အခန်း ၁၄၇
Vol. 15 Ch. 147
အခန်း (၁၄၇) - သံမဏိသွေးဂိုဏ်း (၁)
ချူချင်းမှာ အနည်းငယ်စိတ်ပျက်သွားရ၏။ သူတို့က သူမ၏ အခန်းထဲသို့ အဘယ်ကြောင့် ရောက်နေရသနည်းဟူသည့် မေးခွန်းမှာ အဓိပ္ပာယ်မရှိလှချေ။
ဤဝမ်ရိုမှာ အဘယ်ကြောင့် အမြဲအဆိပ်မိနေရသနည်း။ သူကပင် ပြန်မေးချင်နေမိတော့သည်။
ချူချင်းက စိတ်ထဲမှသာ ရေရွတ်လိုက်ပြီး နှုတ်မှမူ ပြောလိုက်လေသည်။
"မင်းရဲ့ အတွင်းအားကို အရင်ဆုံး စမ်းသပ်ကြည့်လိုက်ပါဦး... ခန္ဓာကိုယ်ထဲက အခြေအနေ ဘယ်လိုရှိလဲ..."
"အဆိပ်ကျန်တာတွေ ရှိနေသေးလား..."
ဝမ်ရိုမှာ အခြေအနေကို သိပ်နားမလည်သော်လည်း စကားနားထောင်စွာဖြင့် ထထိုင်လိုက်ပြီး အတွင်းအားကို စမ်းသပ်ရင်း မေးလိုက်လေသည်။
"ကျွန်မ အဆိပ်မိသွားတာလား... ပြတင်းပေါက်အပြင်ဘက်မှာ တစ်ယောက်ယောက် ရောက်လာတာကို အနံ့ရလို့ အနီးကပ်သွားကြည့်မလို့ပဲ ရှိသေးတယ်... ထူးဆန်းတဲ့ အနံ့တစ်ခုကို ရလိုက်ပြီးတာနဲ့ ဘာမှမသိတော့ဘူး..."
သူမက ပြောရင်းဖြင့် တင်ပျဉ်ခွေထိုင်ကာ အတွင်းအားကို စတင်လှည့်ပတ်လိုက်၏။
ချူချင်းတို့ သုံးဦးမှာလည်း ထွက်မသွားဘဲ ထိုနေရာတွင်ပင် ထိုင်ကာ စောင့်ဆိုင်းနေကြလေသည်။
ခေတ္တကြာပြီးနောက် ဝမ်ရို၏ မပြောင်းလဲနိုင်သော ကောင်းကင်ကျမ်းစာ အတွင်းအားမှာ တစ်ပတ်ပြည့်အောင် လည်ပတ်သွားပြီးမှ သူမသည် မျက်လုံးများကို ဖွင့်လိုက်တော့သည်။
"အဆင်ပြေသွားပါပြီ..."
ထိုအခါမှသာ ချူချင်းတို့ သုံးဦးလည်း သက်ပြင်းချနိုင်ကြတော့၏။
"ဒီလူ သုံးသွားတာက အာနိသင်အရမ်းပြင်းတဲ့ မူးယစ်ဆေးတစ်မျိုးဖြစ်ပုံရတယ်..."
ပျန်းချန်က ပြောလိုက်သော်လည်း ဤကိစ္စကို သေးငယ်သည်ဟု မယူဆဘဲ မျက်နှာတစ်ခုလုံး လေးနက်တည်ကြည်နေချေသည်။
"ဒါပေမဲ့ ဒီမူးယစ်ဆေးက တကယ်ကို အစွမ်းထက်လွန်းတယ်... ငါ နည်းလမ်းအမျိုးမျိုးနဲ့ စမ်းကြည့်ပေမဲ့ ဂိုဏ်းတူညီမလေးကို နှိုးလို့မရခဲ့ဘူး..."
"သူ့ရဲ့ သီးသန့်ဖြေဆေး ရှိမှပဲ ရမယ်ထင်တယ်..."
ချူချင်းက ခေါင်းညိတ်လိုက်ပြီး ဝမ်ရိုကို ပြောလိုက်၏။
"ငါယူလာတဲ့ ဒီဆေးပုလင်းတွေကို တစ်ခုခုနဲ့ သေချာထုပ်ပိုးပြီး မင်းရဲ့ အိတ်ထဲမှာ ထည့်ထားလိုက်ပါ... အခု ငါတို့က လမ်းခရီးမှာမို့လို့ သေချာစစ်ဆေးဖို့ အချိန်မရှိသေးဘူး... အခြေတကျ ဖြစ်သွားတဲ့အခါကျမှ ဒီဆေးတွေက ဘာအတွက် သုံးတာလဲဆိုတာကို တစ်ယောက်ယောက်ကို ပြပြီး မေးကြည့်ကြတာပေါ့..."
ဝမ်ရိုက ခေါင်းညိတ်ကာ သဘောတူလိုက်လေသည်။
ချူချင်းက မတ်တတ်ရပ်လိုက်၏။
"ဒါဆိုရင် ဒီညတော့ ဒီလောက်နဲ့ပဲ နားကြတာပေါ့... အရိုးတစ်ရာမိစ္ဆာဘုရင်ရဲ့ တပည့်နောက်တစ်ယောက် ထပ်ရောက်လာပြီး ဆေးခတ်ပြီး ပြန်ပေးဆွဲဖို့ မရှိနိုင်တော့ပါဘူး..."
"ဝမ်ရို... မင်း တစ်ခုခု အခက်အခဲရှိရင် အော်ဟစ်အကူအညီတောင်းလိုက်နော်... ငါ ဘေးခန်းမှာပဲ ရှိတယ်..."
"ကျေးဇူးတင်ပါတယ် အစ်ကိုသုံး..."
ဝမ်ရိုက တိုးညင်းစွာ ပြန်လည်ဖြေကြားလိုက်၏။
ပျန်းချန်နှင့် မော့တူရှင်းတို့နှစ်ဦးလည်း နှုတ်ဆက်ကာ အခန်းပြင်သို့ ထွက်သွားကြလေသည်။
ဤသို့ ရှုပ်ရှုပ်ယှက်ယှက်ဖြစ်သွားပြီးနောက် ညဉ့်နက်သန်းခေါင်ယံအချိန်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ချူချင်းမှာ အခန်းသို့ ပြန်ရောက်သောအခါ အိပ်စက်လိုစိတ် မရှိတော့ချေ။
သူသည် ကိုယ်ပေါ်ရှိ စုတ်ပြဲနေသော အဝတ်အစားများကို လဲလှယ်လိုက်ပြီး ကုတင်ပေါ်တွင် တရားထိုင်ကာ စောင့်ကြည့်နေလိုက်၏။ ထူးခြားသော လှုပ်ရှားမှုတစ်စုံတစ်ရာ ရှိပါက သူသည် ချက်ချင်း သိရှိနိုင်မည်ပင်။
နောက်တစ်နေ့ နံနက်ခင်းတွင် ချူချင်းသည် အခန်းထဲမှ ထွက်လာခဲ့ရာ ဝမ်ရိုမှာလည်း တိုက်တိုက်ဆိုင်ဆိုင်ပင် အခန်းပြင်သို့ ထွက်လာသည်ကို တွေ့လိုက်ရလေသည်။
တစ်ဦးကိုတစ်ဦး ကြည့်လိုက်ပြီးနောက် ချူချင်းက မေးလိုက်၏။
"ခန္ဓာကိုယ်က နေရတာ အဆင်မပြေတာမျိုး ရှိသေးလား..."
"အားလုံး အဆင်ပြေပါတယ်..."
ဝမ်ရိုက အားတင်းကာ ပြုံးပြလိုက်ရာ ချူချင်းမှာ အနည်းငယ်အံ့အားသင့်သွားရ၏။ ဤမိန်းကလေးက ပြုံးတတ်နေပြီလော။
'အရမ်း မကျွမ်းကျင်သေးပေမဲ့...'
"ဒါဆိုလည်း ကောင်းတာပေါ့..."
သူက ခေါင်းညိတ်လိုက်ပြီး နှစ်ဦးသားအတူတူ အောက်ထပ်ဆင်းလာခဲ့ကြရာ ပျန်းချန်နှင့် မော့တူရှင်းတို့နှစ်ဦးမှာ အောက်ထပ်တွင် စားသောက်နေကြသည်ကို တွေ့လိုက်ရလေသည်။
သူတို့ကို လက်လှမ်းပြခေါ်လိုက်ပြီးနောက် လေးဦးသား စားပွဲတစ်ခုတည်းတွင် အတူတူထိုင်လိုက်ကြ၏။
ပျန်းချန်က ပြောလိုက်လေသည်။
"ဂိုဏ်းတူညီမလေး... လော့ချန်အိမ်တော်ရဲ့ နယ်မြေထဲကို ရောက်ပြီဆိုတော့ အိမ်တော်သခင်ဝမ်ဆီကို သတင်းပို့ဖို့ မင်းမှာ နည်းလမ်းရှိမှာပေါ့..."
ဝမ်ရိုက ခေါင်းညိတ်ပြလိုက်၏။
"ဒါပေါ့..."
"ဒါဆိုရင်လည်း ခဏနေ မနက်စာစားပြီးတာနဲ့ အိမ်တော်သခင်ဝမ်ဆီကို စာတစ်စောင် ပို့ထားလိုက်... မင်းက ၁၂၈ မိုင် လော့ချန်အိမ်တော်ရဲ့ နယ်မြေထဲကို ရောက်နေပြီလို့ ပြောလိုက်ပေါ့..."
"သူ့လူတွေကို လာကြိုခိုင်းလိုက်ပါဦး..."
"မနေ့ညက ဖြစ်သွားတဲ့ကိစ္စကို သတိထားရမယ်... ဒုတိယအကြိမ် ထပ်မဖြစ်စေရဘူး..."
"ငါတို့တွေရဲ့ သိုင်းပညာက မဆိုးဘူးဆိုပေမဲ့..."
ဤနေရာသို့ ရောက်သောအခါ သူသည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ခေတ္တရပ်တန့်သွားပြီး မော့တူရှင်းကို တစ်ချက်ကြည့်လိုက်လေသည်။
"ငါတို့သုံးယောက်ရဲ့ သိုင်းပညာက မဆိုးဘူးဆိုပေမဲ့ နောက်ဆုံးတော့ တစ်ကိုယ်တော်သမားတွေ ဖြစ်နေတော့ အားနည်းချက်ကို တိုက်ခိုက်ခံရလွယ်တယ်... နည်းနည်းလေး သတိလက်လွတ်ဖြစ်တာနဲ့ သူတို့ရဲ့ လှည့်ကွက်တွေထဲကို ရောက်သွားနိုင်တယ်..."
မော့တူရှင်း၏ မျက်နှာမှာ မည်းမှောင်သွားတော့၏။
"မင်း ငါ့ကို ရွှဲ့ပြောနေတာလို့ ခံစားရတယ်..."
"ဟုတ်လို့လား..."
ပျန်းချန်က မျက်တောင်ခတ်လိုက်၏။
"ဂိုဏ်းတူအစ်ကိုကြီး... လျှောက်မတွေးပါနဲ့..."
မော့တူရှင်းက နှာခေါင်းရှုံ့လိုက်ပြီး သူနှင့် စကားဆက်မပြောချင်တော့ဟန် တူပေသည်။
ဝမ်ရိုက ခေါင်းညိတ်ကာ ပြောလိုက်၏။
"ကျွန်မ သိပါပြီ... ခဏနေရင် သတင်းပို့လိုက်ပါ့မယ်..."
"ဘာသတင်းပို့မလို့လဲ..."
လှေကားထိပ်မှ ဟွာကျင်နျန်း၏ အသံမှာ ရုတ်တရက် ထွက်ပေါ်လာပြီး သူသည် လက်မောင်းများကို ဆန့်တန်းလိုက်ရာ မနေ့ညက အိပ်စက်ခြင်းမှာ အလွန်ပင် သက်တောင့်သက်သာ ရှိခဲ့ပုံရ၏။
ချူချင်း၏ အကြည့်မှာ ထိုလူ့ထံသို့ ကျရောက်သွားပြီး ဤလူသည် ကောင်းကောင်းအနားယူထားသည်ကိုပင် မျက်နှာမှာ ပုံမှန်ထက် ပိုမိုညိုမည်းနေသကဲ့သို့ ခံစားလိုက်ရလေသည်။
ကြည့်ရသည်မှာ ပထမဆုံးတွေ့ဆုံစဉ်ကကဲ့သို့ ချောမောလှပခြင်း မရှိတော့ချေ။
သူသည် ယွီလုံသူခိုးအိုကြီး၏ လိုက်လံဖမ်းဆီးမှုကို ကြောက်ရွံ့နေသဖြင့် မိမိကိုယ်ကို ရုပ်ဆိုးအောင် ပြုလုပ်ကာ ထိုအဘိုးကြီး၏ စိတ်ကူးကို ဖြတ်တောက်ရန် ကြံစည်နေခြင်း ဖြစ်နိုင်ပေသည်။
သို့သော်လည်း သူတို့တစ်စု လမ်းခရီးတစ်လျှောက် လာခဲ့ကြရာတွင် ထိုအဘိုးကြီး၏ တပည့်များနှင့် ထပ်မံမတွေ့ဆုံခဲ့ရတော့ချေ။
"ဘာမှမဟုတ်ပါဘူး..."
ပျန်းချန်က ပြုံးကာ ပြောလိုက်၏။
“မင်းမျက်နှာကို ကြည့်ရတာ မနေ့ညက ကောင်းကောင်း အနားရခဲ့ပုံပဲနော်..."
"မင်းတို့ရဲ့ ကျေးဇူးကြောင့်ပါပဲ..."
ဟွာကျင်နျန်းက လက်သီးဆုပ်ကာ ဂါရဝပြုလိုက်၏။
"ငါ ကောင်းကောင်းမအိပ်ရတာ အရမ်းကြာပြီ... မင်းတို့ ဘာတွေပြောနေကြတာလဲ..."
သူသည် ထိုင်ချလိုက်ပြီး တူကိုင်စားသောက်လိုက်ရာ အားနာဟန်လည်း မရှိချေ။
"ဘာရယ်မဟုတ်ပါဘူး… ဒီတိုင်းစကားပြောနေကြတာပါ..."
ပျန်းချန်က ပေါ့ပေါ့ပါးပါးပင် လိမ်ညာလိုက်၏။ ဝမ်ရို၏ သရုပ်မှန်ကို ဟွာကျင်နျန်းအား မပြောပြရသေးချေ။ ဟွာကျင်နျန်းသည် ချူချင်းတို့အဖွဲ့၏ ပန်းတိုင်မှာ လော့ချန်အိမ်တော် ဖြစ်သည်ကို သိရှိသော်လည်း သူနှင့်အတူတူပင် ထျန်းကျီးအမိန့်တော်ပြားအတွက် သွားရောက်ခြင်း ဖြစ်သည်ဟု ထင်မှတ်နေပေသည်။
ယခုကဲ့သို့ ဖုံးကွယ်ထားခြင်းမှာ သံသယလွန်ကဲရာ ရောက်သော်လည်း ဤလောကရှိ လူအားလုံးမှာ လူကောင်းများ ဖြစ်လိမ့်မည်ဟု မမျှော်လင့်ဝံ့ချေ။
ဟွာကျင်နျန်းကလည်း အသေးစိတ် ထပ်မမေးတော့ဘဲ ပြောလိုက်လေသည်။
"မနေ့က တည်းခိုခန်းကို ရောက်ပြီးတော့ ငါအပြင်ထွက်ပြီး လျှောက်ကြည့်ခဲ့သေးတယ်... ပြီးတော့ ဒီတည်းခိုခန်းမှာလည်း သေရည်သောက်ခဲ့သေးတယ်..."
"လော့ချန်အိမ်တော်နဲ့ ပတ်သက်တဲ့ သတင်းတွေ အများကြီး ကြားခဲ့ရတယ်..."
"အခုဆိုရင် သိုင်းပညာရှင် အတော်များများက လော့ချန်အိမ်တော်ကို ရောက်နေကြပြီလို့ ကြားတယ်..."
"သူတို့က နည်းလမ်းအမျိုးမျိုးနဲ့ သွားကြတာ... တချို့က လာရောက်လည်ပတ်တာ... တချို့က အကူအညီတောင်းတာ... တချို့ကတော့ ဆက်ဆံရေးကောင်းအောင် လုပ်ဖို့ သွားကြတာပေါ့... သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ တစ်ခုတည်းပဲ..."
"ဒါပေမဲ့ အိမ်တော်သခင်ဝမ်က ဘယ်သူ့ကိုမှ အခွင့်အရေးမပေးဘူး... မင်းတို့ ဘယ်လောက်ကောင်းအောင် ပြောပြော ထျန်းကျီးအမိန့်တော်ပြားဆိုတဲ့ စကားလုံးကို လုံးဝမဟဘူး..."
"အဆုံးကြတော့ သူတို့ ဒေါသထွက်ပြီး တမင်တကာ ပြဿနာတွေရှာကြ၊ အိမ်တော်သခင်ဝမ်နဲ့ ယှဉ်ပြိုင်ဖို့ ကြိုးစားကြတယ်..."
"ရလဒ်ကတော့... အားလုံး အိမ်တော်အပြင်ကို အလွှင့်ခံလိုက်ရပြီး အရှက်တကွဲ ဖြစ်သွားကြတာပဲ..."
ပျန်းချန်၏ မျက်လုံးများမှာ လည်ပတ်သွား၏။
"မင်းလည်း ထျန်းကျီးအမိန့်တော်ပြားကို လိုချင်တယ်လို့ ပြောခဲ့တယ်မလား... မင်းသာဆိုရင် အိမ်တော်သခင်ဝမ်က ဒါကို ထုတ်ပေးလာအောင် ဘယ်လိုနည်းလမ်း သုံးမလဲ..."
"နည်းလမ်းလား..."
ဟွာကျင်နျန်းက ခေါင်းခါလိုက်၏။
"နည်းလမ်းမရှိပါဘူး... ပထမဆုံးအနေနဲ့ ထျန်းကျီးအမိန့်တော်ပြား တကယ်ရှိမရှိဆိုတာက ပြောရခက်သေးတယ်..."
"ဒီအရာ ရှိတယ်ဆိုရင်တောင် ဒါက အိမ်တော်သခင်ဝမ်ရဲ့ ပိုင်ဆိုင်မှုပဲ..."
"ငါ ဘယ်လိုနည်းလမ်းပဲ သုံးသုံး ဒါက လုယက်တာပဲ ဖြစ်လိမ့်မယ်... ပြီးတော့ ကျစ်ချန်ရှင်းလော့ကို ရင်ဆိုင်ဖို့ဆိုတာ ယုံကြည်ချက်ရှိဖို့ နေနေသာသာ စိတ်ကူးတောင် မယဉ်ရဲဘူး..."
"ဒါကြောင့် ငါကတော့ အဘိုးကြီးဆီကို တိုက်ရိုက်သွားတောင်းမှာ..."
"သူ မပေးရင် ငါ ပြန်လှည့်ထွက်ခဲ့ရုံပဲ..."
"ဒါပဲလား..."
ပျန်းချန်မှာ ဆွံ့အသွားရ၏။
ဟွာကျင်နျန်းက ခေါင်းကို ကုတ်လိုက်လေသည်။
"မဟုတ်ရင် ဘာလုပ်ရဦးမှာလဲ... ဒါပေမဲ့ ဒီကိစ္စက ဒီလောက်အထိ ကြီးကျယ်သွားပြီဆိုတော့ အိမ်တော်သခင်ဝမ်အနေနဲ့ တစ်ယောက်တည်း လွတ်မြောက်ဖို့ ခက်လိမ့်မယ်... ဒီကိစ္စက အဖြေတစ်ခု ရှိလာမှာ အသေအချာပဲ..."
"ဒါပေမဲ့ အဘိုးကြီးက ဘာလုပ်ဖို့ စီစဉ်ထားလဲဆိုတာကိုတော့ မသိရသေးဘူး..."
ဤသည်မှာ အမှန်တကယ်ပင် ပြဿနာတစ်ခု ဖြစ်ချေသည်။
ပျန်းချန်သည် မိမိကိုယ်ကို ပြန်လည်မေးမြန်းကြည့်လိုက်၏။ အကယ်၍ သူသာ ဝမ်ဖူစန်းဖြစ်နေပြီး လက်ထဲတွင် ထျန်းကျီးအမိန့်တော်ပြားဟူသော ပူလောင်သည့် အရာကို ကိုင်ဆောင်ထားရပါက အမှန်တကယ်ပင် အခက်တွေ့ရမည် ဖြစ်ပေသည်။