အခန်း ၁၇၄
Vol. 18 Ch. 174
🍅 Chapter 174
ဆေးကုန်သည်လုပ်ရသည်က တကယ်ကို အကျိုးအမြတ်များလှသည်ဟု တွေးမိကာ သူမ ရင်ထဲတွင် သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
“အိမ်မှာ ကိစ္စနည်းနည်းရှိလို့ ရက်နည်းနည်းလေး နောက်ကျသွားတယ်”
ဝူယွီလန် သေတ္တာကို စားပွဲပေါ်တွင် တင်လိုက်ပြီး ဖော်စပ်ထားသော ဒဏ်ကြေဆေးများကို ထုတ်ယူလိုက်သည်။
“ဒီတစ်ခါ ဒဏ်ကြေဆေးပုလင်းနှစ်ရာ ဖော်စပ်လာတယ်၊ ပစ္စည်းတွေကို စစ်ဆေးကြည့်ပါဦး”
“အဒေါ်ဝူ ဖော်စပ်တဲ့ ဒဏ်ကြေဆေးရဲ့ အာနိသင်က ပတ်သက်ပြီး ချီးကျူးဖို့တောင်မလိုပါဘူး”
သခင်လေးမုချန်ကျွင်းက သူ့ဘေးနားရှိ ချင်းဖုန်းကို ချက်ချင်းအမိန့်ပေးလိုက်သည်။
“ချင်းဖုန်း၊ သွားပြီး ငွေသွားယူချေ”
“ဟုတ်ကဲ့ပါ သခင်လေး”
ချင်းဖုန်းမှာ ခေတ္တမျှထွက်သွားပြီးနောက် သေတ္တာတစ်လုံးကိုကိုင်ကာ ပြန်ရောက်လာခဲ့သည်။
“အဒေါ်ဝူ ငွေတွ သယ်သွားဖို့ အဆင်မပြေဖြစ်မှာစိုးလို့ အကုန်လုံးကို ငွေစက္ကူတွေနဲ့ လဲလှယ်ထားပေးပါတယ်”
သခင်လေးမုချန်ကျွင်း သေတ္တာကိုဖွင့်ရင်း ပြောလိုက်သည်။
“ဒီမှာ ငွေအချောင်းတစ်ထောင်ပါ၊ ရေတွက်ကြည့်ပါဦး”
လီရှို့ယွင် သူမ မျက်လုံးများကို မှိတ်တုတ်မှိတ်တုတ် လုပ်လိုက်၏။
‘ဘုရားရေ၊ အမေ အလုပ်ရှုပ်နေတဲ့ ဒီပုလင်းတွေနဲ့ အိုးတွေက ဒီလောက်တောင် တန်ဖိုးရှိတာကိုး၊ ပုလင်းနှစ်ရာကို ငွေအချောင်း တစ်ထောင်ဆိုတော့ ပုလင်းသေးသေးလေး တစ်ပုလင်းကို ငွေငါးချောင်းတန်တယ်ပေါ့’
လီရှို့ယွင်၏ အံ့အားသင့်နေသောအမူအရာလေးအား ဝူယွီလန် ရိပ်ခနဲ မြင်လိုက်ရပြီး သူမ လက်ကို ပုတ်ပေးလိုက်သည်။
‘တည်တည်ငြိမ်ငြိမ်နေ၊ တည်တည်ငြိမ်ငြိမ်နေ၊ ဒါ အစပဲ ရှိသေးတယ်လေ'
သူမ သေတ္တာထဲကို တစ်ချက်ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။
“စီးပွားရေးမှာ ယုံကြည်မှုက အဓိကပဲလေ၊ သဘာဝကျကျပဲ မင်းကို ယုံကြည်ပါတယ်”
သခင်လေးမုချန်ကျွင်း အနည်းငယ် ပြုံးပြလိုက်သည်။
“အဒေါ်ဝူက ပွင့်လင်းတဲ့သူဆိုတော့ ကျွန်တော်လည်း တိုက်ရိုက်ပဲ ပြောလိုက်တော့မယ်”
သူ စကားပြောရင်း နောက်ထပ်သေတ္တာတစ်လုံး ယူလာရန် ချင်းဖုန်းကို အချက်ပြလိုက်သည်။
“အဒေါ်ဝူ၊ ပုလင်းနှစ်ရာက ရေတစ်စက်လောက်ပဲ ရှိတာပါ၊ ဒီလိုလုပ်ရင်ကော၊ ဒီတစ်ကြိမ် ကျွန်တော် စရန်ငွေပေးထားမယ်၊ အဒေါ်ဝူက ဒီဆေးတွေကို ကျွန်တော့်အတွက် ပိုပြီးဖော်စပ်ထားပေးပါလား”
သူ သေတ္တာကိုဖွင့်ရင်း ပြောလိုက်သည်။
“ဒီမှာ ငွေအချောင်း တစ်သောင်းပါ၊ ဒါကိုယူပြီး ဆေးဖော်ဖို့ ကူညီပေးမယ့်သူတွေ ပိုပြီးငှားလိုက်ပါ”
ဝူယွီလန် သေချာတွက်ချက်ကြည့်လိုက်သည်။
ငွေအချောင်း တစ်သောင်းဆိုသည်မှာ သခင်လေးမုချန်ကျွင်းအတွက် အနည်းဆုံး ဒဏ်ကြေဆေး ပုလင်းနှစ်ထောင် ထောက်ပံ့ပေးရမည်ဖြစ်သည်။
‘ တစ်ယောက်တည်း ဆေးဖော်စပ်ရတာက တကယ်ကို ပင်ပန်းတဲ့အလုပ်ပဲ'
ရာသီဥတုက ပိုအေးလာပြီး နောက်ရက်အနည်းငယ်အတွင်း နှင်းကျနိုင်သဖြင့် တောင်ပေါ်ရှိ ဆေးဘက်ဝင်အပင်များကို ဆက်လက်မရိတ်သိမ်းနိုင်တော့ရာ အိမ်မှ လူများအနေဖြင့် အားလပ်ချိန် အနည်းငယ်ရလာမည်ကို တွေးလိုက်မိသည်။
“ကောင်းပြီလေ၊ ဒါဆိုရင် အနည်းဆုံး ပုလင်းနှစ်ထောင်ဖော်ပေးပါ့မယ်၊ ဒါပေမဲ့ မလောပါနဲ့၊ လဝက်လောက်တော့ အချိန်ပေးလို့ရတယ်မလား”
“ဒီလဝက်အတွင်းမှာ ကျွန်မ ထုတ်လုပ်နိုင်သလောက် ပုလင်းအရေအတွက်ကို သခင်လေးကိုပေးပါ့မယ်”
ဒဏ်ကြေဆေးက ပိုအဖိုးတန်လေ၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်က ပိုရှုပ်ထွေးလေဆိုသည်ကို သခင်လေးမုချန်ကျွင်းလည်း သိရှိထား၏။
“ကောင်းပါပြီ၊ ကျွန်တော် စောင့်နေပါ့မယ်”
“ဆေးဘက်ဝင်အပင်တွေ ဝယ်ဖို့နဲ့ လူငှားဖို့လည်း ငွေလိုတာမို့ ဒီငွေတွေကို ယူထားလိုက်ပါ”
ဝူယွီလန် အားနာမနေတော့ဘဲ သေတ္တာနှစ်လုံးလုံးကို လက်ခံလိုက်သည်။
ထိုအခြေအနေကို မြင်သောအခါ လီရှို့ယွင်မှာ လုံးဝ မှင်တက်သွားတော့သည်။
ယောက္ခမဖြစ်သူက သူမ၏ငွေအနည်းငယ်ကို အထင်မကြီးသည်မှာ အံ့ဩစရာမဟုတ်ပေ။
ယောက္ခမဖြစ်သူက တစ်ချိန်လုံး သူမ၏စစ်မှန်သော စွမ်းရည်များအား ဖုံးကွယ်ထားခဲ့ခြင်းဖြစ်ကြောင်း သိလိုက်ရသည်။
အနည်းငယ် ကြိုးစားအားထုတ်လိုက်ရုံဖြင့် ငွေအချောင်း တစ်သောင်းတစ်ထောင်ကို ရှာဖွေနိုင်ခဲ့သည်မဟုတ်ပါလား။
လီရှို့ယွင်၏ကြောင်အမ်းအမ်းဖြစ်နေသော မျက်နှာကို မြင်သောအခါ ဝူယွီလန် ရယ်မောလိုက်ပြီး သူမ၏နားနားသို့ ကပ်ကာ တီးတိုးပြောလိုက်သည်။
“မြင်တယ်မလား၊ ငွေရှာရတာက အမေ့အတွက် သမီးထက် ပိုလွယ်ကူတယ်လေ”
လီရှို့ယွင် ယုံကြည်ကိုးကွယ်သော အမူအရာဖြင့် ပြန်ပြောလိုက်လေ၏။
“အမေ၊ အမေက အရမ်းကို အံ့ဩစရာကောင်းတာပဲ”
‘အချိန်တိုလေးအတွင်းမှာကို ငွေအချောင်း တစ်သောင်းတစ်ထောင်တောင် ရှာနိုင်တယ်လား၊
‘ဘဏ်တိုက်ကို ဓားပြတိုက်ရင်တောင် ဒီလောက်မြန်မှာမဟုတ်ဘူး'
“တည်တည်ငြိမ်ငြိမ်နေပါ၊ ငါတို့ မိသားစုရဲ့ နေ့ရက်ကောင်းတွေက အရှေ့မှာ အများကြီးရှိသေးတယ်”
ချွေးမဖြစ်သူရှေ့တွင် အနည်းငယ်ကြွားလုံးထုတ်ပြီးနောက် ဝူယွီလန်မှာ အလွန်ကောင်းမွန်သော စိတ်အခြေအနေတွင် ရှိနေတော့သည်။
“အဒေါ်ဝူ၊ ထမင်းပွဲ ပြင်ဆင်ပြီးပါပြီ၊ အဒေါ်တို့... ဒီမှာ နေ့လယ်စာ သုံးဆောင်သွားမလား”
သခင်လေးမုချန်ကျွင်းကမူ ဝူယွီလန်နှင့် ပိုမိုရင်းနှီးချင်သဖြင့် နေ့လယ်စာကို စောစောစီးစီး ပြင်ဆင်ထားခဲ့ခြင်းဖြစ်သည်။
“ဒါ ကျွန်မရဲ့ တတိယချွေးမ လီရှို့ယွင်လေ”
ဝူယွီလန် မိတ်ဆက်ပေးလိုက်သည်။
“ရှို့ယွင်၊ ဒါက ဆေးကုန်သည် သခင်လေးချန်ကျွင်း၊ သူဌေးချန်တဲ့”
လီရှို့ယွင် သခင်လေးမုချန်ကျွင်းအား အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။
“သူဌေးချန်”
သခင်လေးမုချန်ကျွင်းက ယဉ်ကျေးစွာ ပြုံးပြလိုက်သည်။
“အဒေါ်ဝူရဲ့ ချွေးမကိုး၊ ဧည့်ဝတ်ကျေပွန်မှု အားနည်းသွားရင် ခွင့်လွှတ်ပါ”
“အမလေး၊ အရမ်းယဉ်ကျေးလွန်းနေပါပြီ၊ ကျွန်မတို့ တောသူတောင်သားတွေက အဲဒီလောက် ဇီဇာမကြောင်ပါဘူး၊ ရှို့ယွင် သူဌေးချန်က ထမင်းပွဲ ပြင်ဆင်ထားမှတော့ စားပြီးမှပဲ အိမ်ပြန်ကြတာပေါ့”
လီရှို့ယွင် လိမ္မာစွာဖြင့် ခေါင်းညိတ်ပြလိုက်၏။
သခင်လေးမုချန်ကျွင်း ဘေးသို့ဖယ်ကာ ကိုယ်တိုင်ကိုယ်ကျ လမ်းပြပေးလေသည်။
“ဒါဆိုရင် ပန်းခန်းမဆောင်ကို ကြွပါခင်ဗျာ၊ ဒီနေ့ အိမ်ချက်ဟင်းလျာ နည်းနည်းပဲ ပြင်ဆင်ထားလို့ပါ၊ အဒေါ်ဝူတို့ အကြိုက်မတွေ့ရင် ပြောပါနော်”
၎င်းတို့သုံးဦး စင်္ကြန်လမ်းအတိုင်း လျှောက်လာခဲ့ကြသည်။
ပန်းခန်းမဆောင်အတွင်းရှိ စားပွဲဝိုင်းပေါ်တွင် ဟင်းရှစ်ပွဲနှင့် ဟင်းချိုနှစ်ခွက်ကို ခင်းကျင်းထားပြီးဖြစ်ရာငန်းရင်အုံသား ကင်၊ ဆန်ဝိုင်ပေါင်း ငါးသလောက်၊ မှိုဘဲပေါင်း၊ ကန်စွန်းရွက်ကြော် စသည်တို့ ပါဝင်လေသည်။
အလယ်တွင်တော့ ရွှေရောင်အစွန်းကွပ်ထားသော အပူပေးအိုးငယ်လေးအတွင်းမှ နို့ရောင်ဟင်းချိုများ ဆူပွက်နေပြီး ပြင်းထန်သော ဆေးရနံ့များ ထွက်ပေါ်နေလေသည်။
ဝူယွီလန်၏နှာခေါင်းလေး အနည်းငယ်လှုပ်ရှားသွားပြီး ဟင်းချိုထဲတွင် ဂျင်ဆင်း၊ တရုတ်နွယ်ပင်မြစ်၊ တရုတ်နံနံမြစ်နှင့် ခပ်သဲ့သဲ့လေး ပါဝင်နေသော ပန်နက်စ်နိုတိုဂျင်ဆင်းတို့ကို ခွဲခြားသိရှိလိုက်၏။
ယင်းတို့အားလုံးမှာ သွေးအားဖြည့်ပေးပြီး ခန္ဓာကိုယ်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်သည့် အကောင်းဆုံးပါဝင်ပစ္စည်းများ ဖြစ်သည်။
သခင်လေးမုချန်ကျွင်းက သူမအား အသက်ကြီးကြီး လူတစ်ဦးဖြစ်သောကြောင့် ဂရုစိုက်ရန် အများကြီးစဉ်းစားပေးထားကြောင်း ထင်ရှားနေသဖြင့် သူ၏ ဂရုတစိုက်ရှိမှုအပေါ် သူမ အထင်ကြီးလေးစားမှုများ ပိုမိုတိုးပွားလာခဲ့သည်။
သူတို့ နေရာယူပြီးသည်နှင့် ဘေးနားရှိ အစေခံမိန်းကလေးများက ဟင်းများကို ခူးခပ်ပေးရန်လျှောက်လာကြ၏။
လီရှို့ယွင်မှာ လုပ်အကျွေးပြုစုခံရသဖြင့် အနည်းငယ်နေရခက်နေလေသည်။