← Chapters

အခန်း ၃

Vol. 1 Ch. 3

အခန်း ၃

Vol. 1 Ch. 3

🍅 Chapter 3

ဝူယွီလန်တစ်ယောက် လီရှို့ယွင်၏အခန်းဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားသည်ကို မြင်လိုက်ရသောအခါ စုန့်ကျစ်ရှုမှာ နေရာတွင်ပင် ကျောက်ရုပ်တစ်ရုပ်နှယ် မှင်သက်သွားရသည်။

“ဒီဆန်ပြုတ်က... သား... သားစားဖို့ မဟုတ်ဘူးလား”

ဤမြင်ကွင်းကို တွေ့လိုက်ရသောအခါ ရှိနေသူအားလုံး၏မျက်ဝန်းများထဲတွင် အံ့ဩထိတ်လန့်မှုများ အထင်းသား ပေါ်လွင်သွားကြ၏။

ပုံမှန်အားဖြင့် အိမ်ရှိ ဆန်ပြုတ်နှင့် ကြက်ဥများမှာ စုန့်ကျစ်ရှု စားရန်အတွက်သာဖြစ်ပြီး စာပေသင်ကြား နေသော သူတစ်ဦးတည်းသာလျှင် ဤကောင်းပေ့ဆိုသည့်အစားအစာများကို စားသုံးခွင့်ရှိသည်။

သို့သော် ယခုတစ်ကြိမ်တွင်တော့ ဆန်ပြုတ်နှင့် ကြက်ဥများကို စုန့်ကျစ်ရှုအား မပေးတော့ပေ။

ဝူယွီလန် ဆန်ပြုတ်ပန်းကန်ကိုင်၍ လီရှို့ယွင်၏အခန်းဘက်သို့ သွားနေသည်ကို ကြည့်ရင်း စုန့်ကျစ်ရှုက ချက်ချင်းပင်မျက်မှောင်ကြုတ်လိုက်၏။

“အမေ၊ ဒီဆန်ပြုတ်နဲ့ ကြက်ဥတွေကို အဲဒီငွေဖြုန်းတဲ့ကောင်မကို တကယ်ကြီး သွားပေးမလို့လား”

ဝူယွီလန်မှာ သူ့အား ပါးဖြတ်ရိုက်ချင်စိတ်ကို မနည်းအောင့်အည်း ထိန်းချုပ်ထားရသည်။

ဤတုံးအလှသည့် သားဖြစ်သူမှာ အလွန်အမင်းအလိုလိုက်ခံထားရသဖြင့် လူရာမ၀င်လောက်အောင် ပျက်စီးနေပြီဖြစ်သည်။ သူမက နောက်သို့လှည့်ကြည့်ကာ ဒေါသတကြီးငေါက်ငန်းလိုက်၏။

“အဲဒါ နင့်ရဲ့ မရီးလတ်ဟဲ့၊ သူ့ကို မပေးလို့ နင့်ကိုပေးရမှာလား”

စုန့်ကျစ်ရှု သဘာဝကျသည့်အလား ခေါင်းညိတ်ပြလေသည်။

“ဒါပေါ့၊ သားအတွက် ဖြစ်သင့်တာပေါ့”

သို့သော် ဝူယွီလန်က သူ့ကို လုံးဝ လျစ်လျူရှုလိုက်ပြီး လီရှို့ယွင်၏အခန်းတွင်းသို့ ဆန်ပြုတ်ပန်းကန် နှင့်အတူ တန်းတန်းမတ်မတ် ဝင်သွားလေသည်။

ထိုအခြေအနေကို ကြည့်ပြီး စုန့်ကျစ်ရှုမှာလည်း အတော်လေး စိတ်အနှောင့်အယှက်ဖြစ်သွားကာ အော်ဟစ်သောင်းကျန်းတော့၏။

“အမေ၊ ဘာတွေ ရူးမိုက်နေတာလဲ၊ ရတယ်လေ၊ သားကို မပေးရင်လည်း သား မစားဘူး”

ထိုသို့ပြောပြီးသည်နှင့် သူ့အခန်းဆီသို့ လှည့်ထွက်သွားလေသည်။

“ဟမ့်၊ ငါ့ကို မပေးဘူးဆိုတဲ့ သဘောပေါ့လေ၊ နောက်ကျရင် ငါ့ကို စားပါလို့ လာတောင်းပန်ရင်တောင် မစားဘူး၊ ငါ့အတွက် ကြက်စွပ်ပြုတ် မချက်ပေးမချင်း ဒီဆန်ပြုတ်ကို တစ်ဇွန်းမှ ထပ်မစားတော့ဘူး”

စုန့်ကျစ်ရှုသည် တစ်ယောက်တည်း ပွစိပွစိ ရေရွတ်နေလေ၏။

သို့သော်လည်း သူ၏တွက်ဆမှုများမှာ ယခုတစ်ကြိမ်တွင်တော့ လုံးဝလွဲချော်သွားတော့မည်ကို သူကိုယ်တိုင်ပင် သတိမထားမိခဲ့ချေ။

ယောက္ခမဖြစ်သူက ဆန်ပြုတ်နှင့် ကြက်ဥများ ယူဆောင်လာသည်ကို မြင်လိုက်ရသောအခါ လီရှို့ယွင်တစ်ယောက် အတော်လေး ထိတ်လန့်တုန်လှုပ်သွားရသည်။

ယခင်တုန်းက မရီးကြီး၏ကလေးကို ရောင်းစားတော့မည့်အချိန်တွင်လည်း ယောက္ခမကြီးက ဤကဲ့သို့ပင် ရုတ်တရက်ကြီး ကောင်းပြခဲ့ဖူး၏။ ထိုအကြောင်းကို တွေးမိသည်နှင့် လီရှို့ယွင်၏ မျက်လုံးထဲမှ မျက်ရည်များ တသွင်သွင် စီးကျလာတော့သည်။

သူမ အသနားခံလိုက်လေ၏။

“အမေ၊ သမီး ဆန်ပြုတ်နဲ့ ကြက်ဥတွေ မစားချင်ပါဘူး၊ ကျေးဇူးပြုပြီး ချွမ်းနီလေးကိုတော့ ရောင်းမစားပါနဲ့နော်”

ဝူယွီလန် တံခါးဖွင့်ပေးလိုက်ပြီး ချွမ်းနီလေးကို လီရှို့ယွင်၏အနားတွင် နေစေရန် အထဲသို့ ဝင်ခွင့်ပြုလိုက်သည်။

သို့သော်လည်း သမီးအကြီးမလေးကို မြင်ရသည့်တိုင်အောင် လီရှို့ယွင်ခမျာ ဆန်ဖြူပြုတ်နှင့် ကြက်ဥများကို မစားရဲသေးချေ။

ဝူယွီလန်က နှုတ်ခမ်းကိုစေ့ကာ သေချာရှင်းပြချင်နေသော်လည်း မူလခန္ဓာကိုယ်ပိုင်ရှင်၏ ကြမ်းတမ်းသော စရိုက်လက္ခဏာကို ပြန်တွေးမိသွားသည်။ ထို့ကြောင့် အဘွားကြီး၏ ဟန်ပန်အတိုင်း အတုခိုးကာ တိုက်ရိုက်ပင် ငေါက်ငန်းလိုက်၏။

“အချိန်ဆွဲမနေနဲ့၊ နင် ဒါကို မစားဘူးဆိုရင် မနက်ဖြန်ကျ အဲဒီကောင်မလေးကို ငါ ရောင်းပစ်မယ်”

မျှော်လင့်ထားသည့်အတိုင်းပင် ထိုစကားက အထိရောက်ဆုံး ဖြစ်ခဲ့သည်။ ထိုသို့ ခြိမ်းခြောက်လိုက်သည်နှင့် လီရှို့ယွင်သည် ပန်းကန်ကို ကမန်းကတန်း ကောက်ကိုင်ကာ ဆန်ပြုတ်များကို ပါးစပ်ထဲသို့ အမြန်သွတ်ရတော့၏။

သို့သော် သူမက တစ်စုံတစ်ခုကို အထင်လွဲနေဆဲဖြစ်ကာ မျက်ရည်များသုတ်ရင်း စားနေရှာသည်။

သူမက ငိုသံကြီးဖြင့် ပြောလာပြန်၏။

“အမေ၊ သမီးစားပါ့မယ်၊ ကျေးဇူးပြုပြီး ချွမ်းနီလေးကို မရောင်းစားပါနဲ့၊ ချွမ်းနီလေးကို မရောင်းဘူးဆိုရင် သမီးကို အဆိပ်ခတ်သတ်မယ်ဆိုရင်တောင် သမီး ကျေကျေနပ်နပ်ကြီး သေပေးပါ့မယ်”

ဝူယွီလန် သူမ၏နဖူးကို ပွတ်သပ်လိုက်မိသည်။ အရာအားလုံးကို တစ်ပြိုင်နက်တည်း ပြောင်းလဲပစ်ရန် မဖြစ်နိုင်သဖြင့် သူမက ဆက်လက်ရှင်းပြမနေတော့ချေ။

လီရှို့ယွင် ဆန်ပြုတ်နှင့် ကြက်ဥများကို အကုန်စားသောက်ပြီးစီးသည်အထိ စောင့်ကြည့်ပြီးမှသာ တံခါးဖွင့်၍ အပြင်သို့ ထွက်လာခဲ့သည်။

စိတ်အနည်းငယ် လျှော့ချလိုက်သည်နှင့် ဝူယွီလန်၏ခေါင်းတစ်ခုလုံး ထိုးကိုက်လာသည်ကို ခံစားလိုက်ရ၏။ ယခုမှ ဘ၀ကူးပြောင်းလာခဲ့ခြင်းဖြစ်ရာ သူမသည် စိတ်ရှုပ်ထွေးနေသည်ကို ရှင်းလင်းရန်အတွက် သူမ အခန်းဆီသို့ ပြန်လာခဲ့သည်။

ဝူယွီလန်သည် မူလက ၂၁ ရာစုခေတ်မှ တရုတ်နှင့် အနောက်တိုင်း ဆေးပညာရပ်ဆိုင်ရာ ဆရာ၀န်တစ်ဦး ဖြစ်သည်။

ဆေးပညာရပ်များကို သုတေသနပြုလုပ်ရန် ညဉ့်နက်သည်အထိ အချိန်ပိုအလုပ်လုပ်ရင်း ရုတ်တရက် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

အသက် ၃၅ နှစ်သာ ရှိသေးသော သူမသည် တစ်ခါမျှ အိမ်ထောင်မပြုဖူးသလို ကလေးလည်းမရဖူး ချေ။ သူမ၏ ဘဝတစ်သက်တာလုံးကို ဆေးပညာသုတေသန လုပ်ငန်းများတွင်သာ မြှုပ်နှံထားခဲ့သူဖြစ်သည်။

ပျော်ရွှင်မှုဆိုသည်ကို ရက်အနည်းငယ်မျှပင် မခံစားလိုက်ရဘဲ သေဆုံးသွားခဲ့ရသည်မှာ အလွန်ပင် သနားစရာကောင်းလှသည်။ သေသွားခြင်းက ပိုရှင်းလင်းလွယ်ကူသော်လည်း မည်သို့မည်ပုံဖြင့် ဤယုတ်မာသောအဘွားကြီးဝူ၏ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိလာခဲ့သည်ကို သူမကိုယ်တိုင်ပင် နားမလည်နိုင်အောင် ဖြစ်နေရ၏။

ထိုယုတ်မာသော အဘွားကြီးမှာ တုန်းချန်တိုင်းပြည် မြောက်ပိုင်းရှိ ဝူမိသားစုရွာတွင် မွေးဖွားခဲ့ခြင်းဖြစ် သည်။ အသက် ဆယ့်ငါးနှစ်အရွယ်တွင် စုန့်မိသားစုရွာသို့ အိမ်ထောင်ကျကာ ရောက်ရှိလာခဲ့သည်။

သူမ၏ခင်ပွန်းဖြစ်သူမှာ စောစောစီးစီူ ကွယ်လွန်သွားခဲ့ပြီး လက်ရှိတွင် သူမ အသက်မှာ လေးဆယ့်ခြောက်နှစ်သာ ရှိသေးသည်။

သူမတွင် သားလေးယောက် ထွန်းကားခဲ့၏။ သားအကြီးဆုံးမှာ စုန့်ကျစ်ယုံ၊ ဒုတိယသားမှာ စုန့်ကျစ်ချုံး၊ တတိယသားမှာ စုန့်ကျစ်ခန်နှင့် အငယ်ဆုံးသားမှာ စုန့်ကျစ်ရှုတို့ ဖြစ်ကြသည်။

သားအကြီးဆုံး စုန့်ကျစ်ယုံမှာ အဘွားကြီးဝူ၏ အတင်းအဓမ္မ စေခိုင်းမှုကြောင့် ဆောင်းရာသီကြီးတွင် တောင်ပေါ်သို့ အမဲလိုက်ထွက်ရင်း ခြေထောက်ကျိုးသွားခဲ့ရသည်။

သူ လက်ထပ်ထားသော ဇနီးဖြစ်သူမှာ တစ်ရွာတည်းသား ဝမ်ကွေ့ချင်ဖြစ်ပြီး သူတို့တွင် သားနှစ်ယောက်၊ သမီးနှစ်ယောက်ရှိ၏။

အသက် ၁၄ နှစ်အရွယ် စုန့်တာ့လန်၊ အသက် ၁၃ နှစ်အရွယ် စုန့်အာ့လန်၊ အသက် ၁၀ နှစ်အရွယ် စုန့်ကျင်းဟွာနှင့် အသက် ၉ နှစ်အရွယ် စုန့်ယင်းဟွာတို့ ဖြစ်ကြသည်။

ဤယုတ်မာကောက်ကျစ်လှသော အဘွားကြီးမှာ မြေးမိန်းကလေးများကို အလကားနေရင်း အစာဖြုန်းသူများအဖြစ် သတ်မှတ်ကာ စုန့်ကျင်းဟွာကို တိတ်တဆိတ် ရောင်းစားခဲ့ပြီးဖြစ်သည်။

ဒုတိယသား စုန့်ကျစ်ချုံးမှာ မြစ်ကြောင်းတူးဖော်ရေး အလုပ်ကြမ်းများကို အတင်းအကျပ်စေခိုင်းခံရပြီး ယနေ့တိုင် အိမ်ပြန်မလာနိုင်သေးချေ။

သူလက်ထပ်ထားသော ဇနီးဖြစ်သူ ကျောက်လီကျွမ်မှာလည်း အနီးအနားရွာမှဖြစ်ပြီး အမြွှာသမီး လေးများဖြစ်ကြသော စုန့်ထုန်ဟွာနှင့် စုန့်ချန်းဟွာတို့ကို မွေးဖွားခဲ့၏။

ထင်ထားသည့်အတိုင်းပင် အဘွားကြီးသည် အသက် ဆယ့်နှစ်နှစ်အရွယ် စုန့်ထုန်ဟွာကို လူကုန်ကူးသူများထံ ရောင်းစားခဲ့ပြီးဖြစ်သည်။

တတိယသား စုန့်ကျစ်ခန်ကိုမူ အဘွားကြီးက နယ်စပ်စစ်မြေပြင်သို့ စေလွှတ်ခဲ့သဖြင့် သူ သေသည်ရှင်သည်ကိုပင် မသိရတော့ချေ။

သူ၏ဇနီးဖြစ်သူမှာ တောင်ပေါ်မှ တွေ့လာသော လီရှို့ယွင်ဖြစ်ပြီး လက်ရှိတွင် သမီးလေး ချွန်းနီနှင့် ယခုမှ မွေးဖွားလာသော ကလေးငယ်လေးတို့ ရှိလေသည်။

အငယ်ဆုံးသား စုန့်ကျစ်ရှုမှာ အဘွားကြီး အသက်အရွယ်ရမှ မွေးဖွားလာခဲ့သူဖြစ်ရာ သူမ၏အချစ်တော်လေး ဖြစ်နေလေသည်။

အိမ်တွင် မိသားစုတစ်စုလုံးက သူ့ကို သခင်တစ်ပါးပမာ ပြုစုယုယထားကြပြီး သူကမူ နန်းတွင်းစာမေးပွဲ အောင်မြင်ကာ ပညာရှိအမတ်ကြီး ဖြစ်လာမည့် အိမ်မက်များကို မက်ရင်း အချိန်ဖြုန်းနေလေ့ရှိ၏။

ဤမိသားစု၏ ရှုပ်ထွေးလှသော နောက်ခံသမိုင်းကြောင်းများကို တွေးတောသုံးသပ်ပြီးနောက် ဝူယွီလန်တစ်ယောက် နဖူးကိုပွတ်သပ်ရင်း စိတ်ထဲမှ ကြိမ်းဝါးလိုက်မိသည်။

“ဒီအဘွားကြီးက တကယ့်ကို လူစိတ်မရှိတာပဲ”

“ယောကျ်ားလေးတွေကိုပဲ မျက်နှာသာပေးပြီး ချွေးမတွေကို နှိပ်စက်တာက တစ်ပိုင်း၊ ကိုယ့်မြေးအရင်းတွေကို ရောင်းစားရက်တဲ့အထိ ညစ်ပတ်ယုတ်မာလွန်းတဲ့ လုပ်ရပ်မျိုးကို လုပ်ရဲတယ်ဆိုတော့….”

သူမ၏ သားများ၊ ချွေးမများနှင့် မြေးများအားလုံးမှာ လိမ္မာရေးခြားရှိကြပြီး မိဘစကားကို နားထောင်ကြသူများသာ ဖြစ်၏။

အကယ်၍ သူမသာ ပြဿနာမရှာဘဲ အေးအေးဆေးဆေး နေမည်ဆိုပါက မိသားစုဘဝ၏ နွေးထွေးပျော်ရွှင်မှုများကို ခံစားရကာ ဘဝ၏နောက်ဆုံးအချိန်များကို အေးချမ်းစွာ ဖြတ်သန်းနိုင်မည်ဖြစ်သည်။

သို့သော် သူမကမူ ကိုယ့်ဒုက္ခ ကိုယ်ရှာနေခဲ့ခြင်းဖြစ်သည်။

ရွှံ့ဝါများနှင့် ကိုင်းပင်များကို ရောနှောသုတ်ထားသည့် နံရံများနှင့် သက်ကယ်မိုးထားသော အမိုးကို မော့ကြည့်ရင်း ဝူယွီလန် သက်ပြင်းချလိုက်မိ၏။

‘ထားလိုက်ပါတော့လေ၊ ဘာပဲဖြစ်ဖြစ် ဒီကို ရောက်လာမှတော့ ဒီမှာပဲ အသားကျအောင် နေရတော့မှာပေါ့'

သူမက ဤအဘွားကြီးဖြစ်လာခဲ့ပြီးပြီဖြစ်ရာ ဤအဘွားကြီး၏ အမည်ဖြင့်ပင် ဘဝကို အကောင်းဆုံး ရှင်သန်ဖြတ်သန်းသွားရမည်သာ။

မိမိ၏ ဆေးပညာစွမ်းရည်များကို အသုံးချကာ ဤမိသားစုအား ပြန်လည်ကုစားပေးမည်ဟူသော ရည်မှန်းချက်များကို သူမ ရင်ထဲတွင် တိတ်တဆိတ် တေးမှတ်ထားလိုက်သည်။

ထိုသို့တွေးရင်း ဝူယွီလန်သည် မှတ်ဉာဏ်များထဲမှ အရာများစွာကို အစဖော်ကာ အဘွားကြီးဝူ ငွေများဝှက်ထားလေ့ရှိသည့် နေရာများကို လိုက်လံရှာဖွေကြည့်လိုက်သည်။

ရှာဖွေလိုက်သောအခါတွင်တော့ သူမ အမှန်တကယ်ပင် အလွန်တရာအံ့ဩဖွယ်ကောင်းသော အရာတစ်ခုကို ရှာဖွေတွေ့ရှိသွားလေတော့သည်။

ကုတင်ဘေးရှိ သစ်သားဗီရိုငယ်လေးအတွင်းမှ ဟောင်းနွမ်းနေသော ကလေးပတ် စောင်တစ်ထည်နှင့် ခိုင်ခံ့တောက်ပနေသည့် ကျောက်စိမ်းနက်ဆွဲကြိုးပြားတစ်ခုကို သူမ မမျှော်လင့်ဘဲ ရှာဖွေတွေ့ရှိသွားလေသည်။

စုတ်ပြဲဟောင်းနွမ်းနေသော်ငြား မြင့်မြတ်သော အငွေ့အသက်များ ကျန်ရစ်နေသေးသည့် ထိုကလေးပတ်စောင်ကို ကြည့်ရင်း ဤအရာမှာ သာမန်လယ်သမားမိသားစုမှ ပစ္စည်းမဟုတ်ကြောင်း ဝူယွီလန် ရှင်းရှင်းလင်းလင်း သိလိုက်၏။

All Chapters