အခန်း ၅
Vol. 1 Ch. 5
🍅 Chapter 5
ထိုသို့ပြောပြီးနောက် သူမ အပြင်သို့ထွက်ကာ နို့မှုန့်မြေအိုးကို ယူဆောင်လာခဲ့ပြီး ချွေးမကြီး ဝမ်ကွေ့ချင်ကို ကြည့်လိုက်လေသည်။
“ဒီဆိတ်နို့မှုန့်ကို သောက်လို့ရတဲ့ ရေနွေးလေးနဲ့ ဖျော်တိုက်၊ တစ်နာရီကို တစ်ကြိမ်ဖျော်တိုက်ရမယ်၊ တစ်ခါတိုက်ရင် ဒီရေနည်းနည်းလေးနဲ့ တစ်ဇွန်းပဲဖျော်ရမယ်”
ဝမ်ကွေ့ချင်မှာ ကြောင်အမ်းအမ်းဖြင့် ငြိမ်သက်နေသည်ကို မြင်သောအခါ ဝူယွီလန်က လေသံကို မြှင့်လိုက်သည်။
“အကြီးမ၊ ငါပြောတာကို ကြားရဲ့လား၊ ဒီကလေးသာ ဗိုက်ဆာနေမယ်ဆိုရင် နင်လည်း ထမင်းစားရမှာမဟုတ်ဘူး”
ထိုစကားကိုကြားမှ ဝမ်ကွေ့ချင်သည် ဝူယွီလန်က သူမကို ပြောနေခြင်းဖြစ်ကြောင်း သဘောပေါက်သွားကာ ကပျာကယာ သဘောတူလိုက်၏။
“ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါ၊ သမီးနားလည်ပါပြီ အမေ”
တစ်စုံတစ်ယောက်က နို့မှုန့်ကို တွေ့သွားမည်စိုးသဖြင့် ဝူယွီလန် ထပ်မံမှာကြားလိုက်သည်။
“ဒီပစ္စည်းတွေကို သေချာဖွက်ထား၊ တခြားလူတွေသာ တွေ့သွားရင် ငါတို့ အသက်အန္တရာယ်ပါ ကြုံရနိုင်တယ်၊ ကြားလား”
ထိုစကားကို ကြားသောအခါ အမျိုးသမီးနှစ်ဦးလုံးက ခေါင်းတဆက်ဆက် ညိတ်ပြကြပြီး ဤနို့မှုန့်မှာ အလွန်တရာ အဖိုးတန်လှကြောင်း သူတို့နှစ်ယောက်လုံး စိတ်ထဲမှ တိတ်တဆိတ်လက်ခံလိုက်ကြသည်။
ဝူယွီလန် ထွက်သွားသည်ကိုကြည့်ရင်း သူမတို့နှစ်ဦး အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြ၏။
နှစ်ဦးလုံး၏ မျက်ဝန်းများထဲတွင် နားမလည်နိုင်မှုများနှင့် အံ့ဩမှုများ ပြည့်နှက်နေလေသည်။
လီရှို့ယွင်မှာ အလွန်အမင်း စိုးရိမ်ထိတ်လန့်နေသည်။
“မမကြီး၊ အမေ ဘာတွေများ ဖြစ်နေတာလဲဟင်၊ အစကတော့ ညီမလေးကို ဆန်ပြုတ်နဲ့ ကြက်ဥတွေ ပေးတယ်၊ အခုကျတော့လည်း ကလေးမလေးကို ဆိတ်နို့မှုန့်တွေ ပေးနေပြန်ပြီ”
သူမ၏ သမီးအကြီးဆုံး ရောင်းစားခံရစဉ်ကလည်း ယောက္ခမဖြစ်သူမှာ ယခုကဲ့သို့ပင် ရက်အနည်းငယ်ကြာမျှ အလွန်ကောင်းမွန်နေခဲ့ကြောင်းကို တွေးမိပြီး ဝမ်ကွေ့ချင် အသံကိုနှိမ့်၍ သတိပေးလိုက်သည်။
“ဒီရက်ပိုင်းအတွင်း ချွမ်းနီလေးကို သေသေချာချာ ဂရုစိုက်စောင့်ကြည့်ထားပါ”
လီရှို့ယွင်က နှုတ်ခမ်းကိုကိုက်ကာ ခေါင်းညိတ်လိုက်သည်။ သူမတို့နှစ်ဦးလုံးမှာ နားလည်မှုရှိရှိပင် နို့မှုန့်ကိစ္စကို ထပ်မံမပြောကြတော့ချေ။
မကြာမီ ညစာစားချိန်သို့ ရောက်ရှိလာသည်။ ဝူယွီလန် ခန်းမကြီးထဲသို့ ဝင်သွားသောအခါ မိသားစုတစ်စုလုံး ထိုနေရာတွင် စောင့်ဆိုင်းနေကြပြီဖြစ်သည်။
သို့သော်လည်း ထမင်းစားပွဲဝိုင်းကြီးတွင် ထိုင်နေသူများမှာ သားအကြီးဆုံး စုန့်ကျစ်ယုံနှင့် သူ၏သားနှစ်ယောက်ဖြစ်သော စုန့်တာ့လန်နှင့် စုန့်အာ့လန်တို့သာဖြစ်ပြီး ဒေါသထွက်ကာ သောင်းကျန်းနေသော အငယ်ဆုံးသား စုန့်ကျစ်ရှုမှာမူ ရောက်မလာခဲ့ပေ။
တစ်နည်းအားဖြင့် ဤမိသားစုတွင် သူမမှလွဲ၍ ယောကျ်ားလေးများသာ ထမင်းစားပွဲဝိုင်းကြီးတွင် စားသောက်ခွင့်ရှိပြီး အခြားသော မိန်းမသားများမှာ မိမိတို့၏ပန်းကန်များကို ကိုင်ကာ နိမ့်ကျသော သစ်သားစားပွဲငယ်လေးတွင်သာ စားသောက်ကြရသည်။
ဝူယွီလန်က မျက်လုံးများကိုမှိတ်ကာ အသက်ပြင်းပြင်းရှူသွင်းလိုက်၏။
“ဒီစားပွဲအသေးကို ဖယ်လိုက်စမ်း”
ဝမ်ကွေ့ချင်က တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပြောလိုက်သည်။
“အမေ၊ ဒီစားပွဲအသေးလေးက... သမီးတို့ထိုင်ဖို့ လိုသေးတယ်လေ”
ဝူယွီလန်က အမိန့်ပေးလိုက်၏။
“ဒီကနေ့ကစပြီး အားလုံး စားပွဲအကြီးမှာပဲ ထိုင်ကြရမယ်”
ဝမ်ကွေ့ချင် သူမ လက်များကို ဂဏာမငြိမ်စွာ ပွတ်သပ်နေသည်။
“ဒါက... ဒါက စည်းကမ်းနဲ့ မညီဘူးလေ”
နှစ်ပေါင်းများစွာ နှိပ်စက်ခံခဲ့ရသဖြင့် ဝမ်ကွေ့ချင်မှာ သိသိသာသာကို ကျိုးနွံနေပြီဖြစ်ကာ အဘွားကြီးဝူ ချမှတ်ထားသော စည်းကမ်းများကို မချိုးဖောက်ရဲချေ။
ဝူယွီလန်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
“စည်းကမ်း ဟုတ်လား၊ ငါက ဒီမိသားစုရဲ့စည်းကမ်းပဲ”
ဝူယွီလန်၏ မျက်နှာပေါ်တွင် ဒေါသအငွေ့အသက်များ ရှိနေသည်ကို မြင်သောအခါ ဝမ်ကွေ့ချင်သည် သူမ၏သားနှစ်ယောက်ကို စားပွဲငယ်လေးအား ဖယ်ရှားရန် ကမန်းကတန်း အချက်ပြလိုက်ပြီးနောက် စားပွဲဝိုင်းကြီးတွင် သတိထားကာ ဝင်ထိုင်လိုက်၏။
သူမသည် သေချာပင် မထိုင်ရဲဘဲ အချိန်မရွေး ထထွက်သွားရန် အဆင်သင့်ဖြစ်နေပုံပေါ်သည်။ ကျန်လူများမှာလည်း ထိုနည်းတူပင်။
ဝူယွီလန်သည် အဓိကနေရာတွင် ဝင်ထိုင်လိုက်သည်။ စားပွဲပေါ်ရှိ အစားအသောက်များကို မြင်လိုက်သည်နှင့် သူမ ချက်ချင်းပင် အလိုလို ဗိုက်ဝသွားသလို ခံစားလိုက်ရသည်။
ဆန်ကွဲများ ရောနှောထားသော ဆန်ပြုတ်ကျဲကျဲ တစ်အိုး၊ ရေကျဲကျဲ တောဟင်းရွက်ဟင်းချို တစ်အိုးနှင့် ပြောင်းဖူးမှုန့် မုန့်ပေါင်းကြမ်းကြမ်း နှစ်တုံးတို့သာ ရှိလေ၏။
ထိုပြောင်းဖူးမှုန့် မုန့်ပေါင်းကြမ်းကြမ်းမှာပင် အိမ်၌ အကောင်းဆုံးအစားအစာများဖြစ်ပြီး ပုံမှန်အားဖြင့် သူမနှင့် အငယ်ဆုံးသား စုန့်ကျစ်ရှုတို့သာ စားသုံးခွင့်ရှိသည်။
အားလုံး နေရာယူပြီးနောက် ဝမ်ကွေ့ချင်သည် ထုံးစံအတိုင်း လူတိုင်းအတွက် ဆန်ပြုတ်များ ခပ်ထည့်ပေးရာ တစ်ယောက်လျှင် ပန်းကန်တစ်ဝက်ခန့်သာ ရရှိလေသည်။
ဝူယွီလန်သည် ရေလိုကျဲလွန်းလှသော ဆန်ကွဲပြုတ်ကို ကြည့်ရင်း သူမကိုင်ထားသော တူကို ဖြန်းခနဲအသံနှင့်အတူ စားပွဲပေါ်သို့ ရုတ်တရက်ရိုက်ချလိုက်၏။
သူမက စိတ်ပျက်လက်ပျက်ဖြင့် ဒေါသတကြီးအော်ဟစ်လိုက်သည်။
“နင်တို့က လူတွေကို တိရစ္ဆာန်တွေလို သဘောထားနေကြတာလား”
ဤမျှ နည်းပါးလှသော ပမာဏဖြင့် မည်သူက ဗိုက်ဝနိုင်မည်နည်း။ မိမိ၏ သွေးသားအရင်းများ မဟုတ်လျှင်ပင် လူသားများကို ဤမျှအထိ ရက်ရက်စက်စက် မဆက်ဆံသင့်ပေ။
ဝမ်ကွေ့ချင်မှာ အလွန်တရာ လန့်ဖြန့်သွားသဖြင့် လက်များပင် တဆတ်ဆတ်တုန်ယင်သွားကာ သူမကိုင်ထားသော ဆန်ကွဲပြုတ်ပန်းကန်မှာ မှောက်ကျလုနီးပါး ဖြစ်သွားရသည်။
ဝမ်ကွေ့ချင် အထိတ်တလန့် တောင်းပန်ရှာ၏။
“တောင်းပန်ပါတယ် အမေ၊ သမီး နည်းနည်းချင်းစီ ပြန်ခွဲထည့်ပေးပါ့မယ်၊ နည်းနည်းချင်းစီ ပြန်ခွဲထည့်ပေးပါ့မယ်”
ဝူယွီလန် ဘေးဘက်တွင် ချထားသော ဆန်ပြုတ်တစ်ဝက်ခန့်ရှိသည့် ပန်းကန်ကိုကြည့်ကာ မေးလိုက်သည်။
“ဒါက ဘယ်သူ့ပန်းကန်လဲ”
ဝမ်ကွေ့ချင်က အောက်ကျို့သော အပြုံးဖြင့် ပြန်လည်ဖြေကြားလေ၏။
“အမေ၊ ဒီပန်းကန်က ရှို့ယွင်အတွက်ပါ၊ သူက အခုလေးတင်မှ ကလေးမွေးထားတာမို့ သမီး နည်းနည်းလေး ပိုထည့်ပေးလိုက်တာပါ၊ ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့နော်”
ထိုစကားကို ကြားသောအခါ ဝူယွီလန်တစ်ယောက် မူးမေ့ချင်ယောင်ပင် ဆောင်မိသွားသည်။ ယခုလေးတင်မှ သွေးသံရဲရဲဖြင့် ကလေးမွေးဖွားထားသော အမျိုးသမီးတစ်ဦးကို ဆန်ကွဲပြုတ် တိုက်မည်လော။
ဝူယွီလန် ပြတ်သားစွာ အမိန့်ပေးလိုက်သည်။
“အဲဒါ သူ့ကို ပေးမစားနဲ့”
အမိန့်ပေးပြီးနောက် ဝူယွီလန်သည် နေရာမှ မတ်တတ်ထရပ်ကာ အပြင်ဘက်သို့ ထွက်သွားလေ၏။
စုန့်ကျစ်ယုံက မခံစားနိုင်တော့ဘဲ ဝင်ပြောလာသည်။
“အမေ၊ ခယ်မလေးက အရမ်းကို အားနည်းနေတာပါ၊ ဗိုက်ဆာနေတာက သူ့အတွက် မကောင်းဘူးထင်တယ်”
ဝူယွီလန်က ခပ်ပြတ်ပြတ်ပင် တုံ့ပြန်လိုက်သည်။
“ခဏလောက် ဗိုက်ဆာရုံနဲ့ သူ မသေပါဘူး”
ထိုသို့ပြောပြီးနောက် ဝူယွီလန်မှာ အပြင်သို့ ခပ်သုတ်သုတ် ထွက်သွားတော့၏။
ထိုစကားကို ကြားသောအခါ အားလုံးမှာ ယူကျုံးမရဖြစ်ကာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြလေသည်။
ဝမ်ကွေ့ချင်မှာမူ အခက်တွေ့သွားလေ၏။
“ဒါ... ဒါ ဘယ်လိုလုပ်ကြမလဲ၊ အမေက ရှို့ယွင်ကို ပေးမစားခိုင်းဘူး”
ချွမ်းနီက ဆန်ကွဲပြုတ်ပန်းကန်ကို ကြည့်ရင်း သူမ၏နှုတ်ခမ်းကို သပ်ကာ ပြောလိုက်သည်။
“ရပါတယ်၊ သမီး မစားတော့ဘူး၊ သမီးဝေစုကို အမေ့ကိုသာ ပေးလိုက်ပါ”
ထိုသို့ပြောရင်း သူမ၏ ဆန်ကွဲပြုတ်ပန်းကန်လေးကို ပိုက်ကာ အမေဖြစ်သူ၏အခန်းဆီသို့ တိတ်တဆိတ် ခိုးကြောင်ခိုးဝှက် သွားလေသည်။
သို့သော် တံခါးဝသို့ ရောက်သည့်အချိန်တွင်ပင် ဝူယွီလန်၏ လက်ပူးလက်ကျပ် ဖမ်းမိခြင်းကို ခံလိုက်ရသည်။
ဝူယွီလန်က မျက်မှောင်ကြုတ်လျက် မေးလိုက်၏။
“အဲဒီ ဆန်ကွဲပြုတ် သူ့ကိုမပေးနဲ့လို့ ငါ ပြောထားတယ်မဟုတ်လား”
ချွန်းနီက ခေါင်းမော့ကာ ခေါင်းမာမာဖြင့် တင်းခံထားပြီး သူမ၏ မျက်ရည်ဝဲနေသော မျက်ဝန်းများထဲတွင် ခိုင်မာသော ဆုံးဖြတ်ချက်များ ပြည့်နှက်နေသည်။
“အဖွား၊ သမီးအမေက သွေးတွေအများကြီး ဆုံးရှုံးထားတာပါ၊ တကယ်လို့ ဘာမှမစားရဘူးဆိုရင် သမီးအမေ ငတ်သေသွားလိမ့်မယ်”
ဝူယွီလန်က နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး ဆန်ကွဲပြုတ်ပန်းကန်ကို လှမ်းဆွဲလုယူလိုက်သည်။
“ငါက မစားရဘူးဆိုရင် မစားရဘူးပဲ”
“ပြီးတော့ နင်လည်း ဘာမှစားမနေနဲ့၊ သွားပြီး ရေနွေးသွားကျိုချေ”
ချွမ်းနီမှာ နေရာတွင်ပင် မတ်တပ်ရပ်နေကာ ခေါင်းမာသော မျက်ဝန်းများဖြင့် ဝူယွီလန်ကို စူးစိုက်ကြည့်နေလေသည်။
ထိုအခြေအနေကို မြင်သောအခါ ဝမ်ကွေ့ချင်က ကပျာကယာ တိုက်တွန်းရှာ၏။
“ချွန်းနီ၊ ရေနွေးမြန်မြန် သွားကျိုလိုက်ပါ၊ မဟုတ်ရင် ခဏနေ အဖွားက ထပ်ရိုက်လိမ့်မယ်၊ ဒီဆန်ကွဲပြုတ်ပန်းကန်ကို ကြီးကြီးဖွက်ထားပေးမယ်၊ ညည်းအဖွား အိပ်ပျော်သွားတဲ့အချိန်ကျမှ အမေ့ဆီကို ယူသွားပေးလိုက်ပေါ့”
ထိုစကားကို ကြားသောအခါမှ ချွမ်းနီတစ်ယောက် မီးဖိုချောင်သို့ ရေနွေးကျိုရန် သွားဖို့ သဘောတူလိုက်လေသည်။ ဝူယွီလန် ဆန်ကွဲပြုတ်ကို သိမ်းဆည်းလိုက်စဉ်မှာပင် တံခါးခေါက်သံကို ကြားလိုက်ရ၏။
“ဒေါက်၊ ဒေါက်၊ ဒေါက်”
သမားတော်ကျန်း၏ မြေးအကြီးဆုံး ဆေးလာပို့သည်ဟုတွေးကာ ဝူယွီလန်သည် ကမန်းကတန်း တံခါးသွားဖွင့်လိုက်၏။ ဆေးထုပ်ကို ကိုင်ထားသော ကောင်လေးတစ်ယောက် တံခါးဝတွင် ရပ်နေလေသည်။
ကောင်လေးက လေးလေးစားစား မေးလိုက်သည်။
“အဘွားဝူဆိုတာ အဘွားလားခင်ဗျာ၊ ကျွန်တော့်အဘိုးက ဒီဆေးတွေ အဘွားဆီ လာပို့ပေးခိုင်းလိုက်လို့ပါ”
ဝူယွီလန်က ဆေးကို လှမ်းယူလိုက်၏။
“ကျေးဇူးအများကြီးတင်ပါတယ်ကွယ်”
ကောင်လေးက ဘာမှထပ်မပြောတော့ဘဲ ခေါင်းညိတ်ပြကာ လှည့်ထွက်သွားလေသည်။ ဝူယွီလန်သည် ဆေးများကို သေချာသိမ်းဆည်းလိုက်ပြီး ကြက်ခြံဘက်သို့ သွားကာ ကြက်မတစ်ကောင်ကို ဖမ်းဆွဲလိုက်သည်။
…….
စုန့်ကျစ်ရှုမှာ အချိန်အတော်ကြာ စောင့်နေခဲ့သော်လည်း ဝူယွီလန် သူ့ကို ထမင်းလာခွံ့ကျွေးရန် ရောက်မလာသဖြင့် အနည်းငယ် ဂဏာမငြိမ် ဖြစ်လာတော့၏။
သူက တံခါးကို ဟကာ အပြင်ဘက်သို့ ချောင်းကြည့်လိုက်ရာ ဝူယွီလန်တစ်ယောက် ကြက်မကြီးတစ်ကောင်ကို ဆွဲကာ မီးဖိုချောင်ဘက်သို့ လျှောက်သွားသည်ကို တွေ့လိုက်ရသည်။
သူက ကျေနပ်စွာ ပြုံးလိုက်သည်။
“အမေက ငါ့ကို အချစ်ဆုံးဆိုတာ ငါသိသားပဲ၊
ဒီကြက်သားက ငါအတွက် စွပ်ပြုတ်လုပ်ပေးဖို့ဆိုတာ သေချာတယ်”
သို့သော်လည်း စုန့်ကျစ်ရှုမှာ မျှော်လင့်တကြီး စောင့်ရင်း စောင့်နေခဲ့ရသော်လည်း ဝူယွီလန် သူ့ထံ ကြက်စွပ်ပြုတ်လာပို့သည်ကို အရိပ်အယောင်မျှပင် မမြင်တွေ့ရချေ။