အခန်း ၆
Vol. 1 Ch. 6
🍅 Chapter 6
ဝူယွီလန်မှာ သူ့အား ဤကြက်စွပ်ပြုတ်တိုက်ရန် လုံးဝ ရည်ရွယ်ထားခြင်းမရှိသည်ကို သူ မသိရှိခဲ့ပေ။
ကြက်စွပ်ပြုတ် ကျက်သွားပြီးနောက် ဝူယွီလန်သည် ကြက်စွပ်ပြုတ်ပန်းကန်ကြီးတစ်လုံးနှင့် ကြက်သားပန်းကန်ကြီးတစ်လုံးကို ခပ်ထုတ်လိုက်ပြီး ကျန်ရှိနေသည်များကို ပန်းကန်လုံးငယ် ဆယ်လုံးထဲသို့ အညီအမျှခွဲဝေထည့်လိုက်၏။ ပန်းကန်တစ်ခုစီတွင် ကြက်သားအတုံးငယ်လေးများ ပါဝင်နေလေသည်။
ဘေးနားတွင် သွားရည်ကျကာ ရပ်နေသော ချွမ်းနီကို မြင်သောအခါ ဝူယွီလန်က ကြက်ပေါင်တစ်ချောင်းကို ဆယ်ယူပြီး သူမ၏လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။
ချွမ်းနီ အံ့အားသင့်သွားသည်။
“ဟင်”
ရုတ်တရက် ကြက်ပေါင်တစ်ချောင်း သူမလက်ထဲ ရောက်လာသဖြင့် ချွန်းနီမှာ ကြက်သေသေသွားရလေသည်။
ဝူယွီလန်က ငေါက်ငန်းလိုက်၏။
“ဘာတွေ ကြောင်ကြည့်နေတာလဲ၊ မြန်မြန်စားလိုက်စမ်း၊ နောက်ထပ်မရှိတော့ဘူး”
ချွမ်းနီ မယုံကြည်နိုင်စွာဖြင့် မေးလိုက်လေသည်။
“အဖွား၊ အဖွားက ဒါကို သမီးကို တကယ်... တကယ်ကြီး ပေးတာလားဟင်”
ဝူယွီလန် နှာခေါင်းရှုံ့လိုက်သည်။
“ပေါက်ပေါက်ရှာရှာ”
ဝူယွီလန်သည် ကြက်စွပ်ပြုတ်နှင့် ကြက်သားကို ကိုင်ဆောင်လိုက်ပြီး စားပွဲပေါ်ရှိ မုန့်ပေါင်းနှစ်လုံးကိုပါ ယူဆောင်သွားလေ၏။
ဝူယွီလန် ကြက်သားနှင့် စွပ်ပြုတ်များကို ကိုင်ဆောင်ကာ သူမအမေ၏အခန်းဘက်သို့ သွားနေသည်ကိုကြည့်ရင်း ချွမ်းနီတစ်ယောက် တစ်စုံတစ်ရာကို သဘောပေါက်သွားသလို ရှိလေသည်။
ချွန်းနီ စိတ်ထဲမှ ရေရွတ်လိုက်၏။
‘ဖြစ်နိုင်တာက... အဖွားက အမေ့ကို ကြက်စွပ်ပြုတ် လုပ်ပေးချင်လို့ ဆန်ကွဲပြုတ် မကျွေးတာများလား'
‘မဟုတ်သေးပါဘူး၊ ဒါက မဖြစ်နိုင်တာ၊ အဖွားက အဲဒီလောက်အထိ သဘောကောင်းနိုင်ပါ့မလား၊ အမေ့ကို သေအောင်မနှိပ်စက်ရင်ပဲ တော်လှပြီ'
ထိုအကြောင်းကို တွေးမိပြီး ချွမ်းနီမှာ နောက်မှ ကမန်းကတန်း လိုက်သွားလေတော့သည်။
“ကျွီ”
လီရှို့ယွင်မှာ ဗိုက်ဆာလွန်းသဖြင့် ခေါင်းများပင် မူးဝေနေလေပြီ။ ထိုသို့ မူးဝေနေစဉ်မှာပင် ပြင်းထန်လှသော ကြက်စွပ်ပြုတ်အနံ့ကို ရလိုက်သဖြင့် သူမ အိပ်မက်မက်နေသည်ဟုပင် ထင်မှတ်သွားရသည်။
မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ဝူယွီလန်တစ်ယောက် ကြက်စွပ်ပြုတ် ပန်းကန်ကြီးတစ်လုံးနှင့် ကြက်သားပန်းကန်ကြီးတစ်လုံးကို ယူဆောင်လာသည်ကို မြင်လိုက်ရသဖြင့် အလွန်အမင်းအံ့ဩသွားကာ စကားပင် မပြောနိုင်တော့ချေ။
သူမက အားယူကာ ထထိုင်လိုက်၏။
“အမေ...”
ဝူယွီလန်က တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်သည်။
“နိုးနေပြီဆိုရင်လည်း ထပြီးစားတော့၊ ငါက လူတွေကို အောက်ကျို့ပြီးဂရုစိုက်ပေးတတ်တဲ့ အမျိုးမဟုတ်ဘူး”
လီရှို့ယွင်က တုန်တုန်ရီရီဖြင့် မေးလိုက်မိသည်။
“ဒါ... ဒါ သမီးအတွက်လားဟင်”
လီရှို့ယွင် အံ့ဩသွားသည်မှာလည်းမဆန်းပေ။ စုန့်မိသားစုသို့ အိမ်ထောင်ကျလာခဲ့သည့် နှစ်များတစ်လျှောက်လုံးတွင် သူမသည် ကြက်သားတစ်ပန်းကန်လုံး နေနေသာသာ ကြက်စွပ်ပြုတ်တစ်စက်ကိုပင် မြည်းစမ်းခွင့် မရခဲ့ဖူးချေ။
ဝူယွီလန်က ငေါက်လိုက်ပြန်သည်။
“နင့်ကို မကျွေးရင် ဒီကောင်မစုတ်လေးကို ကျွေးရမှာလား”
ထိုသို့ပြောပြီးနောက် ဝူယွီလန်သည် ကြက်စွပ်ပြုတ်၊ ကြက်သားနှင့် မုန့်ပေါင်းများကို ချထားခဲ့ပြီး လှည့်ထွက်သွားလေ၏။
ထို့နောက် အကယ်၍ သူမသာ ကြမ်းတမ်းသော စကားအနည်းငယ် မပြောခဲ့လျှင် လီရှို့ယွင်က လိမိလိမ်မာမာ စားမည်မဟုတ်ကြောင်း တွေးမိသဖြင့် နောက်သို့လှည့်ကာ ဆူပူလိုက်သည်။
“မြန်မြန်စားပြီး နင့်ခန္ဓာကိုယ်ကို အမြန်ဆုံးအားပြည့်အောင်လုပ်၊ ကျန်တဲ့တစ်သက်လုံး ဘာအလုပ်မှမလုပ်ဘဲ လှဲနေမယ်လို့တော့ မတွေးနဲ့”
လီရှို့ယွင်သည် ဤကြက်စွပ်ပြုတ်မှာ သူမ၏သမီးကို ရောင်းစား၍ ရလာခြင်းဖြစ်မည်ဟု စိုးရိမ်နေခဲ့သော်လည်း တံခါးဝတွင် ကြောက်ရွံ့စွာပုန်းကွယ်နေသော သမီးဖြစ်သူကို မြင်လိုက်ရသောအခါ ချက်ချင်းပင် စိတ်အေးသွားရတော့သည်။
ဝူယွီလန် ထွက်သွားပြီးနောက် ချွမ်းနီသည် သူမ၏အင်္ကျီလက်အောက်တွင် ဖွက်ထားသော ကြက်ပေါင်ကို ထုတ်ယူကာ လီရှို့ယွင်အား ပြသလိုက်၏။
ချွမ်းနီ တီးတိုးပြောလိုက်လေသည်။
“အမေ... အဖွားက သမီးလက်ထဲကို ကြက်ပေါင်တစ်ချောင်း ထိုးထည့်ပေးသွားတယ်”
လီရှို့ယွင်မှာ ကြက်ပေါင်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်ရင်း ဤအရာများအားလုံးမှာ မည်သည့်အဓိပ္ပာယ်များ ဆောင်နေသနည်းဟု တွေးတောနေမိသည်။
သူမက သတိထားရန် မှာကြားလိုက်သည်။
“ချွမ်းနီ၊ နောက်ရက်တွေမှာ အမေ့ာအနားမှာပဲနေနော်၊ လျှောက်မသွားနဲ့၊ ကြားလား”
ချွမ်းနီကို မှာကြားပြီးနောက် လီရှို့ယွင်သည် ကြက်စွပ်ပြုတ်ကို ကောက်ကိုင်ကာ အမြန်သောက်ချလိုက်သည်။
ယောက္ခမဖြစ်သူက ချွမ်းနီကို တကယ်ပဲ ရောင်းစားရန် စီစဉ်နေသည်ဖြစ်စေ၊ မစီစဉ်သည်ဖြစ်စေ သူမကိုယ်တိုင် ကျန်းမာရေး အမြန်ဆုံးပြန်လည်ကောင်းမွန်လာရန် လိုအပ်ပေ၏။
သို့မဟုတ်ပါက ချွမ်းနီကို ကာကွယ်ပေးရန် သူမတွင် မည်သည့်အင်အားမှ ရှိမည်မဟုတ်ပေ။ ထိုအကြောင်းကို တွေးမိပြီး လီရှို့ယွင်သည် သူမလက်ထဲရှိ ကြက်ပေါင်ကို အားပါးတရကိုက်စားလိုက်သည်။
ထို့နောက် သူမက သမီးဖြစ်သူကို ပေးလိုက်လေသည်။
“ချွမ်းနီ၊ စား၊ အကြီးကြီး တစ်ကိုက်ကိုက်စားလိုက်”
အမေဖြစ်သူ၏စကားကို ကြားသောအခါ ချွမ်းနီမှာ ထပ်မံ၍ မထိန်းချုပ်နိုင်တော့ဘဲ ကြက်ပေါင်ကို ပါးစပ်ထဲသို့ ထည့်လိုက်တော့၏။
ဆီဥတဝင်းဝင်းဖြင့် မွှေးကြိုင်နေသော ကြက်သား၏အရသာမှာ အလွန်တရာ ကောင်းမွန်လှသဖြင့် အရိုးများကိုပင် မြိုချပစ်ချင်စိတ် ပေါက်သွားရလေသည်။
ထိုခဏတွင် ချွန်းနီ၏စိတ်ထဲ၌ အတွေးတစ်ခု ပေါ်ပေါက်လာခဲ့သည်။ အကယ်၍ သူမ မိခင်ဖြစ်သူသာ ကြက်သားကို နောက်ထပ်အကြိမ် အနည်းငယ်မျှ စားရမည်ဆိုလျှင် သူမ အရောင်းခံရမည်ဆိုလျှင်ပင် ကျေကျေနပ်နပ်ကြီး လက်ခံလိုက်မည်ဟု တွေးမိလိုက်သည်။
……
မိသားစုတစ်စုလုံးမှာ စားပွဲပေါ်ရှိ ကြက်စွပ်ပြုတ်များကို စိုက်ကြည့်ရင်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြကာ မည်သူမျှမလှုပ်ရဲကြချေ။
ဝူယွီလန် မေးလိုက်လေသည်။
“ဘာတွေ ကြောင်ကြည့်နေကြတာလဲ၊ ငါက ခွံ့ကျွေးရဦးမှာလား”
ပြောပြောဆိုဆိုပင် ဝူယွီလန်သည် သူမ၏ပန်းကန်ကို အရင်ဆုံး ကောက်ကိုင်လိုက်ပြီး မွှေးကြိုင်လှသော ကြက်စွပ်ပြုတ်ကို သောက်လိုက်သည်။
သူမသည် မည်သည့်ဟင်းခတ်အမွှေးအကြိုင်မျှ မထည့်ထားဘဲ ဆားအနည်းငယ်သာ ထည့်ထားသော်လည်း အိမ်တွင် ကိုယ်တိုင်မွေးမြူထားသော ကြက်သား၏ အလွန်ကောင်းမွန်လှသည့်ရနံ့ကိုတော့ မဖုံးကွယ်နိုင်ခဲ့ပေ။
ကြက်စွပ်ပြုတ်၏ အရသာကို မြည်းစမ်းမိလိုက်သည်နှင့် ဝူယွီလန် ဗိုက်ထဲမှ တဂွီဂွီဖြင့် အဆက်မပြတ်မြည်လာတော့သည်။
ကြက်စွပ်ပြုတ်တစ်ပန်းကန်လုံးကို ကုန်စင်အောင် သောက်ပြီးနောက်တွင်ပင် သူမမှာ ထပ်မံသောက်ချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်နေဆဲဖြစ်သည်။ အားလုံးက မလှုပ်မရပ် ဖြစ်နေသေးသည်ကို မြင်သောအခါ သူမ မျက်ခုံးပင့်လိုက်၏။
“နင်တို့ကို ငါက တကယ်ကြီး ခွံ့ကျွေးရတော့မှာလား”
စုန့်ကျစ်ယုံက ကြက်စွပ်ပြုတ်ပန်းကန်ကို ထုံပေပေဖြင့် တွန်းပေးလိုက်သည်။
“အမေပဲ သောက်လိုက်ပါ၊ သားက အသုံးမကျတဲ့လူတစ်ယောက်မို့ သားကိုပေးတာက အလဟဿဖြစ်လိမ့်မယ်”
ထိုစကားကို ကြားသောအခါမှ ဝူယွီလန်သည် ဤသားအကြီးဆုံးမှာ မူလပိုင်ရှင်၏အတင်းအဓမ္မစေခိုင်းမှုကြောင့် ဆောင်းရာသီတွင် အမဲလိုက်ထွက်ရင်း ခြေထောက်ကျိုးသွားခဲ့ရသည်ကို ပြန်လည်သတိရသွားသည်။
သင့်လျော်သော ဆေးဝါးကုသမှုကို မခံယူခဲ့ရသဖြင့် သူသည် ဒုက္ခိတတစ်ဦး ဖြစ်သွားခဲ့ရပြီး အတိတ်ကာလများတွင် မူလပိုင်ရှင်က သူ့အား တစ်နေကုန်တစ်နေခန်း အသုံးမကျသူအဖြစ် ဆဲဆိုလေ့ရှိခဲ့၏။ သူမသည် သက်ပြင်းချရင်း စိတ်ထဲတွင် ဆုံးဖြတ်လိုက်သည်။
‘တစ်နေ့နေ့ကျရင်တော့ ဒီကောင်လေးရဲ့ ခြေထောက်ကို ကုသပေးနိုင်မလားဆိုတာ စမ်းကြည့်ရသေးတာပေါ့'
ဤအခြေအနေကို မြင်သောအခါ ကျန်သူများကလည်း သူတို့၏ကြက်စွပ်ပြုတ်ပန်းကန်များကို တွန်းပေးလိုက်ကြသည်။ ထူးခြားသော အဖြစ်အပျက်တစ်ခု ဖြစ်လာပြီဆိုလျှင် ထိုအရာ၏နောက်ကွယ်တွင် ကောက်ကျစ်ယုတ်မာမှု တစ်ခုခု သေချာပေါက် ရှိနေမည်ဖြစ်၏။
ထို့ကြောင့် သူတို့ တကယ်ကို မသောက်ရဲကြပေ။ ဤကြက်စွပ်ပြုတ်ထဲတွင် မည်သည့်အရာများ ထည့်ထားသည်ကို မည်သူက သိနိုင်မည်နည်း။
ထိုသို့ တွန်းပေးနေကြသည်ကို မြင်သောအခါ ဝူယွီလန်က သူမ၏တူကို စားပွဲပေါ်သို့ ဖြန်းခနဲ ရိုက်ချလိုက်သည်။
“ဘယ်အချိန်ကစပြီး ငါ့ကို အာခံရဲသွားကြတာလဲ၊ ငါက သောက်ဆိုရင် သောက်လိုက်စမ်း”
ဝူယွီလန် ဒေါသထွက်သွားသည်ကို မြင်သောအခါ စုန့်ကျစ်ယုံက ကျန်သူများကို မလှုပ်ရှားရန် အချက်ပြလိုက်ပြီး ကြက်စွပ်ပြုတ်ပန်းကန်ကို မြှောက်ယူလိုက်၏။
“အမေ၊ ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့၊ သားသောက်ပါ့မယ်”
သူ့မျက်နှာပေါ်တွင် ပြတ်သားသော ဆုံးဖြတ်ချက်ချထားသည့်အသွင်အပြင်များ ပေါ်လွင်နေပြီး ဤစွပ်ပြုတ်ကို သောက်လိုက်သည်နှင့် ချက်ချင်းသေဆုံးသွားတော့မည့်ပုံ ပေါက်နေလေသည်။
သို့သော်လည်း သူ ကြက်စွပ်ပြုတ်ကို သောက်ပြီးသွားသည့်တိုင်အောင် မည်သည့်အရာမှ ဖြစ်မလာဘဲ လုံးဝ အကောင်းပကတိ ရှိနေလေသည်။
‘ဟင်... မသေသေးဘူးလား’
သူ့ အမူအရာကို ကြည့်ရင်း ဝူယွီလန်တစ်ယောက် ဘာပြောရမှန်းပင် မသိတော့ချေ။
သူမက အော်ဟစ်လိုက်သည်။
“နင်တို့ကို ငါက အဆိပ်ခတ်မယ်လို့ ထင်နေတာလား၊ နင်တို့အားလုံးကို ငါက အဆိပ်ခတ်သတ်လိုက်ရင် နောင်ကျ ငါ့ကို ဘယ်သူက လုပ်ကျွေးပြုစုမှာလဲ”
စကားလုံးများက ကြမ်းတမ်းသော်လည်း အကြောင်းပြချက်ကတော့ ခိုင်လုံနေလေသည်။ အားလုံးက ထိုစကားကို ကြားသောအခါ အဓိပ္ပာယ်ရှိသည်ဟု တွေးလိုက်မိကြ၏။
ဝူယွီလန်အနေဖြင့် သူတို့ကို အဆိပ်ခတ်မည်ဆိုလျှင်ပင် အားလုံးကို သေအောင် သတ်ပစ်မည်မဟုတ်ပေ။
ဘာပဲဖြစ်ဖြစ် သူမအတွက် အလုပ်လုပ်ပေးပြီး ငွေရှာပေးမည့်သူများ လိုအပ်နေသေးသည်မဟုတ်လော။ ထို့အပြင် စုန့်ကျစ်ယုံကလည်း ကြက်စွပ်ပြုတ်ကို သောက်ပြီးသွားပြီဖြစ်ကာ လက်ရှိအချိန်အထိတော့ အဆိပ်မိထားသည့်လက္ခဏာ မတွေ့ရသေးပေ။
အားလုံးက ဤသို့ တွေးတောဆင်ခြင်မိပြီးနောက် ကြက်စွပ်ပြုတ် ပန်းကန်များကို သတိထားကာ ကောက်ကိုင်လိုက်ကြပြီး တစ်ငုံချင်းစီ စတင်မြည်းစမ်းကြည့်ကြသည်။
အသက် ကိုးနှစ်အရွယ် စုန့်ယင်းဟွာလေးက ကြက်စွပ်ပြုတ်ကို မြည်းစမ်းပြီးနောက် ပျော်ရွှင်စွာဖြင့် မျက်လုံးလေးမှိတ်ကာ ပြောလိုက်၏။
“အာ၊ အမေ၊ ဒီကြက်စွပ်ပြုတ်က အရမ်းချိုတာပဲနော်”
ဝမ်ကွေ့ချင်သည် ဝူယွီလန်၏မျက်နှာအမူအရာကို အကဲခတ်ရန် လှည့်ကြည့်လိုက်ရာ သူမ၏မျက်နှာမှာ တည်ငြိမ်နေသည်ကို မြင်လိုက်ရသဖြင့် မယုံနိုင်အောင် ဖြစ်သွားရသည်။
‘ယောက္ခမက ငါတို့ကို တကယ်ကြီး ကြက်စွပ်ပြုတ် သောက်ခွင့်ပေးနေတယ်တဲ့လား၊ နေမင်းကြီး အနောက်ဘက်ကနေများ ထွက်လာတာလားပဲ'