← Chapters

အခန်း ၇

Vol. 1 Ch. 7

အခန်း ၇

Vol. 1 Ch. 7

🍅 Chapter 7

အားလုံး၏စိတ်ထဲတွင်လည်း အလွန်အမင်းအံ့ဩနေကြပြီး သူတို့၏လက်ထဲရှိ ကြက်စွပ်ပြုတ်များကို အမြတ်တနိုး သောက်သုံးနေကြသည်။

မွှေးကြိုင်လှသော ကြက်စွပ်ပြုတ်များကို သောက်ပြီးသွားသောအခါ လူတိုင်းက ပန်းကန်များကိုပါ ပြောင်စင်အောင် လျှာဖြင့်လျက်ပစ်ချင်စိတ် ပေါက်သွားကြ၏။

ဝမ်ကွေ့ချင်မှာ ပန်းကန်တွင် ကပ်ကျန်နေသော ဆီကျန်များကို လွှင့်ပစ်ရန် နှမြောသဖြင့် ပန်းကန်ထဲသို့ ရေနွေးထည့်ကာ ဆေးကြောပြီး ထိုပန်းကန်ဆေးရေများကိုပါ သောက်ချလိုက်သည်။ ဤသည်ကို မြင်သောအခါ ကျန်သူများကလည်း ထိုအတိုင်း လိုက်လုပ်လိုက်ကြလေ၏။ မည်သူကမျှ ဆီတစ်စက်ကိုပင် အလဟဿ မဖြစ်စေချင်ကြပေ။

ဝူယွီလန် ဤအဖြစ်အပျက်ကို မြင်သောအခါ သက်ပြင်းချလိုက်ပြီး တံခါးအပြင်ဘက်သို့ ထွက်လာခဲ့သည်။

ထိုအချိန်တွင် သူမ၏အငယ်ဆုံးသား စုန့်ကျစ်ရှုနှင့် တည့်တည့်ကြီး ဝင်တိုက်မိလေသည်။

ဝူယွီလန်ကို မြင်သောအခါ စုန့်ကျစ်ရှုသည် သူ့ကို ထမင်းလာကျွေးမည်ဟု ထင်မှတ်ကာ ချက်ချင်းခေါင်းကိုမော့ထားလိုက်ပြီး သူမအား ဂရုမစိုက်သည့်ဟန်ပန်မျိုး ဖမ်းထားလိုက်သည်။

“အမေ၊ သားကို လာပြီးချော့ဖို့မကြိုးစားနဲ့၊ ဒီအစားအစာတွေကို သားသေချင်သေပါစေ၊ တစ်လုပ်မှစားမှာမဟုတ်ဘူး”

……….

ဝူယွီလန် စိတ်ထဲမှ ရေရွတ်လိုက်သည်။

‘ခေါင်းမကောင်းလို့များလား’

သူမသည် စုန့်ကျစ်ရှုကို ကျော်ကာ တန်းတန်းမတ်မတ် လျှောက်သွားပြီး သူမ၏အိပ်ခန်းတံခါးကို ဒိုင်းခနဲ မြည်အောင် ပိတ်ချလိုက်၏။

သူ့ကို ဂရုစိုက်မည့် အရိပ်အယောင်လေးမျှပင် မပြသခဲ့ပေ။

စုန့်ကျစ်ရှုမှာ ကြက်သေသေသွားသည်။

‘ဒီတစ်ခါ အမေက ဘာလို့ ငါကိုလာမချော့တာလဲ၊ ငါ ဗိုက်ဆာပြီးသေသွားမှာကို မကြောက်ဘူးလား'

လေထဲတွင် ပျံ့လွင့်နေသော အသားဟင်းရနံ့ကို ရလိုက်သောအခါ စုန့်ကျစ်ရှုတစ်ယောက် တံတွေးမျိုချလိုက်ပြီး သူ၏မာနကို လျှော့ချရန် အကြောင်းပြချက်တစ်ခုကို စိတ်ထဲမှ ရှာဖွေလိုက်သည်။

‘ထားလိုက်ပါတော့လေ၊ အမေလည်း အသက်ကြီးနေပြီဆိုတော့ ငါကပဲ ဒီတစ်ခါတော့ အလျှော့ပေးလိုက်ပါ့မယ်'

ထိုသို့ပြောရင်း သူသည် မီးဖိုချောင်ထဲသို့ မချင့်မရဲဖြင့် ဝင်သွားလေသည်။ သို့သော် ဟိုဟိုဒီဒီ ရှာဖွေကြည့်လိုက်သောအခါ ကြက်စွပ်ပြုတ်၏ အရိပ်အယောင်ကိုပင် မတွေ့ရချေ။

“ကြက်စွပ်ပြုတ်က ဘယ်မှာလဲ၊ အမေ ငါ့အတွက် ချန်ထားပေးတဲ့ ကြက်စွပ်ပြုတ်က ဘယ်ရောက်သွားတာလဲ”

အားလုံးက စုန့်ကျစ်ရှုကို နားမလည်နိုင်စွာဖြင့် ဝိုင်းကြည့်နေကြသည်။ စားပွဲပေါ်ရှိ ပန်းကန်များတွင် ဆီကျန်များ ရှိနေသေးသည်ကို သတိပြုမိသွားသောအခါ စုန့်ကျစ်ရှု ဒေါသထွက်သွားတော့၏။

“ခင်ဗျားတို့ပဲ၊ အမေ ကျွန်တော့်အတွက် ချန်ထားပေးတဲ့ ကြက်စွပ်ပြုတ်ကို ခင်ဗျားတို့ ခိုးသောက်လိုက်ကြတာမလား”

စုန့်ကျစ်ယုံ စားပွဲပေါ်မှ ပန်းကန်များကို ကူသိမ်းပေးရင်း ပြန်ပြောလာသည်။

“ညီလေး၊ အမေ မင်းအတွက် ချန်ထားပေးတဲ့ ကြက်စွပ်ပြုတ်က ဘယ်မှာလဲဆိုတာတော့ ငါတို့မသိဘူး၊ ဒါပေမဲ့ ငါတို့ မင်းရဲ့စွပ်ပြုတ်ကို ခိုးမသောက်ခဲ့တာတော့ သေချာတယ်”

စုန့်ကျစ်ရှု စားပွဲပေါ်ရှိ ပန်းကန်များကို လက်ညှိုးထိုးပြရင်း ပြောလာလေသည်။

“ကိုယ့်ဘာသာကို ကြည့်ကြလေ၊ ဒီပန်းကန်တွေမှာ ဆီတွေပေနေတာပဲ၊ ခင်ဗျားတို့ ကျွန်တော့်ကြက်စွပ်ပြုတ်ကို မခိုးသောက်ဘူးဆိုရင် အမေကများ ခင်ဗျားတို့ကို တိုက်လိုက်တာလား”

ဝူယွီလန် ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာကာ အေးစက်စက် အကြည့်များဖြင့် စုန့်ကျစ်ရှုကို ဝေ့ဝဲကြည့်လိုက်၏။

“ငါ သူတို့ကို တိုက်လိုက်တာ၊ ပြဿနာရှိလို့လား”

“နင်က မစားချင်ဘူးဆို၊ အဲဒီတော့လည်း အငတ်နေလိုက်ပေါ့”

စုန့်ကျစ်ရှု မယုံနိုင်စွာဖြစ်ကာ မေးလိုက်သည်။

“အမေ... အမေက သားအတွက် ကြက်စွပ်ပြုတ် မချန်ထားပေးဘူးလား”

စုန့်ကျစ်ရှုသည် ဝူယွီလန် သူ့အား စိတ်ဆိုးနေတုန်းပဲဟု ထင်နေခဲ့သည်။ လေထဲမှ အသားဟင်းရနံ့ကို ရလိုက်သောအခါ သူက ဤတစ်ကြိမ် အလျှော့ပေးလိုက်ရန် ဆုံးဖြတ်လိုက်သည်။

“အမေက သားကို စိတ်ဆိုးနေတုန်းလားဟင်၊ သားမှားမှန်း သားသိပါပြီ၊ သားကို ဗွေမယူပါနဲ့တော့နော်”

ဝူယွီလန် အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။

“ဘယ်သူက နင့်ကို ဗွေယူနေလို့လဲ၊ စားချင်စား၊ မစားချင်နေ၊ ဗိုက်ဆာရင်လည်း အငတ်နေလိုက်”

‘ဒါ့အပြင် ဒီအဘွားကြီးက နင့်ရဲ့ အမေအရင်းမှ မဟုတ်တာ'

စုန့်ကျစ်ရှုသည် ငယ်စဉ်ကတည်းက အလိုလိုက်ခံခဲ့ရသူဖြစ်ရာ ဤသို့သော ဆက်ဆံမှုကို တစ်ခါမျှ မခံခဲ့ရဖူးသဖြင့် ချက်ချင်းဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းသွားတော့သည်။

“ကောင်းပြီလေ၊ မစားရရင်လည်း မစားဘူးပေါ့၊ သတ္တိရှိရင် သားကို ငတ်သေအောင်ထားလိုက်”

ထိုသို့ပြောပြီးနောက် သူသည် လှည့်ထွက်သွားကာ သူ့အခန်းဆီသို့ ပြန်သွားပြီး မကျေနပ်မှုကို ဖော်ပြသည့်အနေဖြင့် တံခါးကို ဒိုင်းခနဲ မြည်အောင် ပိတ်ချလိုက်သည်။

ဝူယွီလန်ကတော့ ဂရုမစိုက်ချေ။ သူမသည် ချွေးမအကြီးကို ရေချိုးရန်အတွက် ရေနွေးတစ်စည် ခပ်ပေးရန် ခိုင်းလိုက်သည်။ ရေချိုးပြီးနောက် လီရှို့ယွင်ကို သေချာဂရုစိုက်ရန် ချွေးမအကြီးအားမှာကြားခဲ့ပြီး သူမ အခန်းသို့ ပြန်လာခဲ့၏။

အခန်းထဲသို့ ရောက်သောအခါ ဝူယွီလန်သည် ကုန်တိုက်သုံးငွေကြေး လေးပြားကို အသုံးပြု၍ ဆေးပညာကုန်တိုက်မှ အသားမုန့်ပေါက်စီနှစ်လုံးကို ဝယ်ယူလိုက်သည်။

ဗိုက်ဝသွားသည်အထိ စားသောက်ပြီးနောက် သူမ ကုတင်ပေါ်တွင် လှဲလျောင်းကာ နောက်ထပ်ဘာဆက်လုပ်ရမည်ကို စီစဉ်နေလေသည်။

လောလောဆယ် အရေးကြီးဆုံးအရာမှာ တတိယချွေးမကို သေချာပြုစုစောင့်ရှောက်ရန်နှင့် ထို့နောက်တွင် မိသားစု၏စား၀တ်နေရေးကို တဖြည်းဖြည်း တိုးတက်လာအောင် လုပ်ဆောင်ရန်ဖြစ်သည်။

အချိန်ရလျှင် သားအကြီးဆုံး၏ ခြေထောက်ကို ကုသ၍ ရ၊ မရဆိုသည်ကိုလည်း ကြည့်ရှုရပေမည်။ မိသားစုအခြေအနေ တည်ငြိမ်သွားပါက ငွေရှာရန် နည်းလမ်းရှာဖွေပြီး မြေးမလေးနှစ်ယောက်ကို ပြန်လည်ရွေးယူမည်ဖြစ်သည်။

‘ဩော်... ဒါနဲ့ မြစ်ကြောင်းတူးဖော်ရေးမှာ အလုပ်လုပ်ဖို့ အပို့ခံထားရတဲ့ ဒုတိယသားလည်း ရှိသေးတာပဲ၊ ဖြစ်နိုင်မယ်ဆိုရင် သူ့ကို ပြန်ခေါ်ဖို့ သတင်းစကားပါးရမယ်’

ထို့အပြင် သူမတွင် ဆေးပညာကုန်တိုက် ရှိနေသေးသည်။ အခွင့်အရေးရပါက အရေးပေါ်သုံးရန်အတွက် ကုန်တိုက်သုံးငွေကြေးများကို ပိုမိုရှာဖွေရပေမည်။

အတွေးများကို စနစ်တက စီစဉ်ပြီးနောက် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေသော ဝူယွီလန်မှာ ဆက်လက်၍ မတောင့်ခံနိုင်တော့ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။

……..

နောက်တစ်နေ့နံနက်တွင် ကြက်တွန်သံကြောင့် ဝူယွီလန် နိုးလာခဲ့သည်။ သူမ အပြင်သို့ ထွက်လာသောအခါ မိသားစုတစ်စုလုံး အလုပ်လုပ်နေကြသည်ကို တွေ့လိုက်ရ၏။

ဟင်းရွက်ခင်းကို ရေလောင်းခြင်း၊ ကြက်စာကျွေးခြင်း၊ တောင်းရက်ခြင်း၊ အဝတ်လျှော်ခြင်းနှင့် မီးဖိုချောင်တွင် အလုပ်လုပ်ခြင်း စသည်ဖြင့် အားလုံး အလုပ်ကိုယ်စီနှင့် အလုပ်များနေကြသည်။

ဝမ်ကွေ့ချင်က ဝူယွီလန်ကို မြင်သောအခါ အောက်ကျို့သောအပြုံးဖြင့် နှုတ်ဆက်လိုက်သည်။

“အမေ နိုးပြီလား၊ မနက်စာ ခဏနေရင် ကျက်တော့မှာပါ”

ဤမနက်စာမှာ သေချာပေါက် ဝူယွီလန်နှင့် စုန့်ကျစ်ရှုအတွက်သာ ဖြစ်ပြီး ကျန်သူများ စားခွင့်မရှိပေ။ တစ်နေ့သုံးနပ် စားရရန်နေနေသာသာ အရင်အဘွားကြီးက ဤမိသားစုတစ်စုလုံးကို တစ်နေ့လျှင် တစ်နပ်သာ စားစေချင်သည်။

မဟုတ်သေး၊ တစ်လုတ်မျှပင် မစားစေချင်ဟု ဆိုရမည်ဖြစ်သည်။

ထိုအကြောင်းကို တွေးမိပြီး ဝူယွီလန်သည် မီးဖိုချောင်ထဲသို့ ဝင်သွားကာ ဒယ်အိုးအဖုံးကို ဖွင့်ကြည့်လိုက်သည်။ အိုးထဲတွင် ဆန်လုံးညို အနည်းငယ်သာ ရှိလေ၏။

သူမက ညွှန်ကြားလိုက်သည်။

“တော်ပြီ၊ နင် အပြင်ထွက်တော့၊ မနက်စာကို ငါပဲချက်လိုက်မယ်”

ဝမ်ကွေ့ချင်မှာ အနည်းငယ် ဘာလုပ်လို့ဘာကိုင်မှန်းမသိ ဖြစ်သွားသည်။

“အမေ... သမီး ဘာများအမှားလုပ်မိလို့လဲဟင်”

“အပြင်ထွက်တော့၊ ပြီးတော့ သူတို့ကို လယ်ထဲအလုပ်သွားလုပ်ဖို့ ခဏစောင့်ဦးလို့ သွားပြောလိုက်”

ထိုသို့ပြောပြီးနောက် ဝူယွီလန်သည် မီးဖိုချောင်တံခါးကို ပိတ်လိုက်၏။ သူမသည် အိမ်ရှိ ဆန်နှင့် ဂျုံမှုန့်များကို အရင်ဆုံး စာရင်းပြုစုကြည့် လိုက်ရာ ဆန်ဖြူ သုံးကျင်းခန့်၊ ဆန်လုံးညို ဆယ်ကျင်းနှင့် ကန်စွန်းဥ တောင်းငယ်တစ်ဝက်ခန့် ရှိသည်ကို တွေ့လိုက်ရသည်။

ခေတ္တမျှ စဉ်းစားပြီးနောက် မြေအိုးထဲသို့ ဆန်လုံးညို နှစ်ပန်းကန် ခပ်ထည့်လိုက်၏။

မလောက်မည်ကို စိုးရိမ်သဖြင့် ကန်စွန်းဥအနည်းငယ်ကိုလည်း ထပ်မံရွေးချယ်လိုက်သည်။ ဝူယွီလန်သည် ငယ်စဉ်က ကျေးလက်တောရွာတွင် ကြီးပြင်းလာခဲ့သူဖြစ်ရာ ကန်စွန်းဥဆန်ပြုတ်ပြုတ်ခြင်းမှာ သူမအတွက်တော့ အလွန်လွယ်ကူသောအလုပ်တစ်ခုပင်။

ကန်စွန်းဥဆန်ပြုတ် တည်ထားစဉ်မှာပင် ကြက်ဥနှစ်လုံးကိုလည်း တစ်ပြိုင်နက်တည်း ပြုတ်လိုက်သည်။ မကြာမီတွင် မွှေးကြိုင်လှသော ကန်စွန်းဥဆန်ပြုတ်တစ်အိုး ကျက်သွားလေသည်။

စဉ်းစားတွေးတောပြီးနောက် ဝူယွီလန်သည် ပန်းကန်လုံးကြီးကြီးများကို ရှာဖွေကာ လူအရေအတွက်အတိုင်း တစ်ယောက်လျှင် ပန်းကန်တစ်လုံးစီ ခပ်ထည့်ပေးလိုက်သည်။

သေချာပေါက် စုန့်ကျစ်ရှုအတွက်တော့ မပါဝင်ပေ။

ဆန်ပြုတ်များ ခပ်ထည့်ပြီးနောက် ဝူယွီလန် တံခါးဝသို့သွားကာ လှမ်းအော်လိုက်၏။

“ချွေးမအကြီး၊ ဒီဆန်ပြုတ်တွေကို ခန်းမကြီးထဲ ယူသွားလိုက်”

ထိုသို့ပြောပြီးနောက် သူမသည်လည်း ကန်စွန်းဥဆန်ပြုတ် ပန်းကန်ကြီးတစ်လုံးနှင့် ပြုတ်ထားသော ကြက်ဥနှစ်လုံးကို ကိုင်ဆောင်ကာ လီရှို့ယွင်၏အခန်းထဲသို့ ၀င်သွားလေသည်။

လီရှို့ယွင်မှာ ထိုအချိန်တွင် ကလေးငယ်လေး၏ဖင်ကို သန့်စင်ပေးနေလေသည်။ သူမက ရေအေးများအား လက်ဖြင့် ကိုင်တွယ်အသုံး ပြုနေသည်ကို မြင်သောအခါ ဝူယွီလန်မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားသည်။

သူမက ဟန့်တားလိုက်၏။

“ရေဇလုံကိုပေးစမ်း”

သူမသည် ဆန်ပြုတ်နှင့် ကြက်ဥများကို ချထားလိုက်ပြီး သစ်သားရေဇလုံကိုလုယူကာ ကလေးအား ဆေးကြောရန် ရေနွေးယူဖို့ မီးဖိုချောင်သို့ ကမန်းကတန်းသွားလေသည်။

ယောက္ခမဖြစ်သူ၏လုပ်ရပ်များကို ကြည့်ရင်း လီရှို့ယွင်မှာ မလှုပ်ရဲဘဲ နေရာတွင်ပင် ကြက်သေသေနေလေသည်။

သူမက တိုးတိုးလေး ခေါ်လိုက်သည်။

“အမေ...”

ဝူယွီလန် စားပွဲပေါ်ရှိ ဆန်ပြုတ်နှင့် ကြက်ဥများကို လှည့်ကြည့်လိုက်သည်။

“ဘာတွေ ကြောင်ကြည့်နေတာလဲ၊ မြန်မြန်စားလေ”

လီရှို့ယွင် တုန်ယင်နေသောအသံဖြင့် မေးလိုက်လေသည်။

“သမီး... သမီးအတွက်လားဟင်”

လီရှို့ယွင်၏မျက်ဝန်းများမှာ ချက်ချင်းပင် နီရဲလာသည်။ နှုတ်ခမ်းကိုကိုက်ကာ သူမက တောင်းပန်ရှာ၏။

“အမေ၊ နောက်ဆိုရင် သမီး ငွေရအောင် ပဝါတွေကို ကြိုးကြိုးစားစားထိုးပါ့မယ်၊ ကျေးဇူးပြုပြီး ချွမ်းနီကို မရောင်းစားပါနဲ့နော်”

ဝူယွီလန် ကလေးငယ်လေးကို ကုတင်ပေါ်တွင် ချော့သိပ်လိုက်ပြီး စောင်လေး သေချာခြုံပေးလိုက်သည်။

All Chapters