အခန်း ၃၁
Vol. 4 Ch. 31
🍅 Chapter 31
ထိုအကြောင်းကို တွေးမိလိုက်ချိန်တွင် စုန့်ကျင်းဟွာ၏ မျက်ဝန်းလေးများမှာ တစ်ဖန် ပြန်လည်မှေးမှိန်သွားရပြန်သည်။
သူမက ကိုယ့်ကိုယ်ကို သရော်လှောင်ပြောင်သည့် အပြုံးမျိုး ပြုံးလိုက်ပြီးနောက် ခေါင်းငုံ့ကာ ကြမ်းပြင်ပေါ်၌ တိတ်ဆိတ်စွာ ဆောင့်ကြောင့်ထိုင်လျက် ကွဲကြေနေသော ကြွေပန်းကန်ကွဲစများကို လိုက်လံကောက်ယူ ရှင်းလင်းနေမိ၏။
ထက်ရှနေသော ကြွေစများက သူမ၏လက်ချောင်းသွယ်သွယ်လေးများကို ခပ်စူးစူးလေး ထိုးဆွနေသော်လည်း သူမ ဂရုမစိုက်အားပေ။
သက်လတ်ပိုင်းအရွယ် ဆိုင်ရှင်အမျိုးသမီးကြီးက သူမအား ဟိန်းဟောက်လိုက်ချိန်မှသာ သူမ လှုပ်ရှားမှုများ ရပ်တန့်သွားရသည်။
“ဟဲ့ ကျက်သတုံးမ၊ နင်က အဲဒီမှာ ဘာရပ်လုပ်နေတာလဲ၊ သူ့ကို မြန်မြန်ဆွဲဖယ်လိုက်စမ်း”
စုန့်ကျင်းဟွာမှာ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်သည်။ အသံကြားသဖြင့် အောက်ထပ်မှ ပြေးတက်လာကြသော ဆိုင်ရှင်နှင့် စားပွဲထိုးကောင်လေးကို မြင်လိုက်ရချိန်တွင် ဝူယွီလန် ဖမ်းဆွဲထားသောသူကို အေးအေးလူလူပင် လွှတ်ပေးလိုက်လေ၏။
ထိုအခါကျမှသာ သူမက သက်လတ်ပိုင်း အမျိုးသမီးကြီး၏မျက်နှာကို သေချာမြင်သွားဟန်ဖြင့် အာမေဍိတ်သံ ပြုလိုက်လေသည်။
“အို၊ ရှင်က ကျွန်မယောက်ျားကို မြူဆွယ်တဲ့ မိန်းမပျက် မဟုတ်ပါလား၊ ကျွန်မ လူမှားရိုက်မိသွားတာကိုး”
သက်လတ်ပိုင်း အမျိုးသမီးကြီးမှာ နာကျင်နေသော ပါးပြင်ကို အုပ်ကိုင်လျက် ကြမ်းပြင်ပေါ်မှ ကုန်းရုန်းထလာပြီး ညည်းတွားလိုက်သည်။
“အား၊ ဒီအရူးမကြီး ဘယ်ကနေ ရောက်လာတာလဲ၊ အကြောင်းပြချက်မရှိဘဲ လူကို လာရိုက်နေတယ်”
ဝူယွီလန် လက်နှစ်ဖက်ကို ဖြန့်ကာ အပြစ်ကင်းစင်သောဟန်ပန်ဖြင့် ပြောလိုက်လေ၏။
“ရှင်က မိန်းမပျက်မဟုတ်ဘူးလို့မှ မပြောတာ၊ ကျွန်မ အပင်ပန်းခံပြီး အလကားဝင်ရိုက်မိသွားတာပဲ”
ဆိုင်ရှင်အမျိုးသမီးကြီးမှာ ဒေါသထွက်လွန်းသဖြင့် ရင်ဘတ်ထဲမှ ဆို့တက်လာကာ နှလုံးရောဂါပင် ဖောက်တော့မလို ခံစားလိုက်ရပြီး အသက်ရှူရန်ပင် မနည်းကြိုးစားနေရသည်။
ဤအရူးမကြီးက ရောက်ရောက်ချင်း အတင်းဝင်ရိုက်နှက်နေသည်ဖြစ်ရာ သူမမှာ ရှင်းပြချိန်ပင် မရလိုက်ပေ။
အပြေးရောက်လာသော သက်လတ်ပိုင်း ဆိုင်ရှင်အမျိုးသားကြီးမှာလည်း ဖြစ်စဉ်ကိုအကြမ်းဖျင်းနားလည်သွားသည်။ သူ့မျက်နှာကြီးမှာ မည်းမှောင်သွားပြီး ဒေါသတကြီး အော်ငေါက်လိုက်သည်။
“ဒီတောသူမ ဘယ်ကရောက်လာတာလဲ၊ နေ့ခင်းကြောင်တောင်ကြီး ငါ့အိမ်ထဲ ကျူးကျော်ဝင်ရောက်ပြီး ငါ့မိန်းမနဲ့ ကလေးကိုတောင် ရိုက်ရဲသေးတယ်ပေါ့”
ဝူယွီလန် တောင်းပန်သည့်ဟန်ဖြင့် ပြုံးပြလိုက်၏။
“တောင်းပန်ပါတယ်တော်၊ ကျွန်မယောက်ျားကို ဖြားယောင်းသွားတဲ့ မြေခွေးမမှတ်လို့ပါ၊ လူမှားသွားတာပါ”
အမျိုးသမီးကြီးမှာ ပါးကိုအုပ်ကိုင်ထားရင်း ဒေါသတကြီး အော်လိုက်သည်။
“နင်က အိမ်ထဲအတင်းဝင်လာပြီး အကြောင်းမရှိဘဲ ရိုက်နှက်သွားတာကို တောင်းပန်ပါတယ်ဆိုတဲ့ စကားတစ်ခွန်းတည်းနဲ့ လုံလောက်ပြီထင်နေလား”
ဝူယွီလန် ရိုးသားဖြူစင်စွာ ပြုံးလိုက်သည်။ အမှန်တကယ်ပင် အမှားကို ပြင်ဆင်ချင်နေသည့်ပုံစံမျိုး ပေါက်နေလေ၏။
“ဒီလိုလုပ်လေ၊ အောက်ထပ်က ရှင်တို့ဆီမှာရှိတဲ့ ဆန်တွေအကုန်လုံးကို ကျွန်မဝယ်လိုက်ပါ့မယ်၊ ဒါကိုပဲ တောင်းပန်မှုတစ်ခုအနေနဲ့ သဘောထားပေးပါ၊ ဘယ်လိုလဲ”
အမျိုးသမီးကြီးက လည်ပင်းကိုမော့ကာ ခက်ထန်စွာ တုံ့ပြန်လိုက်သည်။
“ဘာ၊ ဆန်နည်းနည်း ဝယ်လိုက်ရုံနဲ့ ကိစ္စပြတ်သွားမယ် ထင်နေလား၊ အိပ်မက်သာ မက်နေလိုက်”
ဆိုင်ရှင်အမျိုးသားကြီးမှာ တစ်စုံတစ်ရာကို စဉ်းစားမိသွားဟန် တူသည်။ သူက မျက်လုံးများ ကျဉ်းမြောင်းကာ ဝူယွီလန်အား အကဲခတ်သလို ခေတ္တမျှ စိုက်ကြည့်လိုက်ပြီးနောက် ဇနီးဖြစ်သူကို သူ့ကျောဘက်သို့ ဆွဲခေါ်ကာ ကွယ်ထားလိုက်သည်။ ထို့နောက် မေးခွန်းထုတ်လိုက်လေ၏။
“မင်းဆီမှာ ငွေရှိလို့လား”
ဝူယွီလန် ငွေဆယ်ချောင်းတန် ငွေစက္ကူတစ်ရွက်ကို ထုတ်ယူကာ စားပွဲပေါ်သို့ ဖြန်းခနဲရိုက်ချလိုက်သည်။
“ဒီလောက်ဆို လုံလောက်ပြီလား”
ဆိုင်ရှင်အမျိုးသားမှာ မျက်ခုံးပင့်သွားသော်လည်း နှုတ်ဆိတ်နေဆဲပင်။ ဆိုင်ရှင်အမျိုးသမီးကမူ စူးရှသောအသံကြီးဖြင့် အော်ဟစ်လိုက်သည်။
“ငွေဆယ်ချောင်းတည်းနဲ့ ငါတို့ဆိုင်က ဆန်တွေအကုန်လုံးကို ဝယ်ချင်နေတာလား၊ ဘယ်တော့မှ မဖြစ်နိုင်ဘူး”
ထိုအချိန်တွင် စားပွဲပေါ်သို့ နောက်ထပ် ငွေဆယ်ချောင်းတန် ငွေစက္ကူတစ်ရွက်ကို ဖြန်းခနဲ ထပ်မံရိုက်ချလိုက်သံ ထွက်ပေါ်လာသည်။
“ဖြန်း၊” “ဖြန်း”
စားပွဲပေါ်သို့ ငွေစက္ကူများ တစ်ရွက်ပြီးတစ်ရွက် ဆက်တိုက် ကျလာသည်နှင့်အမျှ ဆိုင်ရှင်အမျိုးသားကြီး၏ အထင်အမြင်သေးနေသော အကြည့်တို့မှာ ယဉ်ကျေးပျူငှာသောအကြည့်များအဖြစ်သို့ အလျင်အမြန် ပြောင်းလဲသွားတော့သည်။
သူ အတင်းအကျပ်ပြုံးကာ ပြောလိုက်လေသည်။
“ဟီးဟီး၊ အဒေါ် ကျုပ်တို့ဆိုင်က ဆန်တွေအကုန်လုံးကို တကယ်ဝယ်မယ်ဆိုရင်တော့ ဒီကိစ္စကို အပြီးတိုင် ကျေအေးပေးလိုက်ပါ့မယ်”
ဝူယွီလန် ခမ်းနားထည်ဝါစွာပင် လက်ကာပြကာ ပြောလိုက်သည်။
“ဝယ်မယ်”
ထိုစကားကို ကြားလိုက်ရချိန်တွင် ဆိုင်ရှင်အမျိုးသားကြီးက စားပွဲထိုးကောင်လေးကို ဝူယွီလန်အတွက် လက်ဖက်ရည်တစ်အိုးချပေးရန် ခိုင်းစေလိုက်ပြီးနောက် ဆန်ချိန်တွယ်ရန်အတွက် အောက်ထပ်သို့ ဆင်းသွားလေ၏။
အမျိုးသမီးကြီးမှာ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေသဖြင့် ထိုခံပြင်းမှုကို မမြိုသိပ်နိုင်ဘဲ ဒေါသတကြီး မေးလိုက်မိသည်။
“ယောင်္ကျား၊ ကျွန်မက အရိုက်ခံလိုက်ရတာလေ၊ ဒီအတိုင်းပဲ လွှတ်ထားလိုက်တော့မလို့လား”
ဆိုင်ရှင်အမျိုးသားကြီးက အထင်အမြင်သေးသည့်ဟန်ဖြင့် မဲ့ပြုံးတစ်ချက် ပြုံးလိုက်သည်။
“ဟက်၊ ဘယ်လိုလုပ် ဒီအတိုင်းလွှတ်ထားလို့ဖြစ်မလဲ၊ သူက ဆန်ဝယ်ချင်နေတာ မဟုတ်ဘူးလား၊
အဲဒီတော့ ငါတို့လက်ထဲမှာ ရောင်းမထွက်ဘဲ ပိတ်မိနေတဲ့ ဆန်ဟောင်းတွေအကုန်လုံး သူ့ကို ထိုးရောင်းလိုက်မယ်”
သူက ဆက်လက်၍ ကောက်ကျစ်ယုတ်မာသည့်ဟန်ဖြင့် ရှင်းပြလိုက်သည်။
“ဒီမိန်းမက ဆန်ကောင်းကောင်း စားဖူးတဲ့ပုံ မပေါ်ပါဘူး၊ တောသူမရုပ်နဲ့ဟာ၊ ဆန်ဟောင်းနဲ့ ဆန်သစ် ဘယ်ခွဲခြားတတ်ပါ့မလဲ၊ သူ့ကို အဲဒါတွေ ရောင်းလိုက်ရင် အဆင်ပြေသွားမှာပါ”
အမျိုးသမီးကြီးက ဝူယွီလန်၏သွက်လက်ထက်မြက်လှသော နှုတ်ရေးကို ပြန်လည်သတိရသွားပြီး တုံ့ဆိုင်းစွာဖြင့် ပြန်ပြောလိုက်သည်။
“ဒါပေမဲ့ ယောင်္ကျားရယ်၊ ဒီအဘွားကြီးက တော်တော်ပါးနပ်တဲ့ပုံပေါက်တယ်နော်”
ဆိုင်ရှင်အမျိုးသားက ခပ်ကြွားကြွားပင် တုံ့ပြန်လိုက်သည်။
“သူက ရွာက တောသူမတစ်ယောက်ပါပဲကွာ၊ ဘာကြောက်စရာရှိလို့လဲ၊ ငါတို့ သူ့ကို ဆန်ဟောင်းတွေ ရောင်းလိုက်ရင်တောင် သူက ဘာမှလုပ်ရဲမှာမဟုတ်ပါဘူး၊ ဒီအတိုင်း အရှုံးခံပြီး မျိုချရုံပဲရှိတာပေါ့”
ထို့နောက် သူ လက်ကာပြရင်း ဖြောင်းဖျလိုက်သည်။
“ကဲ တော်တော့၊ သည်းခံလိုက်စမ်းပါ၊ ဒီဆန်ဟောင်းတွေသာ ရောင်းထွက်သွားရင် မင်း ဆံထိုးဝယ်ဖို့အတွက် ငါငွေပေးမယ်”
ထိုစကားကို ကြားလိုက်ရသည်နှင့် အမျိုးသမီးကြီးမှာ သူမ၏ဆံထုံးကို ပြင်ဆင်လိုက်ပြီး မြူဆွယ်သည့်ဟန်ဖြင့် နှုတ်ခမ်းဆူကာ ချွဲနွဲ့လိုက်သည်။
“အို၊ ရှင်ကတော့ ကျွန်မကို ဘယ်လိုအလိုလိုက်ရမလဲ ဆိုတာ အသိဆုံးပဲ”
ဝူယွီလန် ဒုတိယထပ်တွင် လက်ဖက်ရည်ကို အေးအေးလူလူ သောက်သုံးနေခဲ့၏။ အနီးအနားတွင် မည်သူမျှ မရှိတော့သည့်အချိန်ကျမှသာ သူမက စုန့်ကျင်းဟွာအနားသို့ တိုးသွားကာ ခေါ်လိုက်သည်။
“ကျင်းဟွာ”
စုန့်ကျင်းဟွာမှာ ငိုချင်စိတ်ကို အတင်းအကျပ်ထိန်းချုပ်ထားရင်း နှုတ်ခမ်းကအား ဖိကိုက်ထားကာ တုန်တုန်ရီရီဖြင့် ခေါ်လိုက်သည်။
“အဘွား”
ဝူယွီလန် စုန့်ကျင်းဟွာကို ပွတ်သပ်ပေးရန် လက်လှမ်းလိုက်လေသည်။ မြေးမလေး၏ ခန္ဓာကိုယ်ထက်မှ ဖူးယောင်ညိုမည်းနေသော ဒဏ်ရာများကို မြင်လိုက်ရချိန်တွင် သူမ ရင်ထဲ၌ စူးခနဲ နာကျင်သွားပြီး မသက်မသာ ခံစားလိုက်ရ၏။
သွေးသားအရင်းချာတစ်ယောက် ဤမျှရက်ရက်စက်စက် နှိပ်စက်ခံထားသည်ကို မြင်ရသောအခါ ခေတ်မီဆရာ၀န်ဝူယွီလန်၏ ရင်ဘတ်ထဲတွင် ကယ်တင်စောင့်ရှောက်လိုသော ဆရာဝန်တစ်ဦး၏မေတ္တာတရားနှင့် ခိုင်မာသော စိတ်ပိုင်းဖြတ်မှုတို့က ပြင်းထန်စွာတောက်လောင်လာလေ၏။
ဝူယွီလန် နှစ်သိမ့်လိုက်လေသည်။
“အို၊ သနားစရာ ကလေးလေး၊ မြေးလေး အများကြီးဒုက္ခရောက်ခဲ့ရပြီပဲ၊ အဘွား မြေးလေးကိုရွေးယူဖို့ ဒီကိုရောက်နေတာ၊ ခဏနေရင် ဒါလေးကိုစားလိုက်၊ ပြီးရင် တစ်ကိုယ်လုံး ယားယံနေတဲ့ပုံစံမျိုး ဟန်ဆောင်နေလိုက်နော်”
သူမ ဆက်လက်၍ ညွှန်ကြားလိုက်သည်။
“အဘွား ဒုတိယအကြိမ် ပြန်လာတဲ့အခါကျရင် မြေးလေးကို အိမ်ခေါ်သွားလို့ရပြီ”
စကားပြောရင်းနှင့်ပင် ဝူယွီလန် စုန့်ကျင်းဟွာ၏ပါးစပ်ထဲသို့ ဆေးလုံးသေးသေးလေးတစ်လုံးကို ထည့်ပေးလိုက်သည်။
စုန့်ကျင်းဟွာမှာ လုံးဝမမျှော်လင့်ရဲခဲ့သော်လည်း အဘွားဖြစ်သူက သူမကို ရွေးယူမည်ဟုပြောလာသောအခါ ရင်ထဲ၌ တကယ်ဖြစ်လာပါစေဟုသာ ဆုတောင်းနေမိသည်။
သူမ တုန်တုန်ရီရီဖြင့် မေးလိုက်မိလေ၏။
“တ... တကယ်လားဟင်၊”
ဝူယွီလန် နူးညံ့စွာ ပြန်ဖြေလိုက်သည်။
“တကယ်ပေါ့ မြေးလေးရယ်၊ နည်းနည်းလေး ထပ်သည်းခံလိုက်ပါဦး၊ အဘွား ခဏနေရင် မြေးလေးကို အိမ်ပြန်ခေါ်သွားမယ်”
သူမက ကလေးမလေး၏ မျက်နှာပေါ်မှ မျက်ရည်များကို သုတ်ပေးရန် လက်လှမ်းလိုက်သော်လည်း သူမ လက်ကို မြင်သည်နှင့် ကလေးမလေးမှာ ကြောက်လန့်တကြား အလိုအလျောက်တွန့်ဆုတ်ကာ ရှောင်ဖယ်သွားလေသည်။
ဝူယွီလန် အလျင်အမြန်ပင် ချော့မြူလိုက်၏။
“မကြောက်ပါနဲ့ မြေးလေးရယ်၊ အဘွား မြေးလေးကို မရိုက်တော့ပါဘူး”
သူမ၏ပါးပြင်ကို လာရောက်ပွတ်သပ်ပေးနေသော ကြမ်းတမ်းသည့်လက်တစ်စုံကို ခံစားလိုက်ရချိန်တွင် စုန့်ကျင်းဟွာမှာ အနည်းငယ် ကြက်သေသေသွားရသည်။
‘အဘွားက ငါ့ကို မျက်ရည်သုတ်ပေးနေပါလား'
‘အဘွားက... ငါ့ကို သနားနေတာလား၊ ဟင့်အင်း၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ အဘွားက ငါ့ကို ဘယ်လိုလုပ် သနားမှာတဲ့လဲ၊ အိမ်မှာတုန်းကဆိုရင် အရိုက်မခံရရင်၊ ငတ်မသေရင်ပဲ တော်လှပြီဟု အမြဲတွေးထားခဲ့ရတာလေ’
စုန့်ကျင်းဟွာမှာ ရေခဲတုံးကြီးတစ်တုံးအလား အေးစက်တောင့်တင်းနေပြီး လုံးဝမလှုပ်ရဲခဲ့ချေ။
အကယ်၍ သူမသာ ရုန်းကန်လိုက်ပါက အဘွားဖြစ်သူက ရုတ်တရက် ဒေါသထွက်လာပြီး ပါးချလိုက်မည်ကို အလွန်အမင်း ကြောက်ရွံ့နေမိသည်။
ထိုစဉ် အောက်ထပ်မှ ဆိုင်ရှင်အမျိုးသား၏အသံ ပေါ်လာလေ၏။
“အဒေါ်၊ ဆန်တွေချိန်ပြီးပါပြီ၊ ကျေးဇူးပြုပြီး အောက်ဆင်းလာကြည့်ပေးပါဦး”
ဆိုင်ရှင်အမျိုးသားကြီး လှမ်းခေါ်လိုက်သံကို ကြားလိုက်ရသဖြင့် ဝူယွီလန်မှာ အချိန်မဆွဲတော့ပေ။ သူမ အလျင်အမြန် ကတိပေးလိုက်သည်။