အခန်း ၅၃၆
Vol. 54 Ch. 536
အခန်း (၅၃၆)
“ယောက်ျား ဘာဖြစ်လို့လဲ”
မင်းသမီးမြောင်ယွီ ဇဝေဇဝါဖြစ်နေသော အမူအရာဖြင့် ချူဖုန်းကို ကြည့်ကာ မေးမြန်းလိုက်၏။
“ကိုယ်တို့အတွက် အရမ်းမြန်လွန်းနေတယ်လို့ မထင်ဘူးလား”
ချူဖုန်း ပြုံးကာ မေးလိုက်သည်။
မင်းသမီးမြောင်ယွီ တွေဝေသွားပုံပေါ်သည်။
“ကျွန်မ သိသလောက်ဆိုရင် လူသားကျင့်ကြံသူတွေက လက်မထပ်ခင် သိပ်မတွေ့ဖူးကြဘူး။ မင်္ဂလာဆောင်အများစုက မိဘတွေနဲ့ အောင်သွယ်တွေ စီစဉ်ပေးကြတာလေ။ ကျွန်မတို့မှာ အဲဒါတွေ မရှိပေမဲ့ သက်သေအဖြစ် မိုးနဲ့မြေ ပြီးတော့ ကမ္ဘာကြီး ရှိနေတာပဲ။ ဘာဖြစ်လို့လဲ”
ထိုအခိုက် ချူဖုန်း ဤကမ္ဘာမှ အမျိုးသမီးများကို စိတ်ထဲတွင် လက်မထောင်ကာ အသိအမှတ်ပြုချင်သွားသည်။ ၎င်းက တကယ်ကို အံ့သြဖွယ်ကောင်းသော ကမ္ဘာကြီးတစ်ခု ဖြစ်ပေ၏။
သူ ပြုံးကာ ပြောလိုက်သည်။
“အဲဒီလို ဆိုပေမဲ့ မင်းနဲ့ကိုယ်က သာမန်လူတွေမှ မဟုတ်တာ။ ပြီးတော့ မင်း မဟာပဏ္ဍိတတစ်ပါး မဖြစ်ချင်ဘူးလား။ အကယ်၍ ဒီည ကိုယ်တို့ လင်မယားအရာ မြောက်သွားခဲ့ရင် မင်းခန္ဓာကိုယ်ထဲက ဖီးနစ်အဆီအနှစ်လည်း ထိခိုက်သွားလိမ့်မယ်။ ဒီဘဝမှာ မင်း မဟာပဏ္ဍိတတစ်ပါး ဖြစ်လာနိုင်ရင်တောင် တခြားသူတွေရဲ့နောက်မှာ ကျန်ရစ်ခဲ့ဖို့ များတယ်”
ထိုစကားများကို ကြားတော့ မင်းသမီးမြောင်ယွီ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ပေ။ သူမ ခံစားသွားရသည်။ ငယ်ရွယ်စဉ်ကတည်းက မရေမတွက်နိုင်သော အမျိုးသားများ သူမကို လိုက်လံပိုးပန်းခဲ့ကြ၏။
သို့သော် ထိုအမျိုးသားများ၏ အန္တိမပန်းတိုင်မှာ ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ တက်လှမ်းရန် သူမ ဖီးနစ်အဆီအနှစ်ကို အသုံးပြုရန်သာ ဖြစ်ပေသည်။
သူမ ခင်ပွန်းကသာ သူမ၏ ကောင်းကျိုးကို အမှန်တကယ် စဉ်းစားပေးနေခြင်း ဖြစ်၏။
သူမ မျက်ဝန်းများက ချက်ချင်း မျက်ရည်များ ဝဲတက်လာသည်။ မိန်းမလှလေး၏ မျက်လုံးများထဲမှ မျက်ရည်များကို မြင်သောအခါ ချူဖုန်း သူမ လက်ကို အလျင်အမြန် ကိုင်ကာ စကားဆိုလိုက်သည်။
“ဘာလို့ ငိုနေတာလဲ။ တစ်ယောက်ယောက်က ကိုယ်တို့ကို မြင်သွားရင် ကိုယ် မင်းကို အနိုင်ကျင့်နေတယ်လို့ ထင်သွားကြလိမ့်မယ်”
၎င်းကိုကြားတော့ မင်းသမီးမြောင်ယွီ၏ နှုတ်ခမ်းများပေါ်တွင် ဆွဲဆောင်မှုရှိသော အပြုံးတစ်ခု ပေါ်လာ၏။
“ယောက်ျား ကျွန်မ ပျော်လို့ပါ ကျေးဇူးတင်ပါတယ်”
ချူဖုန်း မင်းသမီးမြောင်ယွီကို ရင်ခွင်ထဲထည့်ကာ ပြောလိုက်သည်။
“မင်းနဲ့ကိုယ် တစ်သားတည်းပဲ။ ကျေးဇူးတင်ဖို့ မလိုပါဘူး။ ဒီည လရောင်က အရမ်းလှတယ်။ ကိုယ်တို့ လရောင်အောက်မှာ တာအိုအကြောင်း ဆွေးနွေးပြီး မင်း တကယ်ဘာတွေ နားလည်ထားလဲဆိုတာကို ကြည့်ခွင့်ပေးပါလား”
၎င်းကိုကြားတော့ မင်းသမီးမြောင်ယွီ တခဏမျှ မှင်တက်သွားပြီးနောက် ပြုံးကာ ပြောလာ၏။
“ယောကျာ်းက ဆန်းကြယ်ကောင်းကင်ဒေသကို တုန်လှုပ်စေခဲ့တဲ့ မဟာပဏ္ဍိတမိုးမြေဆိုတဲ့ ဂုဏ်သတင်းနဲ့ တကယ်ကို ထိုက်တန်ပါတယ်။ မင်္ဂလာဦးညမှာတောင် ကျင့်ကြံဖို့အကြောင်း တွေးနေသေးတယ်။ စကြတာပေါ့”
သူတို့နှစ်ဦး အိမ်တော်၏ အနောက်ဘက်ဥယျာဉ်သို့ အလျင်အမြန် ရောက်ရှိသွားကြသည်။
ချူဖုန်း ပြောလိုက်၏။ “မြောင်ယွီ အရင်ဆုံး မင်းရဲ့ ကျင့်စဉ်ကို ပြပါ”
“အင်း”
မင်းသမီးမြောင်ယွီ ပြောသည်။
“ကျွန်မ ကျင့်ကြံထားတာက ဗုဒ္ဓမယ်တော်တောက်ပဘုရင်ကျင့်စဉ်ပါ။ ကျွန်မရဲ့ ဗုဒ္ဓမယ်တော်လက်ချိတ်စည်းကို အရင်ပြမယ်”
ထိုသို့ပြောပြီးနောက် သူမ လေထဲသို့ ခုန်တက်ကာ အထက်သို့ ပျံသန်းသွားပြီး ချူဖုန်းဆီသို့ ပေါ့ပေါ့ပါးပါး လက်ဝါးတစ်ချက် ရိုက်ချလိုက်၏။
သူမ ရိုက်ချလိုက်သည့်အခိုက်တွင် ဗုဒ္ဓမယ်တော်ဓမ္မပုံရိပ်တစ်ခု သူမအနောက်တွင် ပေါ်လာပြီး သင်္ကရိုက် သင်္ကေတကြီးတစ်ခု ကောင်းကင်ယံမှ ကျဆင်းလာသည်။
ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု မင်းသမီးမြောင်ယွီအိမ်တော်ကို လွှမ်းခြုံသွား၏။ ၎င်းက မိုင်တစ်ထောင် ပတ်လည်အတွင်းရှိ အစွမ်းထက် ကျင့်ကြံသူများကိုလည်း အလန့်တကြား ဖြစ်သွားစေသည်။
ရွှေငှက်မွေးမြို့တော်ရှိ အစွမ်းထက် ကျင့်ကြံသူများဖြစ်စေ ယွင်ယို့နန်းတော်ရှိ မဟာပဏ္ဍိတနှင့် ဘုရင်တို့ဖြစ်စေ သူတို့အားလုံး မျက်လုံးများကို ဖွင့်ကာ မင်းသမီးမြောင်ယွီ အိမ်တော်သို့ လှမ်းကြည့်လိုက်ကြသည်။
ဒေါင်းမျိုးနွယ်၏ မဟာပဏ္ဍိတတစ်ပါး တီးတိုးရေရွတ်လိုက်၏။ “ဘယ်လောက်တောင် ထူးဆန်းလိုက်လဲ။ ဒီည မင်းသမီးမြောင်ယွီ နဲ့ မဟာပဏ္ဍိတမိုးမြေတို့ရဲ့ မင်္ဂလာဦးည မဟုတ်ဘူးလား။ ဘာလို့ မင်းသမီးမြောင်ယွီ ညသန်းခေါင်ကြီး လှုပ်ရှားရတာလဲ”
သူ့ဘေးရှိ ဘုရင်က ဝင်ပြောသည်။ “မင်းသမီးနဲ့ မဟာပဏ္ဍိတမိုးမြေတို့ တိုက်ခိုက်နေကြတာများလား”
ထိုမဟာပဏ္ဍိတ ချက်ချင်း ပြန်လည်ချေပလိုက်၏။ “မဖြစ်နိုင်ဘူး လုံးဝ မဖြစ်နိုင်ဘူး။ မင်းသမီးရော မဟာပဏ္ဍိတမိုးမြေရောက ဒေါသကြီးတဲ့သူတွေ မဟုတ်ကြဘူး။ အကြောင်းရင်းတစ်ခု ရှိရမယ်”
မင်းသမီးမြောင်ယွီအိမ်တော်တွင် ချူဖုန်း လက်ညှိုးတစ်ချောင်းကို အသုံးပြုကာ ထိုလက်ဝါးရိုက်ချက်ကို ပျက်ပြယ်သွားစေသည်။
၎င်းကိုမြင်တော့ မင်းသမီးမြောင်ယွီ သူမ လက်ဖဝါးကို ပြန်ရုပ်သိမ်းလိုက်ပြီး လေထဲတွင် ကျက်သရေရှိစွာ လှည့်ပတ်ကာ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်၏။
သူမ ချူဖုန်းကို ကြည့်ကာ မေးလိုက်သည်။
“ယောကျာ်း ခုနက မြောင်ယွီရဲ့ လက်ဝါးရိုက်ချက်ကို ဘယ်လိုထင်လဲ”
ချူဖုန်း ပြုံးကာ ပြန်ဖြေလိုက်၏။
“မင်း ဘုရင်တွေကြားမှာ ပြိုင်ဘက်ကင်းပြီး မဟာပဏ္ဍိတတစ်ပါး ဖြစ်လာဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်။ တစ်နှစ် နှစ်နှစ်အတွင်း မင်း သေချာပေါက် မဟာပဏ္ဍိတတစ်ပါး ဖြစ်လာလိမ့်မယ်”
၎င်းကိုကြားတော့ မင်းသမီးမြောင်ယွီ၏ မျက်နှာက ပျော်ရွှင်မှုကြောင့် တောက်ပသွားပြီး သူမ တီးတိုးရေရွတ်လိုက်သည်။
“ယောကျာ်း နောက်နေပြန်ပြီ။ မဟာပဏ္ဍိတတစ်ပါး ဖြစ်လာဖို့ဆိုတာ မလွယ်ပါဘူး။ မဟုတ်ရင် ဘုရင်ဘယ်နှစ်ပါးလောက်က ခြေလှမ်းတစ်ဝက်အလိုမှာ တစ်ဆို့နေကြမှာလဲ”
ချူဖုန်း ပြောလိုက်၏။
“တခြားသူတွေက မင်းကို မဟာပဏ္ဍိတအဆင့် တက်ဖို့ မကူညီနိုင်ရင်တောင် မင်း ယောက်ျားကို မယုံဘူးလား”
ထိုစကားကိုကြားတော့ မင်းသမီးမြောင်ယွီ၏ လှပသော မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားပြီး ချူဖုန်းကို မယုံကြည်နိုင်သည့် အမူအရာဖြင့် ကြည့်လိုက်သည်။
သူမ ခင်ပွန်းနှင့် ပတ်သက်သည့် ကောလာဟလများကို သူမ အနည်းနှင့်အများ ကြားဖူးထား၏။
သူ ဆန်းကြယ်ကောင်းကင်ဒေသ၏ အကြီးကျယ်ဆုံး ပါရမီရှင်နှစ်ဦးကို လမ်းညွှန်ပေးခဲ့ရုံသာမက ဘုရင်များကိုလည်း မဟာပဏ္ဍိတများ ဖြစ်လာစေရန် ဉာဏ်လင်းပြပေးခဲ့သည်။
သို့သော် ၎င်းတို့မှာ ကောလာဟလများသာဖြစ်ပြီး သူမ တကယ်မကြုံဖူးသေးသဖြင့် မင်းသမီးမြောင်ယွီ ယခင်က သံသယအနည်းငယ် ရှိနေခဲ့၏။
ယခု မဟာပဏ္ဍိတတစ်ပါး ဖြစ်လာနိုင်မည့် အခွင့်အရေးရှိကြောင်း ကြားရတော့ သူမ အလွန်ဝမ်းသာသွားပြီး သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။
“အဲဒါ တကယ်လား”
“ကောင်မလေး ကိုယ့်ယောက်ျားကို မယုံဘူးပေါ့လေ။ မင်းကို အပြစ်ပေးရမယ်”
ချူဖုန်း မျက်နှာထားကို တင်းမာဟန်ဆောင်ကာ ပြောလိုက်၏။
၎င်းကိုမြင်တော့ မင်းသမီးမြောင်ယွီ ရှက်ရွံ့စွာ မေးလိုက်သည်။
“ဒါဆို ယောက်ျားက ဇနီးလေးကို ဘယ်လို အပြစ်ပေးမှာလဲ”
“ကိုယ့်ကို နမ်း”
ချူဖုန်း တောက်ပသော အပြုံးဖြင့် ပြောလိုက်ပြီး သူ့လက်ထဲရှိ ငှက်မွေးယပ်တောင်ကို ခပ်နေ၏။
“အင်း”
မင်းသမီးမြောင်ယွီ ပြန်ဖြေကြားလိုက်သည်နှင့် သူမ မျက်နှာ ချက်ချင်း နီရဲသွား၏။ သူမ ချူဖုန်းရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး မျက်လုံးများကို မှိတ်ကာ ခြေဖျားထောက်၍ ချူဖုန်းကို နမ်းရန် ကိုယ်က်ို စောင်းလိုက်သည်။
ချူဖုန်း သူ့နှုတ်ခမ်းများပေါ်တွင် နူးညံ့သော ခံစားချက်တစ်ခုကို ခံစားလိုက်ရ၏။ ထို့နောက် သူ့ရင်ခွင်ထဲရှိ အလှလေးကို ဖက်ကာ နက်ရှိုင်းစွာ အနမ်းချင်းဖလှယ်လိုက်ပြီး သူ့လက်များကလည်း စတင်ဂနာမငြိမ်ဖြစ်လာ၏။
အချိန်အတော်ကြာပြီးနောက် ချူဖုန်း သူ့ရင်ခွင်ထဲရှိ လူကို နောက်ဆုံးတွင် လွှတ်ပေးလိုက်ရာ မင်းသမီးမြောင်ယွီ လန့်သွားသော သမင်ငယ်လေးတစ်ကောင်ပမာ အလျင်စလို ထွက်ပြေးသွားသည်။
သူ့သတို့သမီးသစ်လေး ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း ချူဖုန်း စိတ်အခြေအနေက ချက်ချင်း ကောင်းမွန်သွား၏။
လင်မယားစုံတွဲ၏ ချိုမြိန်မှုနှင့်ယှဉ်ပါက ရွှေငှက်မွေး မြို့တော်နှင့် ယွင်ယို့နန်းတော်ရှိ အစွမ်းထက် ကျင့်ကြံသူများ တစ်ညလုံး အိပ်မပျော်ခဲ့ကြပေ။
မနေ့ညက မင်းသမီးမြောင်ယွီ အိမ်တော်တွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာကို လူတိုင်း အလွန် သိချင်နေကြ၏။
ညအချိန်က ကုန်လွန်သွားသည်။
နောက်တစ်နေ့တွင်
ချူဖုန်း နောက်ကျမှ နိုးလာခဲ့ပြီး သူနှင့် မင်းသမီးမြောင်ယွီတို့ ဘိုးဘေးကြီးကို ဂါရဝပြုရန် ဒေါင်းမျိုးနွယ်၏ ဘိုးဘေးနယ်မြေသို့ အတူတကွ သွားကြ၏။
သူတို့ရထားလုံး ထွက်ခွာသွားသည်နှင့် မရေမတွက်နိုင်သော အကြည့်များကို ဆွဲဆောင်သွားသည်။
နာရီဝက်ခန့် အကြာတွင် စုံတွဲသည် ဒေါင်းမျိုးနွယ်၏ ဘိုးဘေးနယ်မြေသို့ ရောက်ရှိသွားကြ၏။
ဒေါင်းမျိုးနွယ်မဟာပဏ္ဍိတ လူငယ်စုံတွဲကို စူးစိုက်ကြည့်လိုက်သည်။ သူတို့၏ ချစ်ခင်ကြင်နာနေသည့် အသွင်အပြင်ကို မြင်သောအခါ သူ ပို၍ပင် သိချင်စိတ် ပြင်းပြသွား၏။ မနေ့ညက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံး သူ့မျက်လုံးအိုကြီးများ သူ့ကို လှည့်စားသွားသည်များလော။
တစ်နာရီအကြာတွင် ရှုပ်ထွေးသော ဓလေ့များ နောက်ဆုံးတွင် ပြီးဆုံးသွား၏။
ဟူး
ချူဖုန်း သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။ မိဘများနှင့် တွေ့ဆုံရခြင်းက သူတော်စင်တစ်ပါးကို ကိုယ်တိုင် တိုက်ခိုက်ရသည်ထက် ပို၍ ပင်ပန်းပေသည်။
အခြားတစ်ဖက်တွင် မင်းသမီးမြောင်ယွီကို ဒေါင်းမျိုးနွယ် အကြီးအကဲများ ဘေးသို့ခေါ်သွားပြီး ကိစ္စအမျိုးမျိုးကို မေးမြန်းနေကြ၏။
မဟာပဏ္ဍိတတစ်ပါး မေးမြန်းလိုက်သည်။
“မြောင်ယွီ မနေ့ညက မင်း အိမ်တော်မှာ ဗုဒ္ဓမယ်တော်ရဲ့ ဓမ္မပုံရိပ်ကို ငါ မြင်လိုက်တယ်။ ဘာတွေ ဖြစ်ခဲ့တာလဲ”
မင်းသမီးမြောင်ယွီ ပြုံးကာ ပြန်ဖြေလိုက်၏။ “ဘိုးဘေးကြီးကို စိတ်ပူသွားစေမိပြီ။ မြောင်ယွီ မနေ့ညက ယောကျာ်းနဲ့ တိုက်ခိုက်ရင်း တာအိုအကြောင်း ဆွေးနွေးနေခဲ့ကြတာပါ”
“မင်းတို့နှစ်ယောက် မင်္ဂလာဦးညမှာ တာအိုဆွေးနွေးကြတာလား”
ဘိုးဘေးကြီး အံ့အားသင့်သည့် အမူအရာဖြင့် မေးလိုက်သည်။
“ဟုတ်တယ်။ ယောက်ျားက လူကောင်းတစ်ယောက်ပါ။ လင်မယားအရာမမြောက်ခင် ကျွန်မကို မဟာပဏ္ဍိတတစ်ပါး ဖြစ်လာစေဖို့ သူ မျှော်လင့်နေတာပါ”
မင်းသမီးမြောင်ယွီ ပျော်ရွှင်သော အမူအရာဖြင့် ပြောလိုက်၏။
ဘိုးဘေးကြီး ပြောလိုက်သည်။
“ဪ ဒီလိုကိုး။ မဟာပဏ္ဍိတမိုးမြေက တကယ်ကို သာမန်မဟုတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ။ ဒါဆိုရင်တော့ ငါ စိတ်အေးရပြီ”
ညနေပိုင်းတွင်
ချူဖုန်းနှင့် မင်းသမီးမြောင်ယွီတို့ ဘိုးဘေးနယ်မြေမှ အတူတကွ ထွက်ခွာသွားကြပြီး မင်္ဂလာဦးညတွင် သူတို့ တာအိုအကြောင်း ဆွေးနွေးခဲ့ကြသည်ဆိုသော သတင်း ဘိုးဘေးနယ်မြေမှတစ်ဆင့် ပျံ့နှံ့သွား၏။
ထိုသတင်းကို ကြားတော့ အရပ်ရပ်မှ အစွမ်းထက် ကျင့်ကြံသူများအားလုံး မှင်တက်သွားကြပြီး ဤကိစ္စနှင့် ပတ်သက်၍ မည်သို့ မှတ်ချက်ပေးရမည်ကိုပင် မသိတော့ပေ။