အခန်း ၁၀
Vol. 1 Ch. 10
🍅 Chapter 10
ဤသတင်းကောင်းကို သူမ၏ မိခင် မသိသေးဘူးဟု တွေးမိသောအခါ ပျော်ရွှင်တက်ကြွသော ခြေလှမ်းများဖြင့် အခန်းထဲသို့ ဝင်သွားလေသည်။
“အမေ”
“အဘွားက ငါးတွေအများကြီး ဖမ်းလာတယ်သိလား၊ ပြီးတော့ သမီးတို့ကို ငါးဟင်းချို ချက်ကျွေးမယ်လို့တောင် ပြောသွားသေးတယ်”
ကလေးမလေး၏ မျက်လုံးများမှာ ဝမ်းသာပျော်ရွှင်မှုကြောင့် လခြမ်းကွေးလေးများသဖွယ် ဖြစ်နေလေသည်။
ထိုစကားများကို သဲသဲကွဲကွဲ မကြားရတချက် ကြားရတချက်ဖြစ်နေသော လီရှို့ယွင်သည် သမီးဖြစ်သူ၏မျက်နှာပေါ်မှ ပျော်ရွှင်မှုကို မြင်သောအခါ အလိုအလျောက် ပြုံးလိုက်မိ၏။
သို့သော် ရုတ်တရက် အတွေးတစ်ခု ဝင်လာချိန်တွင်တော့ သူမ၏ နဖူးပြင်ထက်၌ စိုးရိမ်သောက အရိပ်အယောင်များ ပြန်လည်လွှမ်းမိုးသွားပြန်သည်။
ဝူယွီလန်သည် မြစ်ဆိပ်ကမ်းရှိ သူမ၏မူလနေရာသို့ ပြန်ရောက်လာပြီးနောက် နာရီဝက်ခန့်အကြာတွင် နောက်ထပ် ရေပုံးနှစ်ပုံးအပြည့် ငါးများ ဖမ်းမိခဲ့ပြန်သည်။
နေ့လယ်စာ ပြင်ဆင်ရမည့်အချိန် ရောက်လာပြီဖြစ်၍ သူမသည် အချိန်ဆွဲမနေတော့ဘဲ ငါးမျှားတံကို သိမ်းဆည်းကာ ငါးအပြည့်ပါသော ရေပုံးနှစ်ပုံးကို သယ်ဆောင်လျက် အိမ်သို့ ပြန်လာခဲ့တော့၏။
လမ်းလျှောက်လာရင်း သူမ၏စိတ်ထဲတွင် စီးပွားရေးအစီအစဥ်များကို တွက်ချက်နေမိသည်။
မွန်းလွဲပိုင်းရောက်လျှင် ဤငါးများကို မြို့ပေါ်သို့ သွားရောက်ရောင်းချမည်ဖြစ်ပြီး ရရှိလာသော ငွေကြေးများဖြင့် အိမ်ရှိ မွေးကင်းစကလေးငယ်လေးအတွက် အင်္ကျီချုပ်ရန် ချည်ထည်စအချို့ ဝယ်ယူမည်ဟု သူမ အခိုင်အမာ ရည်ရွယ်ထားသည်။
သို့သော် အိမ်သို့ ပြန်ရောက်လာချိန်တွင် ခြံတံခါးကြီး ပွင့်ဟနေသည်ကို မမျှော်လင့်ဘဲ မြင်တွေ့လိုက်ရလေ၏။
ခြံဝင်းအတွင်းမှ ကလေးငယ်များ၏ အံ့ဩနေကြသော တီးတိုးရေရွတ်သံလေးများကို ကြားနေရဆဲဖြစ်သည်။
“ငါးတွေ အများကြီးပဲ”
“အစ်ကိုကြီး၊ ဒါဆို သားတို့ ငါးဟင်း စားရတော့မှာလားဟင်”
“တိုးတိုးလုပ်ပါ၊ အဘွားက ဦးလေးစားဖို့ချည်းပဲ ဖမ်းလာတာ၊ ငါတို့တွေ မက်နေလို့မရဘူး”
ဝူယွီလန်ကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ကလေးတစ်သိုက်မှာ လည်ပင်းလေးများ ပုဝင်သွားကာ ရေစည်ပိုင်းအနီးမှ အလျင်အမြန် ခွာလိုက်ကြ၏။
“အဘွား”
“အဘွား”
ကြောက်ရွံ့တုန်လှုပ်နေကြသော မျက်လုံးလေးများကို ကြည့်ရင်း ဝူယွီလန်၏ရင်ထဲတွင် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားရသည်။
“အင်း”
“တာ့လန်၊ မင်း ငါးသတ်တတ်လား”
အမည်ခေါ်ခံလိုက်ရသော စုန့်တာ့လန်သည် ကမန်းကတန်း ခေါင်းညိတ်ပြလိုက်၏။
“ဟုတ်ကဲ့၊ သတ်တတ်ပါတယ်”
ဝူယွီလန်သည် လေးကျင်းခန့်ရှိသော မြက်စားငါးကြီး တစ်ကောင်နှင့် တစ်ကျင်းခွဲခန့်ရှိသော ငါးကြင်းဖြူတစ်ကောင်ကို ဆယ်ယူလိုက်ပြီး ဇလုံတစ်ခုထဲသို့ ထည့်ပေးလိုက်၏။
ဇလုံထဲတွင် ခုန်ပေါက်လူးလွန့်နေသော ငါးနှစ်ကောင်ကိုကြည့်ရင်း စုန့်တာ့လန်တစ်ယောက် မှင်သက်သွားခဲ့သည်။
“အဘွား၊ ဒီနှစ်ကောင်လုံး သတ်ရမှာလားဟင်”
“နှစ်ကောင်လုံးသတ်လိုက်၊ ခဏနေရင် ချက်စားကြမယ်”
ထိုသို့ပြောရင်း ဝူယွီလန်သည် ကျန်နေသေးသော ငါးများကို ရေစည်ပိုင်းထဲသို့ ပြန်ထည့်လိုက်ပြီး လက်ကိုစင်ကြယ်အောင်ဆေးကြောကာ ဟင်းချက်ရန် မီးဖိုချောင်ထဲသို့ ဝင်သွားလေသည်။
သို့သော် မီးဖိုချောင်အတွင်းသို့ ခြေချလိုက်သည်နှင့် ကြမ်းပြင်တစ်လျှောက်တွင် ကြွေပန်းကန်ကွဲစများ ပြန့်ကျဲနေပြီး တူများကိုလည်း ချိုးဖဲ့ကာ လွှင့်ပစ်ထားသည်ကို တွေ့လိုက်ရ၏။
ဝူယွီလန် သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်မိချိန်တွင် သူမ၏နားထင်ကြောများပင် တဒိတ်ဒိတ် ခုန်လာခဲ့သည်။
မည်သူ့လက်ချက်ဖြစ်မည်ကို သူမ ကောင်းကောင်း သိနေပေသည်။ အိမ်ရှိ အလိုလိုက်ခံထားရသော ထိုကပ်ပါးကောင်မှလွဲ၍ မိသားစုပန်းကန်များကို မည်သူမျှ ရိုက်ခွဲရဲမည်မဟုတ်ပေ။
သူမသည် တံမြက်စည်းတစ်ချောင်းကို ကောက်ကိုင်ကာ ပတ်ဝန်းကျင်ကို ရှာဖွေကြည့်သော်လည်း စုန့်ကျစ်ရှု၏ အရိပ်အယောင်ကိုမျှ မတွေ့ရချေ။
စုန့်ကျစ်ရှု၏ အခန်းတွင်းသို့ ဝင်ရောက်စစ်ဆေးကြည့်သောအခါ အဝတ်အစားအနည်းငယ် ပျောက်ဆုံးနေသည်ကို တွေ့ရှိလိုက်ရသည်။
“ဟက်၊ ဒီခွေးကောင်လေး သတ္တိရှိရင် နောက်ဘယ်တော့မှ ပြန်မလာနဲ့”
သူမသည် တံမြက်စည်းကို ပစ်ချခဲ့ပြီး မီးဖိုချောင်ထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။
ချွမ်းနီလေး ဝင်လာပြီး တံခါးဘောင်ကိုမှီလျက် ခေါင်းလေးကို ပုကာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ဆိုလာ၏။
“ပန်းကန်တွေကို... ဦးလေး ရိုက်ခွဲသွားတာပါ”
ဝူယွီလန်သည် သူမ၏ ဆူပွက်နေသောဒေါသများကို ထိန်းချုပ်လိုက်ပြီး လက်လှမ်းကာ ချွမ်းနီလေးအား မီးဖိုချောင်အပြင်ဘက်သို့ ဆွဲထုတ်ပေးလိုက်သည်။
“ခြံထဲမှာသွားနေ”
မှာကြားပြီးသည်နှင့် သူမသည် တံမြက်စည်းတစ်ချောင်းကို ယူကာ ကြမ်းပြင်ပေါ်ရှိ ကျိုးပဲ့နေသော တူများနှင့် ပန်းကန်ကွဲစများကို သန့်ရှင်းရေး လုပ်လိုက်သည်။ အရေအတွက်ကို ရေတွက်ကြည့်ရာ တစ်မိသားစုလုံး အသုံးပြုရန် ပန်းကန်များ လောက်ငှတော့မည်မဟုတ်ပေ။
ထို့အပြင် တူအချို့လည်း လျော့နည်းသွားခဲ့သည်။
ထိုအချိန်မှာပင် စုန့်ကျစ်ယုံတစ်ယောက် ဝါးစည်းကြီးကိုထမ်းလျက် ခြေတရွတ်ဆွဲကာ ပြန်လည်ရောက်ရှိလာခဲ့သည်။ ဆောင်းရာသီက တောင်ပေါ်တွင် အမဲလိုက်ရင်း ခြေထောက်ကျိုးသွားခဲ့သည့် အချိန်မှစ၍ စုန့်ကျစ်ယုံသည် အမဲလိုက်ခြင်းကို ထပ်မံမလုပ်ကိုင်နိုင်တော့ပေ။
ပုံမှန်အားဖြင့် လယ်ယာအလုပ်များ လုပ်ကိုင်သည့်အပြင် ဝင်ငွေရရှိစေရန် လက်သမားအလုပ် အနည်းငယ်လုပ်ခြင်း၊ ဝါးတောင်းများနှင့် ခေါင်းရွက်ဗန်းများ ရက်လုပ်ခြင်းတို့ကိုပါ လုပ်ကိုင်ရလေသည်။
“သားကြီး၊ သစ်သားပန်းကန်လုံး နည်းနည်းနဲ့ ဝါးတူနည်းနည်းလောက် သပ်သပ်ရပ်ရပ် လုပ်ပေးစမ်း”
ဝူယွီလန်သည် အမိန့်ပေးပြီးနောက် မီးဖိုချောင်ထဲသို့ဝင်ကာ သူမ၏အလုပ်များကို ဆက်လက်လုပ်ကိုင်နေခဲ့သည်။ စုန့်ကျစ်ယုံသည် မည်သည့်စကားမျှမဆိုဘဲ ခံစားချက်မဲ့နေသော မျက်နှာထားဖြင့် ဝူယွီလန် ခိုင်းစေသော တာဝန်ကို ပြီးမြောက်ရန် တိတ်တဆိတ် ထွက်သွားလေတော့၏။
ထိုမြင်ကွင်းကို မြင်သောအခါ ဝမ်ကွေ့ချင်နှင့် ကျောက်လီကျွမ်တို့မှာ သူမ၏နောက်မှ မီးဖိုချောင်ထဲသို့ ကပျာကယာ လိုက်ဝင်လာကြသည်။
“အမေ၊ နားနေပါ၊ သမီးတို့ကို လုပ်ခိုင်းပါ”
ဝမ်ကွေ့ချင်သည် လက်နှစ်ဖက်ကို စိုးရိမ်တကြီး ဆုပ်နယ်နေရင်း အလုပ်များနေသော ဝူယွီလန်အား ကြည့်ကာ အနည်းငယ် ကသိကအောက်ဖြစ်နေမိသည်။ ပုံမှန်အားဖြင့် သူမ၏ ယောက္ခမဖြစ်သူသည် မီးဖိုချောင်ထဲသို့ မည်သည့်အခါမျှ ဝင်လေ့မရှိပေ။
ပြီးခဲ့သည့် နှစ်ရက်အတွင်း အလွန်တရာ ထူးဆန်းနေခဲ့သည်။ မီးဖိုချောင်ထဲ ဝင်လာရုံသာမက သူတို့အတွက် ကြက်သားဟင်းချိုပင် ချက်ကျွေးခဲ့သေးသည်။
ပုံမှန်အချိန်များတွင် ကြက်သားဟင်းချိုဆိုသည်မှာ ဝေလာဝေး၊ ဆီနံ့လေးပင် မရှူခဲ့ရ၊ ဆီစက်လေးပင် မမြည်းစမ်းခဲ့ရသည်ကို လူတိုင်းအသိပင်။
ထိုအကြောင်းကို တွေးမိသောအခါ ဝမ်ကွေ့ချင်နှင့် ကျောက်လီကျွမ်တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြပြီး နှစ်ဦးလုံး၏ မျက်လုံးများထဲတွင် တူညီသော နားလည်ရခက်မှုများ ကိန်းအောင်းနေကြသည်။
သူတို့၏ ယောက္ခမကြီးသည် ဤရက်ပိုင်းအတွင်း တကယ်ကို ထူးဆန်းလွန်းနေသည်။
‘ဒါမှမဟုတ်... ယောက္ခမကြီးကို မသန့်ရှင်းတဲ့ ဝိညာဉ်တစ်ခုခုများ ပူးကပ်နေတာလား..’
သူတို့၏ မျက်နှာအမူအရာများကို ဝူယွီလန် သတိထားမိသွားကာ မျက်မှောင်ကြုတ်လျက် ကြိမ်းမောင်းလိုက်တော့သည်။
“ပျင်းရိလိုက်တဲ့ မိန်းမတွေ၊ မီးတောင် သေချာမထိုးတတ်ဘူးလား”
“နင်တို့တွေ ပျင်းရိပြီး မလှုပ်မယှက် နေနေကြဦးမယ်ဆိုရင် အရိုက်ခံရဖို့သာ ပြင်ထားကြတော့”
ဝမ်ကွေ့ချင်နှင့် ကျောက်လီကျွမ်တို့ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်မိကြသည်။
‘အင်းလေ၊ ယောက္ခမကြီးက အရင်ယောက္ခမကြီးပါပဲ’
ထို့နောက် သူတို့နှစ်ဦးမှာ အလုပ်များကို ကမန်းကတန်း လုယက်လုပ်ကိုင်ကြတော့သည်။
ဝူယွီလန်သည် ဝမ်ကွေ့ချင်အား ကလေးနို့မှုန့်ဖျော်ရန် မောင်းထုတ်လိုက်ပြီး ကျောက်လီကျွမ်ကိုမူ မီးထိုးရန် ချန်ထားခဲ့၏။ ယောက္ခမဖြစ်သူမှ ဆန်ပန်းကန်လုံး အကြီးကြီးနှစ်လုံးဖြင့် ဆန်ပြုတ် ပြုတ်နေသည်ကို မြင်သောအခါ ကျောက်လီကျွမ်တစ်ယောက် ကြောက်လန့်သွားခဲ့သည်။
“အမေ... ဆန်တွေ အရမ်းများမနေဘူးလားဟင်”
ဝူယွီလန်၏ လှုပ်ရှားမှုများ ရပ်တန့်သွားပြီးနောက် ပြတ်သားစွာဆူပူလိုက်သည်။
“ဒီနေ့ကစပြီး ငါဟင်းချက်ရင် ငါချက်တာကို အကုန်စား၊ ငါ့ကိုလာပြီး ပွစိပွစိလုပ်မနေနဲ့”
အဆူခံလိုက်ရပြီးနောက် ကျောက်လီကျွမ်မှာ ခေါင်းငုံ့ကာ မီးကိုသာ ရိုးရိုးသားသား ဆက်ထိုးနေခဲ့ပြီး နောက်ထပ်စကားတစ်ခွန်းမျှ မဟရဲတော့ချေ။
ဝူယွီလန်တစ်ယောက် အလုပ်များနေစဉ် ငါးကြင်းဖြူဟင်းချိုချက်ရန် ပြင်ဆင်လိုက်သောအခါမှ တို့ဖူးမဝယ်ရသေးသည်ကို သတိပြုမိသွားသည်။ ရွာအစွန်တွင် တို့ဖူးရောင်းသော အိမ်တစ်အိမ်ရှိလေ၏။
ဝူယွီလန်သည် သူမ၏ အခန်းအတွင်းမှ ကြေးပြားငါးပြားကို ထုတ်ယူကာ အပြင်သို့ထွက်လာခဲ့ပြီး အနီးဆုံးရှိနေသူတစ်ဦးကို အပြေးအလွှား ခိုင်းစေရန် ရမ်းသန်းလက်ညှိုးထိုးလိုက်သည်။
“အာ့လန်၊ ရွာအစွန်ကိုသွားပြီး တို့ဖူးနည်းနည်းသွားဝယ်ချေ”
စုန့်အာ့လန်သည် ကြေးပြားများကို ယူကာ တံခါးပြင်သို့ ပြေးထွက်သွားခဲ့သည်။ သိပ်မကြာမီမှာပင် ငှက်ပျောဖက်ဖြင့် ထုပ်ထားသော တို့ဖူးများကို ကိုင်ဆောင်ကာ ပြန်လည်ရောက်ရှိလာခဲ့၏။
“အဘွား၊ ဒီတို့ဖူးက ကြေးပြားတစ်ပြားကို သုံးတုံးရပါတယ်၊ စုစုပေါင်း ဆယ့်ငါးတုံး ဝယ်လာပါတယ်၊ ကြေးပြား ငါးပြားလုံး ကုန်သွားပါတယ်၊ သားအတွက် တစ်ပြားမှ မဖွက်ထားပါဘူး”
ဝူယွီလန် မယုံကြည်မည်ကို စိုးရိမ်သဖြင့် စုန့်အာ့လန်သည် သူအပြစ်ကင်းစင်ကြောင်း ပြသရန် နှစ်ကြိမ်ခန့်ပင် ခုန်ပြလိုက်သေးသည်။
ဝူယွီလန်သည် တို့ဖူးတုံးငယ်လေး တစ်တုံးကို ဖဲ့ယူလိုက်၏။
“ဒီကိုလာခဲ့”
အရိုက်ခံရတော့မည်ဟု ထင်မှတ်ကာ စုန့်အာ့လန်သည် ခေါင်းလေးကို ပုထားလိုက်သည်။
“ပါးစပ်ဟစမ်း”
သူသည် မျက်လုံးများကို စုံမှိတ်ထားပြီး ပါးစပ်ဟပေးလိုက်သည်။
‘အင်း...’
ချိုမြိန်ပြီး လတ်ဆတ်သော အရသာတစ်ခုက သူ၏ပါးစပ်အတွင်း၌ ပျံ့နှံ့သွားလေသည်။
‘တို့ဖူးပဲ၊ အဘွားက ငါ့ကို တို့ဖူးကျွေးတာပဲ’
“အပြေးအလွှား သွားဝယ်ပေးတဲ့အတွက် ဆုချတယ်လို့ပဲ မှတ်လိုက်”
ထိုစကားတစ်ခွန်းကို ချန်ရစ်ခဲ့ပြီးနောက် ဝူယွီလန်သည် တို့ဖူးများကို သယ်ဆောင်ကာ မီးဖိုချောင်ထဲသို့ ပြန်လှည့်ဝင်သွားလေသည်။
ဝူယွီလန် ထွက်သွားသည်နှင့်တစ်ပြိုင်နက် အိမ်ရှိ အခြားကလေးများအားလုံး ဝိုင်းအုံလာကြသည်။
“အစ်ကိုလတ်၊ အဘွားက တကယ်ကြီး တို့ဖူးကျွေးလိုက်တာလား”
ကိုးနှစ်အရွယ် စုန့်ယင်ဟွာလေး၏မျက်လုံးများထဲတွင် မနာလိုအားကျမှုများနှင့် အံ့ဩမှုများ ပြည့်နှက်နေသည်။ အခြားကလေးများ၏ မျက်လုံးများတွင်လည်း အံ့သြချီးကျူးမှုများ အထင်းသားပေါ်လွင်နေကြ၏။