← Chapters

အခန်း ၂၂

Vol. 3 Ch. 22

အခန်း ၂၂

Vol. 3 Ch. 22

🍅 Chapter 22

ခြံဝင်းအတွင်း၌ သူတို့သုံးဦးသာ ကျန်ရစ်တော့သည့်အချိန်တွင် ဝူယွီလန် စကားစလိုက်၏။

“သမားတော်ကျန်းအနေနဲ့ ကိုယ်ဝန်ဆောင်ကို ခွဲစိတ်မွေးဖွားတယ်ဆိုတာမျိုးကို ကြားဖူးလား”

သမားတော်ကျန်း ခေါင်းညိတ်ပြလေသည်။

“ကြားဖူးပါတယ်၊ မိခင်တချို့ တကယ်ကို ကလေးမမွေးနိုင်တော့တဲ့အခါ ကလေးအသက်ရှင်ဖို့ တစ်ခုတည်းသော ရွေးချယ်စရာအနေနဲ့ ဝမ်းဗိုက်ကို ခွဲစိတ်ပြီး ကလေးကို ထုတ်ယူကြတယ်လေ”

ထိုစကားကို ကြားလိုက်ရသောအခါ သခင်ကြီးလျို၏မျက်နှာမှာ ဖြူလျော့သွားပြန်၏။ သို့သော်လည်း ၎င်းသည် နောက်ဆုံးလက်နက်ဖြစ်ကြောင်း သူနားလည်ထားပေသည်။

မည်သူသိနိုင်မည်နည်း၊ ဝူယွီလန်၏နောက်ထပ်စကားတစ်ခွန်းက သူh မျှော်လင့်ချက်များကို ပြန်လည်ရှင်သန်လာစေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

“ကျွန်မဆိုလိုတဲ့ နည်းလမ်းက အဲဒါမဟုတ်ဘူး၊ ကျွန်မပြောတဲ့ ခွဲစိတ်မွေးဖွားတာကလည်း မိခင်ရဲ့ဝမ်းဗိုက်ကိုခွဲပြီး ကလေးကို ထုတ်ယူတာ မှန်ပေမယ့် ကွာခြားချက်က အဲဒီလိုခွဲစိတ်မှုလုပ်ပြီးရင် မိခင်ကိုယ်တိုင်လည်း အသက်ရှင်ဖို့ အခွင့်အလမ်း အများကြီးရှိတယ်”

သခင်ကြီးလျိုမှာ အလွန်တရာစိတ်လှုပ်ရှားသွားပြီး ဝူယွီလန် အရှေ့သို့ ပြေးသွားကာ မေးလိုက်လေသည်။

“ဆိုလိုတာက ကလေးက ဘေးကင်းကင်းနဲ့ မွေးလာပြီးတဲ့နောက်မှာ ကျုပ်ရဲ့ဇနီးကလည်း ဆက်ပြီး အသက်ရှင်နိုင်တယ်ပေါ့၊ ဟုတ်လား”

ဝူယွီလန် ခေါင်းညိတ်ပြလိုက်ပြီး နှိမ့်ချသောဟန်ဖြင့် ပြန်ပြောလိုက်သည်။

“ခုနစ်ဆယ်ရာခိုင်နှုန်းလောက်တော့ သေချာပါတယ်”

ထိုစကားကို ကြားသည်နှင့် သခင်ကြီးလျိုသည် သူ့ဝတ်ရုံကိုမကာ မြေကြီးပေါ်သို့ ဒူးထောက်ချလိုက်လေ၏။

“ကျေးဇူးပြုပြီး ကျုပ်ရဲ့ဇနီးနဲ့ ကလေးကို ကယ်တင်ပေးပါ အစ်မကြီးဝူရယ်”

ဝူယွီလန် ငြင်းဆန်မည်ကို စိုးရိမ်သောကြောင့် သူက ပြတ်သားသော မျက်နှာထားဖြင့် ဆက်ပြောလေသည်။

“အစ်မကြီးဝူအနေနဲ့ သူတို့သားအမိကို အစွမ်းကုန်ကယ်တင်ပေးမယ်ဆိုရင် အကျိုးဆက်အားလုံးကို ကျုပ် လျိုမျိုးရိုးက တာဝန်ယူပါ့မယ်လို့ သစ္စာဆိုပါတယ်”

“သူဌေးလျိုရဲ့ စကားနဲ့တင် သူတို့သားအမိကို ကယ်တင်ဖို့ ကျွန်မ အစွမ်းကုန်ကြိုးစားပေးပါ့မယ်”

ဝူယွီလန်သည် သမားတော်ကျန်းဘက်သို့ လှည့်ကြည့်လိုက်၏။

“သမားတော်ကျန်း၊ ရှင်ရဲ့ ဆေးသေတ္တာကို ခဏလောက် ငှားပေးပါလား”

သူမသည် မည်သည့်အရာကိုမှ ယူဆောင်လာခဲ့ခြင်းမရှိပေ။ အကယ်၍ ခွဲစိတ်ဓားများ သို့မဟုတ် ဆေးပစ္စည်းများကို လေထဲမှ ဖန်ဆင်းယူလိုက်မည်ဆိုပါက အခြားသူများ၏သံသယကို ကျိန်းသေပေါက် ဖြစ်ပေါ်စေမည် ဖြစ်သည်။

သမားတော်ကျန်း၏ဆေးသေတ္တာထဲတွင် ဒဏ်ရာများကို ကုသရန် သို့မဟုတ် အရိုးခြစ်ရန်အတွက် သုံးသော ခွဲစိတ်ဓားများ ပါဝင်မည်မှာ သေချာလှ၏။

ဤအကာအကွယ်ဖြင့် သူမ၏ခွဲစိတ်ပစ္စည်းများကို အကြောင်းပြနိုင်မည်ဖြစ်သည်။

သမားတော်ကျန်းသည် အနည်းငယ်မျှပင် တွေဝေခြင်းမရှိဘဲ သူhဆေးသေတ္တာကို ဝူယွီလန်ထံသို့ ကမ်းပေးလိုက်သည်။

သူမ မထွက်သွားမီ သူက စိုးရိမ်တကြီးဖြင့် လှမ်းမေးလိုက်သေးသည်။

“အစ်မကြီးဝူ၊ တကယ်လို့ အရမ်းခက်ခဲနေမယ်ဆိုရင်...”

ဝူယွီလန်၏ မျက်ဝန်းများက ပြတ်သားတည်ကြည်နေလေသည်။

“သမားတော်ကျန်း၊ အပြင်ကနေ တံခါးခဏလောက်စောင့်ပေးဖို့ အကူအညီတောင်းပါရစေ၊ ကျွန်မ ခေါ်တဲ့အချိန်ကျမှ အထဲဝင်လာပြီး ကူညီပေးပါ”

သမားတော်ကျန်း ခေါင်းကို တဆတ်ဆတ်ညိတ်ပြလိုက်လေ၏။

“စိတ်ချပါ၊ ကျုပ် တံခါးဝကနေ အချိန်ပြည့် စောင့်ပေးထားပါ့မယ်”

ဝူယွီလန်သည် ရေနွေးဇလုံအနည်းငယ်ကို အခန်းထဲသို့ ယူဆောင်လာစေပြီးနောက် ဆေးသေတ္တာကိုဆွဲကာ အခန်းတွင်းသို့ ဝင်သွားလေတော့သည်။

သေချာသည်ကတော့ သူမသည် ရောက်ရောက်ချင်းပင် အခန်းတွင်းရှိ ၀မ်းဆွဲသည်အားလုံးကို အပြင်သို့ မောင်းထုတ်လိုက်လေ၏။

ဤအချိန်တွင် သခင်မကြီးမှာ တစ်စိတ်တစ်ပိုင်း သတိလစ်မေ့မျောနေသော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။

ဝူယွီလန်သည် အချိန်မဆွဲရဲတော့ဘဲ သူမ၏ဆေးပညာကုန်တိုက်အတွင်းမှ ခွဲစိတ်မှုအတွက်လိုအပ်သော ခွဲစိတ်ကိရိယာများအပြင် မေ့ဆေး၊ ပိုးသတ်ဆေး၊ ပတ်တီး၊ လျှပ်စစ်မီးသီးနှင့် အခြားလိုအပ်သော ပစ္စည်းများကို အမြန်ဝယ်ယူလိုက်လေ၏။

သူမတွင် နဂိုကတည်းက နည်းပါးလှသော ကုန်တိုက်သုံးငွေကြေး ၁,၉၀၀ ကျော်ထဲမှ အများစုကို အသုံးပြုလိုက်ရသဖြင့် ယခုအခါ ငွေကြေး ၂၅၀ ခန့်သာ ကျန်ရှိတော့သည်။

သီအိုရီအရဆိုလျှင် ခွဲစိတ်မှုကို ပိုးမွှားကင်းစင်သောအခန်းထဲတွင် ပြုလုပ်ရမည်ဖြစ်သော်လည်း လက်ရှိကန့်သတ်ချက်များအရ သူမအနေဖြင့် ပိုးသတ်ဆေးများကိုသာ ထပ်ခါတလဲလဲအသုံးပြု၍ ပြင်ဆင်နိုင်တော့သည်။

အရာအားလုံးကို ပြင်ဆင်ပြီးစီးသွားချိန်တွင် ဝူယွီလန်သည် ခွဲစိတ်မှုကို စတင်လိုက်လေတော့၏။

ယခု သူမလုပ်ဆောင်မည့်ခွဲစိတ်မှုမှာ သာမန် ရိုးရိုးခွဲစိတ်မွေးဖွားခြင်းမျိုး မဟုတ်ဘဲ ဝမ်းဗိုက်မြှေးပြင်ပမှ ခွဲစိတ်မွေးဖွားသည့် ပိုခက်ခဲသော နည်းလမ်းပင်။

ဤခွဲစိတ်မှုက ရောဂါပိုးဝင်ရောက်နိုင်ခြေကို လျှော့ချပေးနိုင်ရုံသာမက မိခင်ကိုလည်း ပိုမိုမြန်ဆန်စွာပြန်လည်ကျန်းမာလာစေနိုင်သည်။

သို့သော်လည်း ၎င်းနှင့်အချိုးကျစွာပင် ခွဲစိတ်မှု၏အခက်အခဲမှာလည်း ပိုမိုမြင့်မားလာသည်။

သေချာသည်ကတော့ ဆေးပညာစွမ်းရည်အထွတ်အထိပ်သို့ ရောက်ရှိနေသည့် ခွဲစိတ်ဆရာဝန်မကြီး ဝူယွီလန်အတွက်မူ ဤခွဲစိတ်မှုသည် ကလေးကစားစရာတစ်ခုလိုပင် လွယ်ကူလှပေ၏။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီးနောက် ခရီးပန်းလာကြသော သမားတော်များ တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြလေသည်။

ဤသမားတော်များသည် သဘာဝကျစွာပင် သူဌေးလျို ပင့်ဖိတ်ထားသူများ ဖြစ်ကြသည်။

သူတို့အထဲတွင် ဖျန်းကျန်းမြို့မှ နာမည်ကျော် ဒေသခံသမားတော်များသာမက ပေလျိုခရိုင်မှ နာမည်ကြီးဆေးပညာရှင်များလည်း ပါဝင်လေသည်။

အထဲတွင် ခွဲစိတ်မွေးဖွားမှုပြုလုပ်နေသူမှာ အမျိုးသမီးတစ်ဦးဖြစ်ကြောင်းနှင့် ထိုအမျိုးသမီးက မိခင်ရော ကလေးပါ အသက်ရှင်ရန် ရာခိုင်နှုန်း ခုနစ်ဆယ်အထိ အာမခံထားကြောင်း ကြားသိရသောအခါ သူတို့၏ကြီးမားလှသော အတွေ့အကြုံများအပေါ် ဂုဏ်ယူဝင့်ကြွားနေကြသည့် သမားတော်ကြီးများအားလုံးက လှောင်ပြောင်ရယ်မောလိုက်ကြလေ၏။

“သူဌေးလျို၊ ခင်ဗျား အလိမ်ခံရတာမျိုး မဖြစ်အောင် သတိထားဖို့တော့ ကောင်းတယ်၊ ရှေးခေတ်ကတည်းက ဒီလို ဝမ်းဗိုက်ခွဲပြီး မွေးဖွားတယ်ဆိုတာ ကလေးအသက်ရှင်ဖို့အတွက်ပဲ လုပ်ကြတာဗျ၊

မိခင်ဖြစ်သူပါ အသက်ရှင်တယ်ဆိုတာမျိုး ကျုပ်တို့ တစ်ခါမှကို မကြားဖူးဘူး”

သမားတော်တစ်ဦးက နှာခေါင်းရှုံ့ကာ အထင်သေးဟန်ဖြင့် ဝင်ရောက်စွက်ဖက်လိုက်လေသည်။

“ဟုတ်ပါ့ဗျာ၊ ကျုပ်တို့လို သမားတော်တွေတောင် ဘာလုပ်ရမှန်းမသိ အကြံအိုက်နေရတဲ့ အခြေအနေကို ဒီတောသူမက ဘာတွေများ နားလည်နိုင်မှာမို့လို့လဲ”

အခြားတစ်ဦးကလည်း မဲ့ရွဲ့ကာ ထောက်ခံလေ၏။

“ကုသခလေး လိုချင်လို့ လာလိမ်နေတာ မဟုတ်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ”

တတိယမြောက် သမားတော်က စိုးရိမ်ဟန်ဖန်တီးကာ သခင်ကြီးလျိုအား သတိပေးလိုက်သည်။

“သူဌေးလျို၊ သေချာစဉ်းစားပါဦးဗျာ၊ ကျုပ်တို့ကိုသာ ကုသခွင့်ပေးမယ်ဆိုရင် ခင်ဗျားရဲ့ကလေးကို ကယ်တင်နိုင်ဖို့ အခွင့်အရေး ရှိနိုင်သေးတယ်၊

ဒီတောသူမကိုသာ ဖြစ်ကတတ်ဆန်း လုပ်ခိုင်းလိုက်ရင် ဘာတွေဆက်ဖြစ်လာမလဲ ဘယ်သူမှမသိနိုင်ဘူးနော်”

သမားတော်များ၏ တစ်ယောက်တစ်ပေါက် ဝင်ရောက်စွက်ဖက်မှုများကြောင့် နဂိုကတည်းက ပူပန်သောက ရောက်နေရသော သခင်ကြီးလျို၏စိတ်အစဉ်မှာ ပိုဂနာမငြိမ် ဖြစ်လာရလေတော့၏။

သခင်ကြီးလျိုသည် တွေဝေသွားသော မျက်လုံးများဖြင့် သမားတော်ကျန်းထံသို့ လှည့်ကြည့်လာသည်။

“သမားတော်ကျန်း၊ အစ်မကြီးဝူက ကလေးဖွားတတ်တာကလွဲရင် သူ့ရဲ့ဆေးပညာစွမ်းရည်က ဘယ်လိုအဆင့်လောက်မှာ ရှိသလဲဗျ”

အမှန်တကယ်တော့ ဝူယွီလန်၌ ဆေးပညာစွမ်းရည် ရှိမရှိဆိုသည်ကို သမားတော်ကျန်း ကိုယ်တိုင်လည်း မည်သို့မျှမသိနိုင်ပေ။

ဝူယွီလန်၏ကလေးအနေအထားလှည့်သည့် နည်းပညာမှာ အလွန်တရာ အံ့မခန်းဖြစ်ကြောင်းကိုသာ သူသိထားပြီး ဤကန့်လန့်ခံနေသေ ကလေးကိုလည်း မှန်ကန်သည့် အနေအထားသို့ ရောက်အောင် ပြုလုပ်နိုင်မည့် နည်းလမ်းတစ်ခုခု ရှိလိမ့်မည်ဟု ယုံကြည်ကာ ခေါ်ယူခဲ့ခြင်းသာဖြစ်သည်။

သမားတော်ကျန်းမှာ ချက်ချင်းပြန်မဖြေနိုင်ဘဲ အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ သခင်ကြီးလျို၏နှလုံးသားမှာ တစ်ဝက်ခန့် ရေစုန်မျောသွားလေတော့သည်။

ဝူယွီလန်သည် တစ်ကြိမ်တစ်ခါမျှ ဆေးပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုခဲ့ဖူးသူ မဟုတ်ကြောင်း သိလိုက်ရသောအခါ သမားတော်များ၏ ပြစ်တင်ဝေဖန်သံများမှာ ပိုမိုကျယ်လောင်လာလေ၏။

ဆံပင်ဖြူနှင့် သမားတော်အိုကြီးက ဒေါသတကြီးဖြင့် အပြစ်တင်လိုက်သည်။

“သူဌေးလျို၊ ခင်ဗျားတော့ တော်တော်လေးကို မိုက်မဲသွားပြီပဲ၊ ဒီတောသူမကို သူ့သဘောအတိုင်း ဘယ်လိုလုပ်ပြီး စိတ်ကြိုက်လုပ်ခွင့် ပေးလိုက်ရတာလဲဗျာ”

အခြားတစ်ဦးကလည်း ခေါင်းခါယမ်းရင်း ဝင်ပြောလာသည်။

“ဟုတ်ပါ့ဗျာ၊ အချိန်မီ တားဆီးနိုင်မယ်ဆိုရင် အခြေအနေကို ပြန်လည်ကုစားနိုင်ဖို့ အခွင့်အရေး ရှိနိုင်သေးတယ်၊ တကယ်လို့ အချိန်နှောင်းသွားခဲ့ရင်တော့”

ခပ်ငယ်ငယ် သမားတော်တစ်ဦးကလည်း မကျေမချမ်းလှောင်ပြောင်လိုက်၏။

“ခွဲစိတ်မွေးဖွားပြီး အသက်ရှင်တယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ဒါက ဒီတောသူမ လူလိမ်နေတယ်ဆိုတာ ရှင်းနေတာပဲ”

အတွေ့အကြုံရင့် သမားတော်ကြီးတစ်ဦးက သူ့မုတ်ဆိတ်ကိုသပ်ရင်း ကျယ်လောင်စွာ ကြေညာလိုက်သည်။

“ဟုတ်ပါ့၊ ကျုပ် ဆေးပညာနဲ့ အသက်မွေး၀မ်းကျောင်းပြုလာတာ နှစ်ငါးဆယ်ရှိပြီ၊

ဒီလို သဘာဝနဲ့ဆန့်ကျင်တဲ့ လုပ်ရပ်မျိုးကို တစ်ခါမှကို မကြားဖူးဘူး၊ အဓိပ္ပာယ်မရှိတာ၊ လုံးဝကို အဓိပ္ပာယ်မရှိတဲ့ စကားတွေပဲ”

တည်ငြိမ်အေးဆေးလွန်းလှသော ဝူယွီလန်၏ မျက်နှာထားကို ပြန်လည်သတိရလိုက်မိချိန်တွင် သမားတော်ကျန်းမှာ အကြောင်းပြချက် မယ်မယ်ရရမရှိဘဲ သူမအား လုံးဝယုံကြည်နေမိလေသည်။

သမားတော်ကျန်းသည် မခံချင်စိတ်ဖြင့် ပြန်လည်ချေပလိုက်၏။

“သမားတော်လီ၊ ခင်ဗျားကိုယ်တိုင် ဒီလို သဘာဝနဲ့ဆန့်ကျင်တဲ့ လုပ်ရပ်မျိုးကို မျက်မြင်ကိုယ်တွေ့ မတွေ့ဖူးတာနဲ့ပဲ ဒီလောကကြီးမှာ မရှိနိုင်ဘူးလို့ ပြောလို့မရဘူးလေ”

ထိုစကားကို ကြားသောအခါ သမားတော်လီက မဲ့ရွဲ့လှောင်ပြောင်လိုက်သည်။

“သမားတော်ကျန်း၊ ခင်ဗျားကိုယ်တိုင်လည်း ဆေးပညာလောကမှာ ဆယ်စုနှစ်ချီပြီး ကျင်လည်ခဲ့တာပဲ၊ ဒီလို သဘာဝလွန်ကိစ္စမျိုးကို ခင်ဗျားကိုယ်တိုင် တွေ့ဖူးလို့များလား”

သူက ထပ်မံ၍ လှောင်ပြောင်လိုက်ပြန်သည်။

“ဒါ့အပြင်၊ ဒီလို သဘာဝလွန်ကိစ္စမျိုး တကယ်ရှိတယ်ဆိုရင်တောင် သူ့လို တောသူမတစ်ယောက်ဆီမှာတော့ လုံးဝရှိမနေနိုင်ဘူးဗျ”

All Chapters