အခန်း ၂
Vol. 1 Ch. 2
🍅 Chapter 2
သို့မှသာ သန္ဓေသားမှာ မွေးလမ်းကြောင်းအတွင်းသို့ ချောမွေ့စွာ ဝင်ရောက်နိုင်မည်ဖြစ်၏။
အတွေ့အကြုံရင့်ကျက်သော ဆေးပညာရှင်တစ်ဦးအနေဖြင့် ဤသို့လှည့်ပေးခြင်းမှာ အလွန်လွယ်ကူ သော်လည်း ယခုအချိန်တွင် ရေမြွှာပေါက်သွားပြီဖြစ်၍ အလွန်အမင်းအန္တရာယ်များလှသည်။
ထို့ကြောင့် ဝူယွီလန်သည် အထူးဂရုစိုက်၍ အာရုံအပြည့်ထားနေရသည်။
ဝမ်းဗိုက်ပေါ်မှ လှုပ်ရှားမှုများကို ခံစားမိသောကြောင့် လီရှို့ယွင်၏အာရုံကြောများ တင်းမာသွားသည်။
“သားအမိနှစ်ယောက်လုံး မသေချင်ရင် အခုချက်ချင်း ခန္ဓာကိုယ်ကို လျှော့ထားလိုက်စမ်း”
ဝူယွီလန်၏အသံကို ကြားသောအခါ လီရှို့ယွင်သည် အမြန်အဆန် အသက်ရှူနှုန်းကို ထိန်းညှိကာ တင်းမာနေသောခန္ဓာကိုယ်ကို လျှော့ချထားလိုက်သည်။ အသက်ရှူနှုန်းကို ထိန်းညှိပြီးသည်နှင့် ဝူယွီလန် လက်များက သူမ ဗိုက်ပေါ်မှ ခွာသွားသည်ကို ခံစားလိုက်ရ၏။
“အမေ... “
သူမက နာကျင်မှုကို ကြိတ်မှိတ်ခံစားရင်း ကြောက်ရွံ့စွာခေါ်လိုက်သည်။
ဝူယွီလန် အလုပ်ကြမ်းလုပ်ထားသဖြင့် အဖုအထစ်များဖြစ်နေသော ထိုလက်ကလေးကို ပုတ်ပေးလိုက်သည်။
“မကြောက်နဲ့၊ ကလေးက နေရာမှန်ပြန်ရောက်သွားပြီ၊ နောက်တစ်ဆင့်အနေနဲ့ ငါပြောတဲ့အတိုင်း ညှစ်ထုတ်ပေးဖို့ပဲ လိုတော့တယ်၊ နင် သေချာပေါက် ကလေးမွေးနိုင်မှာပါ”
လီရှို့ယွင်သည် ထိုအချိန်တွင် သူမ၏ယောက္ခမကို မော့ကြည့်လိုက်မိသည်။
ယောက္ခမဖြစ်သူ၏မျက်နှာပေါ်တွင် ယခင်ကအတိုင်း ခက်ထန်ကြမ်းတမ်းသော အသွင်အပြင် ရှိနေဆဲဖြစ်သော်လည်း ယခုလို အနားတွင်ရှိနေပေးမှုကြောင့် သူမ၏စိတ်ထဲတွင် လုံခြုံနွေးထွေးသွား သလို ခံစားလိုက်ရ၏။
“အမေ၊ အမေ့ရဲ့ ကျေးဇူးကြီးမားမှုကို ရှို့ယွင် ဒီတစ်သက် ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး၊ ကလေးသာ ဘေးကင်းကင်းနဲ့ မွေးလာခဲ့မယ်ဆိုရင် ရှို့ယွင်က အမေ့အတွက် ကျွဲလို၊ နွားလို အလုပ်အကျွေးပြုပြီး ကျေးဇူးဆပ်ပါ့မယ်”
လီရှို့ယွင်သည် စကားအဆုံးတွင် သားအိမ်ကျုံ့လာမှုကို ခံစားလိုက်ရပြီး နာကျင်မှုကြောင့် အော်ဟစ်လိုက်ရသည်။
“အား”
“ငါပြောတာကို နားထောင်၊ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်”
အချိန်အနည်းငယ်ကြာပြီးနောက်……….
ကလေးငယ်၏အော်ငိုသံနှင့်အတူ လီရှို့ယွင်တစ်ကိုယ်လုံး ပေါ့ပါးသွားတော့၏။
“မွေးပြီ၊ ကလေးမွေးလာပြီ”
ဝမ်ကွေ့ချင် ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
လီရှို့ယွင်က တစ်စုံတစ်ခုကို သတိရသွားကာ အလွန်အမင်းပင်ပန်းနွမ်းနယ်နေသည့်တိုင်အောင် မျက်လုံးများကို အားယူဖွင့်လိုက်သည်။
“ယောကျ်ားလေးလား... မိန်းကလေးလားဟင်”
သူမတွင် သမီးတစ်ယောက် ရှိနှင့်ပြီးသားဖြစ်သည်။ အကယ်၍ ယခုကလေးကလည်း မိန်းကလေးသာဆိုလျှင် သမီးအကြီးမလေးကို ယောက္ခမဖြစ်သူက သေချာပေါက် ရောင်းစားပေလိမ့်မည်။
မရီးကြီးနှင့် မရီးလတ်တို့၏ ကလေးများလည်း ထိုသို့ပင် ကြုံတွေ့ခဲ့ရပြီး မိသားစုထဲရှိ မိန်းကလေးနှစ်ယောက်ကို ရောင်းစားခဲ့ပြီးဖြစ်၏။
ဆင်းရဲမွဲတေမှုနှင့် ဖိနှိပ်ခံရမှုများကြားတွင် သူမ၏သမီးလေး ချွင်နီကိုလည်း ထိုသို့သောဘဝဆိုးမျိုး မရောက်စေချင်ပေ။
ထိုအကြောင်းကို တွေးမိပြီး လီရှို့ယွင် နှုတ်ခမ်းများ ပိုမိုပြင်းထန်စွာ တုန်ယင်လာတော့သည်။
“အမေ၊ ယောကျ်ား... ယောကျ်ားလေးများလားဟင်”
ဝမ်ကွေ့ချင်သည် ကလေးငယ်ကို ရင်ခွင်ထဲတွင် ပွေ့ပိုက်ထားရင်း ဝူယွီလန်ကို မျက်လုံးထောင့်မှ ခိုးကြည့်လိုက်သော်လည်း ထိတ်လန့်နေဆဲဖြစ်ရာ စကားတစ်ခွန်းမျှမဟရဲချေ။
ဝူယွီလန်၏ တည်ငြိမ်အေးဆေးသောအသံက ထွက်ပေါ်လာ၏။
“မိန်းကလေးပဲ”
ထိုစကားကို ကြားလိုက်ရသည်နှင့် လီရှို့ယွင်မှာ ပြာယာခတ်သွားရတော့သည်။ သူမသည် ယောက္ခမဖြစ်သူ၏ အင်္ကျီလက်စကို အလန့်တကြား ဆွဲကိုင်ကာ တောင်းပန်ရှာသည်။
“အမေရယ်၊ ချွန်းနီလေးကိုတော့ ရောင်းမစားပါနဲ့နော်၊ နောက်တစ်ယောက်…. နောက်တစ်ယောက်ကျရင် သေချာပေါက် ယောကျ်ားလေး မွေးပေးပါ့မယ်”
ဝူယွီလန်က မည်သို့မျှ တုံ့ပြန်ခြင်းမပြုပေ။ အကယ်၍ သူမသာ ရုတ်တရက်ကြီး အကျင့်စရိုက်များ ပြောင်းလဲသွားပါက အခြားသူများ သံသယ၀င်ခြင်းကို ခံရနိုင်ချေရှိသည်။
ထို့ကြောင့် လီရှို့ယွင်၏ကိုယ်ပေါ်မှ သွေးအညစ်အကြေးများကို တိတ်တဆိတ် သန့်စင်ဖယ်ရှားပေးလိုက်ပြီး သူမ၏ အရှက်တရားကို ကာကွယ်ပေးရန် စောင်တစ်ထည်ကို လွှမ်းခြုံပေးလိုက်၏။
ထိုခဏမှာပင် တံခါးအပြင်ဘက်ဆီမှ ချွမ်းနီလေး၏ အက်ကွဲနေသောအသံလေး ထွက်ပေါ်လာသည်။
“အဖွား၊ သမားတော်ကို သမီး ခေါ်လာခဲ့ပါပြီ၊ ကျေးဇူးပြုပြီး တံခါးဖွင့်ပေးပါ၊ သမီးအမေ့ကို သမားတော်ပြပေးပါရစေ”
ဝူယွီလန် တံခါးကို ဖွင့်လိုက်သောအခါ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသော ချွမ်းနီ၏ ပိန်ချုံးချုံးမျက်နှာငယ်လေးကို မြင်လိုက်ရသည်။
ထိတ်လန့်တကြားဖြစ်နေသော ထိုမျက်ဝန်းလေးများကိုကြည့်ရင်း ဝူယွီလန်၏စိတ်နှလုံး ပျော့ပြောင်းသွားရကာ အသံကိုနှိမ့်၍ ညင်သာစွာ နှစ်သိမ့်ပေးလိုက်သည်။
“ညည်းအမေ ဘာမှမဖြစ်ပါဘူး၊ သားအမိနှစ်ယောက်လုံး ဘေးကင်းပါတယ်”
စကားပြောပြီးနောက် ဘေးနားရှိ သမားတော်ကို လှည့်ကြည့်လိုက်၏။
“သမားတော်ကျန်း၊ ကျေးဇူးပြုပြီး ကျွန်မ ချွေးမကို တစ်ချက်လောက် စမ်းသပ်ပေးပါဦး”
သမားတော်ကျန်းမှာ ဤယုတ်မာလှသော အဘွားကြီးဝူ၏ နာမည်ဆိုးများကို အတော်လေး ကြားဖူးနားဝရှိထားပြီးဖြစ်သည်။
ယခုလို ညင်သာယဉ်ကျေးနေသော သူမ အပြုအမူကို မြင်လိုက်ရသောအခါ အတန်ကြာသည်အထိ မှင်တက်သွားရလေသည်။
ဝူယွီလန်လည်း သူမ အပြုအမူမှာ အနည်းငယ်ထူးဆန်းသွားကြောင်း သတိပြုမိလိုက်သဖြင့် မျက်နှာကို ပြန်လည်၍ တင်းတင်းထားလိုက်သည်။
…
သွေးခုန်နှုန်းကို စမ်းသပ်စစ်ဆေးပြီးနောက် သမားတော်ကျန်း ကျယ်လောင်သောအသံဖြင့် မှတ်ချက်ချလေ၏။
“ကြီးကြီးမားမား စိုးရိမ်စရာတော့မရှိပါဘူး၊ ခန္ဓာကိုယ် အရမ်းအားနည်းသွားတာမို့လို့ အာဟာရပြည့်အောင် သေချာကျွေးမွေးပြုစုဖို့တော့လိုလိမ့်မယ်”
ထိုစကားများကို ဝူယွီလန် ကြားစေရန် အဓိကရည်ရွယ်၍ ပြောလိုက်ခြင်းဖြစ်သည်။
လီရှို့ယွင်၏ခန္ဓာကိုယ် အလွန်အမင်းအားနည်းနေကြောင်းကို ဝူယွီလန် သဘာဝကျကျပင် သိရှိပြီးဖြစ်၏။ ဆေးပညာကို တစ်သက်တာလုံး လေ့လာဆည်းပူးခဲ့သူပီပီ သူမ၏ ကိုယ်ပိုင်ဆေး ပညာစွမ်းရည်အပေါ် အပြည့်အဝ ယုံကြည်မှုရှိသည်။
ဤသမားတော်ကို ပင့်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ သူ စမ်းသပ်ပြီးပါက လီရှို့ယွင်သောက်ရန် အတွက် ဆေးဝါးများကို အခြားသူများ သံသယမဝင်စေဘဲ လွတ်လွတ်လပ်လပ်ယူဆောင်လာနိုင်ရန် ဖြစ်သည်။
ဝူယွီလန် လေးလေးစားစား တုံ့ပြန်လိုက်၏။
“ကျေးဇူးတင်ပါတယ် သမားတော်ကျန်း၊ ဆရာ့အတွက် အဆင်ပြေမယ်ဆိုရင် ဆေးမြစ်တချို့လောက် ဖော်စပ်ပေးနိုင်မလား”
ကျေးလက်တောရွာများတွင် ရိုးရာဆေးမြစ် ဆေးနည်းများစွာရှိပြီး ရွာသားအများစုမှာ ဆေးခန်းပြသခ မပေးလိုကြသဖြင့် မိမိတို့ဘာသာ ရိုးရာဆေးနည်းများဖြင့်သာ ဆေးဖော်စပ်သောက်သုံးလေ့ရှိကြ သည်။
သမားတော်ကျန်း ခေါင်းညိတ်ပြလေ၏။
“ဆေးဖော်ပေးဖို့က ကိစ္စသေးသေးလေးပါ၊ ဒါနဲ့ ဒီကိုယ်ဝန်က အစက ကန့်လန့်ဖြစ်နေတာလို့ကြားတယ်၊ ဟုတ်သလား”
ကလေးကန့်လန့်ဖြစ်နေခြင်းမှာ အလွန်တရာအန္တရာယ်များလှပြီး မွေးဖွားရခက်ခဲလေ့ရှိသည်။ ထို့ကြောင့် လီရှို့ယွင်တစ်ယောက် သမီးလေးကို ဘေးကင်းစွာ မွေးဖွားနိုင်ခဲ့ခြင်းအပေါ် သမားတော်ကျန်းက အလွန်တရာ အံ့သြနေခြင်းဖြစ်သည်။
ဝူယွီလန် တည်ငြိမ်စွာ ဖြေကြားလိုက်၏။
“ဟုတ်တယ်၊ ကန့်လန့်ဖြစ်နေခဲ့တာပါ”
သမားတော်ကျန်း၏ မျက်ဝန်းများထဲတွင် ဆေးပညာရပ်ဆိုင်ရာ သိချင်စိတ်ပြင်းပြမှုများက လင်းလက်သွားသည်။
“ဟင်၊ ဒါဆို ဒီကလေးကို ဘယ်လိုများ ဘေးကင်းကင်းနဲ့ မွေးနိုင်ခဲ့တာလဲ”
ဝူယွီလန်မှာ အနည်းငယ်မျှပင် တုန်လှုပ်ချောက်ချားသွားခြင်းမရှိဘဲ ပေါ့ပေါ့ပါးပါး တုံ့ပြန်လိုက်၏။
“ကန့်လန့်ဖြစ်နေတာကို အနေအထားမှန်အောင် လှည့်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုကို လူတစ်ယောက်ဆီကနေ ကျွန်မ တိုက်တိုက်ဆိုင်ဆိုင် သင်ယူခဲ့ဖူးတယ်လေ၊
အဲဒီနည်းလမ်းကို စမ်းသုံးကြည့်လိုက်တာ ကလေးခေါင်းက မွေးလမ်းကြောင်းထဲ ချောချောမွေ့မွေ့ ဝင်သွားတာပါပဲ”
ထိုစကားကို ကြားလိုက်ရသည်နှင့် သမားတော်ကျန်းမှာ ချက်ချင်းစိတ်အားထက်သန်သွားသည်။
“ဩော်၊ အဲဒီလိုနည်းလမ်းမျိုး ရှိတယ်ပေါ့၊ ဒီပညာကို ခင်ဗျား ဘယ်ကနေ သင်ယူခဲ့တာလဲဆိုတာများ သိခွင့်ရမလား”
ဝူယွီလန်အနေဖြင့် ထိုဆေးပညာကို ဖုံးကွယ်ထားရန် ဆန္ဒမရှိသော်လည်း သူမ၏ဆေးပညာစွမ်းရည်မှာ မည်သူမဆို အလွယ်တကူ သင်ယူနိုင်သောအရာမျိုး မဟုတ်ပေ။
အကယ်၍ သမားတော်ကျန်းသာ အမှန်တကယ် စိတ်ထားကောင်းမွန်သူဆိုလျှင် သူမအနေဖြင့် ပညာသင်ပေးရန် ဝန်လေးနေမည်မဟုတ်ချေ။
သူမက အကြောင်းပြချက်တစ်ခု ပေးလိုက်လေ၏။
“ဆရာ သိချင်တယ်ဆိုရင်တော့ နောက်နေ့မှပဲ အေးအေးဆေးဆေး ဆွေးနွေးကြတာပေါ့၊ အခုလောလောဆယ်တော့ သိပ်ပြီး အဆင်မပြေသေးလို့ပါ”
သမားတော်ကျန်းမှာ အနည်းငယ် မှင်တက်သွားပြီးနောက်မှ သဘောပေါက်သွားကာ ကမန်းကတန်း ပြန်ပြောလာသည်။
“ကျွန်တော် လောကြီးသွားတာပါ၊ ကျွန်တော် လောသွားတာပါ၊ စောစောက ဘာဆေးတွေလိုချင်တယ် လို့ ပြောလိုက်တာလဲ၊ ကျွန်တော့် မြေးအကြီးကောင်ကို ခဏနေရင် လာပို့ခိုင်းလိုက်ပါ့မယ်”
ဝူယွီလန်သည် ဒဏ်ရာများကုသရာတွင် လိုအပ်သည့် ဆေးမြစ်အချို့၏အမည်များကို သေသေချာချာ ပြောပြလိုက်သည်။
သမားတော်ကျန်း ခေါင်းတစ်ချက်ညိတ်လိုက်၏။
“ကောင်းပါပြီ၊ ခဏနေရင် ကျွန်တော့်မြေးကို ပို့ခိုင်းလိုက်ပါ့မယ်”
ဝူယွီလန် မေးလိုက်လေသည်။
“ဒါနဲ့၊ ဆေးခန်းပြသခနဲ့ ဆေးဖိုး ဘယ်လောက်ကျသလဲ၊ ကျွန်မ တစ်ခါတည်း ရှင်းပေးလိုက်ပါ့မယ်”
သမားတော်ကျန်း လက်ယမ်းပြလိုက်သည်။
“ဒါတွေက နောက်မှပဲ ရှင်းကြတာပေါ့၊ ငွေသိပ်များတာမှမဟုတ်တာ”
ထိုသို့ပြောပြီးနောက် သူ့ဆေးသေတ္တာကို လွယ်ကာ ထွက်ခွာသွားလေသည်။ ဤသည်မှာ နောက်တစ် ကြိမ် ဆက်သွယ်ပြောဆိုနိုင်ရန် အခွင့်အရေးတစ်ခု ဖန်တီးချန်ရစ်ခဲ့ခြင်းဖြစ်ကြောင်း ဝူယွီလန် ကောင်းကောင်း နားလည်လိုက်၏။
အားနည်းနွမ်းနယ်နေသော လီရှို့ယွင်ကို ပြန်လှည့်၍ တစ်ချက်ကြည့်လိုက်ပြီးနောက် ဝူယွီလန်က မီးဖိုချောင်ဘက်သို့ လျှောက်သွားလိုက်သည်။ ချွေးမလတ်ဖြစ်သူ ကျောက်လီကျွမ်မှာ ဆန်ပြုတ်ကို ပန်းကန်ထဲသို့ ဂရုတစိုက် ခပ်ထည့်နေလေ၏။
ဝူယွီလန်၏အနောက်မှ ကပ်ပါလာသော စုန့်ကျစ်ရှုကို မြင်သောအခါ သူမက ကပျာကယာ လှမ်းပြောလေသည်။
“မတ်လေး၊ ဆန်ပြုတ်လည်း ကျက်ပါပြီ၊ ကြက်ဥတွေလည်း ရပါပြီ”
စုန့်ကျစ်ရှု လှမ်းယူရန် လက်ကမ်းပေးလိုက်သော်လည်း လေကိုသာ ဖမ်းဆုပ်မိလိုက်သည်။ ဝူယွီလန်သည် လက်တစ်ဖက်တွင် ဆန်ပြုတ်ပန်းကန်ကို ကိုင်ကာ ကျန်လက်တစ်ဖက်ဖြင့် ကြက်ဥများကိုယူ၍ ချက်ချင်းလှည့်ထွက်သွားခဲ့၏။
စုန့်ကျစ်ရှု မျက်ခုံးများ တွန့်ချိုးသွားလေသည်။
“အမေ၊ အဲဒါတွေ ဘယ်ယူသွားမလို့လဲ”