← Chapters

အခန်း ၁၄၅

Vol. 15 Ch. 145

အခန်း ၁၄၅

Vol. 15 Ch. 145

အခန်း (၁၄၅) - အဆိပ် (၁)

ချူချင်းသည် ဝမ်ရိုကို လက်တစ်ဖက်ဖြင့် တွဲကူထားရင်း တစ်ဖက်လူ၏ ပြင်းထန်သော လက်ဝါးလေလှိုင်း မျက်နှာဆီသို့ တိုးဝင်လာသည်ကို ခံစားလိုက်ရ၏။ ထို့ပြင် နှာခေါင်းထဲသို့ အလွန်စူးရှသော အနံ့ဆိုးတစ်ခု တိုးဝင်လာလေသည်။

လက်ဝါးထဲတွင် အဆိပ်ရှိနေပေသည်။

သူ့စိတ်ထဲတွင် အတွေးတစ်ခု ဖြတ်ပြေးသွားပြီးနောက် လက်သီးတစ်ချက်ကို ထိုးထုတ်လိုက်၏။

လက်သီးအားလှိုင်းမှာ ရုပ်လုံးပေါ်လာသကဲ့သို့ ထင်မှတ်ရပြီး လက်သီးဆုပ်မှ လွတ်ထွက်ကာ တစ်ဖက်လူ၏ လက်ဝါးပေါ်သို့ ပြင်းထန်စွာ သွားရောက်ရိုက်ခတ်လေသည်။

ထိုလူ၏ မျက်နှာအရောင်အဆင်း ချက်ချင်းပြောင်းလဲသွားပြီး လက်မောင်းမှာ ဘေးသို့ လွင့်ထွက်သွားရ၏။ ပြင်းထန်သော လေလှိုင်းများ ပျက်ပြယ်သွားရုံသာမက လက်ဝါးပြင်မှ စတင်ကာ အေးစိမ့်သော ရေခဲလွှာတစ်ခုမှာ အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားပြီး မျက်စိတစ်မှိတ်အတွင်း လက်မောင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားချေသည်။

"ထူးဆန်းတဲ့ အေးစိမ့်အတွင်းအား..."

ထိုလူက တိုးညင်းစွာ ရေရွတ်လိုက်ပြီး ဤတွန်းကန်အားကို အသုံးချကာ တစ်ကိုယ်လုံး နောက်သို့ လွင့်ပျံသွားလေသည်။ မြေပြင်ပေါ်သို့ ခြေဖျားထောက်မိသည်နှင့် တစ်ပြိုင်နက် ခေါင်မိုးပေါ်မှ ခုန်ချသွားခဲ့ပြီ ဖြစ်၏။

ချူချင်းသည် ဝမ်ရိုကို ပွေ့ပိုက်ကာ လိုက်လံဖမ်းဆီးရန် ပြေးသွားသော်လည်း ခေါင်မိုးအောက်တွင် ထိုလူ၏ အရိပ်အယောင်ကို မတွေ့ရတော့ပေ။

မြေပြင်ပေါ်တွင် စီးကျနေသော သွေးစက်အချို့နှင့် အေးခဲနေသော လက်မောင်းတစ်ဖက်သာ ကျန်ရစ်ခဲ့လေသည်။

'အသက်ရှင်ဖို့အတွက် လက်မောင်းကို ဖြတ်ပြီး ထွက်ပြေးသွားတာလား...'

ချူချင်းသည် မျက်ခုံးများကို အထပ်ထပ် တွန့်ချိုးလိုက်ရင်း သွေးခြေရာအတိုင်း လိုက်လံရှာဖွေလိုသော်လည်း ဝမ်ရိုမှာ သတိမေ့မြောနေဆဲ ဖြစ်သဖြင့် လွယ်လွယ်ကူကူ ထွက်မသွားရဲချေ။

သူအခက်တွေ့နေစဉ်မှာပင် နောက်ကျောဘက်မှ ခြေသံများ ထွက်ပေါ်လာသဖြင့် လှည့်ကြည့်လိုက်ရာ ပျန်းချန် ပြေးဝင်လာသည်ကို မြင်လိုက်ရ၏။

"ဘာဖြစ်တာလဲ... ငါ ခေါင်မိုးပေါ်မှာ တိုက်ခိုက်သံ ကြားလို့... မင်း ဖြစ်နေတာလား..."

ချူချင်းက လက်ကို ဝှေ့ယမ်းကာ ဝမ်ရိုကို တွန်းပေးလိုက်၏။

"သူ့ကို အရင် ဂရုစိုက်ထားလိုက်... အဲဒီလူ ဒဏ်ရာရထားတယ်... ငါ သွားလိုက်ဦးမယ်..."

ပျန်းချန်သည် ဝမ်ရို၏ လက်မောင်းကို အလျင်အမြန် ဖေးမလိုက်ပြီး ခေါင်းပြန်မော့ကြည့်လိုက်ချိန်တွင် ချူချင်းမှာလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

'ဘာတွေ ဖြစ်ကုန်တာလဲ...'

သူသည် ဝမ်ရို၏ နှာခေါင်းဝတွင် လေဝင်လေထွက်ကို စမ်းသပ်ကြည့်ပြီး သွေးကြောခုန်နှုန်းကို စမ်းသပ်လိုက်ရာ မျက်နှာပျက်သွားလေသည်။

"အဆိပ်မိနေတာပဲ..."

သူသည် ချက်ချင်းပင် ရင်ခွင်ထဲမှ ဆေးပုလင်းတစ်လုံးကို ထုတ်ယူကာ ဆေးလုံးတစ်လုံးကို ဝမ်ရို၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်ပြီးနောက် သူမကို အခန်းထဲသို့ ပြန်လည်ခေါ်ဆောင်သွားလေသည်။

ထိုလူ၏ လက်မောင်းမှာ သူကိုယ်တိုင် ဖြတ်တောက်ခဲ့ခြင်း ဖြစ်သော်လည်း သူသည် ကောင်းကင်နှင်းခဲလက်သီးချက်ကို ထိမှန်ထားသဖြင့် ဒဏ်ရာမှာ အေးခဲနေခဲ့၏။ ထို့ကြောင့် အစောပိုင်းက ထွက်ပေါ်ခဲ့သော သွေးစက်အချို့မှလွဲ၍ ကျန်ရှိသော သွေးများအားလုံးမှာ ဒဏ်ရာဝတွင် အေးခဲပိတ်ဆို့နေခဲ့ပေသည်။

ချူချင်းအနေဖြင့် သွေးခြေရာအတိုင်း လိုက်လံဖမ်းဆီးရန်မှာ မလွယ်ကူလှချေ။

သို့သော် ကံကောင်းထောက်မစွာဖြင့် သူသည် ခြေရာခံခြင်း အတတ်ပညာကို ကျွမ်းကျင်သဖြင့် မြေပြင်ပေါ်ရှိ အမှတ်အသားများကို ကြည့်ကာ တစ်ခဏချင်းအတွင်းမှာပင် မြို့ငယ်လေး၏ အပြင်ဘက်သို့ လိုက်ပါလာနိုင်ခဲ့၏။

ရှေ့တွင် တောအုပ်ငယ်တစ်ခု ရှိနေပြီး ချူချင်းသည် မင်ယွိကျမ်းစာကို လည်ပတ်စေကာ မိမိ၏ အကြားအာရုံနှင့် အမြင်အာရုံကို အစွမ်းကုန် မြှင့်တင်လိုက်ပြီးမှသာ ခြေလှမ်းလှမ်းဝင်လိုက်လေသည်။

တောအုပ်ကိုတွေ့လျှင် မဝင်ရဟူသော စကားမှာ အကြောင်းမဲ့မဟုတ်ပေ။

အဓိကအားဖြင့် တောအုပ်ထဲတွင် မြေပြင်အနေအထားမှာ ထူးခြားပြီး သစ်ပင်များကို အကာအကွယ်ယူကာ ချုံခိုတိုက်ခိုက်ရန် အလွန်လွယ်ကူသောကြောင့် ဖြစ်၏။

ချူချင်းသည် အကြားအမြင်အာရုံများကို ဖွင့်ဟထားသဖြင့် ပတ်ဝန်းကျင်ရှိ အသံအားလုံးကို အတိုင်းသား ကြားနေရပေသည်။

ပေသုံးဆယ်အတွင်းရှိ အသက်ရှူသံနှင့် နှလုံးခုန်သံများမှာ သူ၏ နားနှစ်ဖက်မှ လွတ်ကင်းသွားခြင်း မရှိသဖြင့် အမှောင်ထဲတွင် လူရှိမရှိကို အလွယ်တကူ သိရှိနိုင်၏။

ယနေ့ညတွင် ထိုလူကို မဖြစ်မနေ ဖမ်းဆီးရပေမည်။

အစောပိုင်းက ဝမ်ရိုသတိမေ့မြောနေသည်ကို မြင်သောအခါ သူသည် မေ့ဆေး သို့မဟုတ် အိပ်ဆေးတစ်မျိုးမျိုးဟုသာ အလိုအလျောက် ထင်မှတ်ခဲ့၏။

သို့သော် ထိုလူ၏ တိုက်ခိုက်မှုမှာ သိသာထင်ရှားစွာပင် အဆိပ်လက်ဝါးသိုင်း ဖြစ်နေခဲ့သည်။ သက်သေအထောက်အထား အတိအကျ မရှိသေးသော်လည်း ထိုလူမှာ အဆိပ်ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ ဖြစ်နိုင်ချေကိုလည်း ချန်လှပ်ထား၍ မရပေ။

ထို့ကြောင့် ချူချင်းသည် မပေါ့ဆရဲသကဲ့သို့ ဝမ်ရို၏ အသက်ကိုလည်း လောင်းကြေးမထပ်ရဲချေ။

ထိုလူကို မီအောင်လိုက်ပြီး အဆိပ်ဖြေဆေးကို မေးမြန်းကာ အမှားအယွင်းမရှိစေရန် ပြုလုပ်ရပေမည်။

ဤသို့ဖြင့် တစ်ခဏမျှ ရှေ့သို့ဆက်သွားပြီးနောက် ချူချင်းသည် အနည်းငယ် ကစဉ့်ကလျားဖြစ်နေသော အသက်ရှူသံတစ်ခုကို ကြားလိုက်ရ၏။

သူသည် အသံလာရာအတိုင်း ရှေ့သို့ ရှာဖွေသွားရာ မကြာမီမှာပင် သစ်ပင်တစ်ပင်အောက်၌ တင်ပျဉ်ခွေထိုင်နေသော ဝတ်စုံနက်ဝတ် လူတစ်ဦးကို မြင်လိုက်ရလေသည်။

ထိုလူသည် မျက်ခုံးများကို တင်းတင်းကြပ်ကြပ် တွန့်ချိုးထားပြီး မျက်နှာတစ်ခုလုံးတွင် နာကျင်မှု အရိပ်အယောင်များ ပြည့်နှက်နေ၏။ ဘယ်ဘက်လက်မောင်းမှာ ပြတ်တောက်နေပြီး ဒဏ်ရာဝမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှပေသည်။

ဒဏ်ရာပေါ်တွင် ရေခဲလွှာများ ဖုံးလွှမ်းနေပြီး အရည်ပျော်ခြင်းနှင့် ပြန်လည်အေးခဲခြင်း အခြေအနေနှစ်ရပ်အကြား အပြန်အလှန် လွန်ဆွဲနေချေသည်။

'သူက အတွင်းအားသုံးပြီး ခဲနေတာကို အရေ‌‌ပျော်အောင်လုပ်နေတာပဲ...'

ချူချင်းသည် မျက်လုံးများကို အနည်းငယ် မှေးစိုက်လိုက်ပြီး ဇွတ်အတင်း ရှေ့သို့တိုးမသွားခဲ့ပေ။

ဤလူမှာ အသက်ဘေးနှင့် ရင်ဆိုင်နေရသဖြင့် မည်သည့်နေရာတွင်မဆို အေးစိမ့်မှုကို အမြန်ဆုံး မောင်းထုတ်ရန် ကြိုးစားနေခြင်းမှာ သဘာဝကျပေသည်။

သို့သော် ဤကဲ့သို့ ထင်ထင်ရှားရှား ထိုင်နေခြင်းနှင့် သူသည် အဆိပ်ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သူဖြစ်နိုင်ခြင်းတို့ကြောင့် ချူချင်းသည် ဇွတ်အတင်း အနားမကပ်ရဲသေးပေ။

အကယ်၍ ထိုလူက ပတ်ဝန်းကျင်တွင် ထောင်ချောက်များဆင်ထားပြီး မိမိက မတော်တဆ ခြေလှမ်းမှားဝင်သွားပါက အရာအားလုံး ပျက်စီးသွားနိုင်ပေသည်။

ကျန်းဟူလောကတွင် သိုင်းပညာမြင့်မားခြင်းက အားသာချက်များစွာ ရရှိစေနိုင်သည်မှာ အမှန်ပင်။

သို့သော် အလွန်အမင်း စိတ်မြန်လက်မြန် ရှိလွန်းပါကလည်း ကြီးမားသော ပေးဆပ်မှုများကို ကြုံတွေ့ရနိုင်ခြေရှိ၏။

ချူချင်းသည် ပတ်ဝန်းကျင်ကို သေချာအကဲခတ်လိုက်ရာ တစ်ခဏအကြာတွင် ထူးခြားချက်အချို့ကို အမှန်တကယ်ပင် ရှာဖွေတွေ့ရှိသွားလေသည်။

ထိုလူ၏ ဘေးပတ်လည် ဆယ်ပေခန့်အတွင်းရှိ မြက်ပင်များနှင့် သစ်ရွက်များမှာ အခြားနေရာများထက် ပိုမို၍ ညှိုးနွမ်းခြောက်သွေ့နေသည်ကို မြင်လိုက်ရ၏။

လက်ရှိတွင် ဆောင်းဦးရာသီသို့ ရောက်ရှိနေပြီဖြစ်သဖြင့် ကြွေလွင့်နေသော သစ်ရွက်များပြားလှရာ ပထမတစ်ချက်ကြည့်ရုံဖြင့် ကွဲပြားမှုကို မသိသာသော်လည်း သေချာအနီးကပ်ကြည့်ရှုလိုက်ပါက အရောင်ကွဲပြားမှုကို တွေ့ရှိနိုင်ပေသည်။

အရောင်အသွေးမှာ လုံးဝ သဟဇာတမဖြစ်ပေ။

'အဆိပ်က မြေပြင်ပေါ်မှာလား... အဆိပ်မှုန့်တွေ ဖြစ်ရမယ်...'

'အပေါ်ကနေ ဖြတ်သွားရင်လည်း လေနဲ့အတူ ကိုယ်ပေါ်ကို ကပ်သွားပြီး အသိနောက်ကျရင် ကယ်ဖို့ခက်လိမ့်မယ်...'

အတွေးများ လျှပ်ခနဲဖြတ်ပြေးသွားပြီးနောက် ချူချင်းသည် လက်ဝါးတစ်ဖက်ကို လှန်ကာ ရှေ့သို့ရိုက်ထုတ်လိုက်၏။

ချင်းရွှီလက်ဝါး။

ချင်းရွှီလက်ဝါး၏ အရှိန်အဟုန်မှာ ကြီးမားလှပြီး လက်ဝါးလေလှိုင်းမှာ တံတိုင်းကြီးတစ်ခုကဲ့သို့ ဖြစ်ပေါ်လာချေသည်။

အကယ်၍ တစ်ဖက်လူက အဆိပ်မှုန့်များကို အမှန်တကယ် အသုံးပြုထားပါက ဤလက်ဝါးချက်က အဆိပ်မှုန့်များကို လွင့်စင်သွားစေရုံသာမက ထိုလူ့ထံသို့ပင် ပြန်လည်သက်ရောက်သွားစေနိုင်ပေသည်။

ဝူးခနဲလေတိုက်သံနှင့်အတူ ပတ်ဝန်းကျင်ရှိ သစ်ရွက်ခြောက်များ၊ ကျောက်ခဲငယ်များ၊ မြက်ပင်များနှင့် မြေမှုန့်များအားလုံးမှာ ချူချင်း၏ လက်ဝါးချက်ကြောင့် ရှေ့သို့လွင့်စင်သွားလေသည်။

အတွင်းအား လည်ပတ်နေသော ထိုလူသည် ရုတ်တရက် မျက်လုံးဖွင့်ကြည့်လိုက်ရာ မျက်ဝန်းထဲတွင် ထိတ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နှက်သွား၏။

သူသည် အားယူကာ ထရပ်လိုက်ပြီး အပေါ်သို့ခုန်တက်ရန် ပြင်လိုက်လေသည်။

သို့သော် သူသည် လက်မောင်းတစ်ဖက် ပြတ်တောက်နေသည့်အပြင် ဤနေရာအထိ အပြင်းအထန် ပြေးလွှားလာခဲ့ရသဖြင့် ခန္ဓာကိုယ်တွင် အားအင်များကုန်ခမ်းနေခဲ့ပြီ ဖြစ်၏။

အစောပိုင်းကလည်း အတွင်းအားကို လည်ပတ်စေကာ ခန္ဓာကိုယ်တွင်းရှိ အေးစိမ့်မှုကို မောင်းထုတ်ရန် ကြိုးစားခဲ့ရသဖြင့် အတွင်းအားများစွာ ကုန်ဆုံးသွားခဲ့ရပေသည်။

ယခုအချိန်တွင် သူသည် အစွမ်းကုန် ခုန်တက်လိုက်သော်လည်း လေပေါ်သို့ ရောက်သည်နှင့် ချူချင်း၏ ချင်းရွှီလက်ဝါး လေလှိုင်းထဲသို့ ရိုက်သွင်းခြင်းခံလိုက်ရ၏။

တစ်ကိုယ်လုံး နောက်သို့လွင့်ထွက်သွားပြီး သစ်ပင်တစ်ပင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်မိလေသည်။

မြေပြင်ပေါ်သို့ ကျရောက်သွားချိန်တွင် စကားပင်မပြောနိုင်သေးဘဲ သွေးတစ်လုပ်ကို ဦးစွာအန်ထုတ်လိုက်ရ၏။

သို့သော် ဤမျှနှင့် မပြီးသေးပေ။ သူ၏မျက်နှာမှာ မျက်စိတစ်မှိတ်အတွင်း မည်းမှောင်သွားပြီး နဖူးပြင်အလယ်မှ စတင်ကာ နက်မှောင်သော မျဉ်းကြောင်းတစ်ကြောင်း ပေါ်ထွက်လာပြီး အောက်သို့ တရွေ့ရွေ့စီးဆင်းသွားရာ အရှိန်အဟုန်မှာ အလွန်ပင် မြန်ဆန်လှပေသည်။

သူသည် ထိတ်လန့်တုန်လှုပ်သွားပြီး ကျန်ရှိနေသော လက်တစ်ဖက်ဖြင့် ဆေးပုလင်းတစ်လုံးကို အလျင်အမြန်ထုတ်ယူကာ ပါးစပ်ထဲသို့ထည့်ရန် ပြင်လိုက်၏။

သို့သော် နောက်တစ်စက္ကန့်တွင် သူ၏ လက်ထဲ၌ ဟာလာဟင်းလင်း ဖြစ်သွားသဖြင့် အလန့်တကြား မော့ကြည့်လိုက်ရာ ထိုဆေးပုလင်းမှာ ချူချင်း၏လက်ဖဝါးအထက်တွင် ဝဲပျံကာ လည်ပတ်နေသည်ကို မြင်လိုက်ရချေသည်။

လက်ဖဝါးပေါ်သို့ ကျရောက်ခြင်း မရှိသကဲ့သို့ လွတ်ထွက်သွားခြင်းလည်း မရှိပေ။

"ငါ့ကို ပြန်ပေး..."

သူက အလျင်အမြန် ပြောလိုက်၏။

"မပေးနိုင်ဘူး..."

ချူချင်းက ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။

"ဒီအဆိပ်က အရမ်းပြင်းတယ်... ငါ့မှာ ရေနွေးကြမ်းတစ်ခွက်စာအချိန်ပဲ ရှိတော့တယ်..."

ထိုလူက တောင်းပန်တိုးလျှိုးလိုက်၏။

"ငါ့ကို ပြန်ပေးပါလို့ တောင်းပန်ပါတယ်..."

"ရေနွေးကြမ်းတစ်ခွက်စာ အချိန်လား..."

ချူချင်းက ပြုံးရင်း ပြောလိုက်၏။

"အချိန်လောက်ပါတယ်... အဆိပ်ဖြေဆေးကို အရင်ပေး..."

ထိုလူသည် တုံ့ဆိုင်းမှုမရှိဘဲ ရင်ခွင်ထဲမှ ဆေးပုလင်းငယ်တစ်လုံးကို ထပ်မံထုတ်ယူကာ ချူချင်းထံသို့ လှမ်းပစ်ပေးလိုက်လေသည်။

ချူချင်းသည် ယခုတစ်ကြိမ်တွင် မိမိ၏ဝတ်ရုံအောက်နားစမှ အဝတ်စတစ်စကို ဆွဲဖြဲလိုက်ပြီး ဆေးပုလင်းကျလာမည့် နေရာကို ကြည့်ကာ လက်ကိုဝှေ့ယမ်းလိုက်၏။ ထိုအဝတ်စမှာ ဆေးပုလင်းပေါ်သို့ ရစ်ပတ်သွားပြီး ပုလင်းတစ်ခုလုံးကို အဝတ်လုံးတစ်ခုကဲ့သို့ ထုပ်ပိုးလိုက်ချေသည်။

ထို့နောက်မှသာ ၎င်းကို လက်ထဲသို့ဖမ်းယူကာ ရင်ခွင်ထဲသို့ ထည့်လိုက်၏။

ထိုလူ၏ မျက်ဝန်းထဲတွင် နာကြည်းမုန်းတီးမှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်ကို မြင်လိုက်ရပြီးနောက် ချူချင်းက ဆက်လက်ပြောကြားလိုက်လေသည်။

"သူမကို မင်းကျွေးခဲ့တဲ့ အဆိပ်ကိုလည်း ထပ်ပေးဦး..."

"မင်း..."

ထိုလူက အံကြိတ်ကာ ပြောလိုက်၏။

"မင်း ငါ့ကို အဆိပ်ဖြေဆေး တကယ်မပေးတော့ဘူးလား..."

"ကျုပ်လိုချင်တာကို ပေးမှ... ကျုပ်ကလည်း ခင်များလိုချင်တာကို ပေးမှာပေါ့..."

All Chapters