အခန်း ၅၃၃
Vol. 54 Ch. 533
အခန်း(၅၃၃)
“ဝတ်ရုံဖြူကုချင်းနတ်ဆိုး ဘယ်သူလဲဆိုတာ ငါ သိသွားပြီ”
အရှေ့ပင်လယ်နဂါးနန်းတော်တွင် သတ္တမမင်းသား အောက်ကွမ်တျန်း တီးတိုးရေရွတ်သည်။
လက်အောက်ငယ်သားတစ်ဦး သူ့ကို မေး၏။
“သတ္တမမင်းသား ဘယ်သူလဲဗျ။ မြောင်တောင်က ဘယ်လိုအင်အားစုမျိုးလဲ”
သတ္တမင်းသား လက်အောက်ငယ်သား မေးခွန်းကို တိုက်ရိုက်မဖြေပေ။
“ဒီကိစ္စက ထိုက်ရွှီလျှို့ဝှက်နယ်မြေကနေ စတာ”
လက်ဖက်ရည်တစ်ခွက်စာ သောက်ချိန်ကြာပြီးနောက် အရှေ့ပင်လယ်နဂါးနန်းတော်ကျင့်ကြံသူများ သတ္တမမင်းသား ရှင်းပြချက်ကို နားထောင်ပြီး သူတို့အမူအရာများ ထူးဆန်းသွား၏။
သတ္တမမင်းသားဘေးတွင် ထိုင်နေသော မဟာပဏ္ဍိတ ပြောသည်။
“ဒါဆို သူလည်း ရောက်လာမှာပေါ့”
“ဟုတ်တယ်”
သတ္တမမင်းသား ပြောသည်။
“ခင်ဗျားလည်း ဝတ်ရုံဖြူကုချင်းနတ်ဆိုး သူ့ဂိုဏ်းကို ကိုယ်စားပြုပြီး တိုက်ခိုက်နေတာလို့ ပြောတယ်”
အရှေ့ပင်လယ်နဂါးနန်းတော်ကျင့်ကြံသူများ သူတို့ကြားလိုက်ရသည့်အရာကြောင့် သက်ပြင်းရှည်ကြီးချမိသည်။
မဟာပဏ္ဍိတ မေးသည်။
“ဒါဆို ကျုပ်တို့ အလကားလာသလိုဖြစ်သွားတာပေါ့”
သတ္တမမင်းသား ပြုံးကာ ပြောသည်။
“မဟာပဏ္ဍိတမိုးမြေရဲ့ ခမ်းနာမှုကို မြင်ရတာ ကိစ္စကောင်းတစ်ခုပါပဲ”
“ဟုတ်ပါတယ်လေ”
အရှေ့ပင်လယ်နဂါးနန်းတော်ကျင့်ကြံသူများ ခေါင်းညိတ်ကြပြီး သိုင်းပြိုင်ပွဲတွင် ပါဝင်ရန် ရည်ရွယ်ချက် မရှိတော့ပေ။
အခြားသော နယ်မြေများအတွက်တော့
တောင်ပင်လယ်နဂါးနန်းတော် အဋ္ဌမမင်းသား အောက်ကွမ်လီ လက်ဆစ်များ တတောက်တောက် ချိုးနေသည်။
သူ့ဘေးက ကျင့်ကြံသူများ တိတ်ဆိတ်နေကြပြီး မင်းသားအမိန့်ပေးမည်ကို စောင့်ဆိုင်းနေကြသည်။
အောက်ကွမ်လီ ရှေ့သို့သာ ကြည့်နေသည်။ အရှေ့ပင်လယ်နဂါးနန်းတော်မှ သူများ ရယ်မော ပျော်ရွှင်နေသောကြောင့် ပွဲတစ်ခုကို ကြည့်နေသည့်အလားနှယ်။ သူ စိတ်ရှုပ်ထွေးသွား၏။
‘အရှေ့ပင်လယ်နဂါးနန်းတော်ကသူတွေ ဘာလုပ်နေတာလဲ’
‘အခု ဖိအားတွေက ငါတို့နယ်မြေတွေအပေါ်ကျရောက်နေတာ မသိဘူးလား’
သူ ချင်းကျိုးမြေခွေးမျိုးနွယ်ကိုလည်း ကြည့်လိုက်၏။ ထိုသူတို့က ပို၍ဆိုးကာ ပတ်ဝန်းကျင်မှ အကြည့်များကို လျစ်လျူရှုလျက် စိတ်ဝိညာဉ်သစ်သီးစားရင်း လက်ဖက်ရည်သောက်နေကြသည်။
အောက်ကွမ်လီ စိတ်ရှုပ်နေချိန် ကျင်းချီမျိုးနွယ် ပွဲကြည့်စင်မှ အသံကျယ်ကြီး ထွက်လာ၏။
“သူရဲကောင်းတွေက ထူးခြားတယ်လည်း မဟုတ်ဘူး။ ဘုရင်တွေက ဘယ်ကမှန်းမသိတဲ့ ကောင်မငယ်လေးကို မနိုင်ဘူးဆိုတော့ ဒီသတင်းသာပြန့်သွားရင် တကယ်ကို ရှက်စရာကောင်းတယ်”
ထိုစကားများထွက်လာသည်နှင့် လူတိုင်း အသံလာရာအရပ်သို့ ကြည့်ကြ၏။
နောက်ကျောတွင် မီးခိုးရောင်တောင်ပံတစ်စုံဖြင့် ကျင်းချီနတ်ဆိုးကျင့်ကြံသူတစ်ဦး ထရပ်လာသည်။
သူ မောက်မာသော အမူအရာဆင်မြန်းထားပြီး စူးရှသော မျက်လုံးများတွင် အထင်အမြင်သေးမှုများ ပြည့်နှက်နေသည်။
သို့သော် ထိုအမျိုးသားက မဟာပဏ္ဍိတတစ်ပါး၏ ဖိအားကို ထုတ်လွှတ်နေသဖြင့် သူ့စကားများကို မည်သူကမျှ မေးခွန်းမထုတ်ရဲချေ။
မီးခိုးတောင်ပံကျင်းချီငှက် ရှေ့သို့ တစ်လှမ်းတက်ကာ စင်မြင့်ပေါ်သို့ ပျံသန်းသွားပြီး ချင်းချင်းကို အထက်မှ ငုံ့ကြည့်ကာ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
“ဂျူနီယာ မင်းဘာသာ အရှုံးပေးမလား ဒါမှမဟုတ် ငါကိုယ်တိုင် မင်းရဲ့ တာအိုနှလုံးသားကို ဖျက်ဆီးပစ်တာကို လိုချင်လား”
ချင်းချင်း ကုချင်းကို လက်နှစ်ဖက်ဖြင့် ပွတ်သပ်ရင်း အေးစက်စွာ ပြန်ပြောလိုက်၏။
“ကျွန်မတို့မြောင်တောင် တပည့်တွေရဲ့ အဘိဓာန်မှာ လက်နက်ချတယ် ဆိုတဲ့ စကားလုံး မရှိဘူး”
[ကုချင်း၊ ဇီသာ၊ စောင်းက ခပ်ဆင်ဆင်ပါပဲ။ Etranက အမျိုးမျိုးပြောင်းနေလို့ ကုချင်းပဲသုံးလိုက်တော့မယ်]
“ဒါဆိုရင် ဒီမဟာပဏ္ဍိတ မင်းဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့”
မီးခိုးတောင်ပံကျင်းချီငှက် စကားပြောနေစဉ် သူ့မျက်လုံးများမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ချင်းချင်းဆီသို့ ကျဆင်းသွားသည်။
ထိုအလင်းတန်းက ချင်းချင်းအနောက်မှ စစ်မှန်ဆန္ဒ အရိပ်နှင့် အကာအကွယ်အလင်းတန်းကိုလည်း လွယ်ကူစွာ ဖျက်ဆီးပစ်လိုက်၏။
ဖွီး
ချင်းချင်း သွေးတစ်လုပ် အန်ထုတ်လိုက်ပြီး သူမ ကုချင်းပေါ်သို့ လဲကျသွားသည်။ သူမ ခေါင်းကို ဖြည်းညှင်းစွာ မော့ကာ ပြောလိုက်၏။
“စီနီယာက ကျွန်မရဲ့ တာအိုနှလုံးသားကို ဖျက်ဆီးပစ်ချင်တယ်လို့ ပြောတာလား။ သိပ်ထူးခြားတဲ့ပုံ မပေါ်ပါဘူး”
သူမ စကားပြောပြီးသည်နှင့် စစ်မှန်ဆန္ဒ သူမအနောက်တွင် ပြန်လည်ပေါ်လာသည်။ ယခင်ကနှင့် နှိုင်းယှဉ်လျှင် သူမ စစ်မှန်ဆန္ဒက ပိုမို ခိုင်မာနေ၏။
ကုချင်းသံ ထွက်ပေါ်လာခဲ့သည်။
၎င်းကို မြင်တော့ ထိုနေရာရှိ ကျင့်ကြံသူများအားလုံး ပင့်သက်ရှိုက်မိကြ၏။
မဟာပဏ္ဍိတရွှေတောင်ပံ ၎င်းကို မြင်တော့ အံ့အားသင့်စွာ တီးတိုးရေရွတ်လိုက်သည်။
“အစ်ကိုကြီး ချင်းအာ ကိုယ့်ကိုယ်ကိုယ် အရမ်း ဖိအားပေးလွန်းနေတယ်။ ပြိုင်ပွဲတစ်ခု အရှုံးပေးလိုက်တာက ပိုမကောင်းဘူးလား”
“မဟုတ်ဘူး”
ချူဖုန်း မျက်လုံးများကို မှေးကျဉ်းကာ ပြောဆိုလိုက်၏။ “သူ အဆင့်တက်ပြီး တာအိုအနှစ်သာရကို နားလည်သဘောပေါက်နေတာပဲ”
အားလုံး ဇဝေဇဝါ ဖြစ်သွားကြသည်။
မဟာပဏ္ဍိတရွှေတောင်ပံ၊ မင်းသမီးပိုင်ယွီနှင့် အခြားသူများအားလုံး ဇဝေဇဝါဖြစ်လာကြ၏။
“အစ်ကိုကြီး ကျွန်တော့်ကို နောက်နေတာတော့ မဟုတ်ပါဘူးနော်။ ဒီလောကမှာ တာအိုအနှစ်သာရကို ဘယ်လိုလုပ် ဒီလိုမျိုး နားလည်သဘောပေါက်နိုင်မှာလဲ”
မဟာပဏ္ဍိတရွှေတောင်ပံ အံ့အားသင့်သည့် အမူအရာဖြင့် ပြောလိုက်သည်။
“သူ ဖျက်ဆီးခြင်းတာအိုကို နားလည်ဆင်ခြင်နေတာ။ တာအိုနှလုံးသားသာ မပျက်စီးဘူးဆိုရင် စစ်မှန်တဲ့ ဖျက်ဆီးခြင်းက ဘယ်လိုခံစားရလဲ ဆိုတာကို ဘယ်လိုလုပ် သိနိုင်မှာလဲ”
ချူဖုန်း တခဏရပ်နားလိုက်ပြီးနောက် ဆက်ပြော၏။ “စိတ်မပူပါနဲ့။ ငါဒီမှာရှိနေတော့ ချင်းအာ ပြဿနာတက်မှာ မဟုတ်ပါဘူး။ အရေးကြီးတဲ့ အချိန်ကျရင် ငါ လှုပ်ရှားပါ့မယ်”
ကောင်းကင်ယံရှိ မီးခိုးတောင်ပံကျင်းချီငှက်၏ မျက်လုံးများတွင် သတ်ဖြတ်လိုသော ရည်ရွယ်ချက် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူ အေးစက်စွာ စကားဆိုလိုက်၏။
“ကောင်းပြီ မင်း ကိုယ့်သေလမ်းကိုယ်ရှာပြီး တာအိုနှလုံးသားကို ဖျက်ဆီးခံချင်နေမှတော့ ဂျူနီယာကို အနိုင်ကျင့်တယ်လို့ ဒီမဟာပဏ္ဍိတကို လာမပြစ်တင်နဲ့။ ဖိနှိပ်စမ်း”
သူ ပြောလိုက်ရင်း မီးခိုးတောင်ပံကျင်းချီငှက် ပေါ့ပေါ့ပါးပါး ရိုက်ချလိုက်ရာ ကြောက်မက်ဖွယ် စွမ်းအားတစ်ခု ကောင်းကင်ယံမှ ကျဆင်းလာပြီး ချင်းချင်းအပေါ်သို့ ကျရောက်သွားသည်။
ဝုန်း
စင်မြင့်ထက်မှ ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခုနှင့်အတူ ခုနက မြင်ကွင်းမျိုး ပြန်လည် ထွက်ပေါ်လာ၏။
သို့သော် ဤတစ်ကြိမ်တွင် ချင်းချင်း စင်မြင့်ပေါ်၌ တိုက်ရိုက် သတိလစ်သွားပြီး ကုချင်းပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေကာ သူမ အရှိန်အဝါ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
“နှမြောစရာပဲ”
ကွမ်ဟိုင်တောင်ထွတ်
ပွဲကြည့်ပရိသတ်များ ၎င်းကိုမြင်တော့ သက်ပြင်းချလိုက်ကြ၏။
ပတ်ဝန်းကျင်ရှိ လူများကလည်း ထောက်ခံပြောဆိုကြသည်။
“ဝတ်ရုံဖြူကုချင်းနတ်ဆိုးဆိုတဲ့ ဘွဲ့နာမည်က ကြည့်ရဆိုးပေမဲ့ အရင်က တိုက်ခိုက်မှုတွေအရ သူက သွေးဆာနေတဲ့လူတစ်ယောက်ပုံ မပေါ်ပါဘူး။ ဒီလိုပါရမီရှင်တစ်ယောက် ဒီနေရာမှာ သေဆုံးသွားရတာ တကယ်ကို နှမြောစရာကောင်းတယ်”
“ကိုယ့်တပည့်ကို မဟာပဏ္ဍိတတစ်ပါးကို စိန်ခေါ်ခွင့်ပေးထားတာ မြောင်တောင်က အကြီးအကဲတွေ ဘာတွေတွေးနေကြလဲဆိုတာ ငါ မသိတော့ဘူး။ ငါ့မှာသာ အဲဒီလို အရည်အချင်းရှိတဲ့ တပည့်မျိုးရှိရင် အန္တရာယ်ထဲကျရောက်ခွင့်လုံးဝ ပေးမှာမဟုတ်ဘူး”
“…”
လူတိုင်း ပြောနေစဉ် ချင်းချင်း၏ သက်စောင့်စွမ်းအင်များ ပျောက်ကွယ်သွား၏။
ပါရမီရှင် ကျဆုံးသွားပြီဟု လူတိုင်း ထင်မှတ်နေချိန်မှာပင် သူမထံမှ နတ်ဘုရားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီးသက်စောင့်စွမ်းအင်သည် ပြန်လည် ကောင်းမွန်လာသည်။
“ဟင်”
မီးခိုးတောင်ပံကျင်းချီငှက် ၎င်းကိုမြင်တော့ သံသယအရိပ်အယောင်တစ်ခု သူ့မျက်လုံးများထဲတွင် ဖြတ်ပြေးသွားသော်လည်း အဓိကအချက်ကို သူ အလျင်အမြန် တွေ့သွားပြီး တီးတိုးရေရွတ်လိုက်၏။
“သေခြင်းတရားကနေ ပြန်လည်မွေးဖွားလာပြီး တာအို အနှစ်တာရကို နားလည်သဘောပေါက်ဖို့ လုပ်နေတာပဲ။မဟာပဏ္ဍိတဖြစ်တဲ့ ငါ့ကို ဓားသွေး ကျောက်အဖြစ် အသုံးပြုဖို့ ကြိုးစားနေတာလား။ လက်တွေ့မကျတဲ့ စိတ်ကူးယဉ်အိပ်မက်ပဲ။ သေစမ်း”
ထိုအချိန်မှာပင် ပွဲကြည့်စင်မြင့်ထက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
“စောင့်ဦး”
“ဟွန့်”
မီးခိုးတောင်ပံကျင်းချီငှက် အေးစက်စက် နှာမှုတ်ပြီး လက်ကိုမြှောက်ကာ ပြောလိုက်၏။
“မင်း ဒီမဟာပဏ္ဍိကို စောင့်ဖို့ပြောရုံနဲ့ စောင့်ပေးရမှာလား။ ဒီမဟာပဏ္ဍိတတျန်ဟွေမှာ ဒေါသ မရှိဘူးလို့ တကယ် ထင်နေတာလား။ ဒီနေ့ ဒီကောင်မလေးရဲ့ သေရမဲ့နေ့ပဲ”
သူ ပြောရင်း နောက်ထပ် လက်ဝါးတစ်ချက် ရိုက်ချလိုက်သည်။
“ဘာလို့ အဲဒီလောက် ဒုက္ခခံနေရတာလဲ”
စစ်တုရင်ရုပ် ကျဆင်းလာသည့် အသံတစ်သံ ထွက်ပေါ်လာ၏။
ဒုတ်
လူတိုင်း စစ်တုရင်ရုပ် ကျဆင်းလာသည့် အသံလားရာသို့ သိချင်စိတ်ဖြင့် လှည့်ကြည့်လိုက်ကြသော်လည်း မည်သူ့ကိုမျှ မမြင်တွေ့ရချေ။ ကမ္ဘာကြီး အရောင်ပြောင်းသွားသည်ကိုသာ သူတို့ မြင်တွေ့လိုက်ရ၏။
မူလက ကြည်လင်နေသော ကောင်းကင်ယံသည် ဧရာမ စစ်တုရင်ခုံကြီးတစ်ခုအဖြစ် ရုတ်တရက် ပြောင်းလဲသွား၏။ မဟာပဏ္ဍိတတျန်ဟွေ စစ်တုရင်ခုံအတွင်း တကယ်ကြီး ချုပ်နှောင်ခံလိုက်ရပြီး စောစောက သူရိုက်ချလိုက်သော လက်ဖဝါးမှာ အဖြူရောင် စစ်တုရင်ရုပ်တစ်ခုကြောင့် လွယ်ကူစွာ ပျက်ပြယ်သွားသည်။
မဟာပဏ္ဍိတတျန်ဟွေ ကျယ်လောင်စွာ မေးခွန်းထုတ်လိုက်၏။ “မင်း ဘယ်သူလဲ။ သရဲတစ်ကောင်လို ပုန်းကွယ်နေတာလား။ င့ါကို တိုက်ဖို့ စင်ပေါ်တောင် မတက်ရဲဘူးလား”
“ဒီမဟာပဏ္ဍိတ မင်းရှေ့တည့်တည့်မှာလေ။ မမြင်ရဘူးလား”
စနောက်သော အသံတစ်သံ ထွက်ပေါ်လာသည်။ လူတိုင်း မဟာပဏ္ဍိတတျန်ဟွေရှေ့တွင် ရပ်နေသော ငှက်မွေးယပ်တောင် ကိုင်ဆောင်ထားသည့် ကြော့ရှင်းသော လူငယ်တစ်ဦးကို နောက်ဆုံးတွင် သတိပြုမိသွားကြ၏။
ထိုလူငယ်မှာ ချူဖုန်းပင်။ သူ့လက်ထဲမှ ငှက်မွေးယပ်တောင်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်နှင့် ချင်းချင်းသည် ပွဲကြည့်စင်မြင့်ဆီသို့ ပြန်ရောက်သွား၏။
ချူဖုန်း ထိုအရာအားလုံးကို လုပ်ဆောင်ပြီးနောက် ပြုံးကာ ပြောလိုက်၏။ “တာအိုရောင်းရင်း ဒီတိုက်ပွဲမှာ မင်း နိုင်သွားပါပြီ။ ငါ့တပည့်ကို ပြန်ခေါ်သွားရုံသက်သက်ပါ။ နှုတ်ဆက်ပါတယ်”
သူ ပြောနေရင်း သူ့လက်ထဲက ငှက်မွေးယပ်တောင်ကို ဝှေ့ယမ်းလိုက်ရာ စစ်တုရင်ခုံက ချက်ချင်း ပျောက်ကွယ်သွား၏။
မဟာပဏ္ဍိတတျန်ဟွေ ၎င်းကိုမြင်တော့ အေးစက်စွာ ပြောလိုက်သည်။ “ကောင်လေး ဒါ မင်းရဲ့ မြောင်တောင် မဟုတ်ဘူး။ မင်းသဘောကျ လာချင်တိုင်းလာ သွားချင်တိုင်းသွားလို့ မရဘူး။ ဒီနေ့ မင်း ထွက်သွားချင်ရင် ငါနဲ့ အရင်တိုက်”