အခန်း ၉၆
Vol. 10 Ch. 96
🍅 Chapter 96
သို့သော် ထိုစဉ် စုန့်ကန်၏မိန်းမဖြစ်သူ လျိုမေဖန်က မျက်မှောင်ကြုတ်လိုက်သည်။
သူမသည် ခင်ပွန်းဖြစ်သူ စုန့်ကန်ကို သူမ၏နောက်ကျောဘက်သို့ ဆွဲယူကာ ယောက္ခမဖြစ်သူအား မျက်စောင်းထိုးလိုက်သည်။
“အမေ၊ ဘယ်လိုဖြစ်လို့ ဒီလိုလုပ်နေရတာလဲ၊ အမေက ကိုယ့်သားကို အရိုက်ခံဖို့ တွန်းပို့နေတာပဲ”
လျိုမေဖန်က ခင်ပွန်းဖြစ်သူ၏နားရွက်ကို ဆွဲကာ အပြင်ဘက်သို့ လျှောက်သွားရင်း ပြောလိုက်သည်။
“သွားစို့၊ ကျွန်မနဲ့အတူ အိမ်ပြန်မယ်”
“ဘယ်... ဘယ်သွားမလို့လဲ”
ဝူယွီလန်က ဝမ်ကွေ့ချင်ကို အဓိပ္ပာယ်ပါပါဖြင့် တစ်ချက်ကြည့်လိုက်၏။
“ချွေးမအကြီး”
“ဟုတ်ကဲ့”
ဝမ်ကွေ့ချင် အသံပြုလိုက်ပြီး ခြံတံခါးဝသို့သွားကာ တင်းကျပ်စွာ ပိတ်ဆို့ထားလိုက်သည်။
ဝူယွီလန်သည် တံမြက်စည်းကြီးတစ်ချောင်းကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ကာ ဒေါသထွက်နေသောမျက်နှာဖြင့် ခြံဝင်းအလယ်တွင် မတ်တတ်ရပ်လိုက်၏။
“ငါ့အိမ်ကိုလာပြီး ပြဿနာရှာရဲတယ်ပေါ့လေ၊ ငါ ဝူယွီလန်က အနိုင်ကျင့်ဖို့လွယ်တယ်လို့ နင်တို့ တကယ်ထင်နေတာလား”
သူမ စကားသံပင် မဆုံးသေးမီ လက်ထဲရှိတံမြက်စည်းကြီးက လေးလံသောတုတ်ကြီးတစ်ချောင်းအလား လျိုမေဖန်အပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားလေသည်။
“အမလေး”
အငိုက်မိသွားသောလျိုမေဖန်က နာကျင်စွာ အော်ဟစ်လိုက်သည်။
“မရိုက်ပါနဲ့၊ မရိုက်ပါနဲ့”
၎င်းကိုမြင်သောအခါ စုန့်ကန်မှာ ကြောက်လန့်တကြား ဖြူရော်သွားပြီး မျက်နှာကိုလက်နှစ်ဖက်ဖြင့် အလျင်အမြန်ကာကွယ်ကာ ခြံဝင်းအတွင်း၌ ခေါင်းကိုငုံ့၍ ဟိုပြေးဒီပြေး ပြေးလွှားနေလေတော့သည်။
“ခင်ဗျားက ကျွန်တော့်မိန်းမကို ရိုက်တာဆိုတော့ ကျွန်တော့်ကို ရိုက်လို့မရဘူးလေ”
စုန့်ကန် ပတ်ပြေးနေရင်းမှ အော်ပြောလိုက်သည်။
ခင်ပွန်းဖြစ်သူ၏စကားကို ကြားသောအခါ လျိုမေဖန်မှာ စကားပင်မပြောနိုင်တော့ချေ။
သူမ၏ခင်ပွန်းသည် သတ္တိကြောင်ပြီး ပြဿနာကို ရှောင်ပြေးတတ်ကြောင်း သူမ အမြဲတမ်းသိထားသော်လည်း မိမိ၏ဇနီးဖြစ်သူ အရိုက်ခံနေရချိန်တွင်ပင် ဝင်ရောက်မကူညီရဲလောက်သည်အထိ ဤမျှလောက် သတ္တိကြောင်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
“သတ္တိကြောင်တဲ့ကောင်”
လျိုမေဖန်မှာ ဒေါသကြောင့် တုန်ယင်နေပြီး စုန့်ကန်ကို ဆဲရေးတိုင်းထွာလေတော့သည်။
“ရှင်လို အသုံးမကျတဲ့ယောကျ်ားနဲ့ ယူမိတာ ကျွန်မ မျက်စိကန်းလို့ပဲ ဖြစ်ရမယ်”
စုန့်ကန် ထိုသို့ပြောသည်ကို ကြားသောအခါ ဝူယွီလန်က သူ့ကို တံမြက်စည်းဖြင့် လိုက်လံရိုက်နှက်လေတော့သည်။
“ကိုယ့် မိန်းမအရိုက်ခံနေရတာကို မကာကွယ်ပေးဘဲ ထွက်ပြေးတယ်ပေါ့လေ၊ နင်က ဘယ်လိုယောကျ်ားမျိုးလဲ”
“နင်က ဘယ်လိုယောကျ်ားမျိုးလဲ”
စုန့်ကန်သည် ဝူယွီလန်၏လိုက်လံရိုက်နှက်မှုကို သနားစဖွယ်ခံစားနေရသည်။
သူက ပြေးလွှားနေရင်းမှ သနားခံလေ၏။
“အမလေး၊ မိန်းမရေ၊ ကိုယ်မှားမှန်းသိပါပြီ၊ ကယ်ပါဦး”
လျိုမေဖန်မှာ အလွန်အမင်း ဒေါသထွက်နေပြီဖြစ်ရာ ဤသတ္တိကြောင်သူကို ဂရုစိုက်ရန် ရည်ရွယ်ချက် လုံးဝမရှိတော့ပေ။
“သူ့ကို ရိုက်၊ သူ့ကို သေအောင်ရိုက်ပစ်”
ဟောင်ချန်သည် သားဖြစ်သူအတွက် ရင်နာနေသော်လည်း ဝူယွီလန်ကို ဘာမှမလုပ်ရဲသဖြင့် သူမ၏ ဒုတိယချွေးမကို ဆဲရေးတိုင်းထွာရုံသာ တတ်နိုင်တော့သည်။
“လျိုမေဖန်၊ အကျင့်ယုတ်တဲ့ကောင်မ၊ နင်က လူရောဟုတ်ရဲ့လား၊ သူက နင့်ယောကျ်ားလေ”
ဟောင်ချန်၏ဆဲဆိုသံကို ကြားသောအခါ လျိုမေဖန်က သူမနားကိုသူမ ကလော်ထုတ်လိုက်သည်။
“ကျွန်မယောကျ်ားဖြစ်တော့ရော ဘာဖြစ်လဲ၊ ကျွန်မ အရိုက်ခံနေရတုန်းက သူမှ မကူညီခဲ့တာ၊ သူ အရိုက်ခံရတာကို ကျွန်မက ဘာလို့ဂရုစိုက်ရမှာလဲ”
“အမေက သူ့ရဲ့အမေအရင်းပဲလေ၊ ဘာလို့ သွားမတားတာလဲ”
“ကြည့်စမ်း ကလေးတို့အဖေ၊ ရှင့်အမေက ပါးစပ်ကသာ ပြောနေတာ၊ တကယ်တမ်းကျတော့ ရှင် သေအောင်အရိုက်ခံရရင်တောင် သူ ဂရုစိုက်မှာမဟုတ်ဘူး”
“ကလေးတွေကို လမ်းမှားရောက်အောင်လုပ်တာက တစ်ပိုင်းထားပါတော့၊ အခုတော့ ကျွန်မတို့ကိုပါ အရိုက်ခံရအောင် သူက ဆွဲသွင်းလာသေးတယ်”
စုန့်ကန်မှာ အရိုက်ခံရသဖြင့် နာကြည်းနေပြီဖြစ်ရာ ဤစကားများကို ကြားသောအခါ မိခင်ဖြစ်သူကိုပါ ချက်ချင်းမုန်းတီးသွားလေတော့၏။
“အမေ၊ အမေက ဒီပြဿနာတွေကိုဖန်တီးခဲ့တာလေ၊ မြန်မြန် တောင်းပန်လိုက်ပါတော့”
ဟောင်ချန်က မတောင်းပန်ချေ။
ဖရိုဖရဲ ဖြစ်နေသော မြင်ကွင်းကို ကြည့်ကာ သူမ၏ပေါင်ကိုသူမ အကူအညီမဲ့စွာ ရိုက်လိုက်သည်။
သူမက သားနှစ်ယောက်အား ခေါ်လာခြင်းမှာ သူမအ ကျောထောက်နောက်ခံပေးရန်နှင့် သူမ မျက်နှာကို ပြန်လည်အဖက်ဆယ်ရန် ဖြစ်သော်လည်း မည်သို့လုပ်၍ မိသားစုတစ်ခုလုံး အရိုက်ခံရသည့်အခြေအနေသို့ ရောက်ရှိသွားရသနည်း။
“ဝူယွီလန်၊ တော်လောက်ပြီ၊ တော်ပါတော့”
ဤအဘွားကြီး၏အသံကို ကြားသောအခါမှ ဝူယွီလန်သည် သူမအား နောက်ဆုံးတွင် သတိရသွားတော့သည်။
သူမ၏အကြည့်များ စူးရှသွားပြီး ဟောင်ချန်ကို အေးစက်စက် စိုက်ကြည့်လိုက်လေသည်။
ဝူယွီလန်၏အကြည့်ကို သတိပြုမိသောအခါ ဟောင်ချန် တစ်ကိုယ်လုံး တုန်ရီလာလေတော့၏။
သူမသည် တံတွေးမြိုချကာ နောက်သို့ ကပြာကယာ ဆုတ်လိုက်မိသည်။
ဝူယွီလန် ခေါင်းလှည့်ကာ သူမ၏ချွေးမနှစ်ဦးကို ကြည့်လိုက်လေ၏။
“ချွေးမအကြီး၊ ဒုတိယချွေးမ သူ့ကို ဖမ်းထားလိုက်စမ်း”
ဝမ်ကွေ့ချင်က သူမ လက်များကို ပွတ်သပ်လိုက်သည်။
“အမေ၊ အမေ့ဆီက အဲဒီစကားကို စောင့်နေတာကြာလှပြီ”
သူမသည် ခြေလှမ်းအနည်းငယ်မျှ ရှေ့သို့တိုးသွားကာ ထွက်ပြေးရန်ကြိုးစားနေသော ဟောင်ချန်ကို ဆွဲဖမ်းလိုက်ပြီးနောက် သူမ၏ ကိုယ်ပေါ်သို့ ခွထိုင်လိုက်လေသည်။
သူမကို မလိုအပ်တော့ကြောင်း မြင်သောအခါ ကျောက်လီကျွမ်သည် ထမ်းပိုးကို ကောက်ယူကာ ခြံတံခါးဝတွင် တာဝန်သိစွာဖြင့် အစောင့်ကျနေ၏။
သူမ မည်သူတစ်ဦးတစ်ယောက်ကိုမျှ အပြင်သို့ ပေးမထွက်နိုင်ပေ။
‘ဟွန်း၊ အခု ငါ့ယောကျ်ား ပြန်ရောက်လာပြီဆိုတော့ ငါတို့ကို ဘယ်သူက အနိုင်ကျင့်ရဲသေးလဲ ကြည့်ရသေးတာပေါ့။’
ကျောက်လီကျွမ်သည် မားမားမတ်မတ်နှင့် ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေလေသည်။
လူကို ဖမ်းမိသွားသောအခါ ဝူယွီလန်သည် သူမ၏လက်ဖဝါးထဲသို့ တံတွေးထွေးချလိုက်သည်။
“ထွီ”
“ပြီးခဲ့တဲ့တစ်ခေါက်က ငါ နင့်ကို သတိပေးခဲ့ပြီးပြီ၊ နင်က နားမထောင်ဘဲ အရိုက်ခံရအောင် ဒီကိုအတင်းလာနေမှတော့ ငါ့ကို အပြစ်မတင်နဲ့တော့”
“ဝူယွီလန်၊ နင် ငါ့ကို ရိုက်ရဲတယ်ပေါ့လေ”
ဤအခြေအနေတွင် ဟောင်ချန်မှာ ဤအော်ဟစ်သံတစ်ခွန်းသာ ပြောနိုင်တော့သည်။
“နင့်ဘာသာ ငါ့ တံခါးဝကို ရောက်လာတာ၊ ငါက ဘာလို့မရိုက်ရဲရမှာလဲ”
စကားပြောရင်း ဝူယွီလန်သည် သူမကို တစ်ချက်ပြီးတစ်ချက် ဖြတ်ရိုက်လေတော့၏။
၎င်းကိုကြည့်ရင်း လျိုမေဖန်သည် သွားဖြီးလိုက်မိပြီး စောစောက သူမ လွန်လွန်ကျူးကျူး မလုပ်ခဲ့မိသဖြင့် တံမြက်စည်းဖြင့် အရိုက်ခံရရုံဖြင့်သာပြီးဆုံး၍ ကံကောင်းသွားကြောင်း တွေးတောနေမိသည်။
မဟုတ်ပါက မြေကြီးပေါ်တွင် အဖိခံရပြီး အရိုက်ခံနေရသူမှာ သူမ ဖြစ်နေပေလိမ့်မည်။
လက်ရှိ ဝူယွီလန်သည် ယခင်ကထက်ပင် ရင်ဆိုင်ရန် ပိုမိုခက်ခဲလာကြောင်း ဤအခိုက်အတန့်တွင် သူမ ကောင်းကောင်း သဘောပေါက်သွားလေသည်။
‘ကျွတ် ကျွတ်၊ နောင်ဆိုရင် သူနဲ့ တတ်နိုင်သမျှ ဝေးဝေးနေတာ အကောင်းဆုံးပဲ၊ ဒီရှုပ်ထွေးတဲ့ ပြဿနာထဲကို ထပ်ပြီး ပါဝင်ပတ်သက်မိလို့မဖြစ်ဘူး'
သူမ အရိုက်ခံနေရသည်ကို သူမ၏ ချွေးမနှစ်ယောက်လုံးက လျစ်လျူရှုထားသည်ကို မြင်သောအခါ ဟောင်ချန်သည် ထပ်မံ၍ ဆဲရေးတိုင်းထွာလေတော့သည်။
“ယုတ်မာလိုက်တဲ့ ကောင်မနှစ်ကောင်၊ အဲဒီမှာ ဘာရပ်လုပ်နေတာလဲ၊ ငါ့ကို မြန်မြန်လာမကယ်ဘဲနဲ့”
“နင်တို့လို အသုံးမကျတဲ့ ကောင်မနှစ်ကောင်ကို မိသားစုထဲ ခေါ်သွင်းမိတာ ငါ့ဘဝဆက်တိုင်းက ကံဆိုးမှုတွေပဲ ဖြစ်ရမယ်၊ မြန်မြန် လာကယ်ကြစမ်းပါ”
ကျန်းရှီသည် ခေတ္တမျှ တွန့်ဆုတ်သွားပြီး ရှေ့သို့ထွက်ကာ ဟန်ဆောင်ပန်ဆောင်ကူညီရန် ကြိုးစားလိုသေးသော်လည်း သူမ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် တစ်ပြိုင်နက်...
“ဒိုင်း”
သူမ၏ခင်ပွန်းဖြစ်သူမှာ ဝက်ခေါင်းအလား ရောင်ရမ်းနေသောမျက်နှာဖြင့် သူမရှေ့တွင် လဲကျသွားသည်ကို မြင်ပြီး ကျန်းရှီတစ်ယောက် ဟောင်ချန်ကို မကယ်တင်ရဲတော့ချေ။
သူမသည် ဒူးထောက်ရက် လဲကျသွားပြီး လူတစ်ယောက်သေသွားသည့်အတွက် ငိုကြွေးနေသည့်အလား အော်ဟစ်ငိုယိုလေတော့သည်။