အခန်း ၁၄၃
Vol. 15 Ch. 143
အခန်း (၁၄၃) - ပန်းပျိုလေး (၁)
"မင်း ငါတို့နဲ့အတူ မလိုက်ဘူးဆိုရင် ငါတို့ကို အမြစ်ပြတ်သတ်ချင်နေလို့ပဲ..."
ပန်းရောင်ဝတ်အမျိုးသား၏ မျက်နှာထက်တွင် ခါးသီးသော အရိပ်အယောင်များ ဖြတ်ပြေးသွားလေသည်။
"သခင်လေး ကျေးဇူးပြုပြီး ကရုဏာသက်ပေးပါ... တကယ်လို့ သခင်လေးက ငါတို့နဲ့အတူ လိုက်မလာဘူးလို့ ဇွတ်ငြင်းနေမယ်ဆိုရင်... ဒါဆို... ဒါဆိုရင် ငါတို့ကို တစ်ခါတည်း သတ်ပစ်လိုက်ပါတော့..."
"ဘာပဲဖြစ်ဖြစ် သခင်လေးကို ပြန်မခေါ်သွားနိုင်ရင် ငါတို့လည်း အသက်ရှင်ဖို့ လမ်းမရှိတော့ဘူး..."
ထိုသို့ပြောပြီးနောက် ကျန်ရှိနေသော ပန်းရောင်ဝတ်အမျိုးသားဆယ်ဦးမှာ သူတို့၏ လက်များကို အမှန်တကယ်ပင် အောက်သို့ချလိုက်ကြပြီး အသတ်ခံရန် အသင့်ပြင်ထားသည့် ပုံစံမျိုး လုပ်ဆောင်လိုက်ကြလေသည်။
ချူချင်းက မျက်ခုံးပင့်လိုက်၏။
"ယွီလုံသူခိုးကြီးရဲ့ တပည့်တွေပီသပါပေတယ်... လုပ်ရပ်တွေက... တကယ်ကို ထူးခြားဆန်းပြားလွန်းတယ်..."
"ဒါက ဆုတ်ရင်းနဲ့ တိုးတာပဲ... ကိုယ့်အသက်နဲ့ ခြိမ်းခြောက်နေတာ..."
ပျန်းချန်၏ အသံမှာ မတိုးလှသဖြင့် ပန်းရောင်ဝတ်အမျိုးသားများ၏ နားထဲသို့ တိုက်ရိုက်ဝင်ရောက်သွားပြီး သူတို့ကို လှည့်ကြည့်လာစေ၏။
ပျန်းချန်ကို မြင်သောအခါ သူတို့၏ မျက်နှာတွင် မည်သည့်တုံ့ပြန်မှုမျှ မရှိသော်လည်း အပြာရောင်ဝတ်ဓားသမားအဖြစ် ဝတ်ဆင်ထားသော ချူချင်းကို မြင်လိုက်ရချိန်တွင်မူ ခေါင်းဆောင်ဖြစ်သူ ပန်းရောင်ဝတ်အမျိုးသား၏ မျက်လုံးများမှာ ချက်ချင်းပင် တောက်ပသွားချေသည်။
"ဒီသခင်လေးရဲ့ နာမည်က ဘယ်လိုခေါ်လဲ... ငါတို့နဲ့အတူ လိုက်ခဲ့ပါလား..."
"..."
ချူချင်း၏ မျက်နှာမှာ မည်းမှောင်သွားလေသည်။ ဘေးကနေ ရိုးရိုးတန်းတန်း ပွဲကြည့်နေရင်းနှင့် အဘယ်ကြောင့် ပြဿနာက သူ့ဆီ ရောက်လာရသနည်း။
ပျန်းချန်က ဘေးမှနေ၍ သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာအားရ ဖြစ်နေချေသည်။
သူက အလွန်လျှို့ဝှက်စွာ ပြုံးလိုက်သော်လည်း ပန်းရောင်ဝတ်အမျိုးသား၏ မျက်လုံးများကို မလွတ်ကင်းနိုင်ခဲ့ပေ။ ထိုအမျိုးသားက မျက်မှောင်ကြုတ်ကာ သူ့ကို စောင်းငဲ့ကြည့်လိုက်သည်။
"ရုပ်ဆိုးကောင်... မင်း ဘာရယ်တာလဲ..."
ပျန်းချန်၏ အပြုံးမှာ ချက်ချင်းပင် ရပ်တန့်သွားပြီး ဒေါသတကြီး ပြောလိုက်လေသည်။
"မင်း ဘာပြောလိုက်တယ်... ဘာဖြစ်လို့ သူကျတော့ မင်းတို့နဲ့ လိုက်ရပြီး ငါကျတော့ ရုပ်ဆိုးကောင် ဖြစ်ရတာလဲ..."
"လူဆိုတာ ကိုယ့်ကိုယ်ကို သိတတ်ဖို့ လိုတယ်..."
ပန်းရောင်ဝတ်အမျိုးသားက အေးအေးဆေးဆေးပင် ပြောလိုက်၏။
ပျန်းချန်က ဒေါသထွက်လွန်းသဖြင့် ရယ်မောလိုက်ပြီး ချူချင်းကို ကြည့်လိုက်သည်။
"သူက ငါ့ရုပ်ရည်က မင်းလောက် မချောဘူးလို့ ပြောနေတာလား..."
ချူချင်းက မျက်တောင်ခတ်လိုက်၏။
"မင်းက ဒါကို စိတ်ထဲထားနေတာလား..."
"ဂိုဏ်းတူအစ်ကိုလတ်... ဒေါသမထွက်ပါနဲ့..."
ဝမ်ရိုကလည်း ဘေးမှနေ၍ ပြောလိုက်၏။
ပျန်းချန်၏ စိတ်ထဲတွင် ချက်ချင်းပင် သက်သာရာရသွားလေသည်။ မိမိ၏ ဂိုဏ်းတူညီမလေး ပီသပါပေသည်။ သူမကသာ ဂိုဏ်းတူအစ်ကို၏ ကောင်းကွက်ကို မြင်နိုင်သေး၏။
ထို့နောက် ဝမ်ရိုဆက်ပြောသည်ကို ကြားလိုက်ရသည်။
"သူက အမှန်တရားကိုပဲ ပြောလိုက်တာမို့ စိတ်ထဲ ထားမနေပါနဲ့..."
သူမက ခံစားချက်မရှိသကဲ့သို့ တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်ချေသည်။
သို့သော် ဤသို့ဖြစ်သွားသဖြင့် ပျန်းချန်မှာ ပို၍ပင် ဒေါသအိုးပေါက်ကွဲသွားပြီး ပန်းရောင်ဝတ်အမျိုးသားနှင့် အချေအတင်ငြင်းခုံရန် ပြင်လိုက်စဉ် ဓားအလင်းတန်းများ ရုတ်တရက် ဖြတ်သန်းသွားသည်ကို မြင်လိုက်ရ၏။
ဝတ်စုံဖြူဝတ်အမျိုးသားက ရုတ်တရက် လှုပ်ရှားလိုက်ခြင်းပင်။
ဤအချိန်တွင် ယွီလုံသူခိုးကြီးတပည့်များ၏ အာရုံက ချုချင်းတို့လူစုထံ ရောက်ရှိနေကြချေသည်။
ဤကဲ့သို့သော အပြုအမူမှာ ကိုယ့်သေတွင်းကိုယ်တူးခြင်းနှင့် မခြားပေ။
တစ်ဖက်လူ၏ ဆုတ်ရင်းတိုးခြင်းနှင့် အသက်ဖြင့် ခြိမ်းခြောက်ခြင်းများကိုမူ ဝတ်စုံဖြူဝတ်အမျိုးသားက အစမှအဆုံးတိုင် စိတ်ထဲပင် ထည့်မထားခဲ့ချေ။
နောက်ဆုံး ပန်းရောင်ဝတ်အမျိုးသားမှာ မယုံကြည်နိုင်သော မျက်နှာထားဖြင့် မြေပြင်ပေါ်သို့ လဲကျသွားပြီးမှ ဝတ်စုံဖြူဝတ်အမျိုးသားက လက်ထဲရှိ ယပ်တောင်ကို ခါလိုက်ပြီး ချူချင်းနှင့် ပျန်းချန်တို့၏ရှေ့သို့ လျှောက်လှမ်းလာကာ လက်အုပ်ချီ နှုတ်ဆက်လိုက်လေသည်။
"ငါ့လုပ်ရပ်ကြောင့် အားလုံးကို ရယ်စရာဖြစ်စေမိပြီ..."
"တကယ်လည်း ရယ်ရပါတယ်..."
ပျန်းချန်က ရယ်မောလိုက်၏။
"ငါ ကျန်းဟူလောကထဲမှာ လှည့်လည်သွားလာခဲ့တဲ့ နှစ်တွေအတွင်း မိစ္ဆာတွေရဲ့ လိုက်လံဖမ်းဆီးတာကို ခံရတဲ့ မိန်းကလေးတွေကို အများကြီးမြင်ဖူးပေမဲ့... အခုလို လိုက်ဖမ်းခံရတဲ့ အမျိုးသားကတော့... ခင်များက ပထမဆုံးပဲ..."
"..."
ဝတ်စုံဖြူဝတ်အမျိုးသား၏ မျက်နှာထက်တွင်လည်း အနည်းငယ် စိတ်ပျက်အားလျော့သော အရိပ်အယောင်များ ပေါ်လာချေသည်။
"ယွီလုံသူခိုးကြီးက ဘယ်အချိန်က လုံယန်တောင်ကနေ ထွက်လာမှန်းမသိဘူး... နန်လင်ဆီ ရောက်လာလိမ့်မယ်လို့လည်း မထင်ထားမိဘူး..."
"ငါ သူနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆုံမိတော့ သူက ငါ့ကို ချက်ချင်းဖမ်းဖို့ လုပ်တော့တာပဲ..."
"ငါလည်း သူနဲ့ တစ်လကျော်လောက် ပတ်သက်နေခဲ့ရလို့ ထျန်းရှာရီဖင်ညီလာခံကိုတောင် တက်ရောက်ဖို့ အခွင့်အရေး မရခဲ့ဘူး..."
"ကံကောင်းတယ်လို့ပြောရမလား… အရင်ရက်ပိုင်းလောက်က အဲဒီသူခိုးကြီး ဘာကြောင့်လဲမသိ ရုတ်တရက် ထွက်သွားပြီး ဒီအသုံးမကျတဲ့ တပည့်တွေကိုပဲ ငါ့နောက်ကို လိုက်ခိုင်းခဲ့တာ... မဟုတ်ရင် ဆက်ပြီး ပတ်သက်နေရဦးမှာဆိုတော့ ဘာဖြစ်သွားမလဲ မတွေးရဲစရာပဲ..."
ချူချင်းနှင့် ပျန်းချန်တို့မှာလည်း သူ့အတွက် စိုးရိမ်ပူပန်ပေးမိကြ၏။
ဝတ်စုံဖြူဝတ်အမျိုးသား၏ အခြေအနေကို ကိုယ်ချင်းစာကြည့်လျှင် အမှန်တကယ်ပင် ထိတ်လန့်ဖွယ်ကောင်းလှပေသည်။
ဝမ်ရိုက မေးလိုက်၏။
"ဘာတွေဖြစ်လာမှာမလို့လဲ..."
"ကလေးတွေ စပ်စုစရာ မလိုဘူး..."
ပျန်းချန်က ဂိုဏ်းတူညီမလေး၏ နားကို မညစ်ပေစေရန်အတွက် အလျင်အမြန်ပင် တားဆီးလိုက်လေသည်။
ဝမ်ရိုက ပျန်းချန်ကို ဂရုမစိုက်ဘဲ ချူချင်းကိုသာကြည့်ကာ သူ၏နှုတ်မှအဖြေကို ရယူလိုနေချေသည်။
"ဒါက... မင်း မသိတာပဲ ပိုကောင်းပါတယ်..."
ချူချင်းအနေဖြင့် သူမအား အသေးစိတ် ရှင်းပြ၍ မရနိုင်ပေ။ မဟုတ်ပါက ထိုမိန်းကလေးငယ်၏ လောကအမြင်မှာ ပျက်စီးသွားနိုင်ခြေရှိ၏။
သို့သော် ချူချင်းကလည်း ထိုသို့ပြောလိုက်သဖြင့် ဝမ်ရိုက ဆက်မမေးမြန်းတော့ပေ။
ပျန်းချန်က ချက်ချင်းပင် ဒေါသထွက်သွားလေသည်။
"ငါက မမေးနဲ့ဆိုတော့ မင်းက မနာခံဘူး..."
"သူက မသိတာ ကောင်းတယ်ဆိုတော့ မင်းက မသိချင်တော့ဘူးလား..."
"ဂိုဏ်းတူညီမလေး... ငါကမှ မင်းရဲ့ ဂိုဏ်းတူအစ်ကိုလေ..."
"အင်း..."
ဝမ်ရိုက ခေါင်းညိတ်လိုက်ပြီး နေရာလွတ်တစ်ခုတွင် ဝင်ထိုင်လိုက်၏။
ဝတ်စုံဖြူဝတ်အမျိုးသားက ပြုံးလိုက်ပြီး လက်အုပ်ချီ နှုတ်ဆက်လိုက်လေသည်။
"ငါ့နာမည်က ဟွာကျင်နျန်းပါ... အားလုံးကို တွေ့ရတာ ဝမ်းသာပါတယ်..."
ပျန်းချန်က ထိုစကားကိုကြားသောအခါ နားလည်သဘောပေါက်သွားသည့် မျက်နှာထားဖြင့် လက်ခုပ်တီးကာ ပြောလိုက်၏။
"ဒါဆိုရင် 'ပန်းပျိုလေး'ဟွာကျင်နျန်းပေါ့... ဟွာသခင်လေးက ရှောက်ယန့်ဂိုဏ်းမှာ တစ်ဟုန်ထိုး နာမည်ကြီးသွားခဲ့တဲ့ ‘’ပုံစံမတူဓားသိုင်း’ရှိတယ်လို့ ကြားဖူးပါတယ်..."
"ဒီနေ့ လူကိုယ်တိုင်တွေ့ရတော့ တကယ်ကို နာမည်နဲ့လိုက်ဖက်ပါပေတယ်..."
ဟွာကျင်နျန်းက အလျင်အမြန်ပင် ပြောလိုက်လေသည်။
"ခင်များက အားနာတတ်လွန်းပါတယ်... ငါ့ရဲ့ သာမန်အရည်အချင်းလေးက ပညာရှင်တွေရဲ့ ရှေ့မှာတော့ ပြောပလောက်စရာ မရှိပါဘူး..."
"ခင်များတို့ရဲ့ နာမည်ကိုလည်း သိခွင့်ရမလား..."
"အားနာစရာကြီး... ငါက ထိုက်ရိဂိုဏ်းရဲ့ အမျက်မထွက်သံလက်သီး ဆရာကြီးရဲ့ တပည့်... ပျန်းချန်ပါ..."
"ဒီတစ်ယောက်ကတော့ ငါ့ရဲ့ ဂိုဏ်းတူညီမလေး..."
သူက အနောက်တွင် အိပ်မောကျနေဆဲဖြစ်သော မော့တူရှင်းကို တစ်ချက်ကြည့်လိုက်ပြီး တစ်ခဏမျှစဉ်းစားကာ သူ့ကို ကျော်သွားရန် ဆုံးဖြတ်လိုက်ပြီးနောက် ချူချင်းကို ညွှန်ပြလျက် ပြောလိုက်၏။
"ပြီးတော့ ဒီတစ်ယောက်ကိုတော့... ဟွာသခင်လေးအနေနဲ့ သခင်လေးသုံးလို့ပဲ ခေါ်နိုင်ပါတယ်..."
“သခင်လေးသုံး…”
ဟွာကျင်နျန်းကမူ ဤအမည်ကို မကြားဖူးချေ။
မနေ့က သူသည် ဤအမည်ဖြင့် ထျန်းရှာရီဖင်ညီလာခံတွင် ထင်ရှားကျော်ကြားခဲ့သော်လည်း ဤသတင်းမှာ အဝေးကြီးသို့ မပြန့်နှံ့သေးပေ။ ထို့ပြင် ဟွာကျင်နျန်းမှာလည်း လမ်းတစ်လျှောက်လုံး ယွီလုံသူခိုးကြီး၏ နှောင့်ယှက်မှုကို ခံနေရသဖြင့် မည်သို့လျှင် ချူချင်း၏ အမည်ကို ကြားဖူးပါမည်နည်း။
သူက ချူချင်း၏ နာမည်ကျော်ကြားမှုကို မည်သို့ သိနိုင်ပါမည်နည်း။
သို့သော် သူကလည်း လျှော့မတွက်ဘဲ အလွန်ယဉ်ကျေးစွာဖြင့် လက်အုပ်ချီ နှုတ်ဆက်လိုက်လေသည်။
ချူချင်းတို့ကလည်း ဟွာကျင်နျန်းကို အတွင်းသို့ ဖိတ်ခေါ်လိုက်ပြီး မီးပုံဘေးတွင် ဝိုင်းဖွဲ့ကာ စကားစမြည်ပြောဆိုကြ၏။
ဟွာကျင်နျန်းမှာ ယဉ်ကျေးသိမ်မွေ့ပြီး ရုပ်ရည်မှာလည်း အလွန်ချောမောလှပကာ နူးညံ့သိမ်မွေ့သော သဘောထား ရှိသဖြင့် လူများ၏ စိတ်ဝင်စားမှုကို အလွယ်တကူ ရရှိစေနိုင်ချေသည်။
စကားပြောရင်းနှင့်ပင် နောက်အစီအစဉ်များအကြောင်း မေးမြန်းဖြစ်ကြလေသည်။
ဟွာကျင်နျန်းက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။
"နောက်ပိုင်းကျရင် လော့ချန်အိမ်တော်ဆီ သွားဖို့ စိတ်ကူးထားတယ်..."
"အားလုံးလည်း ကြားဖူးကြလိမ့်မယ် ထင်ပါတယ်... လော့ချန်အိမ်တော်မှာ လွန်ခဲ့တဲ့ နှစ်တွေက ထျန်းကျီးရသေ့ ချန်ထားခဲ့တဲ့ ထျန်းကျီးအမိန့်တော်ပြား ရှိတယ်လေ..."
"ဒီအရာက ထျန်းကျီးရသေ့ရဲ့ အမွေအနှစ်တွေနဲ့ ဆက်စပ်နေတာမို့ အခွင့်အရေးရမယ်ဆိုရင် ငါလည်း ကြိုးစားပြီး ရယူချင်မိတယ်..."
ဝမ်ရိုက မျက်တောင်ပင့်ကာ သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းကို ပြန်ငုံ့သွားချေသည်။
ပျန်းချန်က စဉ်းစားတွေးတောဟန်ဖြင့် ပြောလိုက်၏။
"ဒီသတင်းက လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ကျန်းဟူလောကထဲမှာ ရုတ်တရက် ပျံ့နှံ့သွားတာ... ဘယ်ကနေစပြီး ထွက်လာမှန်း တကယ်ကို မသိရဘူး..."
"ဒါကတော့ ငါလည်း မသိဘူး..."
ဟွာကျင်နျန်းက ပြုံးလိုက်၏။
"ဒါပေမဲ့ မကြာသေးခင်ကစပြီး လောကကြီးက ပရမ်းပတာ ဖြစ်နေသလိုပဲ..."
"လွန်ခဲ့တဲ့ ရက်ပိုင်းက ရွှမ်ဧကရာဇ် ရှန်းချိုးယွီ ပျောက်ဆုံးသွားပြီး သရဲတစ္ဆေဧကရာဇ် မော်တောက တောင်ဘက်ပိုင်းကို ဆင်းလာတယ်လို့ ကြားတယ်... ဧကရာဇ်သုံးပါးနဲ့ အရှင်ငါးပါးတို့လည်း လှုပ်ရှားနေပုံပဲ..."
"အခုလည်း ထျန်းရှာရီဖင်ညီလာခံ ကျင်းပနေပြန်ပြီ... ထျန်းကျီးရသေ့ရဲ့ ထျန်းကျီးအမိန့်တော်ပြားကလည်း ဘယ်ကမှန်းမသိ ပေါ်လာခဲ့တယ်..."
"တစ်ခုပြီးတစ်ခု ဖြစ်ပျက်နေတာတွေက... တကယ်ကို ထူးဆန်းလွန်းတယ်..."
"ဒါနဲ့... အားလုံးပဲ ကျိုရွှမ်နတ်သိုင်း ကျန်းဟူလောကထဲမှာ ပေါ်လာတာကို သိကြလား..."
"သိတာပေါ့..."
ပျန်းချန်က ခေါင်းညိတ်လိုက်သည်။
"ငါတို့အားလုံး ထျန်းရှာရီဖင်ညီလာခံကို သွားခဲ့ကြတယ်... အဲဒီကျိုရွှမ်နတ်သိုင်းက အဲဒီမှာ ပေါ်လာခဲ့တာပဲ..."
"ဒါကြောင့်ကိုး... ဒါပေမဲ့ ဒီနတ်သိုင်းက နောက်ဆုံး ဘယ်သူ့လက်ထဲ ရောက်သွားမလဲဆိုတာ မသိရသေးဘူးနော်..."
ဟွာကျင်နျန်း၏ မျက်နှာထက်တွင် မျှော်လင့်တောင့်တသော အရိပ်အယောင်များ ဖြတ်ပြေးသွားလေသည်။