← Chapters

အခန်း ၁၁၀

Vol. 11 Ch. 110

အခန်း ၁၁၀

Vol. 11 Ch. 110

🍅 Chapter 110

လီရှို့ယွင် မေးမြန်းလိုက်သည်။

“အမေက ကျွန်မတို့အားလုံးအတွက် ဝယ်လာပေးခဲ့ပေမယ့် အမေ့အတွက်ကျတော့ တစ်ခုမှ မဝယ်ခဲ့ဘူးလား”

ဝူယွီလန်မှာ တစ်ခဏမျှ မှင်တက်သွားသည်။ သူမ ကိုယ်တိုင်အတွက် ဝယ်ယူရန် သူမ တစ်ခါမျှမတွေးတောမိခဲ့ပေ။

အဓိကအားဖြင့် သူမက အသက်ကြီးနေပြီဖြစ်ရာ အလှအပပြင်ဆင်ရန် ပျင်းရိနေပြီး သူမ၏ နေ့စဉ်ဝတ်စားဆင်ယင်မှုမှာ သက်တောင့်သက်သာရှိပြီး လွတ်လပ်မှုရှိစေရန်အတွက်သာ ရွေးချယ်လေ့ရှိသည်။

ဝူယွီလန် ပြန်ဖြေလိုက်သည်။

“ငါက အသက်ကြီးနေပါပြီ၊ အလှပြင်ဖို့ စိတ်မဝင်စားတော့ပါဘူး”

ဝမ်ကွေ့ချင် အနီးသို့တိုးကပ်လာသည်။

“အမေ၊ ဟိုစကားပုံရှိတယ်လေ၊ ဘယ်သူပြောထားတာပါလိမ့်၊ ‘မိန်းမတစ်ယောက်က သူ့ကို ဘာဖြစ်တဲ့သူအတွက် အလှပြင်တယ်’ ဆိုတာလေ”

လီရှို့ယွင် ဆက်ပြောလိုက်သည်။

“...သူ့ကို နှစ်သက်မြတ်နိုးတဲ့သူအတွက် အလှပြင်တယ်”

ဝမ်ကွေ့ချင်က ထောက်ခံလိုက်သည်။

“ဟုတ်တယ်၊ ဟုတ်တယ်”

ဝမ်ကွေ့ချင်က စကားပုံ၏အဓိပ္ပာယ်ကို အနည်းငယ် နားလည်မှုလွဲနေကြောင်း လီရှို့ယွင် သိသော်လည်း သူမက ပြင်မပေးတော့ဘဲ ကိုယ်ပိုင်အမြင်ကိုသာ ပြောပြလိုက်သည်။

“လူတစ်ယောက်က တခြားသူတွေကို ကျေနပ်စေဖို့အတွက် အလှပြင်တာမဟုတ်ဘဲ ကိုယ့်ကိုယ်ကို ကျေနပ်ဖို့အတွက် အလှပြင်တာပါ၊ ကိုယ်ကိုယ်တိုင်က ပျော်ရွှင်နေသမျှ ကာလပတ်လုံး အဲဒါကသာ အရေးကြီးဆုံးပဲ”

ဝမ်ကွေ့ချင်က သူမ၏လက်ထဲရှိ ဆံထိုးကို ဝူယွီလန် ဆံထုံးပေါ်သို့ ထိုးထည့်ပေးရင်း ပြောလိုက်သည။

“ဟုတ်တယ်၊ ဟုတ်တယ်၊ ကျွန်မတို့က ကိုယ့်ကိုယ်ကိုယ်ကြည့်ဖို့အတွက်ပဲ အလှပြင်တာ၊ အဲဒါက ကျွန်မတို့ကို ပျော်ရွှင်စေတယ်”

ကျောက်လီကျွမ်က တစ်ဝက်ခန့် ကွဲအက်နေသော ကြေးမုံမှန်လေးတစ်ခုကို ကိုင်ဆောင်လာခဲ့သည်။

“အမေက ငွေဆံထိုးလေးနဲ့ လိုက်ဖက်လိုက်တာ၊ အမေက တကယ်ကို ပိုပြီးတောက်ပနေသလိုပဲ”

ဝူယွီလန် ကြေးမုံမှန်ကိုယူကြည့်လိုက်ရာ အမှန်တကယ်ပင် ထိုသို့ဖြစ်နေကြောင်း တွေ့လိုက်ရ၏။

ဝူယွီလန် ဆံထိုးကို ဖြုတ်ကာ ဝမ်ကွေ့ချင်၏ခေါင်းပေါ်သို့ ပြန်ထိုးထည့်ပေးရင်း ပြောလိုက်သည်။

“ကောင်းပြီ၊ ဒါဆို နောက်တစ်ခါကျရင် အမေ့အတွက်လည်း တစ်ခုဝယ်လာခဲ့မယ်”

“ဒီတစ်ခါ နင်တို့အတွက် သေချာရွေးလာတာဆိုတော့ သေသေချာချာလေး ဂရုတစိုက် အမြဲထိုးထားကြ၊ ငါ သေချာရွေးလာရတဲ့ အားထုတ်မှုတွေကို အလဟမဖြစ်စေနဲ့”

ထိုစကားကို ကြားသောအခါ သုံးယောက်သားမှာ လိမ္မာစွာဖြင့် ဆံထိုးများကို သူတို့၏ဆံပင်များကြားတွင် ထိုးထည့်လိုက်ကြသည်။

ဝမ်ကွေ့ချင်မှာ ဆံထိုးကို ထိုးထားပြီး ကြည့်လေလေ ပိုကြိုက်လာလေလေဖြစ်ကာ သူမ၏ခင်ပွန်းဖြစ်သူကို ပြသရန် အခန်းထဲသို့ ပြန်သွားချင်စိတ်များပင် တားဆီး၍မရနိုင်အောင် ဖြစ်နေတော့သည်။

“ကလေးတွေရဲ့အဖေ၊ ဒီမှာကြည့်ပါဦး၊ လှရဲ့လား”

“ဒါကို အမေက ကျွန်မအတွက် ဝယ်လာပေးတာ”

အိမ်၏အသံလုံစနစ်က သိပ်မကောင်းလှသဖြင့် သူတို့ ပြောဆိုနေကြသည်များကို စုန့်ကျစ်ယုံ ကြားနေရသည်။

“လှလိုက်တာ”

အမေ တကယ်ကို ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ကိုယ့်ချွေးမကိုတောင် ငွေဆံထိုး ဝယ်ပေးရက်သည်အထိ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

“ငါ့ဘဝမှာ ငွေဆံထိုး ပန်ရတာ ဒါ ပထမဆုံးအကြိမ်ပဲ”

ဝမ်ကွေ့ချင် ဤဘဝတွင် ငွေဆံထိုး ဆင်တွယ်ခွင့်ရလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှ မမျှော်လင့်ထားခဲ့ဖူးပေ။

တစ်ချိန်တုန်းကဆိုလျှင် သူမ၏အကြီးမားဆုံးဆန္ဒမှာ ဝမ်းဝအောင် စားရဖို့သာ ဖြစ်ခဲ့သည်။

ယခုမူ သူမက ဝမ်းဝရုံသာမက နေ့စဉ်နှင့်အမျှ အသားများ စားသုံးနေရပြီး ယခုအခါတွင် ငွေဆံထိုးကိုပင် အသုံးပြုနိုင်နေပြီဖြစ်သည်။

ဤကဲ့သို့သော ဘဝမျိုးကို သူမ ယခင်က စိတ်ကူးနှင့်ပင် မယဉ်ဝံ့ခဲ့ပေ။

ဇနီးဖြစ်သူ၏ ကျေနပ်နေသော မျက်နှာအမူအရာကို မြင်သောအခါ စုန့်ကျစ်ယုံ၏ရင်ထဲတွင် အပြစ်ရှိသလိုခံစားချက်များက လှိုင်းလုံးကြီးတစ်လုံးနှယ် ရိုက်ခတ်သွားသည်။

ယခုအချိန်တွင် သူ့ စိတ်ထဲ၌ အတွေးတစ်ခုတည်းသာ ကြီးစိုးနေတော့သည်။

‘ငါ မြန်မြန် ပြန်ကောင်းအောင် လုပ်ရမယ်၊ အမဲလိုက်ထွက်ပြီး ငွေရှာရမယ်'

သူက အံကြိတ်ကာ စားပွဲကို အားပြုလျက် ခန္ဓာကိုယ်ကို တရွေ့ရွေ့ဖြင့် မတ်တတ်ထရပ်လိုက်သည်။

“ကလေးတွေရဲ့အဖေ၊ ရှင်”

ခင်ပွန်းဖြစ်သူ မတ်တတ်ထရပ်လိုက်သည်ကို မြင်သောအခါ ဝမ်ကွေ့ချင်က အခန်းပြင်သို့ အလန့်တကြား ပြေးထွက်သွားလေသည်။

“အမေ၊ အမေ”

ဝူယွီလန်က အိမ်ဆောက်လုပ်ရေးကိစ္စအတွက် တိုင်ပင်ရန် ရွာလူကြီးစုန့်ကျန်းရှုထံသို့ သွားရန် ပြင်ဆင်နေခိုက် ဝမ်ကွေ့ချင် လှမ်းခေါ်သံကို ကြားလိုက်ရသဖြင့် ကမန်းကတန်း ပြန်လှည့်လာခဲ့သည်။

“ဘာဖြစ်လို့လဲ”

“အမေ၊ ဒီမှာကြည့်ပါဦး”

ဝမ်ကွေ့ချင်မှည မျက်လုံးများ နီရဲနေပြီး သူမ၏ခင်ပွန်းဖြစ်သူကို ကာကွယ်ရန်အတွက် လက်နှစ်ဖက်ကို ဂရုတစိုက် ဆန့်တန်းထားလေသည်။

ယခုအချိန်တွင် စုန့်ကျစ်ယုံက ကုတင်စွန်းကို ကိုင်ထားရာမှ လွှတ်လိုက်ပြီး ရှေ့သို့ တစ်လှမ်းချင်း လှမ်းလျှောက်နေလေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဝူယွီလန်မှာလည်း အနည်းငယ်အံ့အားသင့်သွားရသည်။

သူမ တွက်ချက်မှုအရဆိုလျှင် စုန့်ကျစ်ယုံ၏ ဒဏ်ရာများက ဤမျှမြန်မြန်ဆန်ဆန် သက်သာလာစရာ အကြောင်းမရှိပေ။

သေချာစဉ်းစားကြည့်လိုက်မှသာ လျှို့ဝှက်နယ်မြေထဲမှ စိတ်ဝိညာဉ်စမ်းရေ၏ အာနိသင်ကြောင့်ဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။

ဝူယွီလန် သတိပေးလိုက်၏။

“မင်းရဲ့ ဒဏ်ရာတွေ တော်တော်သက်သာနေပါပြီ၊ ဒါပေမဲ့ ဒဏ်ရာတွေ အပြည့်အဝမကျက်သေးခင်မှာ အားမစိုက်မိစေဖို့ သတိထားရမယ်၊ အလောတကြီးတော့ မလုပ်နဲ့”

ထိုစကားကို ကြားသောအခါ စုန့်ကျစ်ယုံက ဇနီးဖြစ်သူ၏အကူအညီဖြင့် ဝင်ထိုင်လိုက်သည်။

သူ ခက်ထန်ရက်စက်ခဲ့ဖူးသော မိခင်ဖြစ်သူကို မော့ကြည့်လိုက်သည်။

ဘယ်အချိန်ကတည်းက ပြောင်းလဲသွားမှန်း မသိသော်လည်း မိခင်ဖြစ်သူ၏တွဲကျနေတတ်သော မျက်လုံးများက ယခင်ကလောက် မတွဲကျနေတော့သကဲ့သို့ ခံစားရ၏။

ယခင်က ရှိနေခဲ့သော ကြမ်းတမ်းခက်ထန်သည့် အငွေ့အသက်များ လုံးဝပျောက်ကွယ်သွားပြီး မျက်ခုံးနှစ်ခုကြားတွင် နူးညံ့သိမ်မွေ့မှုများပင် ပိုမိုရှိလာသယောင် ရှိနေသည်။

စုန့်ကျစ်ယုံ ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်”

ဝူယွီလန် လက်ကာပြလိုက်၏။

“ကောင်းပြီ၊ မင်း သေချာနားလိုက်ဦး၊ မင်း ဒဏ်ရာတွေ အပြည့်အဝကောင်းသွားတဲ့အခါ ကွေ့ချင်ရဲ့မိဘအိမ်ကိုသွားပြီး တင်တောင်းငွေ သွားပေးရမယ်”

ထိုစကားကို ကြားလိုက်ရသောအခါ ဝမ်ကွေ့ချင်မှာ ချက်ချင်းဝမ်းသာလုံးဆို့သွားတော့သည်။

တင်တောင်းငွေကိစ္စကြောင့် သူမ မိဘများမှာ နှစ်ပေါင်းများစွာ ရွာသူရွာသားများ၏ အတင်းအဖျင်းပြောဆိုခြင်းကို ခံခဲ့ရပြီး ထိုအကြောင်းကြောင့်ပင် သူမ မိဘအိမ်သို့ ပြန်သွားရန် မဝံ့မရဲဖြစ်နေခဲ့ရခြင်းဖြစ်သည်။

ဝမ်ကွေ့ချင် အံ့သြတကြီး မေးလိုက်လေ၏။

“အမေ၊ အမေ တကယ်ပြောနေတာလား”

“အမေက နင်တို့ကို ဘယ်တုန်းက လိမ်ဖူးလို့လဲ”

ဝမ်ကွေ့ချင်၏ ဝိုင်းစက်နေသော မျက်လုံးလေးများမှာ ပျော်ရွှင်မှုကြောင့် ပျောက်လုနီးပါးအထိ မှိတ်ကျသွားသည်ကို မြင်သောအခါ ဝူယွီလန် နှုတ်ခမ်းများကလည်း အလိုအလျောက် ကွေးညွတ်သွားတော့သည်။

ဝမ်ကွေ့ချင်က စိုးရိမ်တကြီးဖြင့် ပြန်ပြောလာပြန်၏။

“ဒါပေမဲ့ အမေက အိမ်က ကလေးခုနစ်ယောက်လုံးကို ကျောင်းထားပေးရမယ်၊ ပြီးတော့ အိမ်အသစ်လည်း ဆောက်ရဦးမယ်ဆိုတော့၊ ကျွန်မတို့ဆီမှာ ပိုက်ဆံကျန်ပါဦးမလား”

ဝမ်ကွေ့ချင် နှုတ်ခမ်းကိုကိုက်ကာ မျက်လုံးများထဲတွင် မချိတင်ကဲခံစားချက်များ အပြည့်ဖြင့် ပြောလိုက်သည်။

“အဲဒီလိုဆိုရင် ကျွန်မတို့ တင်တောင်းငွေ သွားမပေးဘဲ နေလိုက်ရင်ရော”

ဝူယွီလန် ပြုံး၍ နှစ်သိမ့်လိုက်သည်။

“စိတ်မပူပါနဲ့၊ အမေ ဘာလုပ်ရမယ်ဆိုတာ သိပါတယ်”

ဝူယွီလန် လက်ဖက်ရည်ပန်းကန်လုံးအစုံကို ကောက်ယူလိုက်လေ၏။

“အိမ်ဆောက်ဖို့ကိစ္စ တိုင်ပင်ရအောင် ရွာလူကြီးအိမ်ကို ငါ သွားလိုက်ဦးမယ်၊ နင်တို့ အိမ်မှာပဲ လုပ်စရာရှိတာ ဆက်လုပ်ထားကြ”

“ဟုတ်ကဲ့ အမေ၊ ဂရုစိုက်သွားပါ”

All Chapters