အခန်း ၁၆၃
Vol. 17 Ch. 163
🍅 Chapter 163
သူမ ကျန်းချင်းဟန်၏ကျောပြင်ကို ညင်သာစွာ ပုတ်ပေးလိုက်သည်။
သမီးဖြစ်သူက သူမ၏ နားနားတွင် တီးတိုးစကားများပြောကာ ချွဲနွဲ့တတ်သည့် အတိတ်ကာလကို ပြန်လည်ရောက်ရှိသွားသကဲ့သို့ ကျန်းချင်းဟန် ခံစားလိုက်ရသည်။
ထိုနူးညံ့သိမ်မွေ့သော အသံလေးက သမီးဖြစ်သူအား လောကကြီးတစ်ခုလုံးကိုပင် ပေးအပ်ချင်စိတ်ကို ဖြစ်ပေါ်လာစေသည်။
“ရော့ယွင်...”
“သမီးလေး၊ ဒီနှစ်တွေတစ်လျှောက်လုံး သမီး တော်တော် ဒုက္ခရောက်ခဲ့ရမှာပဲ”
“အားလုံး အမေ့အမှားပါ၊ အဲဒီတုန်းကသာ သမီးကို ကောင်းကောင်းကာကွယ်ပေးနိုင်ခဲ့ရင် သမီး ဒီလောက်နှစ်တွေအများကြီး ဒုက္ခခံစားရမှာမဟုတ်ဘူး”
လီရော့ယွင် ပြုံးလျက် ခေါင်းခါပြလိုက်သည်။
“အဲဒီတုန်းက ကျွန်မကိုကယ်ခဲ့တာ ကျွန်မရဲ့ခင်ပွန်း ကျစ်ခန်းပါ၊ ဒီနှစ်တွေတစ်လျှောက်လုံး ဒီမှာ ကျွန်မ သိပ်ပြီးဒုက္ခမရောက်ခဲ့ပါဘူး”
“အထူးသဖြင့် ကျွန်မရဲ့ ယောက္ခမပေါ့၊ သူ ကျွန်မကို အမြဲတမ်း ကောင်းကောင်းဂရုစိုက်ပေးခဲ့တာ”
ထိုစကားကို ကြားသောအခါ ဝူယွီလန်မှာ မူလခန္ဓာကိုယ်ပိုင်ရှင်ကိုယ်စား အပြစ်ရှိသလို ခံစားလိုက်ရသည်။
‘ကြည့်စမ်းပါဦး၊ ဘယ်လောက်တောင် သဘောကောင်းတဲ့ ချွေးမလေးလဲ၊ ဒီနှစ်တွေတစ်လျှောက်လုံး သူခံစားခဲ့ရတဲ့ ဆင်းရဲဒုက္ခတွေကို တစ်ခွန်းမှ မပြောဘဲ သူမ အပေါ်ထားရှိခဲ့တဲ့ ကြင်နာမှုလေးနည်းနည်းကိုပဲ မှတ်မိနေရှာတယ်'
အပြစ်ရှိသလို ခံစားရသဖြင့် သူမ ထိုနေရာမှ ထွက်ခွာပေးလိုက်ပြီး သားအမိနှစ်ယောက်အတွက် အချိန်ပေးလိုက်သည်။
“နင်တို့နှစ်ယောက် စကားပြောနေကြဦး၊ အမေ ထမင်းသွားချက်လိုက်ဦးမယ်၊ ထမင်းကျက်ရင် လာခေါ်မယ်”
ကျန်းချင်းဟန် ကျေးဇူးတင်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“သမားတော်ဝူ၊ ဒီနှစ်တွေတစ်လျှောက်လုံး ဒီကလေးမလေးကို စောင့်ရှောက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”
ဝူယွီလန်မှာ ပိုလို့နေရခက်လာသဖြင့် လက်ယမ်းပြကာ အခန်းထဲမှ ခပ်သုတ်သုတ်ထွက်လာခဲ့သည်။
ကျောက်လီကျွမ်ကမူ တစ်ခုခု မှားယွင်းနေကြောင်း အစောကတည်းက ရိပ်မိနေသဖြင့် စိုးရိမ်တကြီး မေးလိုက်သည်။
“အမေ၊ ဒီသခင်မကြီးလီက ဘာဖြစ်နေတာလဲ၊ သူ ရှို့ယွင်ကိုပဲ စိုက်ကြည့်နေသလို ခံစားရတယ်”
ဝမ်ကွေ့ချင်လည်း စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
“အမေ၊ သူက ရှို့ယွင်ကို အစေခံအဖြစ် ဝယ်ချင်နေတာများလား၊ ကျွန်မတို့ သူ့ကို လုံးဝမရောင်းနိုင်ဘူးနော်”
ဝူယွီလန် လက်လှမ်းကာ ဝမ်ကွေ့ချင်၏ခေါင်းကို တစ်ချက်ခေါက်လိုက်သည်။
“နင့် ဦးနှောက်ကို မသုံးနိုင်ရင်လည်း လျှောက်မတွေးနဲ့တော့၊ ထမင်းဟင်းကိုသာ သေချာချက်ဖို့ အာရုံစိုက်လိုက်”
ဝမ်ကွေ့ချင် ခေါင်းကို ကုတ်လိုက်မိ၏။
“အမေ၊ ဒါဆို တကယ်တမ်း ဘာတွေဖြစ်နေတာလဲ”
ဝူယွီလန် သူတို့နှစ်ဦးအား မီးဖိုချောင်သို့ ပြန်ခေါ်လာပြီးနောက်မှ အမှန်တရားကို ဖွင့်ပြောလိုက်သည်။
“သခင်မကြီးလီက လွန်ခဲ့တဲ့နှစ်တွေတုန်းက သမီးတစ်ယောက် ပျောက်ဆုံးသွားခဲ့တယ်၊ အမှားအယွင်းတစ်ခုခု မရှိဘူးဆိုရင် ရှို့ယွင်က သခင်မကြီးလီရဲ့ ပျောက်ဆုံးနေတဲ့ သမီးဖြစ်နိုင်တယ်”
ဝမ်ကွေ့ချင် သူမ၏ခေါင်းကို ပုတ်ကာ ရုတ်တရက် သဘောပေါက်သွားသည်။
“ရှို့ယွင်ကို ကြည့်နေတဲ့ သူ့အကြည့်တွေက မရိုးသားဘူးလို့ ကျွန်မ ထင်သားပဲ”
သူမ လီရှို့ယွင်အတွက် အနည်းငယ် ဝမ်းသာသွားသည်။
“အရင်က ရှို့ယွင် အမြဲတမ်း တစ်ယောက်တည်းဆိုတော့ ကြည့်ရတာ တော်တော်လေး စိတ်မကောင်းဖြစ်နေတာ၊ အခုတော့ ကောင်းသွားပြီ၊ သူ သူ့အမေကို ပြန်တွေ့သွားပြီလေ”
လီရှို့ယွင်အတွက် ဝမ်ကွေ့ချင် ဝမ်းသာနေသည်နှင့် နှိုင်းယှဉ်ပါက ကျောက်လီကျွမ်မှာ စိုးရိမ်ပူပန်မှုများ ပိုမိုရှိနေလေသည်။
“အမေ၊ ဒီသခင်မကြီးကျန်းက ချမ်းသာတဲ့ မိသားစုက ဖြစ်ဖို့များတယ်၊ သူက တကယ်ပဲ ရှို့ယွင်ကိုပြန်ရှာချင်နေတာလား”
“တကယ်လို့ ထင်ရတာပဲ”
“ကိစ္စမရှိပါဘူး၊ ငါတို့တာဝန် ငါတို့ကျေအောင်လုပ်ရင် ရပါပြီ၊ ရှို့ယွင် ဘာပဲလုပ်ချင်လုပ်ချင် ငါတို့က ထောက်ခံပေးရမှာပေါ့”
“သူ့အမေက သူ့အပေါ်မကောင်းဘူးဆိုရင်လည်း အဲဒီအမေကို မလိုချင်တာ ပိုကောင်းပါတယ်”
ထိုစကားကို ကြားသောအခါ အဒေါ်ဖန်း အိမ်လာပြီး ပြဿနာရှာစဉ်က ယောက္ခမဖြစ်သူက သူမဘက်မှ ရပ်တည်ပေးခဲ့ပုံကို ကျောက်လီကျွမ် ပြန်လည်အမှတ်ရသွားပြီး သူမ ရင်ထဲတွင် နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရသည်။
“အမေပြောတာ မှန်တယ်၊ ရှို့ယွင် ဘာပဲဆုံးဖြတ်ဆုံးဖြတ် ကျွန်မတို့ အစွမ်းကုန် ထောက်ခံပေးရမှာပေါ့”
ဝူယွီလန် ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ၊ သူတို့က ငါတို့အိမ်ကို လာလည်မှတော့ သူတို့ကို ဧည့်ခံဖို့ ထမင်းဟင်းကောင်းကောင်းလေး ချက်ကြတာပေါ့”
“ကောင်းပါပြီ၊ ဒီရက်ပိုင်း အမေသင်ပေးထားတဲ့ ဟင်းလျာလက်စွမ်းတွေကို ကျွန်မ ထုတ်ပြလိုက်မယ်”
ဝမ်ကွေ့ချင်မှာ ဟင်းချက်ရန်အတွက် အမြဲတမ်း စွမ်းအင်များ အပြည့်ရှိနေပြီး အချိန်တိုအတွင်းမှာပင် အလုပ်ရှုပ်သွားတော့သည်။
မီးဖိုချောင်ထဲတွင် ရှိနေသော ဝူယွီလန်မှာ သူတို့အတွက် လမ်းဖယ်ပေးရမည့်သူဖြစ်လာပြီး မကြာမီမှာပင် မီးဖိုချောင်ထဲမှ တွန်းထုတ်ခံလိုက်ရသည်။
သူမက မီးဖိုချောင်ကို သူတို့နှစ်ဦးထံ လွှဲအပ်လိုက်ပြီးနောက် အလွတ်ဖြစ်နေသော အခန်းတစ်ခန်းကို ရှာကာ စနစ်ကုန်တိုက်မှ သစ်သီးဝိုင်ဟောင်း နှစ်ပုလင်းကို ဝယ်ယူလိုက်၏။
အခန်းထဲရှိ လူနှစ်ဦးမှာ စိတ်ခံစားမှုများ တဖြည်းဖြည်းတည်ငြိမ်သွားကြလေပြီ။
ကျန်းချင်းဟန်က သူမ၏သမီးတွင် သမီးနှစ်ယောက်ရှိကြောင်း အစောပိုင်းက ပြောခဲ့သည်ကို သတိရသွားသဖြင့် မေးလိုက်သည်။
“အာနန် တစ်ယောက်တည်း တွေ့ရပါလား၊ အမေ့ရဲ့နောက်ထပ် မြေးမလေးကော ဘယ်မှာလဲ”
“ချွန်းနီက ကျောင်းသွားတယ်လေ၊ ကျောင်းဆင်းရင် ပြန်လာလိမ့်မယ်”
“ကျောင်းလား”
သမီးဖြစ်သူ၏စကားကို ကြားလိုက်ရသောအခါ ကျန်းချင်းဟန်မှာ အလွန်အမင်း အံ့ဩသွားတော့သည်။
သူမ နားမလည်နိုင်စွာဖြင့် မေးလိုက်၏။
“ချွန်းနီက မိန်းကလေး မဟုတ်ဘူးလား၊ ဘယ်လိုလုပ်ပြီး ယောကျ်ားလေး ဖြစ်သွားတာလဲ”
ကျန်းချင်းဟန်အနေဖြင့် ဤကျေးလက်တောရွာတွင် မိန်းကလေးတစ်ဦးကို ကျောင်းထားရန် ဆန္ဒရှိမည့်သူ ရှိလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှ မတွေးဖူးခဲ့ပေ။
မြို့တော်မှာပင် စာရေးစာဖတ်တတ်သည့် မိန်းကလေးဆိုသည်မှာ အရမ်းရှားပါးကြောင်း သိထားသင့်ပေသည်။
‘စာရေးစာဖတ်တတ်ရင်တောင်မှ များသောအားဖြင့် အိမ်မှာ ဆရာခေါ်ပြီး သင်ခိုင်းကြတာပဲလေ၊
ကျောင်းမှာထိုင်ပြီး စာသင်နိုင်တဲ့သူတွေဆိုလို့ နန်းတော်ထဲက မင်းသမီးတွေနဲ့ သူတို့ရဲ့ အဖော်တွေလောက်ပဲ ဒီလိုအခွင့်အရေးမျိုးရှိတာ'
“ချွန်းနီက မိန်းကလေးပါ၊ ဟုတ်ပါတယ်၊ ကျွန်မရဲ့ယောက္ခမက အရမ်းသဘောကောင်းတာ၊ သူ အိမ်က မိန်းကလေးတွေအားလုံးကို စာသင်ဖို့ ကျောင်းထားပေးတာပါ”
“သမီးရဲ့ ယောက္ခမက အိမ်က မိန်းကလေးတွေအားလုံးကို တကယ်ပဲ ကျောင်းထားပေးတာလား”
ကျန်းချင်းဟန်မှာ အလွန်အမင်း အံ့ဩနေဆဲပင်။
ဤလောက၏ ဓလေ့ထုံးတမ်းများအရ အမျိုးသမီးများ ကျောင်းမတက်ရပေ။
ကျေးလက်တောရွာမှ တောသူမကြီးဖြစ်သော ဝူယွီလန်က မိန်းကလေးများအား စာရေးစာဖတ် သင်ခိုင်းရုံသာမက အားလုံးကိုကျောင်းထားပေးသည်ဆိုရာ သူမ မည်သို့လုပ်၍ မအံ့ဩဘဲနေနိုင်မည်နည်း။
‘ကလေး ဒီလောက်အများကြီးကို တစ်နှစ်စာကျောင်းထားဖို့ ကျောင်းလခ ဘယ်လောက်ကုန်ကျမလဲဆိုတာ မပြောနဲ့အုံး၊ မိန်းကလေးအနည်းငယ်ကို ကျောင်းက လက်ခံဖို့ဆိုတာကိုက တော်တော်လေးအားထုတ်ရမှာသေချာတယ်'
“ဟုတ်ပါတယ်၊ သူတို့ ခဏနေရင် ပြန်ရောက်လာပါလိမ့်မယ်၊ အဲဒီအခါကျရင် အမေ သူတို့ကို မြင်ရမှာပါ”
သူမ စကားပြောပြီးသည်နှင့် ခြံဝင်းအပြင်ဘက်မှ ရယ်မောသံများ ထွက်ပေါ်လာသည်။
ကလေးအချို့က ပြေးလွှားကစားရင်း အိမ်ထဲသို့ ဝင်လာကြသည်။ တစ်ခဏအတွင်းမှာပင် အိမ်ငယ်လေးမှာ သက်ဝင်လှုပ်ရှားလာတော့သည်။