အခန်း ၁၄၄
Vol. 15 Ch. 144
အခန်း (၁၄၄) - ပန်းပျိုလေး (၂)
ချူချင်းက သူ့ကိုတစ်ချက်ကြည့်ကာ တိုးညင်းစွာ ပြောလိုက်၏။
"ကျိုရွှမ်နတ်သိုင်း ပေါ်လာတာက နည်းနည်း ထူးဆန်းနေတယ်... အဲဒီသိုင်းကျမ်းကို ယူလာတဲ့လူရဲ့ ပုံစံကလည်း ပိုပြီးတော့ ဆန်းကြယ်လွန်းတယ်..."
"ဒီသိုင်းကျမ်းက အစစ်လားဆိုတာ မသေချာသေးဘူး... ခင်များ စိတ်ဝင်စားတယ်ဆိုရင်တောင် သတိထားတာ အကောင်းဆုံးပဲ..."
ဟွာကျင်နျန်းက ချူချင်းကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး ရယ်မောကာ ပြောလိုက်၏။
"သခင်လေးသုံးက တကယ့်ကို သာမန်လူမဟုတ်ဘူးပဲ... တခြားလူတွေဆိုရင် ကျိုရွှမ်နတ်သိုင်းဆိုတဲ့ စကားလုံးကို ကြားတာနဲ့တင် စိတ်လှုပ်ရှားပြီး အသိစိတ်တွေ လွတ်သွားကြမှာ..."
"သခင်လေးသုံးလိုမျိုး အေးအေးဆေးဆေး ခွဲခြမ်းစိတ်ဖြာပြီး အကျိုးအပြစ်ကို ချိန်ဆနိုင်ဖို့ဆိုတာ မလွယ်ဘူး..."
"သခင်လေးသုံး သတိပေးတာကို ကျေးဇူးတင်ပါတယ်... ငါ မှတ်ထားပါ့မယ်..."
စကားအနည်းငယ် ထပ်မံပြောဆိုပြီးနောက် စကားစဖြတ်လိုက်ကြလေသည်။ ရင်းနှီးမှု မရှိသေးသဖြင့် အသေးစိတ်ပြောဆိုနေရန် မလိုအပ်ပေ။
ထိုညတွင် အခြားမည်သည့်ကိစ္စမျှ ထပ်မံမဖြစ်ပွားခဲ့ဘဲ နောက်တစ်နေ့ မိုးလင်းသောအခါ ချူချင်း မျက်လုံးဖွင့်လိုက်ချိန်တွင် မော့တူရှင်းမှာ တံခါးဝ၌ တစ်ဦးတည်းရပ်လျက် အပြင်ရှုခင်းများကို ငေးမောကြည့်ရှုနေသည်ကို မြင်လိုက်ရ၏။
သူ၏ အငွေ့အသက်မှာ လောကီလောကမှ ကင်းလွတ်နေဆဲဖြစ်ပြီး လေညင်းက သူ၏ ဆံနွယ်များကို တိုက်ခတ်သွားကာ ပို၍ပင် အထီးကျန်ဆန်သော ခံစားချက်ကို ပေးစွမ်းနေချေသည်။
သူ၏အကြောင်းကို မသိရှိသူများအဖို့ သူ့အား လောကတွင် အတုမရှိသော ကျွမ်းကျင်ပညာရှင်ကြီးတစ်ဦးအဖြစ် အထင်မှားစေနိုင်ပေသည်။
သို့သော် ချူချင်းက ကြည့်နေရင်းနှင့် ယနေ့ မော့တူရှင်း၏ ပုံစံမှာ အနည်းငယ်ထူးဆန်းနေသကဲ့သို့ ခံစားလိုက်ရ၏။
သူ၏ တစ်ကိုယ်လုံးမှာ ပြဿနာမရှိသော်လည်း လည်ပင်းအနေအထားမှာမူ အနည်းငယ် ပုံမှန်မဟုတ်ချေ။
"ဂိုဏ်းတူအစ်ကိုကြီး... ထမင်းစားရအောင်..."
ဝမ်ရို၏ အသံမှာ အခန်းထဲမှ ထွက်ပေါ်လာလေသည်။
မော့တူရှင်းက ပြန်လည်ထူးလိုက်ပြီး ခေါင်းစောင်းလျက် လှည့်လာချေသည်။
အနောက်ဘက်မှ ကြည့်စဉ်ကပင် ထူးဆန်းသည်ဟု ထင်ခဲ့ရပြီး ယခု ရှေ့မှကြည့်လိုက်ရချိန်တွင်မူ ချက်ချင်းပင် သဘောပေါက်သွားလေသည်။
"မင်း လည်ပင်းက ဘာဖြစ်တာလဲ..."
"ဇက်လွဲသွားတာလေ..."
ပျန်းချန်က အပြင်မှ ပြန်ဝင်လာချေသည်။ သူက အရှေ့ဘက် အခြေအနေများကို စူးစမ်းရန်အတွက် အပြင်သို့ ခဏထွက်သွားခဲ့ခြင်းပင်။
သူပြန်ရောက်လာချိန်တွင် ချူချင်း၏မေးခွန်းကို တိုက်တိုက်ဆိုင်ဆိုင် ကြားလိုက်ရသဖြင့် ဝမ်းသာအားရဖြင့် ပြောလိုက်လေသည်။
"သူက ဘာကိုမှ မမှီဘဲ အဲဒီမှာ ထိုင်အိပ်နေတာ... ခေါင်းကလည်း ကြိုးဆွဲချသေတဲ့လူရဲ့ လျှာလိုမျိုး တွဲကျနေတာ... အဲဒီလို အိပ်ရင် ဘယ်ကောင်းပါ့မလဲ..."
"တစ်ညလုံး ဇက်လွဲနေတာ... အခုထိ မသက်သာသေးဘူးလား... ငါ အရိုးပြန်ပြင်ပေးရမလား..."
"ဟွန်း..."
မော့တူရှင်းက အေးစက်စွာ ပြုံးလိုက်၏။
"အပိုတွေ လုပ်နေတယ်..."
ပျန်းချန်က မျက်လုံးအပေါ်သို့ လှန်လိုက်ပြီး ထိုဂိုဏ်းတူအစ်ကိုကြီးကို ဂရုမစိုက်တော့ဘဲ သူ့ဘေးမှဖြတ်၍ အခန်းထဲသို့ ဝင်သွားချေသည်။ မော့တူရှင်းကလည်း လည်ပင်းကိုစောင်းလျက် သူ၏အနောက်မှ လိုက်ပါသွားလေသည်။
ဟွာကျင်နျန်းကလည်း မိမိကိုယ်ကိုယ် အပြင်လူအဖြစ် သဘောမထားဘဲ အားလုံးနှင့်အတူ ထမင်းလက်ဆုံ စားသောက်လိုက်၏။
မနေ့ညက ရွာသွန်းခဲ့သော မိုးမှာ မြေပြင်ကို ရွှံ့ဗွက်များ ဖြစ်စေခဲ့သည်မှလွဲ၍ အခြားသက်ရောက်မှုမရှိခဲ့ချေ။
ဆောင်းဦးလေပြည်မှာမူ ပို၍ပင် အေးစိမ့်လာချေသည်။
မနက်စာ စားပြီးနောက် အားလုံးက ခရီးဆက်ရန် ပြင်ဆင်ကြပြီး ချူချင်းတို့၏ ဦးတည်ရာမှာလည်း လော့ချန်အိမ်တော် ဖြစ်သည်ကို သိရှိသွားသောအခါ သူက အတူတူ လိုက်ပါခွင့်ပြုရန် တောင်းဆိုလိုက်လေသည်။
ပျန်းချန်ကမူ လူတစ်ယောက်ပိုလာခြင်းမှာ ပြဿနာမရှိသလို လျော့သွားခြင်းမှာလည်း ကိစ္စမရှိကြောင်း၊ အနည်းဆုံးတော့ ဂိုဏ်းတူအစ်ကိုကြီးထက် ပို၍ဝန်ထုပ်ဝန်ပိုး ဖြစ်မလာနိုင်ကြောင်း ပြောဆိုကာ သဘောတူလိုက်၏။
ချူချင်းကမူ ထိုလူ ရောက်ရှိလာပုံမှာ အနည်းငယ် ထူးဆန်းနေသဖြင့် သူ့ကို အပြည့်အဝ မယုံကြည်နိုင်သော်လည်း ပျန်းချန်က သဘောတူလိုက်ပြီဖြစ်ရာ ငြင်းဆန်ရန် အကြောင်းမရှိတော့ပေ။
ဤသို့ဖြင့် အားလုံးက မနက်စောစောတွင် ခရီးကို ဆက်လက်ထွက်ခွာခဲ့ကြလေသည်။
လမ်းတစ်လျှောက်လုံးမှာလည်း အေးချမ်းလှသည်တော့ မဟုတ်ပေ။ ရှင်တောက်အန်း၏ နယ်မြေအတွင်း၌ အမြင်မကျယ်သော လူအချို့နှင့် အမြဲဆုံတွေ့ရတတ်၏။
သို့သော် ဤကဲ့သို့သော အခြေအနေမျိုးတွင် ချူချင်းလှုပ်ရှားရန်ပင် မလိုဘဲ ပျန်းချန်ကသာ အကုန်လုံးကို ရှင်းလင်းပေးလိုက်ချေသည်။
ပျန်းချန်မှာ ကျန်းဟူလောကထဲတွင် နှစ်ပေါင်းများစွာ လှည့်လည်သွားလာခဲ့သူဖြစ်ရာ အခြေအနေအမျိုးမျိုးကို လွယ်ကူစွာ ကိုင်တွယ်နိုင်ပြီး မိမိ၏ သိုင်းပညာကိုသာ အားကိုးနေခြင်းမျိုး မဟုတ်ဘဲ ရံဖန်ရံခါတွင် ထိုက်ရိဂိုဏ်းဟူသော နာမည်ကြီးဆိုင်းဘုတ်ကို ထုတ်ပြ၍ လူဆိုးများကို ခြိမ်းခြောက်တတ်ချေသည်။
ထိုလူများက သူ၏နောက်ခံကို ကြားလိုက်ရသောအခါ အများစုမှာ ချက်ချင်းပင် ငြိမ်သက်သွားကြ၏။
အချို့သော အမှန်တကယ် မျက်စိမပွင့်သူများကိုမူ ပျန်းချန်နှင့် ဟွာကျင်နျန်းတို့က တိုက်ခိုက်ဖြေရှင်းလိုက်ကြလေသည်။
ဤသို့ဖြင့် လမ်းတစ်လျှောက် အခက်အခဲများကို ဖြတ်ကျော်ကာ ရှင်တောက်အန်းနယ်မြေမှ ထွက်ခွာခဲ့ပြီး လော့ချန်အိမ်တော်၏ နယ်မြေအတွင်းသို့ တရားဝင် ဝင်ရောက်လာခဲ့ကြချေသည်။
စည်းတစ်ခုသာ ခြားထားသော်လည်း လော့ချန်အိမ်တော် နယ်မြေထဲသို့ ခြေချလိုက်သည်နှင့် ချူချင်းမှာ လေထုထဲတွင် ပို၍ မွှေးပျံ့သော အနံ့အသက်များ ရှိနေသကဲ့သို့ ခံစားလိုက်ရ၏။
ဤသို့ဖြင့် ခရီးဆက်ခဲ့ပြီးနောက် နောက်ဆုံးတွင် စည်ကားသော မြို့ငယ်လေးတစ်မြို့ကို မြင်တွေ့လိုက်ရလေသည်။
ဤနေရာသို့ ရောက်ရှိလာသောအခါ ပျန်းချန်က အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ပြောလိုက်၏။
"ငရဲဘုံကနေ လူ့ပြည်ကို ပြန်ရောက်လာသလိုမျိုး ခံစားရတယ်..."
ဤနှိုင်းယှဉ်ချက်မှာ အနည်းငယ် ပိုလွန်နေသည်မှာ အမှန်ပင်။
သို့သော် အကြောင်းမဲ့တော့ မဟုတ်ပေ။ ရှင်တောက်အန်းတွင် နှစ်ပေါင်းများစွာ သွေးချောင်းစီးခဲ့သဖြင့် ရံဖန်ရံခါ တွေ့ရတတ်သော လူအနည်းငယ်၏ မျက်နှာထက်တွင်လည်း မျှော်လင့်ချက်မဲ့သော အရိပ်အယောင်များသာ ရှိနေတတ်၏။
လူ့လောကကြီးမှာ ငရဲဘုံတစ်ခုကဲ့သို့ ဖြစ်နေပြီး ထိုနေရာသို့ ရောက်ရှိသွားပါက မည်သည့်အခါမျှ ပြန်လည်ရုန်းထွက်နိုင်မည် မဟုတ်သကဲ့သို့ပင်။
သို့သော် လော့ချန်အိမ်တော် နယ်မြေအတွင်းရှိ လူထုမှာမူ လုံးဝ ကွဲပြားခြားနားနေချေသည်။
လူမှုပတ်ဝန်းကျင်မှာ ပိုမိုစည်ကား တက်ကြွနေပြီး ဒေသခံများ၏ မျက်နှာထက်တွင်လည်း ငတ်မွတ်ခေါင်းပါးသော ပုံစံမျိုး မရှိတော့ပေ။ အလွန်အမင်း ပျော်ရွှင်မနေကြသော်လည်း ပြုံးရွှင်နေသော မျက်နှာများကိုမူ သိသိသာသာ ပိုမိုမြင်တွေ့လာရချေသည်။
ဟွာကျင်နျန်းက သက်ပြင်းဖွဖွချလိုက်၏။
"ကျန်းဟူလောကက ရှုပ်ထွေးပြီး အင်အားစုတွေကလည်း ကွဲပြားနေကြတယ်..."
"ဒီလူတွေထဲက တချို့က သိုင်းပညာမှာ အတုမရှိ တော်ကြပေမဲ့ တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်း မရှိကြဘူး... ဒါကြောင့် သာမန်လူတွေ ဒုက္ခရောက်ကြရတာပဲ..."
"ဒါပေမဲ့ တချို့ကျတော့လည်း တိုင်းပြည်ကို ငြိမ်းချမ်းအောင် မလုပ်နိုင်ရင်တောင် ပြည်သူတွေရဲ့ စားဝတ်နေရေးကို ဂရုစိုက်ပေးကြတယ်... ဒါကြောင့် ပြည်သူတွေက ပိုပြီး သက်တောင့်သက်သာ နေထိုင်နိုင်ကြတာပေါ့..."
"ဒါပေမဲ့ စိတ်မကောင်းစရာက ငါ လောကအနှံ့ လှည့်လည်သွားလာရင်း မြင်တွေ့ခဲ့ရတာတွေက ရှင်တောက်အန်းလိုမျိုး မျှော်လင့်ချက်မဲ့တဲ့ နေရာတွေပဲ များတယ်... တချို့နေရာတွေဆိုရင် သူတို့ထက်တောင် ပိုဆိုးရွားသေးတယ်..."
ချူချင်းက ထိုစကားကို ကြားသောအခါ ဟွာကျင်နျန်းကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်၏။
"ခင်များပြောတဲ့နေရာက ဘယ်နေရာလဲ..."
ဟွာကျင်နျန်းက အနည်းငယ် အံ့အားသင့်သွားသော်လည်း ခေါင်းခါယမ်းလိုက်လေသည်။
"မပြောတာပဲ ကောင်းပါတယ်... ငါတို့အားလုံးမှာ ဒီလောကကြီးကို ပြောင်းလဲနိုင်တဲ့ စွမ်းအား မရှိကြဘူးလေ... ပြောပြရင်လည်း စိတ်အနှောင့်အယှက် ဖြစ်ရုံပဲ ရှိမှာ..."
ချူချင်းက စဉ်းစားတွေးတောဟန်ဖြင့် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ဆက်လက်၍ မမေးမြန်းတော့ပေ။
ယခုအခါ မိုးချုပ်သွားပြီဖြစ်ရာ လူစုမှာ တည်းခိုခန်းတစ်ခုကို ရှာဖွေ၍ တည်းခိုလိုက်ကြပြီး ဆိုင်အကူထံမှ ရေနွေးတောင်းကာ ကိုယ်လက်သန့်စင်ရန် ပြင်ဆင်လိုက်ကြလေသည်။
ချူချင်းက သန့်ရှင်းသော ဝတ်စုံအသစ်ကို လဲလှယ်ဝတ်ဆင်လိုက်ပြီး သူ၏ ဆံနွယ်များကို သပ်ရပ်အောင် ဖြီးသပ်နေချေသည်။
'ရှေးခေတ်လူတွေရဲ့ မကောင်းတဲ့အချက်ကို ပြောပါဆိုရင် ဒါပဲ ဖြစ်လိမ့်မယ်...'
သူ၏ သိုင်းပညာမှာ မည်မျှပင် မြင့်မားနေပါစေဦးတော့ နတ်ဘုရားများကဲ့သို့ ဖုန်မှုန့်တစ်စပင် မကပ်ငြိအောင် မလုပ်ဆောင်နိုင်ပေ။
အချိန်အတော်ကြာ လမ်းခရီးတွင် အိပ်စက်ခဲ့ရသဖြင့် ဆံပင်များကို သေချာမပြုပြင်နိုင်ခဲ့ရာ စေးကပ်ပြီး အနံ့ဆိုးများ ထွက်ပေါ်နေကာ ရံဖန်ရံခါတွင် လုံးထွေးနေတတ်ချေသည်။
ကံကောင်းသည်မှာ သူ၏ခေါင်းတွင် သန်းများ မရှိသေးခြင်းပင်။ မဟုတ်ပါက အမှန်တကယ်ပင် ငရဲကျသကဲ့သို့ ခံစားရပေလိမ့်မည်။
အခန်းထဲရှိ ကြေးမှန်ကို ကြည့်လျက် သူ၏ ဆံနွယ်ရှည်များကို သေချာစွာ ပြုပြင်လိုက်ပြီးနောက် ဆံပင်စည်းကြိုးဖြင့် စည်းနှောင်လိုက်၏။ သေချာစစ်ဆေးပြီးနောက် ပြဿနာမရှိသည်ကို မြင်မှသာ ကုတင်ပေါ်သို့ တက်၍ အနားယူရန် ပြင်ဆင်လိုက်လေသည်။
ယနေ့ညတွင် သူသည် တရားကျင့်ကြံရန် စိတ်ကူးမရှိတော့ပေ။ လွန်ခဲ့သော ရက်ပိုင်းအတွင်းက ညတိုင်းတွင် တရားထိုင်ခြင်းဖြင့်သာ အိပ်စက်ခြင်းကို အစားထိုးခဲ့ရချေသည်။
ယခုအခါ ကောင်းမွန်သော ကုတင်တစ်ခု ရှိနေပြီဖြစ်ရာ ပင်ပန်းနွမ်းနယ်မှုများကို ပြေပျောက်စေရန်အတွက် ကောင်းမွန်စွာ အိပ်စက်ရပေမည်။ မဟုတ်ပါက စိတ်ကို အလွန်အမင်း တင်းကျပ်ထားလျှင် ကိုယ့်ကိုယ်ကို ပင်ပန်းစေရုံသာ ရှိပေလိမ့်မည်။
သို့သော် ချူချင်း လှဲလျောင်းရန် ပြင်လိုက်စဉ်မှာပင် သူ၏ နားစည်မှာ ရုတ်တရက် လှုပ်ရှားသွားချေသည်။
ဘေးအခန်းရှိ ဝမ်ရို၏ ပြတင်းပေါက် ပွင့်သွားသော အသံကို သူကြားလိုက်ရခြင်းပင်။
'ဒီအချိန်ကြီးမှာ အနားမယူဘဲ... နေဦး...'
ချူချင်းက ချက်ချင်းပင် ထထိုင်လိုက်ပြီး တစ်ပြိုင်နက်တည်း ဓားကို ဆွဲကိုင်ကာ ဝတ်ရုံကို ဝတ်ဆင်လိုက်တော့သည်။
ပြတင်းပေါက်ကို တွန်းဖွင့်လိုက်ပြီး ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ ခုန်ထွက်လိုက်၏။
လူရိပ်တစ်ခုက ဝမ်ရိုကို ချိုင်းကြားတွင် ညှပ်လျက် အဝေးသို့ အပြင်းအထန် ပြေးသွားသည်ကို မြင်တွေ့လိုက်ရချေသည်။
"ပြန်လာခဲ့စမ်း..."
ချူချင်းက ဒေါသတကြီးအော်ဟစ်လိုက်ပြီး အရှေ့သို့ ခုန်ဝင်သွားလေသည်။
အနီးသို့ မရောက်မီမှာပင် သူက လက်ကိုဆန့်ထုတ်ကာ လှမ်းဖမ်းလိုက်၏။
ထိုလူသည် ခုခံနိုင်စွမ်းမရှိတော့သော ဝမ်ရို၏ ခန္ဓာကိုယ်ထံမှ ရုတ်တရက် အားလှိုင်းတစ်ခု ထွက်ပေါ်လာပြီး သူ၏ လက်အောက်မှ လွတ်မြောက်ရန် ကြိုးပမ်းနေသည်ကို ခံစားလိုက်ရသဖြင့် အံ့အားသင့်သွားချေသည်။
သူမကို အတင်းအကျပ် ပြန်လည်ချုပ်ကိုင်ရန် ပြင်လိုက်စဉ်မှာပင် ဝမ်ရိုမှာ သူ၏ လက်အောက်မှ လွတ်မြောက်သွားခဲ့ပြီး ချူချင်း၏ လက်ထဲသို့ ရောက်ရှိသွားလေသည်။
ချူချင်းက ဝမ်ရို၏ ပခုံးကို ကိုင်လှုပ်ကာ မေးလိုက်၏။
"ဝမ်ရို..."
ဝမ်ရိုမှာ မျက်လုံးများကို တင်းကျပ်စွာ ပိတ်ထားပြီး သတိမေ့မြောနေချေသည်။ ၎င်းမှာ အိပ်ဆေး သို့မဟုတ် အဆိပ်တစ်မျိုးမျိုးကြောင့် ဖြစ်သည်မှာ ထင်ရှားလှပေသည်။
"မင်းက သူများကိစ္စကို ဝင်ပါရဲတယ်ပေါ့... သေချင်နေတာပဲ..."
ထိုလူ၏ အသံမှာ ထွက်ပေါ်လာပြီး ချူချင်း ခေါင်းမော့ကြည့်လိုက်ချိန်တွင် ထိုလူ၏ လက်ဝါးရိုက်ချက်မှာ သူ၏ ရှေ့မှောက်သို့ ရောက်ရှိနေပြီဖြစ်သည်။