အခန်း ၅၁
Vol. 6 Ch. 51
🍅 Chapter 51
သူမသည် စကားပြောရင်း ဆေးသေတ္တာကိုဖွင့်ကာ သွေးခုန်နှုန်းကို စမ်းသပ်လိုက်လေ၏။ သခင်မကြီးက သက်ပြင်းချလိုက်သည်။
“အမှန်အတိုင်းပြောရရင် ဒီလောက်အထိ ကောင်းကောင်းမအိပ်စက်ရတာ ဆယ်စုနှစ်နဲ့ချီနေပြီ”
“သမားတော်ဝူ၊ နင့်ရဲ့ဆေးပညာက တကယ့်ကိုထူးချွန်တာပဲ”
ဝူယွီလန်က ရိုးရိုးရှင်းရှင်းသာ ပြုံးလိုက်သည်။
“ဒါဆိုရင် ဒီနေ့လည်း အပ်စိုက်ကုသမှုကို ထပ်လုပ်ပေးမယ်နော်”
“ဒုက္ခပေးရပါဦးမယ်”
ခန္ဓာကိုယ် သက်သာလာသဖြင့် သခင်မကြီးမှာ အလာဘသလာဘ စကားများပြောလိုစိတ် ရှိလာလေ၏။
“သမားတော်ဝူ၊ နင်က ထုန်ဟွာကို ပြန်ရွေးချင်တယ်လို့ ကြားမိတယ်”
စုန့်ထုန်ဟွာ နှုတ်ခမ်းကိုကိုက်ကာ ဝူယွီလန်အား စိုးရိမ်တကြီး ကြည့်လိုက်လေသည်။
“အမှန်အတိုင်းဝန်ခံပါတယ် သခင်မကြီး၊ မြေးမလေးကို ပြန်ရွေးဖို့အတွက် သီးသန့်လာခဲ့တာပါ၊ အရင်က သတိလက်လွတ်နဲ့ သူ့ကို ရောင်းစားမိခဲ့တဲ့အတွက် ကျွန်မမှာ တာဝန်ရှိပါတယ်”
သခင်မကြီးက ဆက်ပြောလာသည်။
“ဒါဆိုရင် သူ့ကို ပြန်ရွေးဖို့အတွက် နင့်ရဲ့ ဆေးပညာတွေကို အကုန်ထုတ်ပြပြီး ကြိုးစားလိုက်တာပေါ့”
ဉာဏ်ရည်ရှိသူများနှင့် ပြောဆိုရာတွင် ဖုံးကွယ်ထားစရာမလိုဘဲ ပွင့်ပွင့်လင်းလင်းပြောခြင်းကသာ အကောင်းဆုံးဖြစ်သည်။
“ဟုတ်ပါတယ်၊ သခင်မကြီး၊ အပြင်မှာ ဆိုင်ဖွင့်ထားတာက သခင်မကြီးကို ကုသပေးဖို့ရည်ရွယ်ချက်နဲ့ပါ၊ ကုသပေးပြီးတဲ့အခါ ထုန်ဟွာကို ပြန်ခေါ်သွားဖို့ ခွင့်ပြုချက်ရမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ပါ”
ဝူယွီလန်၏ရိုးသားမှုကို သခင်မကြီး အလွန်ကျေနပ်သွားသည်။ သူမက ရယ်မောလိုက်လေ၏။
“ဟားဟားဟား၊ ဒါလောက်လေးကတော့ အသေးအဖွဲပါ၊ ခဏနေရင် ထုန်ဟွာရဲ့ ကျွန်အဆင့်အတန်းကို ဖျက်သိမ်းပေးလိုက်မယ်၊ နင် ခေါ်သွားလို့ရပြီ”
စုန့်ထုန်ဟွာမှာ မျက်တောင်ခတ်လိုက်မိ၏။ သခင်မကြီး ချက်ချင်းဆိုသလိုပင် သဘောတူလိုက်သည်ကို မယုံနိုင်အောင် ဖြစ်နေလေသည်။
သူမသည် အဘွားဖြစ်သူကို အလိုအလျောက် ငေးကြည့်နေမိပြီး လက်နှစ်ဖက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိသည်။
“မလောပါနဲ့၊ ထုန်ဟွာလေးကို ဒီမှာပဲ ခဏလောက်နေခိုင်းထားလိုက်ပါဦး၊ ဒီမှာက စားကောင်းသောက်ကောင်းတွေနဲ့ဆိုတော့ သခင်မကြီး ကျန်းမာရေးကောင်းလာလို့ အိမ်ပြန်ခေါ်သွားတဲ့အချိန်မှာ ထုန်ဟွာလေး ပိုပြီးပြည့်ဖြိုးလာမှာပါ”
ထိုစကားမှာ နည်းနည်းလွန်ကဲနေသော်လည်း စုန့်ထုန်ဟွာသည် ဤနေရာတွင် အဝစားရသဖြင့် အနည်းငယ်ဝလာသည်မှာ အမှန်ပင်။ ဝူယွီလန်၏စကားကြောင့် သခင်မကြီးမှာ ပိုသဘောကျသွားရလေ၏။
သူမသည် ဆင်ခြင်တုံတရားရှိပြီး အခြေအနေကိုလည်း နားလည်သောကြောင့် ဖြစ်သည်။
“နင်က ဒီလောက်တောင်ပြောနေမှတော့ ထုန်ဟွာလေးကို ငါ့အနားမှာ ခဏလောက် အဖော်ပြုခိုင်းထားလိုက်ဦးမယ်”
ဝူယွီလန် ပြုံးလိုက်သည်။
“ဒါဆိုရင်တော့ သခင်မကြီး စိတ်ပြင်ဆင်ထားဖို့လိုမယ်နော်၊ ထုန်ဟွာလေးက သခင်မကြီးအနားမှာ နောက်ထပ် အချိန်အကြာကြီး နေရတော့မှာမဟုတ်လို့ပါ”
အထိန်းတော်ကွေ့မှာ ထိုစကားကို ကြားသောအခါ ရင်ထဲတွင် လင်းလက်သွားပြီး ရှေ့သို့ တစ်လှမ်းတိုးကာ မေးလိုက်သည်။
“သမားတော်ဝူ၊ ဆိုလိုတာက သခင်မကြီး မကြာခင်မှာ ပြန်ကောင်းလာတော့မယ်ပေါ့”
“နောက်ထပ် ငါးရက်လောက် အပ်စိုက်ကုသပေးပြီးရင် ဆီးမထိန်းနိုင်တဲ့ရောဂါက အခြေခံအားဖြင့် ပျောက်ကင်းသွားပါပြီ၊ အဲ့ဒီနောက်ပိုင်းတော့ ရလဒ်ကို ပိုကောင်းအောင် ဆေးသောက်ပေးရုံပါပဲ”
“အို၊ ဒါနဲ့ အထိန်းတော်ကွေ့ နှိပ်နယ်တဲ့ နည်းစနစ်တချို့ကို သင်ပေးခဲ့မယ်၊ နောင်ကျရင် သခင်မကြီး ခါးနာတဲ့အခါ အကြောလျှော့ပေးလို့ရတာပေါ့”
အထိန်းတော်ကွေ့ ခေါင်းကို အနည်းငယ်ငုံ့ကာ အရိုအသေပြုလိုက်၏။
“သင်ပေးပါ သမားတော်ဝူ၊ ဒီအစေခံအိုကြီး ကြိုးကြိုးစားစား သင်ယူပါ့မယ်”
[ဒင်၊ သခင်မကြီးလီကို ကုသပေးခဲ့သည့်အတွက် ဆုကြေးငွေအနေဖြင့် ငွေကြေး ၁၀၀၀၀ ရရှိပါသည်။ အကောင့်ကို စစ်ဆေးကြည့်ပါ]
ဝူယွီလန် အနည်းငယ် အံ့အားသင့်သွားသည်။
‘ဒီသခင်မကြီးက တကယ့်ကို သဘောကောင်းတဲ့သူပဲ'
အစောပိုင်းက ဆိုင်ဖွင့်ပြီး ရရှိခဲ့သော ငွေများနှင့် ပေါင်းလိုက်ပါက ယခုအခါ သူမတွင် ငွေကြေး ၂၀၀၀၀ ရှိနေပြီ ဖြစ်သည်။ သူမ၏ ရင်ထဲတွင် လုံခြုံမှုအပြည့်အဝ ခံစားလိုက်ရ၏။
……
လီအိမ်တော်မှ ထွက်ခွာလာချိန်တွင် ဝူယွီလန်၏ လက်ထဲ၌ လက်ဆောင်သေတ္တာများစွာ ပါလာခဲ့ပြီး အထိန်းတော်ကွေ့ကိုယ်တိုင် အိမ်တော်တံခါးဝအထိ လိုက်လံပို့ဆောင်ပေးခဲ့သည်။
“သမားတော်ဝူ၊ တကယ်ပဲ မြင်းလှည်း မလိုဘူးလားရှင့်”
ဝူယွီလန် လက်ကာပြလိုက်၏။
“မလိုပါဘူး၊ ကျွန်မ နေတဲ့နေရာက သိပ်မဝေးပါဘူး”
ထိုစကားကို ကြားသောအခါ အထိန်းတော်ကွေ့က ဆက်လက်၍ အတင်းမတိုက်တွန်းတော့ဘဲ တံခါးဝတွင် ရပ်ကာ ဝူယွီလန် ထွက်သွားသည်ကို စောင့်ကြည့်နေလိုက်သည်။
ဝူယွီလန်၏ကျောပြင် ပျောက်ကွယ်သွားမှသာ သူမ လှည့်ပြန်ခဲ့သည်။
ငါးရက်အကြာတွင်...
“သခင်မကြီး၊ ဘယ်လိုခံစားရလဲ”
ချောမွေ့လှသော အပ်စိုက်ကုသမှုအပြီးတွင် ဝူယွီလန် သခင်မကြီးအား ပြုံးလျက်မေးလိုက်၏။
“ဆယ်နှစ်လောက်ငယ်သွားသလို ခံစားလိုက်ရတယ်”
သခင်မကြီးက သက်သောင့်သက်သာဖြင့် အကြောဆန့်လိုက်သည်။ ထိုရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ ထိုင်လျှင် အပ်ဖြင့် ထိုးခံရသကဲ့သို့၊ လှုပ်ရှားလျှင် မီးလောင်ခံရသကဲ့သို့ ခံစားခဲ့ရ၏။
ယခုမူ သူမ၏ ခန္ဓာကိုယ်မှာ ပြန်လည်ကျန်းမာလာပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ပြီဖြစ်ရာ မည်မျှစိတ်သက်သာရာရသွားကြောင်းကို စကားဖြင့်ပင် မဖော်ပြနိုင်တော့ချေ။
“သမားတော်ဝူ၊ သမားတော်ဝူရဲ့ ဆေးပညာစွမ်းရည်ကို အသုံးချဖို့ နေရာကောင်းတစ်ခုရှာပြီး နာမည်ကောင်းရအောင်၊ မိသားစုအတွက် ဂုဏ်ကျက်သရေဆောင် နိုင်အောင် မတွေးဖူးဘူးလား”
“နင် သဘောတူမယ်ဆိုရင် ငါ ကူညီပေးနိုင်တယ်”
ဤသခင်မကြီးမှာ အဆင့်အတန်းမနိမ့်ကျကြောင်း ဝူယွီလန် ကြိုတင်ခန့်မှန်းမိသော်လည်း သူမ၏စကားများက ဤမျှ ဩဇာတိက္ကမကြီးမားလိမ့်မည်ဟုတော့ မထင်ထားခဲ့ပေ။
“သခင်မကြီးရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်၊ ကျွန်မက အသက်ကြီးနေပြီဆိုတော့ အဲ့ဒီအတွက် အားအင်တွေမရှိတော့ပါဘူး၊ အေးအေးချမ်းချမ်းနဲ့ပဲ လက်ကျန်တဲ့ဘဝကို ဖြတ်သန်းချင်ပါတော့တယ်”
ထိုစကားကို ကြားသောအခါ သခင်မကြီး ပြုံးလိုက်၏။
“ဒါလည်း မှန်တာပါပဲ၊ ဂုဏ်ပုဒ်တွေ၊ စည်းစိမ်တွေ ရလာရင်ရော ဘာလုပ်မှာလဲ၊ ရောဂါဘယတွေ ခံစားလာရရင် အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းကို ဘယ်သူမှ မတားဆီးနိုင်ပါဘူးလေ”
“ဒါကြောင့် သခင်မကြီးလည်း ကျန်းမာရေးကို ဂရုစိုက်ရမယ်နော်”
“ပုံမှန်အားလပ်ချိန်တွေမှာ လမ်းများများလျှောက်ပေးပါ”
သခင်မကြီး သက်ပြင်းချလိုက်သည်။
“ငါ့ကလေးတွေက သူတို့အလုပ်နဲ့သူတို့ ရှိနေကြတယ်၊ အမှန်တိုင်းပြောရရင် အထိန်းတော်ကွေ့ကလွဲပြီး ငါ့အနားမှာ စကားပြောဖော်တောင်မရှိဘူး”
“အရင်တုန်းကဆိုရင် နေ့ရက်တွေကို မနည်း အားတင်းပြီးဖြတ်သန်းနေရတာ”
“နင်နဲ့ တွေ့ပြီးမှသာ ခန္ဓာကိုယ်က တဖြည်းဖြည်းပြန်ကောင်းလာတာ”
ဝူယွီလန် ယဉ်ကျေးစွာ ပြန်ပြောလိုက်သည်။
“သခင်မကြီး အဆင်ပြေမယ်ဆိုရင် အားတဲ့အချိန်တိုင်း ကျွန်မဆီလာပြီး စကားပြောလို့ ရပါတယ်”
“အို၊ ဒါဆို အရမ်းကောင်းတာပေါ့၊ နင့်အိမ်က ဘယ်နားမှာလဲ”
ဝူယွီလန် မှင်တက်သွားသည်။ သူမက ယဉ်ကျေးမှုအရသာ ပြောလိုက်ခြင်းဖြစ်၏။
‘ထားလိုက်ပါတော့လေ….’
သခင်မကြီးက နောင်တစ်ချိန်တွင် နေမကောင်းဖြစ်လျှင် ရှာမတွေ့မည်ကို စိုးရိမ်၍ လိပ်စာတောင်းခြင်းဖြစ်မည်ဟု တွေးကာ ဝူယွီလန် ဖုံးကွယ်မထားတော့ပေ။
ဖုံးကွယ်ထားလျှင်လည်း အကျိုးရှိမည် မဟုတ်ပေ။ သူမ သိချင်လျှင် စုံစမ်းလိုက်ပါက မိနစ်ပိုင်းအတွင်း သိနိုင်မည်မဟုတ်ပါလား။
“ကျွန်မအိမ်က ဖျန်းကျန်းမြို့က စုန့်မိသားစုရွာမှာပါ၊ အဲ့ဒီကို ရောက်ရင် နည်းနည်းလောက် စုံစမ်းကြည့်လိုက်တာနဲ့ သိနိုင်ပါတယ်”
သခင်မကြီး ခေါင်းညိတ်လိုက်သည်။
“ငါ ငယ်ငယ်တုန်းက ဖျန်းကျန်းမြို့ကို တစ်ခေါက် ရောက်ဖူးတယ်၊ ရှုခင်းတွေ တော်တော်လှတာပဲ”
သူတို့နှစ်ဦးသည် အချိန်အတော်ကြာ စကားစမြည်ပြောဆိုခဲ့ကြသည်။
မွန်းတည့်ချိန်သို့ ရောက်သောအခါ သခင်မကြီးက ဝူယွီလန်အား နေ့လယ်စာစားရန် ဖိတ်ခေါ်လိုက်၏။
“ထုန်ဟွာ၊ ကောင်မလေး၊ ထိုင်ပြီး နင့်အဘွားနဲ့အတူထမင်းစားလိုက်”
သခင်မကြီး၏စကားကို ကြားသောအခါ စုန့်ထုန်ဟွာမှာ ပြာယာခတ်သွားပြီး ဒူးထောက်ချလိုက်သည်။
“သခင်မကြီး၊ ဒီအစေခံက ဘေးကနေပဲ ခစားပါရစေ”
သခင်မကြီး၏အချက်ပြမှုကြောင့် အထိန်းတော်ကွေ့ သူမကို ဆွဲထူလိုက်လေ၏။
“အခုကစပြီး နင်က လွတ်လပ်တဲ့သူဖြစ်သွားပြီ၊ ထမင်းစားပြီးရင် နင့်အဘွားနဲ့အတူ အိမ်ပြန်တော့”
ဝူယွီလန် ထုန်ဟွာ၏ခေါင်းကို ပုတ်လိုက်လေသည်။
“ဘာတွေ ကြောင်ကြည့်နေတာလဲ၊ သခင်မကြီးကို မြန်မြန်ကျေးဇူးတင်လိုက်လေ”
စုန့်ထုန်ဟွာ သတိဝင်လာပြီး သခင်မကြီးအား ဦးညွှတ်ကာ ကျေးဇူးတင်စကားဆိုလိုက်သည်။
“ကျေးဇူးတင်ပါတယ် သခင်မကြီး၊ ကျေးဇူးတင်ပါတယ် သခင်မကြီး”
သခင်မကြီး လက်ကာပြလိုက်၏။
“ရပါပြီ”
“အထိန်းတော်ကွေ့၊ နင်လည်း ငါနဲ့အတူ ထမင်းထိုင်စားလိုက်ပါ”
အထိန်းတော်ကွေ့ အရိုအသေပြုပြီးနောက် သခင်မကြီး၏ဘေးတွင် ရိုရိုသေသေ ဝင်ထိုင်လိုက်သည်။
စားသောက်ပြီးနောက် ဝူယွီလန်က နှုတ်ဆက်လိုက်သည်။ သခင်မကြီးက အိမ်ပြန်ပို့ရန်ဟု အကြောင်းပြကာ မြင်းလှည်းတစ်စီး စီစဉ်ပေးလိုက်လေ၏။
အမှန်တကယ်တော့ သူမ ကိုယ်တိုင်လည်း လမ်းကြောင်းကို ကြိုတင်သိရှိထားရန် ရည်ရွယ်ချက်ရှိနေခဲ့သည်။ ဝူယွီလန်လည်း သဘောတူလိုက်၏။