ့ ပြီးသွားရသနည်း။

အစောပိုင်းက ဝမ်ရိုတစ်ယောက် အိမ်ထောင်ကျတော့မည်ဟု ထင်မှတ်ထားခဲ့သော်လည်း...

ယခုကြည့်ရသည်မှာ ထိုနှစ်ယောက်ကြားတွင် ပြောစရာစကား သိပ်မရှိကြပုံရသဖြင့် ဂိုဏ်းတူညီမလေး၏ အိမ်ထောင်ရေးလမ်းခရီးမှာ ရှည်လျားလွန်းလှသေးသည်ဟု ခံစားလိုက်ရချေသည်။

မော့တူရှင်းက ပျန်းချန်ကို အေးစက်စွာ ကြည့်လိုက်၏။

"မင်း ဘာကြည့်နေတာလဲ..."

ပျန်းချန်က ခေါင်းခါလိုက်၏။

"အစ်ကို နားမလည်ပါဘူး..."

"အိပ်တော့မယ်... အိပ်တော့မယ်..."

မော့တူရှင်းက ပျန်းချန်ပြောခဲ့သော စကားများကို စိတ်ထဲတွင် မှတ်ထားပြီး ပြန်လည်ပြောဆိုလိုက်လေသည်။

ပျန်းချန်က ဂရုမစိုက်ဘဲ မျက်လုံးမှိတ်လိုက်ကာ ချက်ချင်းပင် အိပ်‌ပျော်သွားချေသည်။

မော့တူရှင်းမှာမူ အနည်းငယ် တွန့်ဆုတ်နေပြီး ဤကဲ့သို့ လှဲလျောင်းအနားယူခြင်းမှာ သူ့ပုံစံမဟုတ်ဟု ခံစားနေရ၏။

ဓားသမားတစ်ယောက်အနေဖြင့် ဤမျှလောက် ပေါ့ပေါ့တန်တန် မနေသင့်ပေ။

ထို့ကြောင့် သူသည် တင်ပျဉ်ခွေထိုင်ကာ ဓားကို ဒူးပေါ်တွင် တင်ထားပြီး မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်လေသည်။

တစ်ခဏအကြာတွင် သူ၏နှာခေါင်းမှ ဟောက်သံများ ထွက်ပေါ်လာပြီး ခေါင်းမှာလည်း ငိုက်စိုက်ကျသွားချေသည်။

သူသည် ထိုင်လျက်ပင် အိပ်ပျော်သွားလေသည်။

ဝမ်ရိုက ထိုအချိန်တွင် ချူချင်းကို ရုတ်တရက် မေးလိုက်၏။

"အစ်ကိုသုံး..."

"ဟင်..."

"ဟိုတုန်းက ကျွန်မ လိုက်သတ်တာ ခံရတုန်းက အစ်ကိုသုံးပဲ ကျွန်မကို ကယ်ခဲ့တာမဟုတ်လား..."

ဝမ်ရိုက ခေါင်းမော့ကာ ချူချင်းကို ကြည့်လိုက်၏။

All Chapters