အခန်း ၄
Vol. 1 Ch. 4
🍅 Chapter 4
တစ်နည်းအားဖြင့်ဆိုရသော် သူမ၏သားလေးယောက်ထဲမှ တစ်ယောက်မှာ သူမကိုယ်တိုင်မွေးထားသည့် သားအရင်းမဟုတ်နိုင်ဘူးဆိုသည့် သဘောလော။
သို့သော် သူမ၏ခေါင်းထဲရှိ မှတ်ဉာဏ်များအရ သားလေးယောက်လုံးမှာ သူမ၏သားအရင်းများသာ ဖြစ်နေသည်။
သေချာပြန်လည်စဉ်းစားကြည့်မည်ဆိုလျှင် ထိုအဘွားကြီးသည် သားအကြီး၊ သားလတ်နှင့် တတိယသားတို့ကို အလွန်အမင်း ရက်စက်စွာ နှိပ်စက်ခဲ့ဖူးရာ ထိုသားသုံးယောက်လုံးမှာ သူမ၏သားအရင်းများနှင့် လုံးဝမတူညီလှချေ။
ဤချည်စောင်နှင့် ကျောက်စိမ်းပြားအကြောင်း မှတ်ဉာဏ်များမှာ အလွန်ကြာမြင့်နေပြီဖြစ်၍ ပျောက်ကွယ်သွားခဲ့ခြင်းလည်း ဖြစ်နိုင်ချေရှိ၏။ ဟောင်းနွမ်းနေသော ချည်စောင်ကို ငေးကြည့်ရင်း ဝူယွီလန် ခေါင်းယမ်းလိုက်ကာ ထိုကိစ္စကို ဘေးဖယ်ထားလိုက်သည်။
ချည်စောင်နှင့် ကျောက်စိမ်းပြားကို သေချာသိမ်းဆည်းပြီးနောက် ဝူယွီလန်သည် အခန်းတစ်ခုလုံးကို ဇောက်ထိုးမိုးမျှော် မွှေနှောက်ရှာဖွေလိုက်ရာ ငွေဆယ့်နှစ်ချောင်း ကြေးပြား နှစ်ရာ့ငါးဆယ့်နှစ်ပြားနှင့် ငွေဆံထိုးနှစ်ချောင်းတို့ကို ရှာတွေ့သွားလေသည်။
ဟုတ်ပေသည်။ ဤမိသားစုတွင် ငွေစလေးများ မြင်ရသည်နှင့် စုန့်ကျစ်ရှုက စာသင်မည်ဆိုသော အကြောင်းပြချက်ဖြင့် ယူဆောင်သွားလေ့ရှိရာ ဤငွေဆယ့်နှစ်တေးထဲမှ အများစုမှာ သူမ၏မြေးမလေးနှစ်ယောက်ကို ရောင်းစားထားသည့်ငွေများပင်။
ထိုငွေများမှာ မြေးမလေးများကို ရောင်းစားထားသည့် ငွေများဖြစ်ကြောင်း တွေးမိလိုက်သည်နှင့် ဝူယွီလန် လက်ထဲတွင် မီးခဲကို ကိုင်ထားရသကဲ့သို့ ပူလောင်လာတော့သည်။
လက်ဖဝါးထဲရှိငွေများကို ကြည့်ရင်း ဝူယွီလန် စိတ်ထဲမှ တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်သည်။
သူမမှာ ငွေနည်းနည်းပါးပါး ပိုမိုစုဆောင်းမိသည်နှင့် ထိုမြေးမလေးနှစ်ယောက်ကို သေချာပေါက် ပြန်လည်ရွေးယူမည်ဟု ခိုင်မာသောရည်မှန်းချက်တစ်ခုကို ချမှတ်လိုက်၏။
ငွေများကို သိမ်းဆည်းပြီးနောက် ဝူယွီလန် သူမ၏နားထင်ကို ဖိနှိပ်ပွတ်သပ်လိုက်သည်။ သူမ ခဏတဖြုတ် မှေးခနဲ အိပ်ပျော်သွားရန် ရည်ရွယ်လိုက်စဉ်မှာပင် ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာသည်။
*ဒင်... ဒေါင်...*
‘သူမ နားကြားမှားတာများလား’ဟု တွေးတောနေစဉ်မှာပင် စက်ရုပ်ဆန်ဆန် အသံတစ်ခုက သူမ၏ခေါင်းထဲတွင် ပဲ့တင်ထပ်လာလေသည်။
စက်ရုပ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။
[ယခင်ဘဝက Host တီထွင်ဖော်စပ်ခဲ့သော အထူးဆေးဝါးများသည် လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ကြောင်း တွေ့ရှိရပါသည်၊ ထို့ကြောင့် ဆေးပညာကုန်တိုက်စနစ်၏ ဖွင့်လှစ်ခွင့်သတ်မှတ်ချက်များနှင့် ကိုက်ညီသွားပါပြီ]
ထိုအသံက ဆက်လက်မေးမြန်းလာသည်။
[Host အနေဖြင့် ဆေးပညာကုန်တိုက်စနစ်ကို ဖွင့်လှစ်လိုပါသလား]
ဝူယွီလန် မျက်ခုံးပင့်လိုက်ပြီး နားမလည်နိုင်စွာဖြင့် မျက်လုံးများကို မှေးကျဉ်းကြည့်လိုက်ရာ သူမအရှေ့တွင် ဖန်သားပြင်တစ်ခု ရုတ်တရက်ပေါ်လာသည်ကို မြင်လိုက်ရ၏။
ထိုဖန်သားပြင်ပေါ်တွင် ‘ဆေးပညာကုန်တိုက်’ ဆိုသော စာလုံးကြီးများကို ရှင်းလင်းစွာ ရေးသားထားလေသည်။
သူမက ရေရွတ်လိုက်၏။
“ဆေးပညာကုန်တိုက်၊ နားထောင်ရတာတော့ မဆိုးပါဘူး”
စက်ရုပ်အသံက ထပ်မံထွက်ပေါ်လာပြန်သည်။
[ဆေးပညာကုန်တိုက်စနစ်က ဈေးဝယ်ခြင်းနှင့် ကုန်သွယ်ခြင်းတို့ကို ပေါင်းစပ်ထားသော စနစ်တစ်ခုဖြစ်ပါသည်၊ Hostအနေဖြင့် လူနာများကို ကုသကယ်တင်ပေးခြင်းဖြင့် ကုန်တိုက်သုံးငွေကြေးများကို ရှာဖွေနိုင်ပြီး ထိုငွေကြေးများဖြင့် ကုန်တိုက်အတွင်းရှိ ဆေးဝါးများ၊ ဆေးဘက်ဆိုင်ရာ ကိရိယာများ၊ အစားအသောက်များ၊ နေ့စဉ်သုံးပစ္စည်းများနှင့် အခြားပစ္စည်းများကို ဝယ်ယူနိုင်ပါသည်]
ဝူယွီလန်၏ မျက်လုံးများ အနည်းငယ် လင်းလက်သွားသည်။
“ခေတ်မီဆေးဘက်ဆိုင်ရာ ကိရိယာတွေနဲ့ ပစ္စည်းတွေကိုရော ဝယ်လို့ရတာလား”
စနစ်က ပြန်လည်ဖြေကြားလာ၏။
[ဟုတ်ကဲ့၊ ဝယ်ယူနိုင်ပါတယ်]
စနစ်က ဆက်လက်ရှင်းပြလာသည်။
[ဆေးပညာကုန်တိုက်စနစ်တွင် ပစ္စည်းများ ဝယ်ယူနိုင်ရုံသာမက သိုလှောင်ရုံလုပ်ဆောင်ချက်လည်း ပါဝင်ပါသည်၊ လက်ရှိ သိုလှောင်ရုံဧရိယာမှာ စတုရန်းမီတာ ဆယ်မီတာဖြစ်ပြီး နောင်တွင် ကုန်တိုက်သုံးငွေကြေးများကို အသုံးပြု၍ တိုးချဲ့နိုင်ပါသည်]
ထိုစကားကို ကြားသောအခါ ဝူယွီလန်၏မျက်ဝန်းများ ထပ်မံ၍ တောက်ပသွားပြန်သည်။ သူမ အလွန်အမင်း စိတ်လှုပ်ရှားနေသော်လည်း အသိစိတ်လွတ်သွားသည်အထိတော့ မဖြစ်ခဲ့ပေ။
သူမက စဉ်းစားချင့်ချိန်၍ မေးလိုက်သည်။
“ဒီဆေးပညာကုန်တိုက်စနစ်နဲ့ ချိတ်ဆက်တာက ငါ့အတွက်တော့ အကျိုးရှိပေမယ့် ဆိုးကျိုးတွေရော ရှိနေနိုင်သေးလား”
စနစ်က ပြန်လည်ဖြေကြားလေ၏။
[Host၊ ဤစနစ်ကို ဖွင့်လှစ်ခွင့်ရရန် သတ်မှတ်ချက်များမှာ အလွန်တရာ တင်းကျပ်လှပါသည်၊ Hostသည် ယခင်ဘဝက တစ်သက်တာလုံးကို ဆေးပညာအတွက် မြှုပ်နှံခဲ့ပြီး သင်သုတေသနပြုခဲ့သော အထူးဆေးဝါးများက လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့သည့်အတွက် ဤဖွင့်လှစ်ခွင့်သတ်မှတ်ချက်များနှင့် ကိုက်ညီသွားခြင်းဖြစ်ပါသည်၊ ၎င်းမှာ ဆုလာဘ်တစ်ခုသာဖြစ်ပြီး Hostအတွက် မည်သည့်အန္တရာယ်မှ ကျရောက်စေမည်မဟုတ်ပါ]
ထိုစကားကို ကြားမှသာ ဝူယွီလန်တစ်ယောက် စိတ်အေးသွားရတော့သည်။
သူမ ပြတ်သားစွာ ပြောလိုက်သည်။
“ဒါဆိုရင်လည်း ဆေးပညာကုန်တိုက်စနစ်ကို ဖွင့်ပေးတော့”
စနစ်က တုံ့ပြန်လိုက်သည်။
[ကောင်းပါပြီ Host]
ဒင်ခနဲ အသံနှင့်အတူ ဝူယွီလန်နှင့် ဆေးပညာကုန်တိုက်စနစ်ကြားတွင် မမြင်ရသော ဆက်သွယ်မှုကြိုးတစ်ချောင်း ချိတ်ဆက်သွားသည်ကို သူမ ခံစားလိုက်ရ၏။
စနစ် အသိပေးလာသည်။
“ဒင်၊ Hostသည် ချွေးမဖြစ်သူအတွက် ကလေးမွေးဖွားပေးခဲ့ပြီး ချွေးမနှင့် မြေးမလေးနှစ်ဦးလုံး၏ အသက်ကို ကယ်တင်နိုင်ခဲ့ကြောင်း တွေ့ရှိရပါသည်၊ ဆုလာဘ်အဖြစ် ကုန်တိုက်သုံးငွေကြေး နှစ်ထောင်ကို ပေးအပ်ပါသည်၊ သင့်အကောင့်ကို စစ်ဆေးကြည့်ပါ]
ဝူယွီလန်သည် ဖန်သားပြင်ကို ကြည့်လိုက်ရာ အောက်ခြေတွင် ကုန်တိုက်သုံးငွေကြေးနှစ်ထောင် တိုးလာသည်ကို သေချာမြင်တွေ့လိုက်ရ၏။
သူမ ကုန်တိုက်အတွင်း လှည့်လည်ကြည့်ရှုလိုက်ရာ ဤငွေကြေး၏ ဝယ်ယူနိုင်စွမ်းမှာ ခေတ်သစ်ကမ္ဘာရှိ ယွမ်နှစ်ထောင်နှင့် ညီမျှကြောင်း တွေ့ရှိလိုက်ရသည်။
ဝူယွီလန်တစ်ယောက် ဆေးပညာကုန်တိုက်အတွင်း ဆက်လက်လေ့လာရန် ရည်ရွယ်လိုက်စဉ်မှာပင် ဘေးခန်းဆီမှ ကလေးငယ်၏ ကျယ်လောင်သောငိုသံများ ထွက်ပေါ်လာသည်။
ယခုလေးတင်မှ မွေးဖွားလာခဲ့သော မြေးမလေးကို တွေးမိသွားသဖြင့် ဝူယွီလန်သည် ကုန်တိုက်အတွင်းရှာဖွေကာ ကုန်တိုက်သုံးငွေကြေးနှစ်ရာကို အသုံးပြု၍ နို့မှုန့်တစ်ဘူးကို ဝယ်ယူလိုက်ပြီးနောက် နောက်ထပ် ငွေကြေးငါးဆယ်ကို အသုံးပြုကာ မွေးကင်းစကလေးငယ်များနှင့် သင့်လျော်သော ဆီလီကွန်ဇွန်းအပျော့ နှစ်ချောင်းကိုပါ ဝယ်ယူလိုက်၏။
နို့မှုန့်ဘူးမှာ အခြားသူများမြင်လျှင် အရမ်းသိသာလွန်းနေမည်ဖြစ်၍ ဝူယွီလန်သည် မြေအိုးငယ်တစ်ခုကို ရှာဖွေကာ သန့်စင်အောင် ဆေးကြောပြီးနောက် နို့မှုန့်များကို ထိုအိုးထဲသို့ လောင်းထည့်လိုက်သည်။ ထို့နောက် နို့မှုန့်ဖျော်ရန် ရေနွေးသွားရှာလေတော့၏။
ဘေးခန်းအတွင်း၌ လီရှို့ယွင်မှာ သူမ၏သမီးလေးကို ဆန်ဆေးရည်များ တိုက်ကျွေးနေလေသည်။
သမီးဖြစ်သူမှာ တစ်ငုံမျှပင် မျိုမချဘဲ အကုန်ပြန်အန်ထုတ်နေသည်ကို မြင်သောအခါ သူမ အလွန်အမင်း စိုးရိမ်ပူပန်လာရတော့သည်။
သူမက ကလေးကို ချော့မြူနေရရှာသည်။
“လိမ္မာတယ်နော်၊ နောက်ရက်အနည်းငယ်ကြာရင် အမေ့ဆီက နို့ထွက်လာမှာပါ၊ လောလောဆယ်တော့ ဆန်ဆေးရည်လေးကို သောက်ထားလိုက်ဦးနော်”
ပထမကလေးတုန်းကလည်း ဤနည်းဖြင့်သာ အသက်ရှင်ခဲ့ရသည်။ သို့သော် ဤကလေးငယ်လေးမှာ သိသိသာသာကို ပိုမိုအားနည်းနေပြီး ဆန်ဆေးရည်ကိုလည်း စားသုံးရန် ငြင်းဆန်နေလေ၏။ ဤအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် ကလေးမှာ သေချာပေါက် ငတ်သေရတော့မည်ဖြစ်သည်။
ထိုအကြောင်းကို တွေးမိပြီး လီရှို့ယွင်မှာ စိုးရိမ်သောကများဖြင့် မျက်ရည်များကျလာကာ ကလေးကို ပွေ့ဖက်ရင်း ရှိုက်ကြီးတငင် ငိုကြွေးနေရှာသည်။
တံခါးအပြင်ဘက်တွင် ရပ်နေသော ဝူယွီလန်တစ်ယောက် သက်ပြင်းချလိုက်မိသည်။ ခေတ္တမျှ စဉ်းစားတွေးတောပြီးနောက် မူလပိုင်ရှင်၏ လေယူလေသိမ်းအတိုင်း အတုခိုးကာ ဆူပူငေါက်ငန်းလိုက်သည်။
“ငိုတယ်၊ ငိုတယ်၊ ငိုတယ်၊ နင်က ငိုဖို့လောက်ပဲ သိတာလား၊ နင့်ရဲ့ ငိုသံတွေကြောင့် မိသားစုရဲ့ ကံကြမ္မာကောင်းတွေ လွင့်စင်ကုန်ပြီ”
ထိုသို့ပြောရင်း သူမသည် ဖျော်ထားသော နို့ရည်များကိုကိုင်ကာ တံခါးအား တွန်းဖွင့်၍ အထဲသို့ ဝင်သွားလိုက်သည်။ ထိုအချိန်တွင် ဝူယွီလန်က ဤအဘွားကြီး၏ ယုတ်မာသော ယောက္ခမဇာတ်ရုပ်မှာ အတော်လေး အသုံးဝင်ကြောင်း ခံစားလိုက်ရ၏။
သူမသည် လူများအား မည်သို့ နှစ်သိမ့်ပေးရမည်ကို နားမလည်သော်လည်း လီရှို့ယွင် ငိုလွန်း၍ မျက်လုံးများပျက်စီးသွားမည်ကို မလိုလားသဖြင့် အနည်းငယ် ငေါက်ငန်းလိုက်ခြင်းသာ။
မျှော်လင့်ထားသည့်အတိုင်းပင် ယောက္ခမဖြစ်သူ၏ဆူပူသံကို ကြားသည်နှင့် လီရှို့ယွင်က သူမ၏မျက်ရည်များကို ကမန်းကတန်း သုတ်ပစ်လိုက်သည်။
သူမက အထိတ်တလန့် ခေါ်လိုက်သည်။
“အမေ”
ဝူယွီလန်က ကလေးကို လွှဲယူလိုက်ပြီးနောက် အရေပြားများ တွန့်တွန့်လေးဖြစ်နေသော ကလေးငယ်၏ ပါးစပ်ထဲသို့ ဖျော်ထားသည့် နို့ရည်တစ်ဇွန်းကို တိုက်ကျွေးလိုက်၏။
ကလေးငယ်လေးမှာ နို့အရသာကို မြည်းစမ်းမိသည်နှင့် ချက်ချင်းပင် အားပါးတရ စို့နေတော့သည်။
မွှေးပျံ့သော နို့နံ့ကို ရလိုက်သောအခါ လီရှို့ယွင်မှာ အနည်းငယ် နားမလည်နိုင်အောင် ဖြစ်သွားသည်။
“အမေ၊ ဒါက နို့လားဟင်”
ဝူယွီလန် အေးစက်စက် ပြန်ဖြေလေ၏။
“အေး၊ ဆိတ်နို့မှုန့်နဲ့ ဖျော်ထားတာ”
လီရှို့ယွင်သည် ဆိတ်နို့မှုန့်ဆိုသည်ကို တစ်ခါမျှ မကြားဖူးသော်လည်း ထိုအရာမှာ ဈေးပေါမည်မဟုတ်ကြောင်း သိနေသဖြင့် ကလေးကို အမြန်ပြန်လုယူရန် ကြိုးစားလိုက်သည်။
သူမက အလန့်တကြား မေးလိုက်သည်။
“အမေ၊ ဒီဆိတ်နို့မှုန့်ဆိုတာ ဘာကြီးလဲ၊ နားထောင်ရတာ အရမ်းအဖိုးတန်မယ့်ပုံပဲ”
နို့ဝသွားသော သူမ၏သမီးလေးကို ကြည့်ရင်း လီရှို့ယွင်က အံကြိတ်ကာ ရက်ရက်စက်စက်ပြောလိုက်၏။
“ဒီကောင်မလေးက ဒီလောက်ကောင်းတဲ့အရာတွေကိုစားဖို့ မတန်ပါဘူး၊ သူ့အတွက်က ဆန်ဆေးရည်ဆိုရင်ပဲ လုံလောက်နေပါပြီ၊ အမေ… အမေပဲ ပြန်သိမ်းထားပြီး သောက်လိုက်ပါ”
ဇွန်းထဲရှိ နို့များအား ကလေးငယ်လေး သောက်ပြီးသွားသည်ကို မြင်သောအခါ ဝူယွီလန်က ကလေးကို ဘေးနားရှိ ဝမ်ကွေ့ချင်၏လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်
အကယ်၍ သူမသာ အချိုသတ် ဖြောင်းဖျနေမည်ဆိုလျှင် လီရှို့ယွင်မှာ ကလေးကို ဤနို့မှုန့်များ တိုက်ရန် ပိုကြောက်ရွံ့သွားပေလိမ့်မည်။ ထို့ကြောင့် ဝူယွီလန် ဒဲ့ဒိုးပင် ငေါက်ငန်းလိုက်သည်။
“ငါ့ဘာသာ ကျွေးချင်လို့ကျွေးတာ၊ တစ်နေကုန် အချိန်ဆွဲမနေနဲ့၊ နင်က ဒီကောင်မလေးကို ငတ်သေစေချင်နေတာလား”