← Chapters

အခန်း ၁

Vol. 1 Ch. 1

အခန်း ၁

Vol. 1 Ch. 1

🍅 Chapter 1

အခန်းတွင်းမှ ညှီစို့စို့သွေးနံ့များကြားတွင် ၀မ်းဆွဲသည်တစ်ယောက် တံခါးဝသို့ အပြေးအလွှား ထွက်လာရင်း အသံကုန်အော်ဟစ်ခလိုက်သည်။

“ဗိုက်ထဲမှာ ကလေးက ကန့်လန့်ဖြစ်နေတာ၊ မွေးရခက်တဲ့ အနေအထားမို့လို့ တခြားလူကိုသာ ရှာပြီးမွေးခိုင်းကြတော့”

မိမိလက်ပေါ်တွင် လူနာအသက်ဆုံးရှုံးသွားပါက တာဝန်ယူရမည်ကို စိုးရိမ်ထိတ်လန့်နေသောကြောင့် ၀မ်းဆွဲသည်၏မျက်နှာမှာ ဖြူရော်နေလေ၏။

စုတ်ပြတ်ဟောင်းနွမ်းနေသော လျှော်တေအင်္ကျီကို ဝတ်ဆင်ထားသည့် အသက် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် မိန်းကလေးငယ်မှာ ထိုစကားကိုကြားသည်နှင့် အနီးရှိ အဘွားအိုကြီး၏ခြေရင်းသို့ ဒူးထောက်ပြုတ်ကျသွားကာ ကြမ်းပြင်နှင့် နဖူးထိတိုက်ကာ ရှိခိုးတောင်းပန်တော့၏။

“အဖွား၊ သမီးအမေ မွေးရခက်နေလို့ပါ၊ ကျေးဇူးပြုပြီး သမီးကို အပြင်ထွက်ခွင့်ပေးပါ၊ သမီးအမေ အသက်ရှင်အောင် သမားတော်သွားပင့်ပါရစေ”

ကလေးမလေး၏ လက်မောင်းနှင့် ခြေကျင်းဝတ်များပေါ်တွင် အရွယ်အစားစုံလင်လှသော ဒဏ်ရာအမည်းကွက်များက မြင်ရက်စရာမရှိအောင် ဖုံးလွှမ်းနေသည်။

သူမက မျက်ရည်များ ဖြိုင်ဖြိုင်ကျရင်း ဆက်ပြောလေ၏။

“အဖွားရဲ့ငွေတွေကို သမီး မသုံးပါဘူး၊ မနက်ဖြန်ကျရင် သမီးကိုယ် သမီး လူကုန်ကူးတဲ့သူဆီ ရောင်းပြီးဆပ်ပါ့မယ်”

ဘေးနားရှိ မိန်းမသားများနှင့် ကလေးငယ်များကလည်း ယူကျုံးမရ တောင်းပန်နေကြသည်။

“အမေ၊ ရှို့ယွင် မွေးရခက်နေပြီမို့လို့ သားတို့ကို သမားတော်သွားပင့်ခွင့်ပြုပါ”

“အမေရယ်၊ လူ့အသက်တစ်ချောင်းလုံး သေရေးရှင်ရေးဖြစ်နေလို့ပါ”

ငိုယိုတောင်းပန်သံများနှင့်အတူ မီးဖွားနေသော အမျိုးသမီး၏နာကျင်စွာ အော်ဟစ်ညည်းတွားသံများ ရောယှက်နေရာ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ကန္တာရဆန်ဆန် ခြောက်ကပ်ကြေကွဲဖွယ်ကောင်းလှ၏။

စုန့်မိသားစု၏သားအကြီးဆုံးဖြစ်သူ စုန့်ကျစ်ယုံမှာ ခြေတစ်ဖက်တရွတ်ဆွဲကာ ဘေးတွင်ရပ်နေပြီး သူ၏နေလောင်ထားသော မျက်နှာထက်တွင် ကူကယ်ရာမဲ့နေသော နာကျင်မှုများဖြင့် ပြည့်နှက်နေလေသည်။

အဘွားအိုကြီးက သူမ၏ စွေစောင်းနေသော မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး တံခါးဝတွင် မားမားမတ်မတ် ပိတ်ရပ်ထား၏။

“ဘာ သမားတော်ပင့်ရမှာလဲ၊ ဘယ်မိသားစုက ကိုယ့်ဘာသာ ကိုယ် ကလေးမမွေးဖူးလို့လဲ၊ ဒီငွေကုန်ကြေးကျများတဲ့ မိန်းမကပဲ အထူးအဆန်းဖြစ်ပြီး အဖိုးတန်နေတာကျလို့”

သူမ မထီမဲ့မြင်ဟန်ဖြင့် တံတွေးထွေးချလိုက်သည်။

“ထွီ၊ တန်ဖိုးမရှိတဲ့အမှိုက်မ”

“သမားတော်ပင့်ချင်ရင် ငါသေမှပဲ ပင့်ကြ”

အဘွားအိုကြီး၏ စကားသံအဆုံးတွင် သူမ ခန္ဓာကိုယ်ကြီးမှာ ရုတ်တရက် တဆတ်ဆတ်တုန်ရီလာပြီး ကြမ်းပြင်ပေါ်သို့ ပက်လက်လန် လဲကျသွားတော့သည်။

ပြောသည့်အတိုင်း အမှန်တကယ်ပင် ပြည့်ဝသွားခဲ့ခြင်းဖြစ်၏။

မိသားစုဝင်အားလုံး အလန့်တကြားဖြင့် ဝိုင်းအုံလာကြသည်။

“အမေ၊ အမေဘာဖြစ်သွားတာလဲ”

“အမေ၊ အဆင်ပြေရဲ့လား”

ဝူယွီလန် မျက်လုံးပွင့်လာချိန်တွင် စိုးရိမ်တကြီး ဝိုင်းကြည့်နေကြသော မိသားစုဝင်များ၏ မျက်လုံးများကို မြင်လိုက်ရပြီး မှင်သက်သွားလေသည်။

‘ဘာတွေဖြစ်ကုန်တာလဲ၊ ငါက နှလုံးရုတ်တရက်ရပ်ပြီး သေသွားခဲ့ပြီမဟုတ်လား'

သူ စိမ်းဆန်လှသော မှတ်ဉာဏ်များက ခေါင်းထဲသို့ အလုံးအရင်း ဝင်ရောက်လာရာ ဝူယွီလန်တစ်ယောက် မူးဝေနောက်ကျိသွားရသည်။ အချိန်အနည်းငယ် ကြာပြီးနောက်မှ ဝူယွီလန် သဘောပေါက်သွားတော့၏။

ဆေးပညာရှင် ဆရာ၀န်တစ်ဦးဖြစ်သော သူမသည် အခြားသော ရှေးဟောင်းခေတ်ကာလတစ်ခုရှိ အလွန်တရာ အပြောအဆိုကြမ်းတမ်းပြီး ကောက်ကျစ်ယုတ်မာလှသော အဘွားအိုကြီးတစ်ဦး၏ ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ယခုအချိန်တွင် ခန္ဓာကိုယ်ပိုင်ရှင်၏တတိယချွေးမဖြစ်သူမှာ ကလေးမွေးဖွားရန် အခက်အခဲဖြစ်နေပြီး ဤယုတ်မာသောအဘွားအိုကြီးက သမားတော်ပင့်ရန် ငွေမကုန်ခံလိုသည့်အပြင် မည်သူမျှ အပြင်မထွက်နိုင်စေရန် တံခါးကိုပါ ပိတ်ရပ်ထားခဲ့၏။

ထိုမျှလောက် ရက်စက်ခဲ့သည်တိုင်အောင် ချွေးမများနှင့် မြေးများမှာ သူမ မြေပြင်ပေါ်လဲကျသွား သည်ကို မြင်သောအခါ အလွန်အမင်း စိုးရိမ်ပူပန်နေကြဆဲဖြစ်သည်။

အရိုးပေါ် အရေတင်နေသော ချွေးမများနှင့် သားသမီးမြေးများကို ကြည့်ရင်း ဝူယွီလန် စိတ်ထဲမှ ကြိမ်းဝါးလိုက်သည်။

“ခွေးအိုကြီး”

သူမ အနည်းငယ် မွန်းကျပ်သွားမိ၏။

‘ငါက... ဒီယုတ်မာတဲ့ အဘွားအိုကြီးအဖြစ်နဲ့ ရှေ့ဆက် အသက်ရှင်ရတော့မှာလား'

အခန်းတွင်းမှ မီးဖွားနေသော အမျိုးသမီး၏နာကျင်စွာ အော်ဟစ်သံများက ထွက်ပေါ်လာပြန်သည်။ ထိုအသံကြောင့် ဝူယွီလန် ရုတ်တရက် အသိဝင်လာလေသည်။

‘ထားလိုက်တော့၊ လောလောဆယ် လူ့အသက်ကယ်ဖို့က ပိုအရေးကြီးတယ်'

သူမ မျက်လုံးများက စူးရှအေးစက်သွားပြီး မူလခန္ဓာကိုယ်ပိုင်ရှင်၏လေယူလေသိမ်းအတိုင်း အတုခိုးကာ ငေးကြောင်ရပ်နေသော လူအုပ်ကြီးကို ဟိန်းဟောက်လိုက်၏။

“နင်တို့အားလုံး ဘာရပ်လုပ်နေကြတာလဲ၊ သမားတော်သွားပင့်ဖို့ ဘာလို့ မသွားကြသေးတာလဲ”

ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသော မိန်းကလေးသည် ထိုစကားကို ကြားသောအခါ ဝူယွီလန်ကို အကဲခတ်သည့်အနေဖြင့် သတိထားကာ မော့ကြည့်လိုက်၏။

သူမကို လှည့်ပင်မကြည့်ကြောင်း သေချာသွားသောအခါ ကြမ်းပြင်မှ ကမန်းကတန်းထရပ်ပြီး အရူးတစ်ယောက်ပမာ တံခါးအပြင်သို့ ပြေးထွက်သွားတော့သည်။

“အမေ၊ သမီးကို စောင့်နေပါ၊ အမေ့ကိုကယ်ဖို့ သမားတော်ကို သမီး သေချာပေါက်ခေါ်လာခဲ့မယ်”

ကျန်လူများ ကြောင်တောင်တောင်ဖြစ်နေဆဲဖြစ်သည်ကို မြင်သောအခါ ဝူယွီလန်က ထပ်မံ၍ ငေါက်ငန်းလိုက်သည်။

“ဘာတွေ ကြောင်ကြည့်နေကြတာလဲ၊ ရေနွေးကြိုပြီး အစားအသောက်တွေ ဘာလို့မချက်ကြသေး တာလဲ”

ထိုစကားကို ကြားသည်နှင့် အငယ်ဆုံးသားဖြစ်သူ စုန့်ကျစ်ရှု ခေါင်းပြူထွက်လာ၏။

“အမေ၊ သားဆာနေတာကို ဘယ်လိုလုပ်သိတာလဲ”

ဝူယွီလန် ဖြူဖြူဖွေးဖွေး သန့်သန့်ရှင်းရှင်းနှင့် တန်ဖိုးကြီးချည်ထည်ကို ဝတ်ဆင်ထားသော စုန့်ကျစ်ရှုအား တစ်ချက်သာ စွေကြည့်လိုက်ပြီး လျစ်လျူရှုထားလိုက်သည်။

ဤကောင်လေးက မူလခန္ဓာကိုယ်ပိုင်ရှင် အလွန်အမင်းအလိုလိုက်ထားသည့် အငယ်ဆုံးသားပင်။ သူ့အတွက်နှင့် မိသားစုတစ်စုလုံးကို ကျွဲ၊ နွားများပမာ ခိုင်းစေခဲ့ခြင်းဖြစ်သည်။

ဤအငယ်ဆုံးသားက အရည်အချင်းရှိလျှင် တစ်မျိုးပြောစရာမလိုသော်လည်း မိသားစု၏ပံ့ပိုးကျွေး မွေးမှုကို ခံယူထားပြီး အခြေခံစာမေးပွဲလေးတစ်ခုကိုပင် အောင်မြင်အောင်မဖြေဆိုနိုင်သည့် အသုံးမကျသောလူ ဖြစ်နေသည်။

လူသားတစ်ဦး၏အသက်ရှင်သန်ရေးထက် မိမိသက်သောင့်သက်သာရှိမှုကိုသာ ဦးစားပေးသော သူ့အတ္တဆန်မှုက ခေတ်မီဆရာ၀န်တစ်ဦး၏စံနှုန်းများနှင့် ဆန့်ကျင်ဘက်ဖြစ်လို့နေသည်။

ထိုအကြောင်းကိုတွေးမိပြီး ဝူယွီလန် စုန့်ကျစ်ရှုကို စိတ်ပျက်လက်ပျက်ဖြင့် မျက်စောင်းထိုးလိုက်ကာ မီးဖိုချောင်ဘက်သို့လှည့်၍ ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ရေနွေးတစ်အိုး ကျိုထား၊ ဆန်ပြုတ် ပြုတ်ပြီး ကြက်ဥနှစ်လုံး ပြုတ်ထားလိုက်”

စုန့်ကျစ်ရှု နှုတ်ခမ်းသပ်လိုက်၏။

“ကျေးဇူးပါပဲအမေ၊ ဒီတလော စာတွေအရမ်းကျက်နေရလို့ ခေါင်းတွေ ကိုက်နေတာ၊ အားရှိအောင် ကြက်ဥစားမှဖြစ်တော့မယ်”

ဆန်ပြုတ်နှင့် ကြက်ဥပြုတ်မှာ သူ့အတွက်ဟု စုန့်ကျစ်ရှုတစ်ယောက်တည်း တွေးနေခြင်းမဟုတ်ဘဲ အားလုံးကလည်း ထိုသို့ပင် ထင်မြင်နေကြသည်။

ဝူယွီလန် အာရုံစိုက်မနေတော့ဘဲ လက်ကို သန့်စင်အောင်ဆေးကြောပြီးနောက် မီးဖွားမည့်အမျိုးသမီး ရှိရာ အခန်းဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်၏။

တံခါးကို တွန်းဖွင့်လိုက်သည်နှင့် ပြင်းထန်သောသွေးညှီနံ့က နှာခေါင်းထဲသို့ အလုံးအရင်းဝင်ရောက် လာသည်။

အခန်းတွင်း၌ လီရှို့ယွင်မှာ နာကျင်မှုကြောင့် ဗိုက်ကိုဖိထားရပြီး ချွေးမအကြီး ဝမ်ကွေ့ချင်က သူမဘေးတွင် စိုးရိမ်တကြီးစောင့်ရှောက်ပေးနေသည်။

တစ်စုံတစ်ယောက်ဝင်လာသည်ကို မြင်သောအခါ ဝမ်ကွေ့ချင်ခမျာ ကြောက်လန့်တကြား နောက်ဆုတ် သွားလေ၏။

“အမေ... အမေ ဘာလို့ ဒီကိုရောက်လာတာလဲ”

ဝူယွီလန်သည် စကားတစ်ခွန်းမျှမဆိုဘဲ အနီးသို့လျှောက်သွားကာ လီရှို့ယွင်၏သွေးခုန်နှုန်းကို စမ်းသပ်ပြီးနောက် ဗိုက်ကိုပါစစ်ဆေးလိုက်သည်။

သန္ဓေသားမှာ ကန့်လန့်အနေအထားဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် သူမ မျက်ခုံးများက မသိမသာ တွန့်ကွေးသွားရ၏။

“သူ့ကို သေချာချုပ်ထားပေးစမ်း”

အမိန့်ပေးပြီးလိုက်နောက် အနီးရှိကတ်ကြေးကို ကောက်ကိုင်လိုက်သည်။

ဝမ်ကွေ့ချင်၏မျက်နှာမှာ ထိတ်လန့်သွားပြီး အသံများပင် တုန်ယင်နေ၏။

“အမေ... အမေ ဘာလုပ်မလို့လဲ”

ဝူယွီလန်က မျက်နှာကို တင်းတင်းထားလိုက်သည်။

“ဘာလုပ်ရမှာလဲ၊ ကလေးမွေးပေးမလို့ပေါ့၊ သားအမိနှစ်ယောက်လုံးကို သေစေချင်နေတာလား”

လီရှို့ယွင် ကတ်ကြေးကို မြင်သောအခါ ပိန်ချုံးနေသော သူမ မျက်နှာမှာ ပိုဖြူရော်သွားတော့၏။ သို့သော် သူမက ဤကလေးကို မွေးနိုင်မည်မဟုတ်ကြောင်းနှင့် မမွေးနိုင်ပါက နှစ်ယောက်လုံး သေရမည်ဖြစ်ကြောင်း သိနေသည်။

ထိုအကြောင်းကို တွေးမိပြီး သူမ၏ဖြူဆွတ်နေသော နှုတ်ခမ်းများကို တင်းတင်းကိုက်ထားလိုက်သည်။

“အမေ... ခွဲသာ ခွဲချလိုက်ပါ၊ ကလေးအသက်ရှင်ဖို့က ပိုအရေးကြီးပါတယ်”

ဝူယွီလန် နှုတ်ခမ်းကိုစေ့ကာ ကတ်ကြေးကိုကိုင်၍တိုးကပ်သွားသည်။

ထို့နောက် မည်သည့် တွေဝေမှုမျှမရှိဘဲ...

လီရှို့ယွင်၏တစ်ကိုယ်လုံး တုန်ယင်သွားပြီး မျက်လုံးများကို စုံမှိတ်ကာ နှုတ်ခမ်းအား သွေးထွက်မတတ် ကိုက်ထားလိုက်သည်။ သို့သော်လည်း သူမ မျှော်လင့်ထားသောနာကျင်မှုက ရောက်ရှိမလာခဲ့ပေ။

“ဖြတ်”

“ဒီအဝတ်အစားတွေက ရှုပ်နေတာပဲ၊ မလိုဘူး”

ဝူယွီလန် ကတ်ကြေးဖြင့် အဝတ်အစားများကို ညှပ်ဖြတ်လိုက်ပြီးနောက် ဆွဲဆုတ်ကာ ကတ်ကြေးကို ဘေးသို့ပစ်ချလိုက်သည်။

လီရှို့ယွင်မှာမူ ကြက်သေသေသွားရလေ၏။

“အမေ၊ သမီးဗိုက်ကိုခွဲပြီး ကလေးကို အပြင်ထုတ်... ထုတ်မှာ မဟုတ်ဘူးလား”

ဝူယွီလန်၏မျက်လုံးများ မှောင်မိုက်သွားပြီး စိတ်ထဲမှ အဘွားအိုကြီးကို ထပ်မံ၍ ကျိန်ဆဲလိုက်ပြန် သည်။

‘ကျက်သရေမရှိတဲ့ ကျွဲအိုမကြီး၊ လူတွေကို ဘယ်လောက်များတောင် နှိပ်စက်ထားခဲ့တာလဲ'

“အဝတ်အစားတွေက ရှုပ်နေလို့ ညှပ်ထုတ်လိုက်တာ”

တိုတိုတုတ်တုတ် ရှင်းပြပြီးနောက် ဝူယွီလန်၏လက်များက လီရှို့ယွင် ဗိုက်ပေါ်သို့ အုပ်မိုးသွားသည်။

“တောင့်ခံထားနော်”

သူမက ပြောနေရင်းမှ ဝမ်ကွေ့ချင်ကို အချက်ပြလိုက်၏။

ဝမ်ကွေ့ချင်သည် ခေတ္တမျှ တွေဝေသွားသော်လည်း သူမလက်များကို လီရှို့ယွင်၏လက်များပေါ်သို့ အုပ်ကိုင်ပေးလိုက်သည်။ သို့သော် အားအများကြီးတော့မသုံးရဲပေ။

ဝူယွီလန် သူမကို တစ်ချက်ကြည့်လိုက်ပြီးနောက် လီရှို့ယွင်၏ဗိုက်ကိုသာ အာရုံစိုက်လိုက်သည်။ သူမသည် လီရှို့ယွင်အား ကန့်လန့်ဖြစ်နေသော သန္ဓေသားကို ပြင်ပမှနေ၍ နေရာမှန်ရောက်အောင် လှည့်ပေးသည့်နည်းလမ်းကို အသုံးပြုမည်ဖြစ်သည်။

All Chapters