အခန်း ၅၂
Vol. 6 Ch. 52
🍅 Chapter 52
အခမဲ့ မြင်းလှည်းစီးရနေသည်ဖြစ်ရာ အဘယ်ကြောင့် မစီးဘဲနေမည်နည်း။ ဤသို့ဖြင့် ဝူယွီလန်သည် ငွေသေတ္တာငယ်လေးကို ကိုင်ဆောင်ကာ မြေးမလေးစုန့်ထုန်ဟွာနှင့်အတူ ရွာသို့ အေးအေးလူလူပြန်လာခဲ့သည်။
မြင်းလှည်းပေါ်တွင် ထိုင်နေစဉ် စုန့်ထုန်ဟွာမှာ အိပ်မက်မက်နေသကဲ့သို့ ခံစားနေရဆဲပင်။
သူမကို ကိုယ်တိုင်ကိုယ်ကျ ရောင်းစားခဲ့သော အဘွားဆိုးကြီးက အမှန်တကယ်ပင် သူမကို ပြန်ရွေးပြီး အိမ်ပြန်ခေါ်လာခဲ့ပြီမဟုတ်ပါလား။
‘ဒါက တကယ်ကို... တကယ်ကို မယုံနိုင်စရာပဲ'
ဖျန်းကျန်းမြို့သို့ ရောက်သောအခါ….
“လူလေး၊ မင်း ဒီမှာ ခဏလောက်နားနေဦး၊ အဘွား ပစ္စည်းတချို့ သွားဝယ်လိုက်ဦးမယ်”
မြင်းလှည်းမောင်းသူသည် ထိုစကားကို ကြားသောအခါ လမ်းဘေးတွင် မြင်းလှည်းကို ရပ်ပေးလိုက်သည်။
“ဟုတ်ကဲ့ပါ သမားတော်ဝူ၊ ဒီကနေပဲ စောင့်နေပါ့မယ်”
“ကောင်းပြီ”
ဝူယွီလန်သည် သေတ္တာငယ်လေးထဲရှိ ငွေတစ်ရာကို သူမ၏လျှို့ဝှက်သိုလှောင်ရုံထဲသို့ တိတ်တဆိတ်ထည့်လိုက်ပြီးနောက် စုန့်ထုန်ဟွာကိုဆွဲကာ လူစည်ကားသော ဈေးတန်းဆီသို့ ဦးတည်သွားလေသည်။
အိမ်တွင် ကြက်များ အတော်များများကို စားပစ်ခဲ့မိသည်ကို သတိရသွားသဖြင့် ဝူယွီလန်သည် အဘွားအိုတစ်ဦး ရောင်းချနေသော ဥစားကြက်များကို မျက်စိကျသွား၏။
“အစ်မကြီး၊ ဒီကြက်တွေ ဘယ်လိုရောင်းတာလဲ”
အဘွားအိုက ဥစားကြက်တစ်ကောင်ကို ကောက်ကိုင်ကာ ဝူယွီလန်အား ပြသရင်းရှင်းပြလာသည်။
“ဒါက နှစ်နှစ်၊ သုံးနှစ်လောက် မွေးထားတဲ့ ကြက်မကြီးတွေလေ၊ အသားက ဘယ်လောက်ကျစ်လစ်နေလဲ ကြည့်ပါဦး၊ ပြုတ်စားရင် အရမ်းမွှေးပြီး အားရှိတယ်”
“ဈေးလည်း မကြီးပါဘူး၊ တစ်ကောင်ကို ကြေးပြားတစ်ရာတည်းပါ၊ အိမ်ပြန်မွေးထားမယ်ဆိုရင် တစ်နေ့ကို ဥတစ်လုံး ဥပေးမှာမို့ ရက်တစ်ရာဆိုရင် အရင်းကြေပါပြီ”
ဝူယွီလန်ကမူ လက်မခံပ။
“အစ်မကြီးကလည်း၊ အဲ့ဒီလိုတွက်လို့ ဘယ်ရမလဲ၊ ကြက်တွေ ဥဥပေးနိုင်တာမှန်ပေမယ့် မွေးဖို့အတွက် အချိန်နဲ့ လုပ်အားလည်း လိုသေးတယ်လေ၊ အဲ့ဒီလို တွက်မယ်ဆိုရင် ကြေးပြားတစ်ရာဆိုတာ တကယ်ကိုဈေးကြီးလွန်းတယ်”
ဝူယွီလန် မဝယ်မည့်ပုံပေါက်နေပြီး အချိန်လည်း လင့်နေပြီဖြစ်သဖြင့် အဘွားအို ပြုံးကာ ဈေးလျှော့ပေးလိုက်ရလေ၏။
“ငါလည်း အိမ်ပြန်ပြီး ထမင်းဟင်းချက်ရဦးမှာ၊ ဒီလိုလုပ်လေ၊ တစ်ကောင်ကို ကိုးဆယ့်ရှစ်ပြား ဘယ်လိုလဲ”
“တစ်ကောင်ကို ကိုးဆယ်ထား၊ ရှစ်ကောင်လုံးယူမယ်”
ထိုစကားကို ကြားသောအခါ အဘွားအို၏မျက်လုံးများ အရောင်လက်သွားလေ၏။ သို့သော် သူမက အခက်အခဲရှိဟန် ဆောင်လိုက်သည်။
“ကိုးဆယ်ဆိုတာ အရမ်းဈေးပေါလွန်းတယ်၊ ကိုးဆယ့်ငါးပြား ထားလိုက်ပါလား”
ဝူယွီလန် ဘာမှပြန်မပြောဘဲ မတ်တတ်ထရပ်လိုက်သည်။
“ဒါဆိုရင်လည်း တခြားဆိုင် သွားကြည့်လိုက်ပါဦးမယ်”
“ဟေး ဟေး၊ မသွားပါနဲ့ဦး၊ ကောင်းပြီလေ၊ တစ်ကောင်ကို ကိုးဆယ်နဲ့ ပေးလိုက်ပါ့မယ်”
ဝူယွီလန် လှည့်မကြည့်သည်ကို မြင်သောအခါ အဘွားအိုမှာ ပြာယာခတ်သွား၏။
“မသွားပါနဲ့ ညီမလေးရယ်၊ တစ်ကောင်ကို ကိုးဆယ်ထားပါ၊ ကြက်ဥ ငါးလုံးလည်း အပိုပေးလိုက်ပါ့မယ်”
ဝူယွီလန် နှုတ်ခမ်းတွန့်လိုက်လေသည်။
“ကောင်းပြီလေ၊ အစ်မကြီးက တကယ်ရောင်းချင်နေမှတော့ အကုန်ယူလိုက်ပါ့မယ်”
ဝူယွီလန် ပြန်လှည့်လာသည်ကို မြင်သောအခါ အဘွားအို သက်ပြင်းချလိုက်လေ၏။
“ညီမလေး၊ ငါ အိမ်ပြန်ဖို့ အလျင်လိုနေလို့သာ၊ မဟုတ်ရင် ဒီဈေးနဲ့ ဘယ်လိုမှမရောင်းနိုင်ဘူး”
ဝူယွီလန် ကျသင့်ငွေကို လျင်မြန်စွာရှင်းပေးလိုက်သည်။
“စုစုပေါင်း ခုနစ်ရာ့နှစ်ဆယ်နော်၊ နောက်ထပ် လေးပြား ထပ်ပေးလိုက်မယ်၊ ဒီကြက်ခြင်းနှစ်လုံးပါ ပေးလိုက်တော့”
ကြက်ခြင်းများမှာ ဝါးနှီးဖြင့် ရက်လုပ်ထားခြင်းဖြစ်ပြီး ငွေကြေးများစွာမတန်ပေ။
ထို့အပြင် အဟောင်းများဖြစ်နေသဖြင့် အဘွားအိုလည်း သဘာဝကျစွာပင် မငြင်းဆန်တော့ပေ။ သူမက ငွေများကို ယူကာ အခါခါ ရေတွက်ပြီးနောက် ကြက်များကို ဝူယွီလန်ထံ ပေးလိုက်၏။
“ညီမလေး၊ သေချာကိုင်သွားနော်”
ဝူယွီလန်သည် အပေါက်အပြဲများရှိသော ဂုန်နီအိတ်တစ်လုံးကိုရှာကာ ကြက်များကို မြင်းလှည်းဆီသို့ သယ်သွားပြီး စုန့်ထုန်ဟွာအား စောင့်ကြည့်ခိုင်းထားခဲ့သည်။ ထို့နောက် ဈေးတန်းဘက်သို့ ပြန်သွားပြန်လေ၏။
မကြာမီမှာပင် အထုပ်ကြီးအထုပ်ငယ်များဖြင့် ပြန်ရောက်လာသည်။ ဝက်သား နှစ်ကတ်တီ၊ ဘဲတစ်ကောင်နှင့် မြစ်ပုစွန်ခြင်းဝက်ခန့်ကို ဝယ်လာခဲ့သည်။
“လူလေး၊ မြင်းလှည်းကို ရှေ့နားကဆန်ဆိုင်အထိ မောင်းပေးပါဦး၊ အိမ်ပြန်သယ်သွားဖို့ ဆန်နဲ့ ဂျုံမှုန့်နည်းနည်း သွားယူရဦးမယ်”
“ဟုတ်ကဲ့ပါ”
လူငယ်သည် ဝူယွီလန်၏ညွှန်ကြားချက်အတိုင်း မြင်းလှည်းကို ဆန်ဆိုင်ရှေ့သို့ မောင်းနှင်သွားလေ၏။
ဆန်ဆိုင်အလုပ်သမား၏ခြေရင်းတွင် ချထားသော ဆန်နှင့် ဂျုံမှုန့် အိတ်ကြီးနှစ်လုံးကို မြင်သောအခါ စုန့်ထုန်ဟွာ အံ့ဩသွားသော်လည်း ဤအရာများသည် သူမ၏ ဦးလေးနှင့် အဘွားတို့စားသောက်ရန် ဖြစ်မည်ဟု တွေးကာ ဘာမျှ မမေးတော့ပေ။
ကတ်တီတစ်ရာကျော် အလေးချိန်ရှိသော ဆန်နှင့် ဂျုံမှုန့်များကို မြင်းလှည်းပေါ်သို့တင်ပြီးနောက် ဝူယွီလန်သည် အိမ်သို့ အေးအေးလူလူပြန်လာခဲ့သည်။
မြင်းလှည်းမှာ လမ်းမကြီးပေါ်တွင်သာ သွားနိုင်သဖြင့် ဝူယွီလန်သည် ရွာလယ်လမ်းမှနေ၍ အိမ်သို့ပြန်ရလေသည်။
သစ်ပင်အောက်တွင် ဟင်းသီးဟင်းရွက်ရွေးရင်း ထိုင်နေကြသော ရွာသားများသည် မြင်းလှည်းကို မြင်သောအခါ လည်ပင်းရှည်အောင် ဆန့်၍ ကြည့်ကြလေ၏။
“ဒါ ဘယ်သူ့မြင်းလှည်းလဲ”
“ကြီးလိုက်တာ၊ လှလည်း အရမ်းလှတယ်”
“ဟေး၊ စုန့်အာ့ရဲ့သမီးကြီးကို မြင်လိုက်သလိုပဲ”
“နင် အမြင်မှားတာနေမှာပါ၊ အဲ့ဒီကောင်မလေးကို အဘွားကြီးဝူက ရောင်းစားလိုက်ပြီ မဟုတ်ဘူးလား”
“ဟေး၊ အဘွားကြီးဝူလည်း မြင်းလှည်းပေါ်မှာ ပါတယ်ဟ”
“အဘွားကြီးဝူများ နောင်တရပြီး သူ့ကို ပြန်ရွေးလာတာလားမသိဘူး”
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ အဘွားကြီးဝူက သူ့ရဲ့ ဆန်ကုန်မြေလေး မြေးမလေးတွေကို အကုန်ရောင်းစားချင်နေတာ”
ရွာသူတစ်ဦး၏စကားဆုံးသည်နှင့် ဝူယွီလန် မြင်းလှည်းခန်းဆီးကို မကာ ပြုံးလျက် နှုတ်ဆက်လိုက်သည်။
“အားလုံးပဲ အရိပ်ထဲမှာ အေးအေးဆေးဆေး နားနေကြတာကိုး”
ဝူယွီလန်၏ရန်တွေ့တတ်သောအကျင့်မှာ ကျော်ကြားသဖြင့် ရွာသားများနှင့် ဆက်ဆံရေးသိပ်မကောင်းလှပေ။
ပုံမှန်အားဖြင့် အကျင့်သိပ်မကောင်းသည့် အခြားအဘွားအိုကြီးတစ်ဦးနှင့် ပေါင်းသင်းသည်မှလွဲ၍ ရွာသားများနှင့် အဆက်အဆံ သိပ်မလုပ်ပေ။
အတင်းပြောနေစဉ် ပက်ပင်းမိသွားသဖြင့် ရွာသူများမှာ အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။
“အဒေါ်ဝူ၊ ဘယ်ကနေ ပြန်လာတာလဲ”
ဝူယွီလန်သည် မြင်းလှည်းခန်းဆီးကို အပေါ်အထိ မတင်လိုက်ပြီး အထဲတွင်ရှိနေသော စုန့်ထုန်ဟွာကို လူတိုင်းမြင်တွေ့စေလိုက်သည်။
“ငါ ငွေလေးနည်းနည်းပါးပါး စုမိလို့ သူဌေးအိမ်မှာ အလုပ်လုပ်နေတဲ့ ငါ့မြေးမလေးကို ပြန်ရွေးလာတာလေ”
စုန့်ထုန်ဟွာ ဘယ်ရောက်နေသလဲဆိုသည့် ရွာသားများ၏ ထင်ကြေးပေးမှုများကို အဆုံးသတ်စေရန် ဝူယွီလန် ထိုသို့ ရှင်းပြလိုက်ခြင်း ဖြစ်၏။
ဤသို့ ပွင့်ပွင့်လင်းလင်း ပြောပြလိုက်ပြီးနောက်တွင် မည်သူမျှ ဆက်လက်ခန့်မှန်းတွေးတောစရာ မကျန်တော့ပေ။
စုန့်ထုန်ဟွာသည် လိမ္မာယဉ်ကျေးသော ကလေးတစ်ယောက်ဖြစ်ရာ လူအုပ်ကြီးကို မြင်သောအခါ လက်ပြကာ နှုတ်ဆက်လိုက်သည်။
“မင်္ဂလာပါ ဦးဦး ဒေါ်ဒေါ်တို့”
တကယ်ကြီး စုန့်ထုန်ဟွာဖြစ်နေကြောင်း မြင်လိုက်ရသောအခါ ရွာသားများအားလုံး ချက်ချင်းပင် အံ့ဩမှင်တက်သွားကြသည်။
“အဒေါ်ဝူ၊ တကယ်ပဲ သူ့ကို ပြန်ရွေးလာခဲ့တာလား”
“အို ဘုရားရေ၊ ဒါက ဘယ်သူ့မြင်းလှည်းလဲ၊ အဲ့ဒီ သူဌေးအိမ်ကပဲလား”
“အဒေါ်ဝူ၊ အဒေါ်တို့မိသားစုတော့ တကယ်ကြီးပွားနေပြီပဲ”
ဝူယွီလန်သည် ပြုံးရုံသာ ပြုံးနေပြီး ဘာမျှပြန်မပြောပေ။
သူမက နှုတ်ဆက်လိုက်လေ၏။
“အားတဲ့အခါမှပဲ အေးဆေးစကားပြောကြတာပေါ့၊ အခုတော့ အိမ်ပြန်ပြီး ထမင်းဟင်းချက်ရဦးမယ်”
ထိုသို့ပြောပြီးနောက် သူမသည် မြင်းလှည်းခန်းဆီးကို ပြန်ချလိုက်သည်။ ရွာသားများအားလုံးကို ထိုနေရာတွင် အမျိုးမျိုး ထင်ကြေးပေး ကျန်ရစ်စေခဲ့လေ၏။
“အဘွားကြီးဝူက ဘာလို့ ပြုံးနေတာလဲ၊ အရင်ကနဲ့ တော်တော်လေး ကွာခြားသွားသလိုပဲ”
“ဟုတ်ပါ့၊ အရင်တုန်းကများ သူ့ကို စကားသွားပြောရင် မျက်နှာကြီးက ဆူပုတ်နေတာပဲ”
“သူပဲ စိတ်သဘောထား ပြောင်းသွားတာလား၊ ဒါမှမဟုတ် ချမ်းသာသွားတာလား မသိဘူး၊ သူ့မြေးမလေးကိုတောင် ပြန်ရွေးလာဖို့ ဝန်မလေးဘူးဆိုတော့”
“မနေ့က ကျင်းဟွာကို ငါ မြင်လိုက်သလိုပဲ၊ သူ့ကိုလည်း ပြန်ရွေးပြီး အိမ်ပြန်ခေါ်လာတယ်လို့ ငါ ပြောသားပဲ၊ နင်တို့မှ မယုံကြတာ”
“အို ဘုရားရေ၊ မြေးနှစ်ယောက်လုံးကို ပြန်ရွေးဖို့ ဝန်မလေးဘူးဆိုတော့ အဘွားကြီးဝူတော့ တကယ် ချမ်းသာသွားပြီး ငွေရေးကြေးရေး မပူရတော့တာ သေချာတယ်”
“ခုနက မြင်းလှည်းပေါ်မှာ ဆန်အိတ်ကြီးနှစ်အိတ်ကို ငါမြင်လိုက်တယ်၊ သူတို့တော့ တကယ်ကြီးပွားနေပြီ၊
ရွာသားများသည် အချင်းချင်း အမျိုးမျိုးတွေးတောပြောဆိုနေကြတော့သည်။
…….
ဝူယွီလန် လှိုက်လှဲစွာ ဖိတ်ခေါ်လိုက်လေ၏။
“လူလေး၊ ဒုက္ခများသွားပြီ၊ အထဲ၀င်ပြီး ထမင်းတစ်နပ်လောက် စားသွားပါဦး”
အစေခံလူငယ်လေးက ကောင်းကင်ကို မော့ကြည့်လိုက်သည်။
“သမားတော်ဝူ၊ ကျွန်တော် ဒီည မြို့ထဲမှာအိပ်ရမှာပါ၊ အချိန်လည်း လင့်နေပြီဆိုတော့ နောက်ကျရင် ခရီးသွားရတာ အဆင်မပြေဖြစ်လိမ့်မယ်၊ မြို့ထဲရောက်မှပဲ တစ်ခုခုစားလိုက်ပါ့မယ်”