← Chapters

အခန်း ၁၅၀

Vol. 15 Ch. 150

အခန်း ၁၅၀

Vol. 15 Ch. 150

အခန်း (၁၅၀) - ဓားတစ်စင်းနှင့် ပုဆိန်လှံတစ်လက် (၂)

ချူချင်းသည် နယ်မြေတစ်ခု၏ အရှင်သခင်ကြီး မဟုတ်သော်ငြား ထိုသို့ပြောဆိုခြင်းမှာလည်း မှားယွင်းသည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ကျန်းရှန်တောက်ပင်လျှင် သူ၏ လက်ဝါးအောက်တွင် အသက်ပျောက်ခဲ့ရပြီး ကောင်းကင်မိစ္ဆာဂိုဏ်းမှ ကျွမ်းကျင်ပညာရှင်များလည်း သူ၏ ပျံလွှားဓားမြှောင်အောက်တွင် သေဆုံးခဲ့ရသောကြောင့် ဖြစ်ပေသည်။

ထိုကဲ့သို့သော ကျွမ်းကျင်ပညာရှင်တစ်ဦးအတွက် နယ်မြေတစ်ခုကို စိုးမိုးရန်မှာ မခက်ခဲလှပေ။

သို့သော် ယခုအချိန်တွင် သူသည် ဟွာကျင်နျန်းကို အသေးစိတ်ရှင်းပြရန် စိတ်မဝင်စားတော့ဘဲ ချူချင်းက လမ်းမကျယ်ကြီးပေါ်တွင် ရပ်တန့်ကာ လက်ထဲတွင် ဓားတစ်စင်းကို ကိုင်ဆောင်ထားသည်ကိုသာ စောင့်ကြည့်နေလိုက်၏။

ချူချင်း၏ မျက်လုံးများက ထိုဓားသမားနှင့် လှံသမား နှစ်ဦး၏ ခန္ဓာကိုယ်ပေါ်သို့ ဖြတ်သန်းသွား၏။

"ခင်များတို့နှစ်ယောက်ထဲက ဘယ်သူ အရင်တိုက်မလဲ..."

ဓားသမားနှင့်လှံသမား နှစ်ဦးလုံးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရာ ဓားကို အသုံးပြုသောသူမှာ မျက်ခုံးများတွဲကျနေပြီး စိတ်ဓာတ်ကျဆင်းနေသကဲ့သို့ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

ပုဆိန်လှံကို အသုံးပြုသောသူကမူ ရှေ့သို့တစ်လှမ်းတိုးလိုက်သည်။

"ကောင်လေး... မင်းက ကောင်းကင်နဲ့ မြေကြီးရဲ့ အနက်အရှိုင်းကို မသိဘဲ... ပုရွက်ဆိတ်က ဆင်ကိုတားဖို့ ကြိုးစားနေတာပဲ..."

"ဒါပေမဲ့ ကောင်းကင်ပြင်ပမှာ နောက်ထပ်ကောင်းကင်တွေ ရှိသေးတယ်... လူတွေရဲ့အထက်မှာလည်း လူတွေ ရှိသေးတယ်ဆိုတာ မင်းမသိဘူး..."

"ငါ့မှာ ပုဆိန်လှံတစ်လက် ရှိတယ်..."

သူ၏ စကားသံဆုံးသွားသည်နှင့် ရုတ်တရက် သူ၏ မျက်စိရှေ့တွင် ရိပ်ခနဲဖြစ်သွားပြီး အခြေအနေ မကောင်းကြောင်း သတိပြုမိလိုက်သည့် တစ်ခဏချင်းမှာပင် ထက်မြက်သော ဓားသွားမှာ ဓားအိမ်ထဲမှ ထွက်ပေါ်လာခဲ့ပြီ ဖြစ်၏။

ချွမ်ဟူသော အသံနှင့်အတူ ဓားနှင့် ပုဆိန်လှံတို့မှာ တစ်ခဏချင်းအတွင်း ထိတွေ့မိသွားကြလေသည်။

ထိုထက်မြက်လှသော ပုဆိန်လှံစွမ်းအားမှာ အရှိန်မရသေးမီမှာပင် ဤဓားချက်၏ ခုတ်ပိုင်းမှုကြောင့် နောက်သို့ အကြိမ်ကြိမ် ဆုတ်ခွာသွားရ၏။

"စကားတွေ အရမ်းများတာပဲ..."

ချူချင်းက ရှေ့သို့လှမ်းတက်လိုက်ပြီး လက်ထဲမှဓားကို ဝှေ့ယမ်းလိုက်ရာ ထုတ်ဖော်လိုက်သည်မှာ ရွှေငန်းဓားသိုင်းပင် ဖြစ်ချေသည်။

ဓားအရှိန်အဝါမှာ လှိုင်းလုံးကြီးများကဲ့သို့ တစ်ခုပြီးတစ်ခု ထပ်ဆင့်ကာ မြစ်ကြီးတစ်စင်းကဲ့သို့ တဟုန်ထိုး စီးဆင်းလာခဲ့၏။

မျက်နှာချင်းဆိုင်မှ ပုဆိန်လှံသမားမှာ အလွန်အမင်း အကျပ်ရိုက်သွားရ၏။ သူ၏ ပုဆိန်လှံအသိစိတ်မှာ မပြန့်လွင့်သေးမီမှာပင် တစ်ဖက်လူက စတင်တိုက်ခိုက်ခဲ့ပြီး ယခုအခါ တစ်ချက်တည်းဖြင့် အသာစီးရရှိသွားကာ အခွင့်အရေးကို လက်လွှတ်မခံဘဲ ဆက်တိုက်ဖိနှိပ်လာခဲ့ချေသည်။

ဓားချက်များမှာ အရပ်မျက်နှာ အသီးသီးမှ ကျရောက်လာပြီး တိုက်ကွက်များမှာ တစ်ခါတစ်ရံ သိမ်မွေ့ကာ တစ်ခါတစ်ရံ ဆန်းကြယ်လှ၏။

ပထမဆုံး ဓားချက်သုံးချက်တွင် သူသည် ရှုံးနိမ့်မှုကို အောင်ပွဲအဖြစ် ပြောင်းလဲရန် တိုက်ကွက်ကို မည်သို့ပြောင်းလဲရမည်ကို စဉ်းစားနေဆဲ ဖြစ်၏။

သို့သော် သုံးချက်ပြီးနောက်တွင် သူသည် ခုခံရန်သာ တတ်နိုင်တော့ပြီး ပြန်လည်တိုက်ခိုက်ရန် အင်အားမရှိတော့ချေ။

ထို့ထက် ပိုဆိုးသည်မှာ တစ်ဖက်လူ၏ ဓားချက်တစ်ချက်ချင်းစီနှင့်အတူ အေးစိမ့်သော အငွေ့အသက်များမှာ သူ၏ သွေးကြောများထဲသို့ တဖြည်းဖြည်း ချဉ်းနင်းဝင်ရောက်လာခြင်း ဖြစ်ပေသည်။

တိုက်ပွဲ ကြာလာသည်နှင့်အမျှ သူ၏ ခန္ဓာကိုယ်မှာ ပိုမိုတောင့်တင်းလာပြီး ပုဆိန်လှံကို မြှောက်ရသည့် အရှိန်မှာလည်း ပုံမှန်ထက် များစွာနှေးကွေးသွားသကဲ့သို့ ခံစားလိုက်ရ၏။

ဤအချိန်သို့ ရောက်သောအခါ ချူချင်းမှာ အမှန်တကယ်ပင် အနိုင်ရရှိသွားခဲ့ပြီ ဖြစ်၏။

သို့သော် သူသည် ရန်သူ၏ အသက်အန္တရာယ်ရှိသော နေရာများကိုလည်း မတိုက်ခိုက်ဘဲ ထိုလူ၏ လက်ထဲမှပုဆိန်လှံကိုသာ အဓိက ဦးတည်တိုက်ခိုက်နေခဲ့၏။

တစ်ခဏချင်းအတွင်း ဓား၊လှံခတ်သံများမှာ အဆက်မပြတ် ထွက်ပေါ်လာပြီး နောက်ဆုံးတွင် ထိုသူသည် လက်ထဲမှပုဆိန်လှံကို ဆက်လက်မဆုပ်ကိုင်နိုင်တော့ဘဲ ချူချင်း၏ ဓားချက်ကြောင့် လွင့်ထွက်သွားရကာ သူကိုယ်တိုင်လည်း ထိုအရှိန်ကြောင့် နောက်သို့ လွင့်စဉ်သွားရလေသည်။

သူ၏ ခန္ဓာကိုယ်မှာ နောက်သို့ ပေပေါင်းများစွာ လျှောကျသွားပြီးနောက်မှသာ မနည်းပြန်လည်ရပ်တန့်နိုင်ခဲ့၏။

ချူချင်းက မေးမြန်းလိုက်သည်ကို ကြားလိုက်ရ၏။

"ခင်များမှာ နောက်ထပ်ပုဆိန်လှံတစ်လက် ကျန်သေးရဲ့လား..."

ထိုပုဆိန်လှံသမား၏ မျက်နှာမှာ ဖြူဖျော့သွားပြီးနောက် သက်ပြင်းတစ်ချက်ကို အသာအယာချလိုက်၏။

"ငါ ရှုံးသွားပါပြီ..."

ဤအခိုက်အတန့်တွင် သူ၏ ဦးနှောက်ထဲ၌ အတွေးပေါင်းများစွာ ဖြတ်သန်းသွားခဲ့၏။

ချူချင်းကို အလစ်တိုက်ခိုက်သည်ဟု စွပ်စွဲလိုပြီး မိမိ၏ စစ်မှန်သော စွမ်းရည်ကို မထုတ်ဖော်ရသေးဟု ပြောဆိုလိုသော်လည်း...

သို့သော် ထိုစကားလုံးများမှာ သူ၏ ဦးနှောက်ထဲတွင် တစ်ပတ်လည်သွားပြီးနောက် အားလုံးကို ပြန်လည်မျိုသိပ်လိုက်ရ၏။

မည်သို့ပင်ဖြစ်စေ ထိုကောင်လေးက အနိုင်ရသွားပြီဖြစ်သည်။

မိမိသည် လက်ထဲတွင် ပုဆိန်လှံရှိနေပါလျက်နှင့် တစ်ဖက်လူ၏ အလစ်တိုက်ခိုက်မှုကို မခုခံနိုင်ခဲ့ရာ မည်သို့ အကြောင်းပြပြောဆိုနိုင်ပါဦးမည်နည်း။

မိမိသည် တစ်ဖက်လူ၏ ဤကဲ့သို့သော တိုက်ခိုက်မှုအောက်တွင် မိမိ၏ အစွမ်းကုန် စွမ်းရည်ကိုပင် မထုတ်ဖော်နိုင်ခဲ့ရာ ၎င်းမှာ မိမိ၏ သိုင်းပညာ မပြည့်စုံသေးခြင်းကြောင့်သာ မဟုတ်ပါလော။

ဤသို့စဉ်းစားလိုက်ပြီးနောက် သူသည် ရုတ်တရက် စိတ်သက်သာရာရသွားခဲ့၏။

ထို့နောက် သူက လှည့်ပတ်ကာ ချန်ထျယ်ရှန်းကို ဦးညွှတ်လိုက်၏။

"ဒုတိယခန်းမသခင်... ထျယ်ရွှဲ့ခန်းမဆောင်ကို ပြန်ရောက်တဲ့အခါ ကျွန်တော်ကိုယ်တိုင် ပြစ်ဒဏ်ခံယူပါ့မယ်..."

"တစ်ခုခု ရလိုက်ရဲ့လား..."

ချန်ထျယ်ရှန်းသည် မည်သူ ယူဆောင်လာပေးသည်မသိသော ကုလားထိုင်ကြီးပေါ်တွင် ထိုင်နေပြီး လက်ဖဝါးကြီးထဲတွင် ရေနွေးကြမ်းခွက်တစ်ခုကို ကိုင်ဆောင်ထား၏။ မူလက မသေးငယ်လှသော ရေနွေးကြမ်းခွက်မှာ သူ၏ လက်ဖဝါးကြီးနှင့် ယှဉ်လိုက်သောအခါ အလွန်ပင် သေးငယ်သွားသကဲ့သို့ ထင်ရပေသည်။

"ရပါတယ်..."

ထိုပုဆိန်လှံသမားက ပွင့်လင်းစွာ ပြောလိုက်၏။

"ဒါဆိုရင် ရှုံးနိမ့်ရတာလည်း တန်ပါတယ်..."

ချန်ထျယ်ရှန်းက ခေါင်းမော့ကာ ချူချင်းကို ကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် မည်သည့် လှုပ်ရှားမှုမျှ မရှိတော့ချေ။

ထို့ကြောင့် ယခုအချိန်တွင် သူ၏ စိတ်ထဲ၌ မည်သည့်အကြောင်း စဉ်းစားနေသည်ကို မည်သူမျှ ခန့်မှန်းနိုင်ခြင်း မရှိကြပေ။

"ကောင်းမွန်တဲ့ ဓားသိုင်းပဲ..."

ချန်ထျယ်ရှန်း၏ နောက်ကွယ်မှ ဓားသမားသည် ယခုအခါ ရှေ့သို့တစ်လှမ်းတိုးလိုက်ပြီး လျှောက်လှမ်းရင်း ပြောလိုက်၏။

"တိုက်ကွက်တွေက သိမ်မွေ့ပြီး ဆန်းကြယ်တယ်... လမ်းစဉ်တစ်ခုတည်း မဟုတ်ဘဲ နှစ်ခုကို ပေါင်းစပ်ထားပုံရတယ်... အရေးကြီးဆုံးကတော့ ဓားသိုင်းထဲမှာ ထင်ရှားတဲ့ ဟာကွက်မရှိဘဲ အချိတ်အဆက်က အရမ်းပြည့်စုံနေတာပဲ..."

သူသည် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း သူ၏ ခန္ဓာကိုယ်ပေါ်မှ ဓားအသိစိတ်မှာ ပိုမိုပြင်းထန်လာခဲ့၏။

သူသည် လျှောက်လာရင်း ပြောဆိုနေပြီး တစ်ကိုယ်လုံးတွင် ဓားအသိစိတ်များ ဖုံးလွှမ်းနေခဲ့ရာ ထိုဓားအသိစိတ်၏ နယ်ပယ်ထဲသို့ ခြေချမိသည်နှင့် သူ၏ သေစေနိုင်သော ဓားချက်ကို ခံရတော့မည့်ကဲ့သို့ ဖြစ်နေလေသည်။

"မင်းမှာလည်း ဓားတစ်စင်း ရှိတာလား..."

ချူချင်းက ဓားသွားကို မြေပြင်သို့ စောင်းငဲ့ညွှန်ပြလိုက်၏။ မိမိ၏ ဓားသိုင်းထဲမှ အချိတ်အဆက်များကို မြင်နိုင်သူမှာ အမှန်တကယ်ပင် ကျွမ်းကျင်သူတစ်ဦး ဖြစ်ပေသည်။

ဤကာလအတွင်း ချူချင်းသည် တစ်ခါမျှ အနားမယူခဲ့ချေ။

သူသည် မိမိ၏ သိုင်းပညာကို အမြဲတမ်း လေ့လာဆန်းစစ်နေခဲ့ပြီး မည်သည့်အရာများကို ပေါင်းစပ်နိုင်မည်၊ မည်သည့်အရာများကို အားဖြည့်ရမည်ကို စဉ်းစားနေခဲ့၏။

ရွှေငန်းဓားသိုင်းနှင့် သွေးဓားမသိုင်းတို့မှာ အလွန်တန်ဖိုးရှိသော ဓားသိုင်းများ ဖြစ်ကြပြီး အကယ်၍ ရွှေငန်း၏ သိမ်မွေ့မှုနှင့် သွေးဓားမ၏ ဆန်းကြယ်မှုကို ပေါင်းစပ်ကာ သစ်လွင်သော ဓားသိုင်းတစ်ခုကို ဖန်တီးနိုင်ပါက ပိုမိုမြင့်မားသော အဆင့်သို့ ရောက်ရှိနိုင်မည်မှာ သေချာလှပေသည်။

သို့သော် ဤကိစ္စမှာ ပြောရန်လွယ်ကူသော်လည်း လက်တွေ့လုပ်ဆောင်ရန်မှာ အလွန်ခက်ခဲလှ၏။

ယခုအချိန်အထိ ချူချင်းသည် ထိုသိုင်းပညာနှစ်ခုကို စနစ်တကျ ခွဲထုတ်နိုင်ရုံသာ ရှိသေးပြီး လိုအပ်ပါက ထင်ရှားသော ဟာကွက်မရှိဘဲ ဓားသိုင်းနှစ်ခုကို အဆင်ပြေပြေ ချိတ်ဆက်နိုင်ရုံသာ တတ်နိုင်သေး၏။

သစ်လွင်သော ဓားသိုင်းတစ်ခုကို ကိုယ်တိုင်ဖန်တီးနိုင်ရန်မှာမူ ကွာခြားလွန်းလှပေသေးသည်။

ထိုဓားသမား၏ တွဲကျနေသော မျက်ခုံးများမှာ ရုတ်တရက် ပင့်တက်သွား၏။

သူ၏ မျက်လုံးများထဲမှ ထက်မြက်သော အလင်းတန်းနှစ်ခု ဖြတ်သန်းသွားသကဲ့သို့ ဖြစ်သွား၏။

"သူ့မှာ ပုဆိန်လှံတစ်လက် ရှိပေမဲ့ မထုတ်ဖော်နိုင်ခဲ့ဘူး..."

"ငါ့မှာတော့ ဓားတစ်စင်း ရှိတယ်... မင်း စမ်းသပ်ကြည့်ပါဦး..."

သူ၏ မျက်လုံးထဲမှ ထက်မြက်သော အလင်းတန်းများ ထွက်ပေါ်လာသည်နှင့် တစ်ကိုယ်လုံးရှိ ဓားအသိစိတ်များကို ဆွဲထုတ်လိုက်သကဲ့သို့ ဖြစ်သွားပြီး ချလွင်ဟူသော အသံနှင့်အတူ ဓားမှာ အစွပ်ထဲမှ ထွက်ပေါ်လာခဲ့၏။

အဆုံးမဲ့သော ဓားအလင်းတန်းများမှာ ထိုဓားအစွပ်ထဲမှ စီးဆင်းလာခဲ့လေသည်။

တစ်ခဏချင်းအတွင်း ချူချင်းသည် ခြောက်သွေ့သော သဲကန္တာရကြီးထဲသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရ၏။

ကောင်းကင်ယံမှ တိုက်ခတ်လာသော လေပြင်းများနှင့် သဲမှုန်များမှာ ဓားသွားများဖြစ်ကြပြီး ပူပြင်းလှသော နေမင်းမှာလည်း ဓားသွားဖြစ်ကာ ရက်စက်လှသော ကောင်းကင်နှင့် မြေကြီးမှာလည်း ဓားသွားများ ဖြစ်နေခဲ့ကြ၏။

"ဓားကောင်းပဲ..."

ချူချင်းက ဓားကို ရုတ်တရက်မြှောက်လိုက်ရာ ဓားသွားမှာ ဓားအသိစိတ်များကြားတွင် စီးဆင်းသွားပြီး ဓားအရှိန်အဝါများ ဖြတ်သန်းသွားလေသည်။

ချူချင်း၏ ဓားနှင့် တစ်ဖက်လူ၏ ဓားစွမ်းအားတို့ ထိတွေ့မိသောအခါ အမှန်တကယ်ပင် ထင်ရှားလှသော အသံများ ထွက်ပေါ်လာခဲ့၏။

သူသည် ရှေ့သို့တစ်လှမ်းတိုးလိုက်တိုင်း ဓားတစ်ချက် ခုတ်ပိုင်းလိုက်သော်လည်း ဓားချက်တစ်ချက်ချင်းစီတွင် သူ၏ တိုက်ကွက်များမှာ မတူညီသော ပြောင်းလဲမှုများ ရှိနေခဲ့၏။

ပြောင်းလဲမှုတစ်ခုစီ ပြုလုပ်ပြီးနောက် သူ၏ ရှေ့သို့လှမ်းတက်သည့် ခြေလှမ်းများမှာ ပိုမိုပေါ့ပါးလာခဲ့၏။

ခြေလှမ်း သုံးလေးလှမ်းအတွင်းမှာပင် ချူချင်းသည် ထိုပြင်းထန်လှသော ဓားအသိစိတ်များကို လုံးဝဖျက်ဆီးပစ်လိုက်နိုင်ခဲ့ပြီ ဖြစ်၏။

ထက်မြက်သော ဓားသွားမှာ ထိုဓားသမား၏ မျက်နှာရှေ့ သုံးလက်မခန့်အကွာတွင် ရပ်တန့်သွားခဲ့၏။

ဓားအသိစိတ်ကို ထိန်းချုပ်ကာ တိုက်ကွက်ကို ရပ်တန့်လိုက်ခြင်းမှာ အနည်းငယ်မျှ လွဲချော်မှု မရှိချေ။

မျက်နှာချင်းဆိုင်မှ ဓားသမားမှာမူ မည်သည့်အချိန်ကတည်းက ဓားကို အစွပ်ထဲသို့ ပြန်ထည့်လိုက်သည်မသိရဘဲ ဖြစ်နေခဲ့၏။

"ဓားကောင်းတစ်လတ်ပဲ..."

သူသည်လည်း ထိုစကားလုံးနှစ်လုံးကိုသာ ပြောဆိုလိုက်ပြီးနောက် မျက်ခုံးများကို ပြန်လည်ချပိတ်ကာ နောက်သို့ လှည့်ပြန်သွားလေသည်။

ချူချင်းက သူ၏ ကျောပြင်ကို ကြည့်ကာ မေးလိုက်သည်။

"ဘာဖြစ်လို့လဲ..."

သူ၏ မေးခွန်းမှာ အဓိပ္ပာယ်မရှိသကဲ့သို့ ဖြစ်နေသော်လည်း ထိုဓားသမားမှာ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ချူချင်းကို လှည့်ကြည့်ကာ ပြုံးလိုက်၏။

"ငါ သူ့ကို ကြည့်မရတာ အရမ်းကြာပြီ... ခုနကတော့ တော်တော်လေး စိတ်ကျေနပ်သွားရတယ်..."

"..."

ချူချင်းမှာ ခေတ္တမျှ ဆွံ့အသွားရ၏။

ထိုဓားသမား၏ ဓားသိုင်းမှာ အလွန်မြင့်မားလှပြီး သူသည် အနိုင်ရလိုစိတ်လည်း မရှိသဖြင့် ချူချင်းအနေဖြင့်လည်း ပြင်းထန်စွာ တိုက်ခိုက်ရန် မလိုအပ်ခဲ့ချေ။

ထိုဓားသမား ဓားထုတ်လိုက်သည့် တစ်ခဏအတွင်း ချူချင်းသည် ကျယ်ပြောလှသော ကောင်းကင်နှင့် မြေကြီးကို မြင်တွေ့လိုက်ရသကဲ့သို့ ဖြစ်ပြီး ဓားသိုင်း၏ အကန့်အသတ်မဲ့ ပြောင်းလဲမှုများကိုလည်း မြင်တွေ့ခဲ့ရ၏။

ထို့ကြောင့် သူသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်တိုင်း မူလက ပေါင်းစပ်ရန် ခက်ခဲနေသော တိုက်ကွက်များကို တစ်ဖက်လူ၏ ဓားအသိစိတ်အား အသုံးပြုကာ ပေါင်းစပ်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။

ဤခြေလှမ်း အနည်းငယ်အတွင်းမှာပင် ချူချင်းအတွက် သုံးလေးနှစ်ခန့် စဉ်းစားရမည့် အချိန်များကို သက်သာစေခဲ့၏။

ထို့ကြောင့် ချူချင်းက သူ့အား အဘယ်ကြောင့် ကူညီရသနည်းဟု မေးမြန်းခဲ့ခြင်း ဖြစ်ပေသည်။

သို့သော် ထိုစကားကို အသေးစိတ်ပြောဆိုရန် မသင့်တော်လှပေ။ အဘယ်ကြောင့်ဆိုသော် ချန်ထျယ်ရှန်းမှာ ထိုနေရာတွင် ထိုင်နေဆဲဖြစ်သောကြောင့်ပင်။

သို့သော် ရရှိလာသော အဖြေမှာ...

မိမိက ထိုပုဆိန်လှံသမားကို တိုက်ခိုက်လိုက်ခြင်းက သူ့အား စိတ်ကျေနပ်မှု ရရှိစေခဲ့သောကြောင့် ဖြစ်နေခဲ့၏။

ဤသူသည်လည်း လူထူးဆန်းတစ်ယောက် ဖြစ်ပေသည်။

ချူချင်းက ခေါင်းခါကာ ပြုံးလိုက်ပြီး ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်၏။ ထိုသူနှစ်ဦးလုံးမှာ ကျွမ်းကျင်ပညာရှင်များ ဖြစ်ကြသော်လည်း ယခုတစ်ကြိမ် ယှဉ်ပြိုင်မှုမှာ အကန့်အသတ်ဖြင့်သာ ဖြစ်ပြီး မည်သူမျှ အစွမ်းကုန် မတိုက်ခိုက်ခဲ့ကြဘဲ အချင်းချင်း မျက်နှာမပျက်အောင် ထိန်းသိမ်းထားခဲ့ကြ၏။

သို့သော် ဤသို့ဖြစ်သွားခြင်းမှာ အနည်းငယ် နှမြောစရာကောင်းလှပေသည်။

သူက မျက်လုံးများကို ပင့်တင်ကာ ချန်ထျယ်ရှန်းကို ကြည့်လိုက်၏။

"ဒုတိယခန်းမသခင်ချန်... ခင်များအလှည့်ရောက်ပြီ..."

ချန်ထျယ်ရှန်းသည် မေးစေ့ကို ပွတ်သပ်ရင်း ချူချင်းကို အပေါ်အောက် အကဲခတ်ကြည့်ရှုလိုက်၏။

သူသည် မေးစေ့ကို အချိန်အတော်ကြာ ပွတ်သပ်ပြီးနောက်မှသာ ရုတ်တရက် မတ်တတ်ရပ်လိုက်လေသည်။

"မကြာသေးခင်က လူငယ်မျိုးဆက်သစ်တွေထဲမှာ ကျွမ်းကျင်ပညာရှင်တစ်ယောက် ပေါ်ထွက်လာတယ်လို့ ကြားမိတယ်..."

"သူက ထျန်းရှာရီဖင်ညီလာခံကနေ စနာမည်ကျော်ကြားလာခဲ့တယ်... အဲဒီနောက်မှာတော့ နဂါးလှံ ဖန်းထျန်းရွေ့ကို ကူညီပြီး ရှင်တောက်အန်းကို လုယူခဲ့တယ်..."

"တစ်ညတည်းနဲ့ လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး ဓားတွေတောင် တော်တော်များများ ကျိုးပဲ့သွားခဲ့တယ်..."

"ကောင်လေး... အဲဒီလူက မင်းပဲ မဟုတ်လား…”

All Chapters