အခန်း ၁၄၄
Vol. 15 Ch. 144
🍅 Chapter 144
ထိုအခြေအနေကို မြင်သောအခါ ဝူယွီလန် ဘာမှမပြောတော့ဘဲ သခင်လေးမုချန်ကျွင်းကို အခန်းထဲသို့ ခေါ်ဆောင်သွားလေသည်။
အခန်းထဲတွင် သစ်သားစည်ပိုင်းကြီးတစ်လုံး ရှိနေသည်။
သခင်လေးမုချန်ကျွင်းက ထိုသစ်သားစည်ပိုင်းကြီးကို မြင်သောအခါ အလွန်ဆုံး ဆေးရည်စိမ်ရန်သာဖြစ်မည်ဟု ထင်မှတ်ကာ သိပ်ပြီးဂရုမစိုက်မိပေ။
“မင်းရဲ့ အပေါ်အင်္ကျီကိုချွတ်ပြီး အထဲဝင်လိုက်”
ဝူယွီလန် ထိုသို့ပြောပြီးနောက် ခေါင်းကို တစ်ဖက်သို့ လွှဲဖယ်လိုက်၏။
သခင်လေးမုချန်ကျွင်းက တုံ့ဆိုင်းနေခြင်း မရှိပေ။ သူက အပေါ်အင်္ကျီကို ချွတ်ပြီးနောက် သစ်သားစည်ပိုင်းကြီးဆီသို့ လျှောက်သွားလိုက်သည်။
ရွှီ၊ ရွှီ၊ ရွှီ
အနီးသို့ လျှောက်သွားလိုက်သည်နှင့် သခင်လေးမုချန်ကျွင်းတစ်ယောက် ဦးရေပြားများပင် ထုံကျဉ်လာတော့သည်။
“ဒါ... ကျွန်တော် ထင်ထားသလိုတော့ မဟုတ်ဘူးမလား၊ ဒီသစ်သားစည်ပိုင်းကြီးထဲမှာ ဘာတွေရှိနေတာလဲ...”
သစ်သားစည်ပိုင်းကြီးအတွင်းမှ အရာများကို မြင်လိုက်ရသောအခါ သခင်လေးမုချန်ကျွင်းမှာ သေချင်စိတ်ပင် ပေါက်သွားတော့သည်။
စည်ပိုင်းအတွင်းတွင် တောက်ပသောအရောင်အသွေးရှိသည့် အဆိပ်ပြင်းမြွေများက အဆက်မပြတ်တွားသွားနေကြပြီး ၎င်းတို့ထုတ်လွှတ်နေသော တရွှီရွှီမြည်သံများက လူတစ်ယောက်ကို အလွန်အမင်းတုန်လှုပ်သွားစေရန် လုံလောက်ပေ၏။
“အဒေါ်၊ ကျွန်တော်... ကျွန်တော်သာ ဒီသစ်သားစည်ပိုင်းကြီးထဲဝင်သွားရင် တန်းသေသွားမှာမဟုတ်ဘူးလား”
သခင်လေးမုချန်ကျွင်းမှာ အနည်းငယ် နောင်တရလာမိသည်။
‘အခုအချိန်မှ ပိုပြီး သက်တောင့်သက်သာရှိမည့်ကုသမှုနည်းလမ်းကို တောင်းဆိုရင် နောက်ကျသွားပြီလား'
“စိတ်အေးအေးထားပါ၊ ဒါတွေက အဆိပ်ပြင်းမြွေတွေမှန်ပေမဲ့ သူတို့ရဲ့အဆိပ်က လူသေလောက်တဲ့အထိတော့ မပြင်းပါဘူး”
“မင်း မြွေကိုက်ခံရတာ ဒါ ပထမဆုံးအကြိမ်မဟုတ်ဘူးလို့ထင်တာပဲ၊ ဆိုတော့ မင်း မကြောက်သင့်ဘူးလေ”
သခင်လေးမုချန်ကျွင်းက ခါးသီးသော အမူအရာဖြင့် ပြန်ပြောလိုက်သည်။
‘မြွေတစ်ကောင်တည်း ကိုက်ခံရတာနဲ့ မြွေအုပ်ကြီး ကိုက်ခံရတာက တူလို့လား'
သူ့ခန္ဓာကိုယ်အနှံ့ အဆိပ်ပြင်းမြွေများ တွားသွားနေမည့်မြင်ကွင်းကို တွေးမိသောအခါ သခင်လေးမုချန်ကျွင်းမှာ အလန့်တကြားထွက်ပြေးချင်စိတ်များ ပေါက်လာတော့၏။
သို့သော် သူ ယခုလေးတင်ပြောခဲ့သော ‘ဘယ်လောက်ပဲ ကြီးမားတဲ့ဆင်းရဲဒုက္ခဖြစ်ပါစေ ကျွန်တော့်ကို အရှုံးပေးအောင် မလုပ်နိုင်ပါဘူး' ဆိုသည့် စကားကို ပြန်လည်တွေး တောမိသောအခါ မိမိကိုယ်ကိုယ်သာ ဖြတ်ရိုက်ချင်စိတ် ပေါက်လာတော့သည်။
“ဝင်တော့၊ အချိန်ဆွဲမနေနဲ့”
ဝူယွီလန် ပြောရင်း အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားလိုက်သည်။
ချင်းဖုန်း ဘေးနားတွင်ရပ်လျက် သခင်လေးမုချန်ကျွင်းကို သနားဂရုဏာသက်စွာ ကြည့်နေလေသည်။
‘သခင်လေး၊ ကိုယ့်ကံနဲ့ ကိုယ်ပဲ ဆုသာတောင်းနေတော့'
သခင်လေးမုချန်ကျွင်း အံကြိတ်ကာ မျက်စိမှိတ်ပြီး စိတ်ဒုံးဒုံးချကာ သစ်သားစည်ပိုင်းကြီးထဲသို့ ဝင်ရောက်သွားလေသည်။
သူ့ခြေထောက်များက သစ်သားစည်ပိုင်း၏အောက်ခြေကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် ရေတွက်၍မရနိုင်သော အဆိပ်ပြင်းမြွေများက သူ့ကို ချက်ချင်းပင် ရစ်ပတ်လာကြတော့သည်။
အေးစက်ပြီး ချွဲကျိကျိနိုင်သော အထိအတွေ့ကြောင့် သခင်လေးမုချန်ကျွင်းမှာ အလွန်အမင်းတုန်ယင်သွားရသည်။
ရုတ်တရက် သူ့ခန္ဓာကိုယ်မှ စူးရှသောနာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။
ထိုစူးရှသောနာကျင်မှုကြောင့် သခင်လေးမုချန်ကျွင်းမှာ မနေနိုင်ဘဲ သူ့ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်မိသည်။
ထိုသို့လှုပ်ရှားလိုက်သည်နှင့် အဆိပ်ပြင်းမြွေများအားလုံးက သူ့ကိုကိုက်ရန် အလုအယက် တိုးဝှေ့လာကြတော့၏။
ဆက်တိုက်ဆိုသလိုခံစားရသော စူးရှသည့်နာကျင်မှုများကြောင့် သူ အံကြိတ်ကာ တိုးညှင်းစွာ အော်ဟစ်လိုက်မိသည်။
“အား”
ဝူယွီလန်၏အေးစက်စက်အသံက ဘေးဘက်မှ ထွက်ပေါ်လာသည်။
“ပါးစပ်မဟနဲ့၊ အဲဒီလိုမှ မဟုတ်ရင် မြွေတွေ မင်းပါးစပ်ထဲဝင်သွားလိမ့်မယ်”
ထိုစကားကို ကြားသောအခါ သခင်လေးမုချန်ကျွင်းမှာ ပါးစပ်ကို တင်းကျပ်စွာပိတ်ထားလိုက်ရပြီး ရင်ထဲတွင် တိတ်တဆိတ် မျက်ရည်ကျနေတော့၏။
ထိုမြင်ကွင်းကိုကြည့်ရင်း ချင်းဖုန်းမှာ မနေနိုင်ဘဲ တုန်ယင်သွားရသည်။
‘ကြောက်စရာကောင်းလိုက်တာ၊ တကယ်ကို ကြောက်စရာကောင်းလိုက်တာ'
အချိန်မည်မျှကြာသွားသည်ကို မသိရသော်လည်း သခင်လေးမုချန်ကျွင်း၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် အဆိပ်ပြင်းမြွေကိုက်ရာများဖြင့် ပြည့်နှက်နေပြီး သူ့အသားအရေမှာလည်း ခရမ်းရင့်ရောင်မှသည် အမည်းရောင်သို့ ပြောင်းလဲနေလေပြီ။
ထိုမြွေများ၏အဆိပ်များ ကုန်ခမ်းသွားပုံရပြီး သခင်လေးမုချန်ကျွင်းကို ထပ်မံကိုက်ရန်ပင် ပျင်းရိနေကြလေပြီ။
“ချင်းဖုန်း၊ မင်းရဲ့သခင်လေးကို ထူပေးလိုက်၊ ငါ သူ့ကို အပ်စိုက်ပေးရမယ်”
“ဟုတ်ကဲ့ပါ အဒေါ်”
ချင်းဖုန်းက အမိန့်လက်ခံရရှိပြီးနောက် အဆိပ်ပြင်းမြွေများအား ရှင်းလင်းကာ သခင်လေးမုချန်ကျွင်းကို မြွေတွင်းထဲမှ ကယ်တင်လိုက်သည်။
“သခင်လေး၊ အဆင်ပြေရဲ့လား”
သခင်လေးမုချန်ကျွင်းက မည်းနက်နေသော နှုတ်ခမ်းများကို လှုပ်ရှားလိုက်သော်လည်း အဖြေမပေးနိုင်ခဲ့ပေ။
သူ ဝူယွီလန်ကို ကြည့်လိုက်သည်။
“အဒေါ်၀ူ၊ နောက်ထပ် ကုသမှုတွေ အကုန်လုံးက ဒီလိုပဲ လုပ်ရမှာလား”
“အင်း၊ နောက်ထပ် ကုသမှုတွေ အကုန်လုံးက အဆိပ်ကို အဆိပ်နဲ့ ပြန်တိုက်ခိုက်တဲ့နည်းကို သုံးရမှာပဲ၊ ဒါပေမဲ့ အဆိပ်ပြင်းမြွေတွေတော့ မလိုတော့ဘူး၊ အဲဒီအစား ကင်းခြေများ၊ ပင့်ကူ၊ ကင်းမြီးကောက် အဲလိုအရာတွေကို သုံးရလိမ့်မယ်”
ဝူယွီလန်၏စကားကို ကြားလိုက်ရသောအခါ သခင်လေးမုချန်ကျွင်းမှာ ခေါင်းထဲတွင် မိုက်ခနဲဖြစ်သွားပြီး ခေါင်းငိုက်စိုက်ကျကာ သတိလစ်သွားတော့၏။
ချင်းဖုန်းက အလျင်အမြန်ပင် သခင်လေးမုချန်ကျွင်းအား ဖမ်းထိန်းလိုက်သဖြင့် မြေကြီးပေါ်သို့ လဲမကျသွားခြင်းဖြစ်သည်။
“အဒေါ်ကြီး၊ အခုဘာဆက်လုပ်ရမလဲ”
ဝူယွီလန် ဓားမြှောင်နှင့် ငွေအပ်များကို ထုတ်ယူလိုက်သည်။
“သူ့ကို ကုတင်ပေါ်တွဲခေါ်သွားလိုက်၊ ငါ သူ့အတွက် အဆိပ်တွေကိုဖယ်ရှားပေးမယ်”
“ဟုတ်ကဲ့ပါ အဒေါ်”
…
သခင်လေးမုချန်ကျွင်း နိုးလာသောအခါ သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် ပတ်တီးများ စည်းနှောင်ထားပြီး ဖြစ်နေလေပြီ။
“သခင်လေး၊ နိုးလာပြီလား”
ချင်းဖုန်း ရေနွေးတစ်ခွက်ကို ချက်ချင်းကမ်းပေးလိုက်လေ၏။
သခင်လေးမုချန်ကျွင်း ရေနွေးကိုယူ၍ တစ်ငုံသောက်လိုက်သည်။
“အဒေါ်ဝူ ဘယ်မှာလဲ”
ယခုအချိန်တွင် သူ့ခန္ဓာကိုယ်မှာ ယခင်ကနှင့်မတူဘဲ ကွဲပြားခြားနားနေကြောင်းကို သူ ရှင်းလင်းစွာ ခံစားနေရသည်။
ယခင်က သူ့နှလုံးသားတစ်ဝိုက်တွင် အမြဲတမ်း တင်းကျပ်နေတတ်ပြီး အသက်ရှူရန်ပင် ခက်ခဲလေ့ရှိသည်။
သို့သော် ယခုအခါ နှလုံးသားထဲရှိ တင်းကျပ်မှုခံစားချက်မှာ တစ်ဝက်ခန့် လျော့ကျသွားလေပြီ။
ဤအရာကို ထောက်ရှုခြင်းအားဖြင့် ဝူယွီလန်၏ကုသမှုနည်းလမ်းမှာ ကြောက်မက်ဖွယ်ကောင်းသော်လည်း အလွန်အမင်း ထိရောက်မှုရှိကြောင်း သိမြင်နိုင်ပေသည်။
သူ အဆိပ်ကို တကယ်ကုသနိုင်တော့မည်ဖြစ်ကြောင်း တွေးမိသောအခါ သခင်လေးမုချန်ကျွင်းမှာ အလွန်အမင်း စိတ်လှုပ်ရှားကြည်နူးနေမိတော့သည်။
“အဒေါ်၀ူ ဘေးခန်းမှာ အနားယူနေပါတယ်၊ ကျွန်တော် အခုပဲ လူလွှတ်ပြီး သွားခေါ်ခိုင်းလိုက်ပါ့မယ်”
ချင်းဖုန်း အစောင့်တစ်ဦးအား လက်ညှိုးထိုးပြကာ ဝူယွီလန်ကို သွားရောက်ပင့်ခေါ်စေလိုက်သည်။
ဝူယွီလန်မှာ ဘေးခန်းတွင် တစ်ရေးတစ်မော အိပ်စက်နေခြင်းဖြစ်၏။
သခင်လေးမုချန်ကျွင်း နိုးလာပြီဟု ကြားသိရသောအခါ သူမက အဝတ်အစားများကို ခပ်သုတ်သုတ် သပ်ရပ်အောင်ပြင်ဆင်လိုက်ပြီး အစောင့်၏အနောက်မှ အိပ်ခန်းမကြီးအတွင်းသို့ ဝင်ရောက်လာခဲ့သည်။
“ဘယ်လိုနေသေးလဲ”