← Chapters

အခန်း ၄၉

Vol. 5 Ch. 49

အခန်း ၄၉

Vol. 5 Ch. 49

🍅 Chapter 49

သူမ မှားယွင်းခဲ့ကြောင်းကို သိနေသဖြင့် သဘာဝကျစွာပင် အပြစ်ရှိသကဲ့သို့ ခံစားနေရသည်။ ဝူယွီလန်သည် အမျိုးသမီးငယ်အား မော့ကြည့်လိုက်ပြီး ခနဲ့တဲ့တဲ့ လေသံဖြင့် ပြန်မေးလိုက်သည်။

“ငါ့ကို လူလိမ်သမားတော်လို့ ပြောခဲ့တာ နင် မဟုတ်ဘူးလား၊ ငါ့ဆီမှာ ဆေးလာကုရဲသေးတယ်ပေါ့”

အမျိုးသမီးငယ်သည် ရှက်ရွံ့စွာ ပြုံးလိုက်သည်။

“သမားတော်၊ ခုနကအတွက်တော့ တောင်းပန်ပါတယ်၊ ကျွန်မက ဉာဏ်နည်းတော့ သူများပြောတာကို အလွယ်တကူ ယုံမိသွားတာပါ၊ ကျွန်မရဲ့ အမှားကို ခွင့်လွှတ်ပေးပါနော်”

အမျိုးသမီးငယ်က ယဉ်ကျေးစွာဖြင့် တောင်းပန်လာသဖြင့် ဝူယွီလန်လည်း သူမကို စိတ်မကောက်တော့ဘဲ ပုံမှန်အတိုင်းပင် သွေးခုန်နှုန်းကို စမ်းသပ်ပေးလိုက်သည်။

“သမားတော်၊ ဘယ်လိုလဲရှင့်”

အမျိုးသမီးငယ်က ဝူယွီလန်ကို စိုးရိမ်တကြီး ကြည့်ကာ မေးလိုက်၏။

“ညီမလေးက တကယ်ပဲ ခြင်ဝိညာဉ်ဝင်စားနေတာလားဟင်”

ဝူယွီလန် သူမ၏လက်ကို ဆွဲယူလိုက်ပြီး ပြောလိုက်သည်။

“နောက်တစ်ခါ အသားကိုကိုက်ပြီး သွေးစုပ်ကြည့်ပါဦး”

အမျိုးသမီးငယ်သည် စကားနားထောင်စွာပင် သူမ လက်ကောက်ဝတ်ကို ကိုက်၍ အနည်းငယ် စုပ်ကြည့်လိုက်သည်။

“ထွီး”

သွေးတစ်လုပ်ကို မြေကြီးပေါ်သို့ ထွေးထုတ်လိုက်၏။

ထိုမြင်ကွင်းကို မြင်လိုက်ရသော ပွဲကြည့်ပရိသတ်များမှာ အံ့အားသင့်ကာ အသံမျိုးစုံဖြင့် ရေရွတ်လိုက်ကြ၏။

“အို အမလေး၊ ဒါက တကယ်ပဲ ခြင်ဝိညာဉ်ဝင်စားတာ ဖြစ်နေပါပြီ”

“ကြောက်စရာကြီး၊ မြန်မြန်ဖယ်ကြစမ်း၊ မဟုတ်ရင် ခဏနေတော့ ငါတို့သွေးတွေ အကုန်ကုန်အောင် စုပ်သွားလိမ့်မယ်”

အစပိုင်းတွင် လူစည်ကားနေသော နေရာမှာ ရုတ်တရက်ဆိုသလိုပင် ပေဆယ်ဂဏန်းအထိ နောက်ဆုတ်သွားကြ၏။

ထိုမြင်ကွင်းကို မြင်သောအခါ အမျိုးသမီးငယ်သည် ဝူယွီလန်အား အကူအညီတောင်းလိုသော မျက်နှာပေးဖြင့် ကြည့်လိုက်သည်။

“သမားတော်...”

“ပါးစပ်ဟလိုက်”

သူမသည် စကားနားထောင်ပြီး ပါးစပ်ကို ဟပေးလိုက်သည်။ ဝူယွီလန်က တစ်ချက်ကြည့်ပြီးနောက် သက်ပြင်းချလိုက်၏။

“ဘာမှမဟုတ်ပါဘူး၊ ညီမလေး ကိုယ်တွင်းအပူဓာတ် များနေရုံတင်ပါ”

အမျိုးသမီးငယ်မှာ အံ့အားသင့်သွားသည်။

“သမားတော်၊ အဲ့ဒါဆိုရင် ကျွန်မက ခြင်ဝိညာဉ် ဝင်စားတာမဟုတ်ဘူးပေါ့”

“မဟုတ်ဘူး”

“ဒါဆို... ဒါဆို ဘာလို့ ကျွန်မရဲ့ ခန္ဓာကိုယ်ကနေ သွေးတွေစုပ်လို့ရနေရတာလဲ”

“ကျွန်မ ကိုယ်တိုင်တင်မကဘူး၊ ယောက်ျားနဲ့ သမီးလေးရဲ့ လက်မောင်းကနေလည်း သွေးစုပ်လို့ရတယ်လေ”

ဝူယွီလန်မှာ ဆွံ့အသွားပြီး စကားမပြောနိုင်ဖြစ်သွားရ၏။

“ကိုယ်တွင်း အပူဓာတ်များလို့ သွားဖုံးသွေးယိုတာပဲဖြစ်မယ်”

အမျိုးသမီးငယ်မှာ အနည်းငယ် မှင်တက်သွားသော်လည်း ချက်ချင်းပင် ငြင်းဆန်လိုက်သည်။

“မဖြစ်နိုင်တာ”

“ကျွန်မ တကယ်ပဲ ယောက်ျားနဲ့ သမီးလေးဆီကနေ သွေးစုပ်ခဲ့တာပါ”

ဝူယွီလန် နားထင်ကို ဖိညှစ်လိုက်ပြီး သေချာရှင်းပြလိုက်လေ၏။

“ညီမလေးမှာ သွားဖုံးသွေးယိုတဲ့ ရောဂါရှိနေတာ၊ ဘာကိုပဲ စုပ်စုပ် ညီမရဲ့သွားဖုံးက သွေးတွေပဲ ထွက်လာမှာပေါ့”

“မဖြစ်နိုင်တာ”

အမျိုးသမီးမှာ မယုံနိုင်သေးသည်ကို မြင်သောအခါ ဝူယွီလန်သည် သစ်သားချောင်းတစ်ချောင်းကို ကောက်ယူလိုက်လေ၏။

“ကဲ၊ အဲ့ဒီသစ်သားချောင်းကို ပြင်းပြင်းလေး စုပ်ကြည့်စမ်းပါ”

ပွဲကြည့်ပရိသတ်များမှာလည်း ထိုအမျိုးသမီးသည် တကယ်ပဲ ခြင်ဝိညာဉ်ဝင်စားသလား သိချင်ကြသဖြင့် ဝိုင်းအုံကြည့်ရှုနေကြ၏။

အမျိုးသမီးငယ်သည် ခဏမျှ တုံ့ဆိုင်းပြီးနောက် သစ်သားချောင်းကို ကိုက်၍ စုပ်ကြည့်လိုက်သည်။ ပါးစပ်ထဲတွင် သံဓာတ်အရသာကို ခံစားလိုက်ရချိန်တွင် သူမသည် မြေကြီးထဲသို့ပင် တွင်းတူး၍ ဝင်သွားချင်စိတ် ပေါ်လာလေ၏။

ဝူယွီလန် အဝတ်စဖြူတစ်စကို ထုတ်ပေးလိုက်သည်။

“ရော့၊ အဲ့ဒါထွေးထုတ်လိုက်”

ပွဲကြည့်သူများမှာလည်း လည်ပင်းရှည်အောင် ဆန့်၍ကြည့်လိုက်ကြသည်။ အမျိုးသမီးငယ်မှာ ရှက်ရွံ့စွာဖြင့် ထွေးထုတ်လိုက်လေ၏။

“အို၊ တကယ်ပဲ သွေးပါလား”

“သစ်သားချောင်းဆီကနေတောင် သွေးစုပ်နိုင်တယ်ဆိုတော့ တကယ့်ကို ထူးဆန်းတာပဲ”

ထိုယောက်ျားလေး၏ စကားဆုံးသည်နှင့် သူ့ခေါင်းကို အရိုက်ခံလိုက်ရသည်။

“ဘာက ထူးဆန်းတာလဲ၊ သစ်သားချောင်းမှာ သွေးပါတာ ရှင်မြင်ဖူးလား၊ ဒါက သွားဖုံးသွေးယိုတာပဲ”

ဇနီးဖြစ်သူ၏အရိုက်ခံရပြီးနောက် ထိုယောက်ျားလေးမှာ ဒေါသမထွက်ဘဲ ရယ်မောလိုက်သည်။

“ဟီးဟီး၊ ငါ့မိန်းမကပဲ ဉာဏ်ကောင်းပါတယ်၊ သစ်သားချောင်းက သွေးမထွက်ပါဘူး၊ ဒါ သွားဖုံးသွေးယိုတာပဲ”

ထိုမြင်ကွင်းကြောင့် ပွဲကြည့်သူများမှာလည်း တခစ်ခစ် ရယ်မောလိုက်ကြလေ၏။

“ဟား ဟား ဟား၊ ခြင်ဝိညာဉ် ဝင်စားတယ်ဆိုတာ သွားဖုံးသွေးယိုတာကို ပြောတာကိုး”

“ဟား ဟား ဟား၊ ရယ်ရလွန်းလို့ သေတော့မယ်၊ သွားဖုံးသွေးယိုတာကိုတောင် မသိဘဲ ခြင်ဝိညာဉ်ဝင်စားတယ်လို့ ထင်နေတာ”

လူအုပ်ကြီး၏ လှောင်ပြောင်မှုကို ကြားရသောအခါ အမျိုးသမီးငယ်မှာ ရှက်လွန်း၍ မျက်နှာပင် ခရမ်းရောင်သမ်းသွားတော့သည်။

သူမသည် တုန်ယင်စွာဖြင့် မေးလိုက်လေ၏။

“ဆရာမ... ကျွန်မမှာ ကိုယ်တွင်းအပူဓာတ် များနေတာဆိုတော့ ဆေးလေးဘာလေး ညွှန်းပေးပါဦးရှင့်”

ဝူယွီလန် ဆေးစာကို ရေးပြီးသားဖြစ်သည်။

“ဒါကို ယူသွား၊ နှစ်ရက်လောက် ပြုတ်သောက်လိုက်ပြီး အဆီအစိမ့်တွေ ရှောင်လိုက်”

အမျိုးသမီးငယ်က ဆေးစာကို ယူကာ ကျေးဇူးတင်စကားဆိုပြီး ထွက်သွားရန် ပြင်လိုက်သည်။

“ခဏ”

အမျိုးသမီးငယ် လှည့်ကြည့်လိုက်လေ၏။

“သမားတော်၊ နောက်ထပ်လိုအပ်တဲ့ဆေးတွေ ရှိသေးလားရှင်”

“သွားဖုံးတွေကို အားပြင်းကြီးမကိုက်၊ မစုပ်နဲ့တော့၊ ညီမလေးမှာ သွေးဘယ်လောက်ပဲ ရှိရှိ ဒီလိုမျိုး တရစပ်လုပ်နေရင် ခံနိုင်မှာ မဟုတ်ဘူး”

ဝူယွီလန်၏စကားကို ကြားလိုက်သောအခါ ပွဲကြည့်သူများမှာလည်း တစ်ခါပြန်၍ ရယ်မောလိုက်ကြသည်။

အမျိုးသမီးငယ်မှာမူ မျက်နှာကို လက်ဖြင့် အုပ်ကာ အမြန်ဆုံး ပြေးထွက်သွားလေတော့၏။

ထို့နောက်တွင်တော့ ဝူယွီလန်ထံသို့ လာရောက်ပြသသူများမှာ သာမန်ရောဂါများသာ ဖြစ်ကြသည်။

အထူးသဖြင့် မီးတွင်းရောဂါကြောင့် ခါးနာ၊ လက်ခြေကိုက်သည့် ရောဂါများ ဖြစ်ပြီး ဝူယွီလန်၏ အပ်စိုက်ကုသနည်းဖြင့် များစွာ သက်သာသွားကြလေ၏။

မိန်းမသားများမှာ အတင်းအဖျင်းပြောဆိုရသည်ကို ဝါသနာပါသဖြင့် သတင်းမှာ အလျင်အမြန်ပင် ပျံ့နှံ့သွားသည်။

ရက်အနည်းငယ်အတွင်းမှာပင် ဝူယွီလန်မှာ ထူးခြားသော သားဖွားမီးယပ်သမားတော်ဟူ၍ ကျော်ကြားလာခဲ့လေ၏။

ဤရက်ပိုင်းအတွင်းမှာပင် ဆေးပညာကုန်တိုက်မှ ဆုကြေးငွေအနေဖြင့် ငွေကြေး ၅၀၀၀ ခန့်ရရှိခဲ့ပြီး သူမ၏ဆန္ဒအတိုင်း လီအိမ်တော်သို့ ဖိတ်ကြားခြင်းခံခဲ့ရသည်။

“သခင်မကြီး၊ ဒီအမျိုးသမီးသမားတော်ကို နှစ်ရက်လောက် စောင့်ကြည့်လိုက်တာ၊ တကယ်ကို ထူးခြားတဲ့သူပဲ”

“လာပြတဲ့ မိန်းမတွေအားလုံး မီးတွင်းရောဂါပဲဖြစ်ဖြစ်၊ ဘယ်လိုရောဂါပဲဖြစ်ဖြစ် သူ အကုန်ကုသပေးနိုင်တယ်”

“နန်းတော်ထဲက သမားတော်တွေထက်တောင် တော်သေးတယ်လို့ ထင်တယ်”

“အဓိကကတော့ သူက အမျိုးသမီးသမားတော်လေ”

သခင်မကြီး လက်ဖက်ရည်ခွက်ကို ချလိုက်လေ၏။

“ဒါဆိုရင် သူ့ကို ဖိတ်ပြီးကြည့်ခိုင်းလိုက်”

“ဟုတ်ကဲ့ပါ၊ အခုပဲ ဖိတ်လိုက်ပါ့မယ်”

အထိန်းတော်ကွေ့ ထွက်သွားပြီးနောက် သခင်မကြီးမှာ အောက်ပိုင်းစိုစွတ်လာသည်ကို ခံစားလိုက်ရ၏။

သူမ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး အထိန်းတော်ကွေ့ ဝေးဝေးရောက်သွားပြီကို မြင်မှ အနီးရှိ အစေခံကောင်မလေးကို ခေါ်လိုက်သည်။

“သွား၊ ရေနွေးပြင်ပေးပါ၊ ငါ အဝတ်လဲရမယ်”

စုန့်ထုန်ဟွာမှ “ဟုတ်ကဲ့” ဟု ပြန်ဖြေပြီး ရေတစ်ဇလုံနှင့် သန့်ရှင်းသော အဝတ်အစားများကို လျင်မြန်စွာ ပြင်ဆင်ပေးလိုက်လေ၏။

သန့်ရှင်းရေးလုပ်ပြီးနောက်မှသာ သခင်မကြီးမှာ သက်ပြင်းတစ်ချက် ချလိုက်နိုင်တော့သည်။ သို့သော် ထိုမျှ အလုပ်ရှုပ်သွားပြီးနောက် ဆေးကုသလိုစိတ်မှာ လျော့ပါးသွားခဲ့လေ၏။

“တော်ပါပြီ၊ ဒီနေ့တော့ မပူဆာပါနဲ့တော့၊ အထိန်းတော်ကွေ့ သူ့ကို ပြန်လွှတ်လိုက်ဖို့ ပြောလိုက်”

သူမ စကားပြောပြီးသည်နှင့် အပြင်ဘက်မှ အထိန်းတော်ကွေ့၏အသံ ထွက်ပေါ်လာလေ၏။

“သခင်မကြီး၊ လူကို ခေါ်လာခဲ့ပါပြီ”

ထိုအသံကို ကြားသောအခါ သခင်မကြီးမှာ ခဏမျှတုံ့ဆိုင်းသွားသည်။

စုန့်ထုန်ဟွာ ရှေ့သို့ တစ်လှမ်းတိုးလိုက်လေ၏။

“သခင်မကြီး၊ ဒီတစ်ခါလာတာ အမျိုးသမီး သမားတော်ပါ၊ အသက်ငါးဆယ်၊ ခြောက်ဆယ်လောက် ရှိပြီဆိုတော့ အတွေ့အကြုံလည်း ရှိမှာပါ၊ တစ်ချက်လောက် စစ်ဆေးကြည့်လိုက်ပါလား”

သခင်မကြီးအား ဝိုင်း၀န်းဖြောင်း‌ဖျကြသဖြင့် လက်ဝှေ့ယမ်းလိုက်သည်။

“ဝင်လာခိုင်းလိုက်”

“ဟုတ်ကဲ့ပါ၊ သခင်မကြီး”

စုန့်ထုန်ဟွာသည် အပြင်ထွက်၍ တံခါးဖွင့်ပေးလိုက်လေ၏။

ကျွီ….

အပြင်ဘက်တွင် ရပ်နေသူကို မြင်လိုက်ရသောအခါ စုန့်ထုန်ဟွာမှာ မှင်တက်သွားလေသည်။

“အဘွား၊ အဘွားက ဘာလို့ ဒီမှာရောက်နေတာလဲ၊ အိမ်ပြန်သွားကြပြီ မဟုတ်ဘူးလား”

“အမေတို့ ပြန်သွားကြပြီ၊ အဘွားကတော့ ပေလျိုခရိုင်မှာ လူနာကြည့်ပေးနေတာ”

ဝူယွီလန်မှာ မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ သူတို့၏ဆက်ဆံရေးကို ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်သည်။

“နင်က ထုန်ဟွာလေးရဲ့အဘွားလား”

အထိန်းတော်ကွေ့ကမူ ဝူယွီလန်ကို အထက်အောက် စုန်ဆန်ကြည့်လိုက်၏။

“ဟုတ်ပါတယ်”

ဝူယွီလန်၏မျက်လုံးများမှာ ကြည်လင်နေပြီး မည်သည့်အရာကိုမျှ ဖုံးကွယ်မထားသည်ကို မြင်သောအခါ အထိန်းတော်ကွေ့မှာ နောက်ထပ် ဘာမှမပြောတော့ပေ။

“သခင်မကြီး အထဲမှာရှိတယ်၊ ဝင်သွားလိုက်”

ဝူယွီလန်မှာ ဆေးသေတ္တာကို ကိုင်ဆောင်ကာ အထဲသို့ဝင်သွားလိုက်သည်။

အထဲသို့ ရောက်သည်နှင့်တစ်ပြိုင်နက် အနံ့အသက်တစ်စုံတစ်ရာကို ဖုံးကွယ်ထားပုံရသည့် အမွှေးနံ့သာများ အလွန်အမင်းပြင်းပြနေသည်ကို ခံစားလိုက်ရလေ၏။

သခင်မကြီးသည် အဓိကနေရာတွင်ထိုင်နေပြီး လျစ်လျူရှုသည့် လေသံဖြင့် လက်ကို ကမ်းပေးလိုက်သည်။

“လာ၊ ငါ့ကို ကြည့်ပေးပါဦး”

All Chapters