အခန်း ၁၄၈
Vol. 15 Ch. 148
အခန်း (၁၄၈) - သံမဏိသွေးဂိုဏ်း (၂)
၎င်းကို လွှဲပြောင်းပေးလိုက်ခြင်းမှာ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး ဘေးအန္တရာယ်မှ ဝေးဝေးနေနိုင်မည် ဖြစ်၏။
သို့သော်လည်း ပြဿနာမှာ သူသည် ၁၂၈ မိုင် လော့ချန်အိမ်တော်၏ အိမ်တော်သခင် ဖြစ်နေခြင်းပင်။
အကယ်၍ ဤကဲ့သို့ လွယ်လွယ်ကူကူ လွှဲပြောင်းပေးလိုက်ပါက သူတစ်ပါးအား ပျော့ညံ့သည်ဟု ထင်မြင်သွားစေမည် မဟုတ်ပါလော။
နောင်တွင် ဤ ၁၂၈ မိုင်နယ်မြေအတွင်း ငြိမ်းချမ်းမှုရှိတော့မည် မဟုတ်ချေ။
သို့သော်လည်း လွှဲမပေးပါက ကိစ္စရပ်များမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာပြီး လော့ချန်အိမ်တော် ပျက်စီးသွားခြင်း မရှိလျှင်ပင် အင်အားများစွာ ဆုံးရှုံးသွားရမည်မှာ အသေအချာပင်။
သူက ချူချင်းကို တစ်ချက်ကြည့်လိုက်၏။
"သခင်လေးသုံး... မင်းကော ဘယ်လိုထင်လဲ..."
ချူချင်းက ခေါင်းခါလိုက်လေသည်။
"ငါ့ဦးနှောက်က ရိုးရှင်းပါတယ်... ဒီလောက် ရှုပ်ထွေးတဲ့ ကိစ္စတွေကို မစဉ်းစားတတ်ဘူး..."
ပျန်းချန်က နှုတ်ခမ်းကိုတွန့်လိုက်ပြီး စိတ်ထဲမှ ရေရွတ်လိုက်၏။
'မင်းကို ယုံရင် ငါက အရူးပဲ...'
ဟွာကျင်နျန်းက ဆက်လက်ပြောကြားလိုက်လေသည်။
"ပြီးတော့ ငါ နောက်ထပ် သတင်းတစ်ခု ကြားသေးတယ်... လော့ချန်အိမ်တော်ရဲ့ သမီးကြီး... အိမ်တော်သခင်ဝမ်ရဲ့ ရတနာလေးက အခု အပြင်မှာ လေလွင့်နေတယ်တဲ့..."
"တချို့လူတွေက သူမရဲ့ လမ်းကြောင်းကို သိထားပြီးပြီ... သူမကို ဖမ်းဆီးပြီး အမိန့်တော်ပြားနဲ့ လဲလှယ်ဖို့ ကြံစည်နေကြတယ်..."
"နှမြောစရာကောင်းတာက ဒီကိစ္စနဲ့ ပတ်သက်ပြီး တည်းခိုခန်းထဲမှာ အများကြီး မကြားလိုက်ရဘူး... အဲဒီသမီးက အခု ဘယ်မှာရောက်နေလဲဆိုတာ ဘယ်သူမှ မသိကြဘူး..."
"မင်းသာ သူမ ဘယ်မှာရှိလဲဆိုတာ သိရင် မင်းကော သူမကို ဖမ်းမလို့လား..."
ပျန်းချန်က မေးလိုက်၏။
"ဒါတော့ မဟုတ်ပါဘူး..."
ဟွာကျင်နျန်းက ထပ်မံ၍ ခေါင်းခါလိုက်လေသည်။
"သူမကို ဖမ်းတာက အကြံကောင်း မဟုတ်ဘူး... ဒါပေမဲ့... အကျိုးအမြတ် ပြန်တောင်းလို့ရတယ်လေ..."
"ငါသာ သူမ ဘယ်မှာရှိလဲဆိုတာ သိရင် အဲဒီလူတွေ သူမကို တိုက်ခိုက်ဖို့ ကြိုးစားတဲ့အချိန်ကျမှ ရုတ်တရက်ပေါ်လာပြီး ကူညီခုခံပေးပြီး ဘေးအန္တရာယ်ကနေ ကယ်တင်လိုက်မယ်..."
"ဝိုင်းထားတာကနေ လွတ်မြောက်ပြီး သူမကို လော့ချန်အိမ်တော်ဆီ ပြန်ပို့ပေးလိုက်ရင် အိမ်တော်သခင်ဝမ်က ငါ့ရဲ့ ငယ်ရွယ်ပြီး စွမ်းဆောင်ရည်ရှိတာကို ကြည့်ပြီး ထျန်းကျီးအမိန့်တော်ပြားကို လက်ဆောင်ပေးကောင်းပေးလိမ့်မယ်... ဒါက အသက်ကယ်ကျေးဇူးကို ဆပ်တာပဲလေ..."
"မင်းကတော့... အိမ်တော်သခင်ဝမ်က မင်းကို တကယ်ပဲ လူငယ်ပညာရှင်တစ်ယောက်လို့ သဘောကျပြီး သူ့သမီးနဲ့ပါ ပေးစားလိမ့်မယ်လို့ တွေးနေတာတော့ မဟုတ်ပါဘူးနော်..."
ပျန်းချန်က နှုတ်ခမ်းမဲ့လိုက်၏။
"အဟွတ်... အဟွတ်... အဟွတ်..."
ဟွာကျင်နျန်းမှာ ဆန်ပြုတ်သောက်နေစဉ် ဤစကားကို ကြားလိုက်ရသဖြင့် လန့်သွားကာ ချောင်းဆိုးသွားပြီးနောက် အလျင်အမြန်ပင် လက်ကာပြလိုက်လေသည်။
"ဒီလို စိတ်ကူးမျိုးမယဉ်ရဲပါဘူး... ငါ့စိတ်က ဇာတ်လမ်းတွေထဲမှာပဲ ရှိတာ... အိမ်ထောင်မပြုနိုင်ပါဘူး..."
ပျန်းချန်သည် ဤစကားများမှာ အမှန်တရားလော သို့မဟုတ် အလိမ်အညာလောဟူသည်ကို မသိသော်လည်း ဟွာကျင်နျန်း၏ စကားများကြောင့် အတွေးသစ်များစွာ ရရှိသွားခဲ့၏။
ဝမ်ရို၏ လမ်းကြောင်းကို အချို့လူများက သိရှိနေကြပြီဖြစ်ရာ အကယ်၍ အိမ်တော်သခင်ဝမ်သည် ဤပူလောင်လှသော အရာကို အမှန်တကယ်ပင် လွှဲပြောင်းပေးလိုပါက...
တစ်စုံတစ်ဦးအား ဝမ်ရိုအဖြစ် ဟန်ဆောင်စေပြီးနောက် တမင်တကာ အဖမ်းခံစေကာ အိမ်တော်သခင်ဝမ်အား ထျန်းကျီးအမိန့်တော်ပြားနှင့် လဲလှယ်ခိုင်းခြင်းမှာ အလွန်ကောင်းမွန်သော လှည့်ကွက်တစ်ခု ဖြစ်ပေလိမ့်မည်။
ဤကိစ္စကို ကြီးကျယ်အောင် ပြုလုပ်နိုင်ပါက အလွန်ကောင်းမွန်သော လွတ်မြောက်ခြင်း နည်းလမ်းတစ်ခု ဖြစ်ပေလိမ့်မည်။
ဤပူလောင်လှသော အရာသည် အခြားသူများ၏ လက်ထဲသို့ ရောက်ရှိသွားပါက မည်သည့်အရာ ဖြစ်ပျက်ပါစေ လော့ချန်အိမ်တော်နှင့် သက်ဆိုင်တော့မည် မဟုတ်သကဲ့သို့ ဝမ်ရိုအပေါ်တွင်လည်း သက်ရောက်မှုရှိတော့မည် မဟုတ်ချေ။
စိတ်ထဲတွင် ဤသို့တွေးတောနေစဉ် လမ်းမပေါ်မှ ခြေသံအများအပြား ထွက်ပေါ်လာသည်ကို ကြားလိုက်ရလေသည်။
ဟွာကျင်နျန်းသည် ပန်းကန်ကိုကိုင်ကာ အပြင်သို့ ခေါင်းပြူကြည့်လိုက်ပြီး လမ်းမပေါ်တွင် ဘယ်လိုလူများ ရောက်ရှိလာသဖြင့် ဤမျှအထိ ဆူညံနေရသနည်းဟု ကြည့်ရှုလိုက်၏။
ရလဒ်အနေဖြင့် လူတစ်စုမှာ ဤတည်းခိုခန်းသို့ တိုက်ရိုက်ဝင်ရောက်လာကြလေသည်။
လူစုမှာ ကွဲထွက်သွားပြီး တည်းခိုခန်း၏ ပထမထပ်တစ်ခုလုံးကို ချက်ချင်းပင် ဝိုင်းရံပိတ်ဆို့လိုက်ကြ၏။
ချူချင်းတို့တစ်စုမှာ စားသောက်ခြင်းကို ရပ်တန့်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ကြရာ ဤလူများမှာ ပြဿနာရှာရန် ရောက်ရှိလာခြင်း ဖြစ်သည်ကို သိရှိလိုက်ကြလေသည်။
ဟွာကျင်နျန်းမှာမူ အခြေအနေကို နားမလည်နိုင်ဘဲ မေးလိုက်၏။
"မင်းတို့ကို လာရှာတာလား..."
"မင်းကို လာရှာတာရော မဖြစ်နိုင်ဘူးလား..."
ပျန်းချန်က ပြန်မေးလိုက်၏။
"ငါက လမ်းခရီးမှာ ယွီလုံသူခိုးကြီး တစ်ယောက်တည်းကိုပဲ ရန်စခဲ့တာ... ဒီလူတွေက သိသာလွန်းပါတယ်..."
ဟွာကျင်နျန်းက ချောင်းတစ်ချက်ဆိုးလိုက်၏။
"ခဏနေရင် ဘာလုပ်ကြမလဲ... တိုက်မလား ဒါမှမဟုတ် ထွက်ပြေးမလား..."
ပျန်းချန်က ချူချင်းကို ကြည့်လိုက်ရာ ချူချင်းက ဟင်းတစ်လုပ်ကို ညှပ်ယူလိုက်ရင်း ပြောလိုက်လေသည်။
"သူတို့ ဝင်လာပြီးတာနဲ့ ချက်ချင်း မလှုပ်ရှားသေးဘူးဆိုတော့ စကားပြောဖို့ အခွင့်အရေး ရှိသေးတယ်... ဘယ်သူတွေ ရောက်လာတာလဲဆိုတာ အရင်ကြည့်ကြတာပေါ့..."
စကားပြော၍ မပြီးသေးမီမှာပင် လေတိုးသံနှင့်အတူ အရာဝတ္ထုတစ်ခုမှာ တံခါးပြင်ပမှ ပျံသန်းဝင်ရောက်လာပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတို့၏ ရှေ့မှောက်သို့ ရောက်ရှိလာတော့၏။
ချူချင်းသည် မျက်မှောင်ကြုတ်လိုက်ပြီး လက်ကိုမြှောက်ကာ မင်ယွိကျင့်စဉ်၏ အတွင်းအားကို ထုတ်လွှတ်လိုက်ရာ ထိုအရာမှာ လေပေါ်သို့ ပျံတက်သွားပြီး အကြိမ်အနည်းငယ် လည်ပတ်သွားပြီးနောက်မှ အောက်သို့ ကျဆင်းလာခဲ့လေသည်။
၎င်းကို ချူချင်းက လက်တစ်ဖက်တည်းဖြင့် ဖမ်းယူလိုက်၏။
ဤသည်မှာ အလံတပ်လှံတစ်စင်း ဖြစ်ပေသည်။
ထိုအချိန်တွင် အလံမှာ ပွင့်ဟသွားပြီး ၎င်းပေါ်တွင် ထင်ရှားပြတ်သားသော စာလုံးကြီး သုံးလုံးကို ရေးသားထား၏။ ၎င်းမှာ 'သံမဏိသွေးဂိုဏ်း' ဟူ၍ပင်။
ဤစာလုံးသုံးလုံးကို မြင်လိုက်ရသောအခါ ရှိနေကြသူအားလုံး၏ မျက်နှာများမှာ ပျက်ယွင်းသွားကြတော့၏။
နန်လင်ဒေသတွင် 'ဂိုဏ်းနှစ်ခု၊ ခန်းမသုံးခု၊ တံခါးငါးခုနှင့် အိမ်တော်တစ်ခု' ဟူသော စကားစု ရှိပြီး ၎င်းမှာ အင်အားအကြီးဆုံး အဖွဲ့အစည်းများကို ဖော်ပြခြင်း ဖြစ်ပေသည်။
ဤပြောဆိုချက်မှာ လူတိုင်းလက်ခံထားခြင်း မရှိသော်လည်း ပျံ့နှံ့နေသောစကား ဖြစ်၏။
ထိုအထဲမှ အိမ်တော်တစ်ခုမှာ လော့ချန်အိမ်တော်ကို ရည်ညွှန်းပြီး သံမဏိသွေးဂိုဏ်းမှာ ခန်းမသုံးခုထဲမှ တစ်ခုဖြစ်ပေသည်။
သံမဏိသွေးဂိုဏ်း၏ ဂိုဏ်းချုပ် ထျဲ့လင်ယွန်းသည် သိုင်းပညာအကောင်းဆုံး မဟုတ်သော်လည်း သူ၏အင်အားမှာ ခန်းမသုံးခုထဲတွင် အကြီးမားဆုံးဖြစ်၏။
သံမဏိသွေးဂိုဏ်းသည် လော့ချန်အိမ်တော်နှင့် ကပ်လျက် တည်ရှိရုံသာမက လော့ချန်အိမ်တော်ကို လုံးဝ ဝန်းရံထားပြီး ကျယ်ဝန်းလှသောနယ်မြေကို ပိုင်ဆိုင်ထားလေသည်။
အကယ်၍ လော့ချန်အိမ်တော်တွင် '၁၂၈ မိုင်'ဟူသော ကန့်သတ်ချက်မရှိပါက သံမဏိသွေးဂိုဏ်းသည် လွယ်လွယ်ကူကူ ကျော်ဖြတ်နိုင်မည် မဟုတ်သော်လည်း သူတို့သည် ရှေးယခင်ကတည်းကပင် နတ်ဓားဂိုဏ်းကို ချိန်ရွယ်ကာ ထျန်းဝူမြို့ အပါအဝင် အင်အားစုများကို သိမ်းပိုက်ထားပြီး ဖြစ်ပေလိမ့်မည်။
သို့သော်လည်း ယခုအခါ လော့ချန်အိမ်တော်၏ နယ်မြေအတွင်း သံမဏိသွေးဂိုဏ်း၏ လူများကို တွေ့မြင်ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြချေ။
မေးနေစရာပင် မလိုတော့ဘဲ ဤသည်မှာ ထျန်းကျီးအမိန့်တော်ပြားကြောင့် ဖြစ်ပေါ်လာသော ဘေးအန္တရာယ်ဖြစ်ပေသည်။
ဤသို့ တွေးတောနေစဉ် အသံတစ်ခု ထွက်ပေါ်လာခဲ့၏။
"တူမလေး... တူမလေး ဘယ်မှာလဲ..."
"မင်းရဲ့ ဦးလေးချန် လာကြိုပြီ..."
ဤအသံမှာ ကြမ်းတမ်းလှသဖြင့် လူတိုင်း လှည့်ကြည့်လိုက်ကြရာ အနက်ရောင်ဝတ်အမျိုးသားတစ်ဦးမှာ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်လာသည်ကို တွေ့လိုက်ရလေသည်။
သူသည် အရပ်အလွန် မြင့်မားပြီး မျက်ခုံးမွှေးများမှာ တံမြက်စည်းကဲ့သို့ ထူထဲကာ မျက်လုံးများမှာ ကြေးခေါင်းလောင်းကဲ့သို့ ကြီးမားပြီး ခြင်္သေ့နှာခေါင်းနှင့် ပါးစပ်ကျယ်ကြီး ရှိကာ အသံမှာလည်း အလွန်ကျယ်လောင်လှပေသည်။
သူ၏ လှုပ်ရှားမှုများမှာ ကျားကဲ့သို့ ရဲရင့်ပြီး လူမရောက်မီ သူ၏ ဖိအားမှာ ဦးစွာရောက်ရှိလာခဲ့လေသည်။
ပတ်ဝန်းကျင်ရှိ လူများအားလုံးမှာလည်း လှည့်ကြည့်လိုက်ကြရ၏။
သူ၏ နောက်ကွယ်တွင် လူနှစ်ဦးလိုက်ပါလာပြီး တစ်ဦးမှာ ဓားသမားဖြစ်ကာ အခြားတစ်ဦးမှာ ပုဆိန်လှံကိုင်ဆောင်ထားသူ ဖြစ်ပေသည်။
ဓားသမားမှာ တည်ငြိမ်ပြီး သူ၏စွမ်းအားများကို ဖုံးကွယ်ထားရာ ဓားအိမ်အတွင်း ဝှက်ကွယ်ထားသော ရတနာဓားတစ်စင်းကဲ့သို့ပင်။
ပုဆိန်လှံကိုင်ဆောင်ထားသူမှာမူ ထင်ရှားလှပြီး သူ၏ ခြေလှမ်းတိုင်းမှာ လှံကို ထုတ်ယူလိုက်သကဲ့သို့ ရှိကာ ခြေလှမ်းတိုင်းတွင် အရှိန်အဝါများ ပြည့်နှက်နေပြီး ပုဆိန်လှံတစ်စင်းကဲ့သို့ အရပ်မျက်နှာအားလုံးကို ချိန်ရွယ်နေသကဲ့သို့ ရှိချေသည်။
ရှေ့ဆုံးမှ အမျိုးသားတင်မက ဤနှစ်ဦးမှာ သာမန်လူများ မဟုတ်ကြချေ။
စကားပြောရင်းဖြင့် သုံးဦးသားမှာ တည်းခိုခန်းအတွင်းသို့ ဝင်ရောက်လာကြပြီး ခေါင်းဆောင်ဖြစ်သူမှာ ဝမ်ရိုကို မြင်လိုက်ရသဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။
"တူမလေး... မင်း ဒီမှာရှိနေတယ်လို့ ကြားလို့ ဦးလေးချန် အမြန်ပြေးလာခဲ့တာ... တကယ်ပဲ တွေ့လိုက်ရပြီ..."
"မင်း မသိသေးဘူးမလား... အခု မင်းအဖေရဲ့ နယ်မြေထဲမှာ သူခိုးတွေ ဓားပြတွေ အများကြီး ရှိနေပြီး မင်းအပေါ် မကောင်းတဲ့ စိတ်ကူးတွေ ရှိနေကြတယ်..."
"မင်းရဲ့ အသုံးမကျတဲ့ အဖေကလည်း ကိုယ့်ကိုယ်ကိုတောင် မကာကွယ်နိုင်ဘူး... ဦးလေးချန်က မင်း အန္တရာယ်ရှိနေတယ်လို့ ကြားတာနဲ့ လူတွေကို ခေါ်ပြီး ချက်ချင်း လာခဲ့တာ..."
"သွားကြစို့... ဦးလေးချန် မင်းကို အိမ်ပြန်ပို့ပေးမယ်... လမ်းခရီးတစ်လျှောက်လုံး ဘေးကင်းစေရမယ်..."
သူသည် စကားပြောရင်းဖြင့် ဝမ်ရို၏ တုံ့ပြန်မှုကို ဂရုမစိုက်ဘဲ သူမ၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်ရန် လက်လှမ်းလိုက်လေသည်။
ပျန်းချန်သည် ဝမ်ရို၏ဘေးတွင် ထိုင်နေသဖြင့် ဤသည်ကို မြင်သောအခါ မတ်တတ်ရပ်ကာ ပြုံးပြီး ပြောလိုက်၏။
"စီနီယာချန်... အားနာစရာကြီးဗျာ... ကျွန်တော့်ရဲ့ ဂိုဏ်းတူညီမလေးကို ကျွန်တော်ကိုယ်တိုင် ကာကွယ်ပေးနိုင်ပါတယ်... စီနီယာချန် ကူညီပေးဖို့ မလိုပါဘူး..."
သူသည် စကားပြောရင်းဖြင့် ထိုလူ၏ လက်ကို တားဆီးရန် လက်လှမ်းလိုက်၏။
ထိုအမျိုးသား၏ မျက်နှာမှာ ပြောင်းလဲခြင်း မရှိဘဲ လက်ကို ပြန်လှည့်ကာ ပျန်းချန်၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်ရာ ပျန်းချန်သည် သူ၏ လှုပ်ရှားမှုကို ပြောင်းလဲကာ တားဆီးခြင်းမှ ခုတ်ပိုင်းခြင်းသို့ ပြောင်းလဲလိုက်လေသည်။
"ဟင်..."
ထိုအမျိုးသားသည် မျက်လုံးများကို အနည်းငယ်မှိတ်လိုက်ပြီး လက်သီးတစ်ချက် ထိုးထုတ်လိုက်၏။
ပျန်းချန်သည်လည်း လက်ဝါးတစ်ချက် ပြန်လည်ရိုက်ထုတ်လိုက်လေသည်။
ပြင်းထန်သော အသံနှင့်အတူ ထိုအမျိုးသား၏ ခန္ဓာကိုယ်မှာ တုန်လှုပ်ခြင်း မရှိသော်လည်း ပျန်းချန်မှာမူ ထိုင်ခုံပေါ်သို့ ပြန်လည်ကျဆင်းသွားရ၏။
"ထိုက်ရိနတ်လက်သီးကို ကောင်းကောင်းကျင့်ကြံထားတာပဲ... မင်း ဒီအရွယ်နဲ့ ဒီအဆင့်အထိ ရောက်အောင် ကျင့်ကြံနိုင်တာက တကယ်ကို ရှားပါးတယ်..."
ထိုအမျိုးသားက ကျယ်လောင်စွာ ရယ်မောလိုက်၏။
"ချွေ့ဗြောက်အိုးကတော့ ကံကောင်းတာပဲ... မင်းလို တပည့်တစ်ယောက် ရှိနေတော့ သူ့ရဲ့ ပညာရပ်တွေ ပျောက်ကွယ်သွားမှာကို စိုးရိမ်စရာ မလိုတော့ဘူး..."
"ကဲ... အခုအချိန်မှာ လူဆိုးတွေ အရမ်းများနေတယ်... မင်းရဲ့ စွမ်းရည်နဲ့ မင်းကိုယ်မင်း ကာကွယ်ဖို့က ပြဿနာမရှိပေမဲ့ ငါ့ရဲ့ တူမလေးကို ကာကွယ်ဖို့ဆိုရင်တော့ မင်းရဲ့ စွမ်းရည်က မလုံလောက်သေးဘူး..."
ဟွာကျင်နျန်းသည် အစောပိုင်းက 'တူမလေး'ဟူသော စကားလုံးကို ကြားလိုက်ရကတည်းက အနည်းငယ် ကြောင်အသွားခဲ့ရ၏။
ဤနေရာသို့ ရောက်သောအခါ သူသည် လုံးဝဆွံ့အသွားရတော့သည်။
သူသည် ဝမ်ရိုကိုကြည့်လိုက်ပြီးနောက် ချူချင်းတို့တစ်စုကို ကြည့်လိုက်ရာ ထိုအခါမှသာ အခြေအနေအားလုံးကို နားလည်သွားတော့၏။
သူတို့ အချိန်အတော်ကြာ ဆွေးနွေးနေခဲ့ကြသော လော့ချန်အိမ်တော်၏ သမီးကြီးမှာ သူ၏ ရှေ့မှောက်တွင်ပင်ရှိနေခြင်း ဖြစ်ပေသည်။
သို့ဆိုလျှင် သူ၏အစီအစဉ်များကို သူမက အားလုံးသိရှိသွားပြီ ဖြစ်ပေသည်။