ဆေးပညာနယ်ပယ်တွင် ထူးချွန်ပြောင်မြောက်လှသည့် ဒေါက်တာဝူယွီလန်တစ်ယောက် ရုတ်တရက် သေဆုံးသွားခဲ့ပြီးနောက် သူမ၏ဝိညာဉ်သည် အလွန်တရာအဆိပ်ပြင်းကာ ရက်စက်ယုတ်မာလှသော အဘွားအိုတစ်ဦး၏ ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းရောက်ရှိသွားခဲ့သည်။ ခေတ်မီဆေးရုံ၏ပိုးသတ်ဆေးနံ့များအစား ရှေးဟောင်းအိမ်ကြီး၏ဖုန်နံ့များက သူမ အာရုံကို နှိုးဆွလိုက်ချိန်တွင် လူနာများအား ကယ်တင်ချင်သည့် သူ့မြင့်မြတ်သောဆန္ဒများက ဤခန္ဓာကိုယ်အိုကြီးထဲတွင် ပိတ်လှောင်ခံလိုက်ရတော့ ၏။ အဖွားကြီး၀ူသည် နယ်တစ်ဝိုက်တွင် နာမည်ဆိုးဖြင့်ကျော် ကြားလှသူဖြစ်သည်။ ချွေးမဖြစ်သူကို နှိပ်စက်ညှဉ်းပန်းရုံသာမက မြေးမလေးကိုပါ ငွေလောဘဖြင့် ရောင်းစားခဲ့သည့်အပြင်၌ မည်မျှယုတ်မာကောက်ကျစ်သော အလုပ်မျိုးကိုမဆို မျက်တောင်မခတ်ဘဲ လုပ်ရဲသူအဖြစ် နာမည်ကြီးလေသည်။ သူမထံ သားလေးယောက်ရှိသော်လည်း အငယ်ဆုံးသားလေးမှလွဲ၍ ကျန်သည့်သားများကိုမူ ခိုင်းနွား၊ ခိုင်းမြင်းများကဲ့သို့ သဘောထားကာ သေမတတ် အလုပ်ကြမ်းများ ခိုင်းစေလေ့ရှိသည်။ အချစ်တော် အငယ်ဆုံးသားလေး အသားစားရစေရန်အတွက် အေးစိမ့်ကာ နှင်းများကျနေသည့် ဆောင်းရာသီကြီးထဲတွင် သားအကြီးဆုံးကို တောင်ပေါ်သို့ အမဲလိုက်ခိုင်းခဲ့ရာ သားအကြီးဆုံးခမျာ သားရဲတိရစ္ဆာန်များ၏ကိုက်ဖြတ်မှုကြောင့် အသက်သေလုနီးပါးဖြစ်ခဲ့ရရှာ၏။ အငယ်ဆုံးသားလေး ပညာသင်ကြားနိုင်ရေးအတွက် ပူပြင်းလှသည့် နွေရာသီနေပူကျဲကျဲအောက်တွင် သားလတ်ကို မြစ်ကြောင်းတူးဖော်ရေး အလုပ်ကြမ်းလုပ်ရန် စေခိုင်းခဲ့ပြန်ရာ ဒုတိယသားဖြစ်သူမှာလည်း အမောဖောက်၍ အသက် ထွက်လုမတတ် ပင်ပန်းဆင်းရဲခဲ့ရသည်။ အငယ်ဆုံးသားလေး၏ရှေ့ရေး သာယာဖြောင့်ဖြူးစေရန်ဟူသော တစ်ကိုယ်ကောင်းဆန်သည့် ရည်မှန်းချက်ဖြင့် ခြေထောက်ကျိုးနေသော တတိယသားကိုပင် နယ်စပ်စစ်မြေပြင်သို့ ရက်ရက်စက်စက် စေလွှတ်ခဲ့သဖြင့် ထိုသားမှာလည်း စစ်ပွဲအတွင်း ကျဆုံးလုနီးပါးဖြစ်ခဲ့ရပြန်သည်။ သို့သော်လည်း တစ်နေ့တွင်တော့ အဘွားကြီးဝူသည် လုံးဝကို ပြောင်းလဲသွားခဲ့လေ၏။ ဆရာဝန်တစ်ဦး၏ အေးချမ်းသော မေတ္တာတရားနှင့် မိသားစုကို ကုစားလိုသည့် မှန်ကန်သောရည်မှန်းချက်များကို ကိုင်စွဲထားသည့် ဝိညာဉ်အသစ်လေးသည် အငယ်ဆုံးသားအပေါ် မျက်ကန်းတစ္ဆေ အလိုလိုက်နေမှုများကို ရပ်တန်းကရပ်လိုက်ပြီး သူမကိုယ်တိုင် စွန့်ပစ်ရောင်းစားခဲ့သည့် မြေးမလေးများကို တစ်ယောက်ချင်းစီ ပြန်လည်ရွေးယူလာခဲ့သည်။ သူ့ဇနီးသည် ကလေးမွေးဖွားကြောင်း သတင်းကြားသည်နှင့် ဆုန်းကျိခန်းတစ်ယောက် အဝေးမှနေ၍ အပြေးအလွှား ပြန်လာခဲ့သည်။ လမ်းတစ်လျှောက်လုံးတွင် မိခင်ဖြစ်သူ၏ နှိပ်စက်မှုကြောင့် သူ့ဇနီးခမျာ လူရုပ်မပေါက်အောင် ပိန်ချုံးနွမ်းနယ်နေမည်ကိုတွေးပြီး ရင်တမမ ဖြစ်နေခဲ့၏။ သို့သော် အိမ်သို့ရောက်သည့်အခါ မြင်လိုက်ရသည့်မြင်ကွင်းက သူ့ကို အံ့ဩမှင်တက်သွားစေသည်။ သူ့ဇနီးမှာ ပါးပြင်နှစ်ဖက် ပန်းရောင်သန်းကာ ကျန်းမာဝဖြိုးနေသည်ကို တွေ့လိုက်ရလေသည်။ မွေးခါစ သမီးငယ်လေးမှာလည်း ကြာစွယ်လေးများပမာ အစ်အစ်ဖောင်းဖောင်း လက်ကလေးများနှင့် ချစ်စရာကောင်းလောက်အောင် ပြည့်ဖြိုးနေလေသည်။ အိမ်ထဲရှိ အခြားသော မိန်းမသားများကို လိုက်ကြည့်လိုက်ပြန်တော့လည်း အားလုံးက ပြည့်ပြည့်ဖြိုးဖြိုးနှင့် ကျက်သရေရှိလှပြီး ပန်းထိုးရင်း သက်တောင့်သက်သာ အနားယူနေကြသည်။ ထိုအချိန်တွင် သူ၏ရက်စက်လှပါသည်ဆိုသော မိခင်ကြီးမှာမူ တံမြက်စည်းအကြီးကြီးကို ဝှေ့ယမ်းရင်း သူမ၏အချစ် တော် သားအငယ်ဆုံးကို အိမ်အနှံ့လိုက်လံရိုက်နှက်နေလေသည်။ စုန့်ကျစ်ခန်၏မျက်လုံးများ ပြူးကျယ်သွားပြီး နှုတ်ခမ်းများ ပွင့်ဟသွား၏။ “ဘုရားရေ၊ ဒါ ငါ့အိမ်ရော ဟုတ်သေးရဲ့လား၊ ငါ အိပ်မက် မက်နေတာများလား”

