အခန်း ၁၄၂
Vol. 15 Ch. 142
အခန်း (၁၄၂) - ယွီလုံနတ်ဘုရား (၂)
ချူချင်းက မိမိ၏မျက်နှာကို ပွတ်သပ်လိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်လေသည်။
ဝမ်ရိုက သူမ၏နှုတ်ခမ်းထောင့်များကို ညင်သာစွာ ဆွဲတင်ကာ ပြုံးပြလိုက်၏။
"ကျေးဇူးတင်ပါတယ်..."
"တိုက်ဆိုင်သွားတာပါ... အားနာစရာမလိုပါဘူး... ပြီးတော့ မင်းလည်း အဲဒီတုန်းက ကျေးဇူးတင်စကား ပြောပြီးသားပဲ..."
ချူချင်းသည် ဝမ်ရို၏ ဤအပြုံးမှာ ပို၍ကြည့်ကောင်းသည်ဟု ခံစားလိုက်ရပြီး အနည်းဆုံးတော့ သူမ၏ သွားများကို မြင်တွေ့ရခြင်း မရှိပေ။
ဝမ်ရိုက ထပ်မံပြောဆိုပြန်၏။
"အစ်ကိုသုံး... ကျွန်မကို နောက်ထပ် သင်ပေးပါဦး..."
ချူချင်းမှာ နားမလည်နိုင်ဖြစ်သွားရ၏။
"ဘာကိုလဲ..."
ဝမ်ရိုက ပြောလိုက်၏။
"ဟိုလေ... မျက်နှာအမူအရာတွေ..."
"ကိုယ့်ရဲ့ ခံစားချက်တွေကို ဖော်ပြဖို့အတွက်..."
ချူချင်းသည် လည်ပင်းကို နောက်သို့ဆွဲလိုက်မိ၏။ ဝမ်ရိုကို အပြုံးတစ်ခု သင်ပေးခဲ့မိသည်မှာ သူ့ကို အချိန်အတော်ကြာ နောင်တရစေခဲ့ပေသည်။
ယခု နောက်ထပ် သင်ပေးရဦးမည်ဆိုလျှင်...
ဤမျှကြည့်ကောင်းသော မျက်နှာလေးမှာ ဤကဲ့သို့ ဖျက်ဆီးခံရသည်ကို သူ မကြည့်ရက်နိုင်တော့ပေ။
သူသည် ငြင်းပယ်ရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် ခေါင်းလှည့်ကာ အဝေးတစ်နေရာဆီသို့ ကြည့်လိုက်လေသည်။
ဝမ်ရိုသည်လည်း နှာခေါင်းကိုရှုံ့လိုက်၏။
"လူတွေ လာနေကြတယ်... တစ်ယောက်တည်း မဟုတ်ဘူး... အနံ့တွေက နည်းနည်း ရှုပ်ထွေးနေတယ်..."
ချူချင်းက ခေါင်းညိတ်လိုက်၏။
"အစ်ကိုပျန်းကို နှိုးလိုက်... မမျှော်လင့်တာတွေ မဖြစ်အောင်လို့..."
"ကောင်းပြီ..."
ဝမ်ရိုက ပြန်ထူးလိုက်ပြီးနောက် လှည့်ဝင်သွားလေသည်။
ဝမ်ရိုက ပျန်းချန်ကို တွန်းနှိုးရန် လက်လှမ်းလိုက်စဉ်မှာပင် လူရိပ်တစ်ရိပ်သည် မိုးကာရံကို ဖြတ်ကျော်ကာ သစ်ပင်ထိပ်ဖျားများကို နင်းလျက် လျင်မြန်စွာ ပျံသန်းလာပြီးနောက် ချူချင်းတို့ရှိနေသော အိမ်ခေါင်မိုးပေါ်သို့ ဆင်းသက်လိုက်လေသည်။
ထိုသူက ခေါင်းငုံ့ကာ ချူချင်းကို ကြည့်လိုက်ပြီး ချူချင်းသည်လည်း လည်ပင်းကိုဆန့်ကာ ထိုသူနှင့် မျက်လုံးဆုံကြည့်လိုက်၏။
ထိုသူက လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည်ကို မြင်လိုက်ရ၏။
"အားနာပါတယ်... နှောင့်ယှက်မိပြီ..."
ချူချင်း ပြန်လည်မပြောနိုင်သေးမီမှာပင် အေးစက်သော အလင်းတန်းတစ်ခုသည် မိုးစက်များကို ဖြတ်သန်းကာ ထိုသူ၏ မျက်ခုံးအလယ်တည့်တည့်သို့ ဦးတည်လာချေသည်။
ထိုသူက ခေါင်းကို အနည်းငယ်စောင်းလိုက်ပြီး ဤလျှို့ဝှက်လက်နက်ကို ရှောင်တိမ်းလိုက်စဉ်မှာပင် လက်တစ်ဖက်သည် သူ၏ရှေ့မှောက်သို့ ရောက်ရှိလာပြီ ဖြစ်၏။
တိုက်ခိုက်လာသူ၏ လက်သည်းချက်မှာ ရက်စက်ကြမ်းကြုတ်ပြီး ပြင်းထန်လှပေသည်။
ထိုဝတ်စုံဖြူဝတ်ထားသူသည် လက်ကိုလှုပ်ခါလိုက်ရာ လက်ဝါးထဲတွင် ယပ်တောင်တစ်ချောင်း ပေါ်လာပြီး ယပ်တောင်ကိုမြှောက်ကာ အသာအယာ ခုခံလိုက်သည်ကို မြင်လိုက်ရ၏။
ယပ်တောင်ထံမှ ဓားသံတိုးတိုးပင် ထွက်ပေါ်လာလေသည်။
တစ်ဖက်လူ မျက်နှာပျက်သွားပြီး တိုက်ကွက်ကို အဆုံးထိ မသုံးဝံ့တော့ဘဲ နောက်သို့ဆုတ်ခွာရန် ပြင်လိုက်စဉ်မှာပင် ဝုန်းခနဲအသံတစ်သံ ထွက်ပေါ်လာ၏။
မူလက သေးငယ်သော ဓားအလင်းတန်းမှာ ယပ်တောင်ပွင့်သွားသည်နှင့်အမျှ ချက်ချင်းပင် ပြန့်နှံ့သွားလေသည်။
တစ်ခဏချင်းတွင် ဘယ်ညာနှစ်ဖက်လုံးမှာ သေလမ်းဖြစ်သွားပြီး အပေါ်အောက်တွင်လည်း ပြေးပေါက်မရှိတော့ပေ။
ဖျတ်ခနဲအသံနှင့်အတူ ထိုသူ၏ ခန္ဓာကိုယ်မှာ နောက်သို့ လွင့်ထွက်သွားပြီး ဝတ်စုံဖြူဝတ်ထားသူ၏ လက်ချက်ဖြင့် အိမ်ခေါင်မိုးပေါ်မှ ပြုတ်ကျသွားချေသည်။
သူသည် မသိစိတ်အရ ရင်ဘတ်ကို လက်အုပ်လိုက်သော်လည်း ရင်ဘတ်ထက်မှ သွေးရာမှာ နက်ရှိုင်းလှသဖြင့် မည်သို့မျှ ဖုံးကွယ်၍မရဘဲ ခြေလှမ်းအနည်းငယ် ယိုင်လဲသွားပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားလေသည်။
သို့သော် နောက်တစ်ခဏတွင် လူရိပ်အများအပြားသည် အမှောင်ထုထဲမှ ထွက်ပေါ်လာကြ၏။
ရှေ့နောက် စုစုပေါင်းတစ်ဆယ့်ခြောက်ယောက် ရှိချေသည်။
ထိုတစ်ဆယ့်ခြောက်ယောက်လုံးမှာ အမျိုးသားများ ဖြစ်ကြသော်လည်း သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် ပန်းရောင်ဝတ်စုံများကိုသာ ဝတ်ဆင်ထားကြ၏။
ကြည့်ရသည်မှာ အနည်းငယ် ထူးဆန်းအံ့သြဖွယ်ကောင်းလှပေသည်။
ဝတ်စုံဖြူဝတ်ထားသူသည် ထိုလူစုကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။
"တကယ်ကို အရှုံးမပေးပဲ လိုက်နေကြတာပဲ..."
"ငါတို့နတ်ဘုရားက သခင်လေးကို သဘောကျနေတာဆိုတော့ သခင်လေးအနေနဲ့ ရုန်းကန်မနေပါနဲ့တော့..."
"ငါတို့နဲ့အတူ ပြန်လိုက်ပြီး အမိန့်နာခံပါ... နောက်နောင် နတ်ဘုရားရဲ့ဘေးနားမှာ နေပြီး စည်းစိမ်ခံစားရတာက လောကအနှံ့ လှည့်လည်သွားလာနေရတာထက် ပိုကောင်းတာပေါ့ မဟုတ်ဘူးလား..."
ပန်းရောင်ဝတ်အမျိုးသားတစ်ဦးသည် လူအုပ်ထဲမှ ထွက်လာပြီး နှုတ်ခမ်းထောင့်တွင် သင့်တော်သော အပြုံးတစ်ခုကို ဆင်မြန်းထား၏။
သို့သော် ချူချင်းသည် ဤကဲ့သို့သော အပြုံးမျိုးကို ရင်းနှီးနေသလို ခံစားလိုက်ရလေသည်။
သူသည် စဉ်းစားကြည့်လိုက်၏။
စိတ်ကူးထဲတွင် တွေးတောလိုက်ပြီးနောက် ချက်ချင်းပင် သတိရသွားချေသည်။
မနေ့ညက ထျန်းရှန်းမျှော်စင်မှ မိန်းကလေးများစွာသည် ဤကဲ့သို့ပင် ပြုံးပြခဲ့ကြဖူးပေသည်။
သို့သော် ဤအပြုံးမှာ အမျိုးသားတစ်ဦး၏ မျက်နှာထက်တွင် ပေါ်ပေါက်လာသောအခါ အနည်းငယ် ကြည့်ရဆိုးလှ၏။
ဝတ်စုံဖြူဝတ်ထားသူသည် ထိုစကားကို ကြားသောအခါ မျက်နှာမှာ ချက်ချင်းပင် ပြာနှမ်းသွားပြီး အော်ဟစ်လိုက်၏။
"မင်းတို့ သေချင်နေတာပဲ..."
စကားဆုံးသည်နှင့် သူသည် အိမ်ခေါင်မိုးပေါ်မှ ခုန်ချလိုက်ပြီး လက်ထဲမှ ယပ်တောင်ကို လှုပ်ခါကာ ထိုပန်းရောင်ဝတ်စုံဝတ် အမျိုးသားတစ်ဆယ့်ခြောက်ယောက်ထဲသို့ တိုးဝင်တိုက်ခိုက်လေတော့သည်။
ပျန်းချန်သည် ဤအချိန်တွင် မျက်လုံးများကို ပွတ်သပ်ကာ ချူချင်းဘေးနား၌ ထိုင်လိုက်ပြီး ခေါင်းမော့ကြည့်ကာ အလွန်အံ့အားသင့်သွားရ၏။
"မနေ့ညက ဒီလိုပွဲကောင်းရှိမယ်လို့ မကြားမိပါဘူး... စောစောက သိရင် ငါ အိပ်မှာမဟုတ်ဘူး..."
သူသည် ပြောရင်းဖြင့် သမ်းဝေလိုက်လေသည်။
ချူချင်းက သက်ပြင်းချလိုက်၏။
"နေကြာစေ့လေး ရှိရင် ပိုကောင်းမှာပဲ..."
"ရော့... ရော့..."
ဘေးနားရှိ ဝမ်ရိုက နေကြာစေ့တစ်ဆုပ်ကို ချူချင်း၏ လက်ထဲသို့ ထည့်ပေးလိုက်လေသည်။
ချူချင်းမှာ ဆွံ့အသွားရ၏။
"ဒါတွေက ဘယ်ကရတာလဲ..."
ဤအရာများကိုလည်း ကောက်ရခဲ့ခြင်းဖြစ်သည်ဟု သူ့ကို မပြောပါနှင့်။
ဤမျှလောက်များပြားသော ပမာဏကို မည်သည့်အချိန်မှစ၍ ကောက်ယူခဲ့ရသနည်း။
ဝမ်ရိုက ခံစားချက်မဲ့သောမျက်နှာဖြင့် ပြောလိုက်၏။
"ကျွန်မမှာ ပိုက်ဆံရှိတာပဲ..."
ပိုက်ဆံရှိလျှင် ပစ္စည်းဝယ်နိုင်သည်မှာ သဘာဝပင်။
ဤအရာကို မေးနေစရာလိုအပ်ပါဦးမည်နည်း။
ချူချင်းသည် ပိုမိုနားလည်သွားသလို ခံစားလိုက်ရပြီး ပျန်းချန်က သူ၏လက်ထဲမှ နေကြာစေ့အနည်းငယ်ကို ယူဆောင်သွားပြီးနောက် စားရင်းဖြင့် တိုက်ပွဲကို စိုက်ကြည့်ကာ မျက်လုံးများကို အနည်းငယ်မှေးကြည့်လိုက်လေသည်။
"သခင်လေးသုံး... ဒီဝတ်စုံဖြူဝတ်ထားတဲ့သူရဲ့ သိုင်းကွက်တွေကို ရိပ်မိလား..."
ချူချင်းက နှစ်ချက်မျှကြည့်လိုက်ပြီး ခေါင်းခါလိုက်၏။
"ငါ ဒီဝတ်စုံဖြူဝတ်ထားတဲ့သူရဲ့ နောက်ကြောင်းကို မသိပေမဲ့... တစ်ဖက်ကလူတွေကတော့ သူ့ရဲ့ပြိုင်ဘက် မဟုတ်ဘူးဆိုတာကို သိတယ်..."
အမှန်တကယ်လည်း ထိုသို့ပင် ဖြစ်၏။ ထိုဝတ်စုံဖြူဝတ်ထားသူသည် လူအုပ်ကြားတွင် လျင်မြန်စွာ လှုပ်ရှားနေပြီး လက်ထဲမှ ယပ်တောင်ထက်တွင် ဓားချီများ ပြည့်နှက်နေချေသည်။
၎င်းသည် သာမန်ဓားထက် တိုတောင်းသော်လည်း တိုက်ခိုက်ရာတွင် ဓားချီကိုသာ အသုံးပြု၍ လူသတ်နိုင်ပေသည်။
ထို့ကြောင့် အတိုအရှည်မှာ ထိုသူ၏ စိတ်ကူးအတိုင်းပင် ဖြစ်၏။
ဤနည်းဖြင့် သူ၏ ဓားသိုင်းမှာ ခန့်မှန်းရခက်ခဲပြီး အတုအစစ် ခွဲခြားရခက်ကာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှပေသည်။
တစ်ဖက်မှ ပန်းရောင်ဝတ်စုံဝတ် အမျိုးသားများ၏ သိုင်းပညာမှာလည်း သာမန်မဟုတ်ဘဲ ဂိုဏ်းတူများဖြစ်ကြသဖြင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုမှာ အလွန်ကောင်းမွန်လှ၏။
သို့သော် ဤဝတ်စုံဖြူဝတ်ထားသူ၏ မြင့်မားလှသော ဓားသိုင်းပညာအောက်တွင်မူ အရာအားလုံးမှာ အချည်းနှီးသာ ဖြစ်သွားရချေသည်။
နှစ်ဖက်လုံး တိုက်ခိုက်ကြသည်မှာ အကွက်နှစ်ဆယ်၊ သုံးဆယ်မျှသာ ရှိသေးသော်လည်း ပန်းရောင်ဝတ်စုံဝတ် အမျိုးသားများထဲမှ ခြောက်ယောက်မှာ မြေပြင်ပေါ်တွင် လဲကျနေပြီ ဖြစ်၏။
တိုက်ပွဲမှာ ဤအခြေအနေသို့ ရောက်ရှိလာသောအခါ ပန်းရောင်ဝတ်စုံဝတ် အမျိုးသားများသည်လည်း အခြေအနေ မဟန်သည်ကို သိရှိသွားကြပြီး ရုတ်တရက် ဒေါသတကြီး အော်ဟစ်လိုက်ကြလေသည်။
"သခင်လေး... မင်းက တကယ်ပဲ ဒီလိုမျိုး အမြစ်ပြတ် သတ်ဖြတ်ချင်တာလား..."
ဝတ်စုံဖြူဝတ်ထားသူက ကျယ်လောင်စွာ ပြောလိုက်၏။
"ဒါက အဓိပ္ပာယ်မရှိတဲ့ စကားပဲ..."
"မင်းတို့ကပဲ ခေါင်းမာပြီး ငါ့နောက်ကို တကောက်ကောက်လိုက်နေကြတာ... တကယ်လို့ မင်းတို့ ထွက်သွားချင်တယ်ဆိုရင် ငါ ဘယ်တော့မှတားမှာမဟုတ်ဘူး..."
ပန်းရောင်ဝတ်အမျိုးသားက အံကြိတ်ကာ ပြောလိုက်၏။
"အဲဒါက မဖြစ်နိုင်ဘူး..."
"ငါတို့က မင်းကို ပြန်ခေါ်သွားပြီး အမိန့်နာခံရမယ်... မဟုတ်ရင် နတ်ဘုရားက ငါတို့ကို အရေခွံဆုတ်ပြီး အရိုးတွေကို ချိုးပစ်လိမ့်မယ်..."
"ဒါဆိုရင် မင်းတို့ကို အမြစ်ပြတ် သတ်ဖြတ်နေတာက ငါမဟုတ်ဘူး... မင်းတို့ရဲ့ ယွီလုံနတ်ဘုရားပဲ..."
ဝတ်စုံဖြူဝတ်ထားသူသည် 'ယွီလုံနတ်ဘုရား'ဟူသော စကားလုံးများကို ပြောဆိုလိုက်သောအခါ သူ၏ မျက်နှာထက်တွင် ရွံရှာမုန်းတီးမှုများမှာ အထင်းသား ပေါ်လွင်နေပြီး ဤစကားလုံးများကို ပြောလိုက်ရုံမျှဖြင့် သူ့ပါးစပ် ညစ်ပတ်သွားသကဲ့သို့ ခံစားနေရပုံရချေသည်။
ဘေးမှပွဲကြည့်နေကြသော ချူချင်းနှင့် ပျန်းချန်တို့သည်လည်း လက်ထဲမှ နေကြာစေ့များမှာ အရသာမရှိတော့သလို ရုတ်တရက် ခံစားလိုက်ရလေသည်။
ချူချင်းက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
"နေဝင်ချိန်မှာ အရိပ်တွေ လှုပ်ရှားပြီး... ကျောက်စိမ်းပင်လယ်ထဲမှာ နဂါးတွေ ပျံသန်းတယ်ဆိုတာလား..."
ပျန်းချန်က အံကြိတ်ကာ ပြောလိုက်၏။
"အဲဒီ ယွီလုံသူခိုးပဲ ဖြစ်ရမယ်..."
"ဒီကောင်က သူ့ရဲ့ လုံယန်တောင်ပေါ်မှာ မကောင်းမှုတွေ မလုပ်ဘဲ ဘာဖြစ်လို့ နန်လင်ကို ရောက်လာရတာလဲ..."
"ဒါဆိုရင် ဒီဝတ်စုံဖြူသခင်လေးက အဲဒီ ကာမရူးအဖိုးကြီးရဲ့ သဘောကျတာကို ခံလိုက်ရတာပေါ့..."
ချူချင်း၏ မျက်နှာမှာ မည်းမှောင်သွားရ၏။
လောကကြီးတွင် ကာမရူးများစွာရှိကြပြီး ပုံစံအမျိုးမျိုး ရှိကြပေသည်။
သို့သော် ထိုကာမရူးများထဲတွင် ယွီလုံနတ်ဘုရားမှာမူ အလွန်ပင် ထူးခြားဆန်းပြားသော တစ်ဦးတည်းသောသူ ဖြစ်ချေသည်။
အဘယ်ကြောင့်ဆိုသော် ဤအဖိုးကြီးမှာ လှပသော အမျိုးသမီးများကို မနှစ်သက်ဘဲ အမျိုးသားအချင်းချင်းသာ သဘောကျတတ်သောကြောင့်ပင်။
သဘာဝကျကျပင် လောကတွင် ဤကဲ့သို့သော ဝါသနာရှိသူမှာ ယွီလုံနတ်ဘုရားတစ်ဦးတည်းသာ မဟုတ်ပေ။
သို့သော် တခြားသူများမှာ ဤဝါသနာကို လျှို့ဝှက်ထားကြပြီး အမျိုးသားအချင်းချင်း သဘောကျခြင်း သို့မဟုတ် ကောင်လေးများကို မွေးမြူခြင်းစသည်တို့ကို လူမသိအောင် ပြုလုပ်လေ့ရှိကြ၏။
သို့သော် ယွီလုံနတ်ဘုရားမှာမူ လူသိရှင်ကြား ကြေညာရုံသာမက တရားဝင်ပြုလုပ်ခဲ့ပြီး သူ၏ တောင်အမည်ကိုပင် 'လုံယန်တောင်' ဟု ပြောင်းလဲခဲ့သဖြင့် အရာအားလုံးမှာ သဘာဝကျလှသည်ဟု ထင်မှတ်ရလေသည်။
ထို့အပြင် သူသည် ရက်စက်ကြမ်းကြုတ်ပြီး သူသွားရာလမ်းတွင် ကြည့်ကောင်းသော အမျိုးသားများကို တွေ့ရှိပါက နည်းလမ်းအမျိုးမျိုးဖြင့် ပြန်ပေးဆွဲသွားလေ့ရှိ၏။
ဤဝတ်စုံဖြူဝတ်ထားသူမှာလည်း ကံဆိုးလှသဖြင့် ဤကဲ့သို့သော အရာမျိုး၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရချေသည်။