အခန်း ၁၃၂
Vol. 14 Ch. 132
🍅 Chapter 132
ပထမအချက်အနေဖြင့် ပြီးခဲ့သည့်အကြိမ်က အားလုံး၏အသက်ကယ်ကျေးဇူးကို ပြန်ဆပ်ရန်နည်းလမ်းတစ်ခုဖြစ်ပြီး ဒုတိယအချက်အနေဖြင့် သူမအတွက်လည်း အလွန်အကျိုးရှိစေမည်ဖြစ်သည်။
သူမအနေဖြင့် ရွာသားများထံမှ ဆေးဘက်ဝင်အပင်များကို ဈေးပေါပေါဖြင့်ဝယ်ယူကာ သေချာစွာ အခြောက်ခံပြီး ပြုပြင်မွမ်းမံရန်သာ တာဝန်ယူရမည်ဖြစ်သည်။
ထိုသို့ဆိုလျှင် သူမ ဆေးဘက်ဝင်အပင်အမြောက်အမြားကို ထုတ်လုပ်နိုင်မည်ဖြစ်ပြီး အကျိုးအမြတ်များ ရရှိနိုင်မည်ဖြစ်၏။
သူမ တွေးတောလေလေ ပိုဖြစ်နိုင်ချေရှိသည်ဟု ခံစားရလေလေဖြစ်ကာ ဝူယွီလန် ရင်ထဲတွင် တိတ်တဆိတ် စတင်အစီအစဉ်ဆွဲလေတော့သည်။
ဝူယွီလန် အတည်ပြုလိုက်၏။
“သမားတော်လီ၊ တကယ်ပြောနေတာလား၊ တကယ်လို့ ဆရာကြီးက ဆေးဘက်ဝင်အပင်တွေ အားလုံးယူနိုင်တယ်ဆိုရင် ကျွန်မ အစွမ်းကုန်ကြိုးစားတော့မယ်”
သမားတော်လီ ရယ်မောလိုက်သည်။
“သမားတော်ဝူ၊ အေးဆေးသာလုပ်ပါ၊ ခင်ဗျားယူလာတဲ့ ဆေးပင်တွေရဲ့အရည်အသွေးက ဒီမှာရှိတဲ့ဟာတွေနဲ့ တူညီမယ်ဆိုရင် အကုန်လုံးကို ကျွန်တော်ယူပါ့မယ်”
ဝူယွီလန် ဝမ်းသာအားရသဘောတူလိုက်သည်။
“ဒါဆို သဘောတူတယ်နော်”
သမားတော်လီလည်း ပြုံး၍ခေါင်းညိတ်လိုက်သည်။
“သဘောတူပါတယ်”
အချိန်အတန်ကြာစကားပြောဆိုပြီးနောက် သမားတော်လီ ဆေးဆိုင်မှတပည့်ကိုခေါ်ကာ ဝူယွီလန်အတွက် ဆေးဘက်ဝင်အပင်များကို ချိန်တွယ်စေလိုက်၏။
ဤတစ်ကြိမ်ယူဆောင်လာသော ဆေးဘက်ဝင်အပင်များမှာ ရက်ပေါင်းများစွာ စုဆောင်းထားခဲ့ခြင်းဖြစ်ပြီး ငွေရှစ်ချောင်းတိတိရရှိခဲ့သည်။
စုန့်ကျစ်ရှုမှာ ဤဆေးဘက်ဝင်အပင်များအတွက် အလွန်ဆုံးကြေးပြားရာဂဏန်းခန့်သာ ရမည်ဟု မူလက ထင်မှတ်ထားခဲ့ခြင်းဖြစ်၏။
ဤမျှတန်ဖိုးကြီးမားလှသည်ကို မြင်လိုက်ရသောအခါ စုန့်ကျစ်ရှုတစ်ယောက် အံ့သြမှင်တက်သွားတော့သည်။
စုန့်ကျစ်ရှု အံ့ဩတကြီးပြောလိုက်သည်။
“အမေ၊ ဒီဆေးဘက်ဝင်အပင်တွေက ဒီလောက်တောင် တန်ဖိုးရှိတာလား”
ဝူယွီလန် တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။
“အင်း၊ တန်ဖိုးနည်းနည်းတော့ ရှိပါတယ်”
“ဒါပေမဲ့၊ ဒီငွေနည်းနည်းလေးက ငါတို့မိသားစုအတွက်တော့ သမုဒ္ဒရာထဲက ရေတစ်စက်လိုပါပဲ”
ဝူယွီလန်က မိသားစုတွင် ငွေရှိနေကြောင်း စုန့်ကျစ်ရှုကို မသိစေလိုသဖြင့် ဇာတ်လမ်းများ စတင်ဖန်တီးတော့သည်။
“ကျစ်ရှု၊ အရင်က နင့်ကို လျိုမိသားစုဆီ ဘာလို့လွှတ်လိုက်လဲဆိုတာ နင်သိလား”
စုန့်ကျစ်ရှု ခေါင်းခါပြလိုက်သည်။
“အမေ၊ အဲဒါကို သား အမြဲတမ်းမေးချင်နေခဲ့တာ”
ဝူယွီလန်က သက်ပြင်းတစ်ချက်ချလိုက်ပြီး သူမ မျက်နှာပေါ်တွင် ကူကယ်ရာမဲ့နေသော အမူအရာများအပြည့်ဖြစ်နေလေသည်။
“အရင်က ငါ နင့်အတွက် ဗေဒင်သွားမေးခဲ့တယ်၊ နင့်ရဲ့ပညာရေးကို ထောက်ပံ့ဖို့အတွက် နင့်ရဲ့တူမတွေကို ရောင်းစားခဲ့ပြီး နင့်အစ်ကိုကြီးတို့ကို အနိုင်ကျင့်ခဲ့တာတွေကြောင့် နင့်ရဲ့ကုသိုလ်ကံတွေ ထိခိုက်ပျက်စီးသွားပြီလို့ တွက်ချက်ရတယ်တဲ့၊ ဒီကုသိုလ်တွေကို ပြန်မဖြည့်ဆည်းရင် ဒီနှစ်ထဲမှာ နင် ကြီးမားတဲ့ဘေးအန္တရာယ်တစ်ခုနဲ့ ကြုံရလိမ့်မယ်လို့ပြောတယ်”
“ငါက နင့်ကို ဘာမှမဖြစ်စေချင်တာ သဘာဝပဲလေ၊ ဒါကြောင့် စိတ်ဒုံးဒုံးချပြီး နင့်ကို လျိုမိသားစုဆီပို့လိုက်တယ်၊ နင့်ကို ရောင်းလို့ရတဲ့ငွေနဲ့ ကျင်းဟွာနဲ့ ထုန်ဟွာကိုပြန်ရွေးခဲ့တာ”
“ကြည့်လေ၊ လျိုမိသားစုမှာ နင် နည်းနည်းပါးပါးဒုက္ခရောက်ခဲ့ပေမဲ့ အသက်အန္တရာယ်ဖြစ်လောက်တဲ့အထိ မဖြစ်ခဲ့ဘူးလေ၊ ဒါပေမဲ့ ငါကတော့ အိမ်မှာ တစ်ယောက်တည်း ဒဏ်ခံလိုက်ရပြီး သေလုနီးပါးဖြစ်ခဲ့ရတယ်”
စုန့်ကျစ်ရှုမှာ တစ်စုံတစ်ရာမှားယွင်းနေသည်ဟု ခံစားလိုက်ရသော်လည်း သေချာပြန်လည်တွေးတောကြည့်လိုက်သောအခါ…..
သူ့မိခင်မှာ အမှန်တကယ်ပင် အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရသည် မဟုတ်ပါလား။
“အမေ၊ သားအတွက် ဒီလောက်အများကြီးလုပ်ပေးခဲ့တာကို ဘာလို့ သားကို မပြောပြခဲ့ရတာလဲ”
ဝူယွီလန် ခေါင်းခါပြလိုက်သည်။
“ကောင်းမှုလုပ်ရင် ကောင်းကျိုးရပြီး မကောင်းမှုလုပ်ရင် မကောင်းကျိုးရမယ်ဆိုတာကို အခုမှပဲ ငါသိတော့တယ်၊ အရင်က နင့်အစ်ကိုကြီးတို့ကို ငါ အနိုင်ကျင့်ခဲ့ပြီး အမြဲတမ်း ရိုက်နှက်ဆဲဆိုခဲ့တယ်၊ ကြည့်ပါဦး၊ ဒီတစ်ခါ ငါ ဝဋ်လည်ပြီး သေလုနီးပါးဖြစ်ခဲ့ရပြီ”
“ငါ့သားရယ်၊ နင့် အဖေလည်း ငါ့အိပ်မက်ထဲကိုဝင်လာပြီး နောင်ကျရင် နင့်အစ်ကိုကြီးတို့ကို ကောင်းကောင်းဆက်ဆံပါလို့ ပြောသွားတယ်၊ အရင်က ငါ မှားခဲ့ပါတယ်၊ နင်လည်း ငါ့ခြေရာကို မနင်းမိဖို့ မျှော်လင့်တယ်၊ နောင်ကျရင် နင့်အစ်ကိုကြီးတို့နဲ့ သင့်မြတ်အောင်နေထိုင်ပါ”
စုန့်ကျစ်ရှု တီးတိုးရေရွတ်လိုက်သည်။
“အစ်ကိုကြီးတို့နဲ့လား”
စုန့်ကျစ်ယုံတို့ကို ရည်ညွှန်းလိုက်သောအခါ စုန့်ကျစ်ရှု ရင်ထဲတွင် ခံစားချက်များ ရှုပ်ထွေးသွားတော့သည်။
ယခင်ကဆိုလျှင် သူတို့ကို မိသားစုဝင်များအဖြစ်၊ သူ့အစ်ကိုကြီးများအဖြစ် တစ်ခါမှ သတ်မှတ်ခဲ့ဖူးခြင်းမရှိဟု ဆိုနိုင်၏။
အိမ်တွင် သူ အမြဲတမ်းအထက်စီးမှနေတတ်ပြီး အိမ်ရှိလူတိုင်းက သူ့အတွက် အစေခံများဖြစ်ကာ ခိုင်းစေချယ်လှယ်ရန်ဖြစ်သည်ဟု သူက အလိုအလျောက်သတ်မှတ်ထားခဲ့သည်။
သူက ဆန်ပြုတ်ကို စားသောက်ရပြီး သူ့အစ်ကိုကြီးတို့မှာ ဆန်ကွဲပြုတ်ကိုသာ စားသောက်ကြရ၏။
သူက အသားစားရသော်လည်း သူ့အစ်ကိုကြီးတို့မှာ ဟင်းရည်အကပ်လောက်သာ သောက်ကျရ၏။
ယခုအခါတွင် မိခင်ဖြစ်သူက ဤအရာများမှာ မှားယွင်းနေကြောင်း သူ့ကို ပြောပြနေလေပြီ။
“ကျစ်ရှု၊ အမေ့မှာ အသက်ရှင်ဖို့ အချိန်သိပ်မကျန်တော့ပါဘူး၊ နောင်ကျရင် နင့်ကို တစ်ကောင်ကြွက် တစ်မျက်နှာမဖြစ်စေချင်ဘူး”
“ဒါကြောင့် နင့်အစ်ကိုကြီးတို့အပေါ် ပိုပြီး သဘောကောင်းစေချင်တယ်၊ နင်အကူအညီမဲ့နေတဲ့အချိန်ကျရင် ညီအစ်ကိုသံယောဇဉ် ထောက်ထားပြီး နင့်ကို ကူညီဖေးမပေးနိုင်အောင် သူတို့ကိုကောင်းကောင်းဆက်ဆံပါ”
“ညီအစ်ကို သံယောဇဉ်လား”
စုန့်ကျစ်ရှု မျက်လွှာချလိုက်သည်။
သူနှင့် အစ်ကိုကြီးတို့ကြားတွင် ညီအစ်ကို သံယောဇဉ်ဆိုသည်မှာ ရှိနေသေးသည်လော။
သူတို့ကို အစ်ကိုတစ်ယောက်လို တစ်ကြိမ်တစ်ခါမျှ မဆက်ဆံခဲ့ဖူးကြောင်း သူ့ရင်ထဲတွင် အလွန်ရှင်းလင်းစွာ သိရှိနေသည်။
သူတို့ကို သူ၏ကိုယ်ပိုင်အစေခံများကဲ့သို့သာ သတ်မှတ်ကာ စိတ်ထင်တိုင်း ခိုင်းစေခဲ့ခြင်းဖြစ်သည်။
အစ်ကိုကြီးတို့က အဘယ်ကြောင့် သူ့ခိုင်းဖတ်ဖြစ်ရသနည်းဆိုသည်ကို သူ တစ်ကြိမ်တစ်ခါမျှ တည်တည်ငြိမ်ငြိမ်ဖြင့် မတွေးတောခဲ့ဖူးပေ။
သူ့ဆီကနေ အကျိုးအမြတ် တစ်ခုခုရရှိနေခြင်းလော။
မဟုတ်ပေ။ သူတို့အတွက် သူ တစ်စက်လေးမျှပင် အကျိုးမပြုခဲ့ဖူးပေ။
သူက ဤမိသားစုအတွက် ပညာသင်ကြားနေခြင်းဖြစ်သည်ဟု အရင်က ထင်မှတ်ထားခဲ့သဖြင့် မိသားစုဝင်များကို ခိုင်းစေပိုင်ခွင့်ရှိသည်ဟု ခံစားခဲ့ရသည်။
သို့သော် တကယ်တမ်းတွင်မူ သူက ဤမိသားစုထံမှ အကျိုးအမြတ်အားလုံးကို အပြည့်အဝရယူခဲ့ပြီး တစ်စုံတစ်ရာကိုမျှ ပြန်လည်မပေးဆပ်ခဲ့ခြင်းသာ။
စုန့်ကျစ်ရှုမှာ လမ်းပျောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
‘ငါ မှားနေတာလား'
‘ဒါပေမဲ့ အရင်က အမေ အဲဒီလိုပဲ သင်ပေးခဲ့တာလေ၊ အိမ်ကလူတိုင်းက ငါ့အစေခံတွေဖြစ်ပြီး ငါ ပညာသင်ဖို့အတွက် ထောက်ပံ့ပေးရတာက သူတို့အတွက် ဂုဏ်ယူစရာပဲလို့….. ဒါက မှားနေတာလား'
စုန့်ကျစ်ရှုတစ်ယောက် ကိုယ်ပိုင်ကမ္ဘာလေးထဲတွင် နစ်မြောနေသည်ကို မြင်သောအခါ ဝူယွီလန် သူ့ကို ဆက်လက်မနှောင့်ယှက်တော့ဘဲ စာအုပ်ဆိုင်သို့သွားကာ စာအုပ်နှစ်အုပ် ဝယ်ယူခဲ့သည်။
တစ်အုပ်မှာ မိဘကျေးဇူးဆပ်ခြင်းဆိုင်ရာ စာအုပ်ဖြစ်ပြီး နောက်တစ်အုပ်မှာ ကျင့်ဝတ်စည်းကမ်းဆိုင်ရာ စာအုပ်ဖြစ်၏။
“ကျစ်ရှု၊ အမေက အသိပညာဗဟုသုတနည်းပါးတဲ့ တောသူမကြီးပါ၊ ဒါကြောင့် နင့်ကို လွဲမှားတဲ့အတွေးအခေါ်တချို့ သွတ်သွင်းပေးခဲ့မိတယ်”