← Chapters

အခန်း ၈

Vol. 1 Ch. 8

အခန်း ၈

Vol. 1 Ch. 8

🍅 Chapter 8

“ချွမ်းနီကို ရောင်းစားမယ်လို့ နင့်ကို ဘယ်သူကပြောလဲ”

စားပွဲပေါ်ရှိ ဆန်ပြုတ်နှင့် ကြက်ဥများကိုကြည့်ရင်း လီရှို့ယွင် သတိထားနေဆဲဖြစ်သည်။

“အရင်တုန်းက ကျင်းဟွာနဲ့ ထုန်ဟွာကို ရောင်းစားတုန်းကလည်း မရီးကြီးနဲ့ မရီးလတ်ကို ရုတ်တရက်ကြီး အရမ်းကောင်းပြခဲ့တာပဲလေ”

ဝူယွီလန် သက်ပြင်းချလိုက်သည်။

“စိတ်ချပါ၊ ငါ ချွမ်းနီကို မရောင်းပါဘူး”

သူမ ကန်စွန်းဥဆန်ပြုတ်နှင့် ကြက်ဥများကို လီရှို့ယွင်၏အရှေ့သို့ တွန်းပေးရင်း အသံကို ညင်သာအောင် ပြောင်းလိုက်သည်။

“တတိယချွေးမ၊ ငါ အရင်က မကောင်းခဲ့တာ အမှန်ပါပဲ၊ နင်တို့ရဲ့ မိဘအပေါ်သိတတ်မှုကို အခွင့်ကောင်းယူပြီး နင်တို့ကို နှိပ်စက်ခဲ့တာ”

“အခုတော့ ငါသဘောပေါက်သွားပါပြီ၊ ငါတို့က မိသားစုတစ်စုပဲ၊ အားလုံး တစ်လှေတည်းစီး တစ်ခရီးတည်းသွားမှ ဘဝက ပိုပိုကောင်းလာမှာပေါ့”

ဝူယွီလန်အနေဖြင့် သူမ မည်သို့ပင် ရှင်းပြစေကာမူ လီရှို့ယွင် ယုံကြည်မည်မဟုတ်ကြောင်း သိနေသဖြင့် သူမ၏လက်ကို မြှောက်လိုက်၏။

“ငါ ဝူယွီလန် ငါ့အသက်ကိုရင်းပြီး ကျိန်ဆိုပါတယ်၊ ငါ့မြေးမလေး စုန့်ချွမ်းနီကို ဘယ်တော့မှ ရောင်းမစားပါဘူး၊ တကယ်လို့ ဒီကျိန်ဆိုချက်ကို ဖောက်ဖျက်ခဲ့ရင် မိုးကြိုးပစ်ခံရပါစေ”

နတ်ဘုရားများနှင့် ဘုရားသခင်များကို ယုံကြည်သော ဤခေတ်ကာလတွင် ကျိန်ဆိုချက်တစ်ခု၏စွမ်းအားမှာ ပြောစရာပင် မလိုတော့ချေ။ ထိုစကားကို ကြားသောအခါ လီရှို့ယွင်၏ တင်းမာနေသောမျက်နှာအမူအရာမှာ သိသိသာသာ ပြေလျော့သွားလေသည်။

သူမ မချင့်တချင့်ဖြင့် မေးလိုက်၏။

“အမေ... အမေ တကယ်ပြောတာလားဟင်”

ဝူယွီလန် အကြံပြုလိုက်လေသည်။

“နင် ငါ့ကို မယုံဘူးဆိုရင်လည်း ငါတို့ အိမ်ခွဲနေကြတာပေါ့၊ နောက်ဆိုရင် နင်တို့ဘာသာ လွတ်လွတ်လပ်လပ် နေလို့ရပြီလေ”

ဝူယွီလန်မှာ စဉ်းစားလေလေ ပိုဖြစ်နိုင်ချေရှိလေလေဟု ထင်လာသည်။ အိမ်ခွဲပြီးသွားပါက သူမဘာသာ လွတ်လွတ်လပ်လပ် နေထိုင်နိုင်ပြီး သူမ လုပ်ချင်ရာကို လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်မည်ဖြစ်သည်။

ထိုစကားကို ကြားသောအခါ လီရှို့ယွင်မှာ အလွန်အမင်းထိတ်လန့်သွားတော့သည်။ တုန်းချန်တိုင်းပြည်တွင် မိဘအပေါ် သိတတ်မှုကို အလွန်တန်ဖိုးထားပြီး မိဘအပေါ် မရိုသေလုပ်ခြင်းပြစ်မှုမှာ ကြီးလေးပါက ပြည်နှင်ဒဏ်အထိပင် အပြစ်ပေးခံရနိုင်၏။

မိဘများ သက်ရှိထင်ရှား ရှိနေစဉ် အိမ်ခွဲနေခြင်းမှာ အလွန်တရာ ဆိုးရုပ်သည်ဟု သတ်မှတ်ထားကြသည်။ အကယ်၍ သူတို့သာ တကယ်ပဲ အိမ်ခွဲနေပြီး ယောက္ခမအပေါ်မသိတတ်ဘူးဆိုသည့် နာမည်ဆိုးထွက်သွားပါက နောင်တွင် မိသားစုအတွင်းရှိ ကလေးများ အိမ်ထောင်ပြုရန် အခက်အခဲများစွာ ကြုံတွေ့ရမည်ကို သူမ စိုးရိမ်မိ၏။

ထိုအကြောင်းကို တွေးမိပြီး လီရှို့ယွင်သည် ဒူးခွေကျသွားကာ ဒူးထောက်လိုက်လေ၏။

“အမေ၊ သမီးတို့မှာ အိမ်ခွဲနေဖို့ရည်ရွယ်ချက် လုံးဝမရှိပါဘူး”

ဝူယွီလန် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိသည်။ အိမ်ခွဲနေပြီး လွတ်လွတ်လပ်လပ် နေထိုင်ရန်ဆိုသည်မှာ ထင်သလောက် မလွယ်ကူကြောင်း သူမ သဘောပေါက်သွားလေသည်ာ။

‘ထားလိုက်ပါတော့လေ၊ ဒီပြိုကွဲနေတဲ့ မိသားစုလေးကို ပြန်လည်ကောင်းမွန်လာအောင် အချိန်လေးပေးပြီး ကြိုးစားပေးတာကလည်း ဒီဘဝအတွက် ကျေးဇူးဆပ်တာပဲလို့ မှတ်ယူရမှာပေါ့'

‘အခြေအနေလေး နည်းနည်းကောင်းလာတဲ့အချိန်ကျမှ အိမ်ခွဲနေပြီး ကိုယ့်ဘာသာကိုယ် လွတ်လွတ်လပ်လပ် နေမယ်ဆိုရင်လည်း နောက်မကျသေးပါဘူးလေ'

ထိုသို့တွေးရင်း ဝူယွီလန်သည် အိမ်ခွဲနေမည့်အတွေးကို လတ်တလော ဘေးဖယ်ထားလိုက်သည်။

သူမက ပြတ်ပြတ်သားသား ပြောလိုက်လေ၏။

“ကောင်းပြီလေ၊ နင်တို့က အိမ်မခွဲချင်ဘူးဆိုရင်လည်း မခွဲဘူးပေါ့၊ ဒါပေမဲ့ အိမ်မခွဲသေးသရွေ့တော့ နောက်ဆိုရင် ငါခိုင်းတာမှန်သမျှကို သေသေချာချာလုပ်ရမယ်”

လီရှို့ယွင် ခေါင်းတဆက်ဆက်ညိတ်ကာ သဘောတူလိုက်သည်။

“စိတ်ချပါ အမေ၊ နောက်ဆိုရင် မိသားစုဝင်ငွေရအောင် ပဝါတွေကို သမီး ကြိုးကြိုးစားစားထိုးပါ့မယ်”

ဝူယွီလန် လီရှို့ယွင်ကို ထူပေးလိုက်ပြီး သူမ၏ပခုံးကို နှစ်သိမ့်သည့်အနေဖြင့် ပုတ်ပေးလိုက်သည်။

“ကဲပါ၊ စားစရာရှိတာ အကုန်စားပြီး သေသေချာချာ အနားယူလိုက်ပါဦး”

ဝူယွီလန်မှာ စိတ်မချသေးသဖြင့် လီရှို့ယွင် ဆန်ပြုတ်နှင့် ကြက်ဥများကို အကုန်စားသောက်ပြီးသည်အထိ စောင့်ကြည့်ပြီးမှသာ ထွက်လာခဲ့၏။

ခြံဝင်းအတွင်းသို့ ထွက်လာသောအခါ မိသားစုတစ်စုလုံး သူမအား စောင့်ဆိုင်းနေကြသည်ကို တွေ့လိုက်ရသည်။

ဝူယွီလန် အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။

“ဘာတွေ ကြောင်ကြည့်နေကြတာလဲ၊ ဆန်ပြုတ်တွေကို ခန်းမကြီးထဲမှာ တင်ထားတယ်”

ထိုသို့ပြောပြီးနောက် ဝူယွီလန်သည် ခန်းမကြီးထဲသို့ အရင်ဆုံး ဝင်သွားကာ ကန်စွန်းဥဆန်ပြုတ် တစ်ပန်းကန်ကို ကောက်ကိုင်ပြီး စတင်စားသောက်လေတော့သည်။ သို့သော် အနည်းငယ် စားပြီးနောက်တွင်ပင် ခြံဝင်းအတွင်းရှိလူစုမှာ မလှုပ်မယှက် ရှိနေဆဲဖြစ်သည်။

ဝူယွီလန် ပန်းကန်ကိုကိုင်လျက် အပြင်သို့ ထွက်လာလိုက်၏။

“ဘာလဲ၊ ငါ့စကားတွေက အရာမဝင်တော့ဘူးလား”

စုန့်ကျစ်ယုံက သူ့အမေ ဘာတွေများ ထပ်ပြီး ပြဿနာရှာချင်နေပြန်ပြီလဲဆိုသည်ကို မသိသဖြင့် တိုက်ရိုက်ပင် မေးလိုက်လေသည်။

“အမေ၊ အမေ ဘာလုပ်စေချင်လဲဆိုတာသာ ပြောပါ၊ သားတို့ကို အခုလိုမျိုး အတင်းအကျပ်လုပ်နေစရာမလိုပါဘူး”

ဝူယွီလန်တစ်ယောက် စိတ်ထဲမှ ဟင်ခနဲ ဟာခနဲ ဖြစ်သွားတော့သည်။

‘ဟင်...’

………..

ပါးစပ်ဖြင့် အော်ဟစ်ဆူပူနေ၍လည်း မရ၊ သွေးဆောင်ဖြားယောင်း၍လည်း အချည်းနှီးဖြစ်နေရာ သူမသည် အနီးနားရှိ ဝါးတံမြက်စည်းအစုတ်ကြီးကိုသာ အားနှင့်ဆွဲယူလိုက်တော့သည်။

“ငါ သုံးအထိရေမယ်၊ ဧည့်ခန်းမဆောင်ထဲသွားပြီး တစ်ယောက်ကို ကန်စွန်းဥဆန်ပြုတ် တစ်ပန်းကန်စီ အကုန်သောက်ကြစမ်း”

“တစ်၊ နှစ်”

ဝူယွီလန်သည် လက်ထဲမှ တံမြက်စည်းကြီးကို လေပေါ်သို့ မြှောက်ဝှေ့ကာ ချိန်ရွယ်လိုက်၏။

ထိုကြောက်မက်ဖွယ်မြင်ကွင်းကို မြင်လိုက်ရသောအခါ ချွမ်းနီခမျာ လည်ပင်းလေးပုဝင်သွားကာ စုန့်ယင်ဟွာနှင့် စုန့်ချန်းဟွာတို့၏ လက်လေးများကိုဆွဲလျက် ဧည့်ခန်းမဆောင်ဆီသို့ ကပျာကယာ ပြေးဝင်သွားရှာသည်။

အကြောက်တရားကြောင့် မျက်လုံးပြူးနေကြသော စုန့်တာ့လန်နှင့် စုန့်အာ့လန်တို့ကလည်း မိခင် ဝမ်ကွေ့ချင်နှင့် ဖခင် စုန့်ကျစ်ယုံတို့ကို အတင်းဆွဲကာ အလုအယက် ပြေးဝင်သွားကြလေ၏။

ဒုတိယချွေးမဖြစ်သူ ကျောက်လီကျွမ်မှာလည်း နောက်ကျကျန်ရစ်ခဲ့မည်ကို စိုးရိမ်သဖြင့် သူတို့နောက်မှ ကမန်းကတန်း ပြေးလိုက်သွားရတော့သည်။

ဧည့်ခန်းမဆောင်အတွင်း စားပွဲပေါ်၌ အစီအရီချထားသော ကန်စွန်းဥဆန်ပြုတ်ပန်းကန်လုံးကြီးများကို ငေးကြည့်ရင်း အားလုံးမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ မှင်တက်ပြီး ကြက်သေ သေနေကြသည်။

စုန့်ယင်ဟွာလေးက ခြောက်သွေ့နေသော နှုတ်ခမ်းဖျားလေးကို သပ်လိုက်ပြီး မိခင် ဝမ်ကွေ့ချင်၏အင်္ကျီလက်စလေးကို ဆွဲကိုင်ကာ မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် မေးလာခဲ့၏။

“အမေ၊ ဒါတွေက သမီးတို့ တကယ်စားရမှာလား”

ဝမ်ကွေ့ချင်ကိုယ်တိုင်လည်း စားပွဲပေါ်မှ ဆန်ပြုတ်များကို ငေးကြည့်ရင်း ဤအိပ်မက်ဆန်ဆန် အဖြစ်အပျက်ကို ယုံကြည်နိုင်စွမ်းမရှိသေးပေ။ သူမသည် နောက်သို့လှည့်ကာ လည်ပင်းကိုပုလျက် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် အသံထွက်လာ၏။

“အမေ၊ ဒီ... ဒီဆန်ပြုတ်တွေကလေ”

“ဘာတွေ အချိန်ဆွဲနေကြတာလဲ၊ မြန်မြန်သောက်ပြီး အလုပ်သွားလုပ်ကြစမ်း၊ နင်တို့အကုန်လုံး အပျင်းထူချင်နေကြတာမှတ်လား၊

အချိန်ဘယ်လောက်ရှိနေပြီလဲ ကြည့်ကြဦး၊ ထပ်ပြီး အချိန်ဆွဲနေကြဦးမယ်ဆိုရင် နင်တို့ကို ငါဘယ်လိုဆုံးမမလဲဆိုတာ စောင့်သာကြည့်နေလိုက်”

ဝူယွီလန်သည် မျက်မှောင်ကြုတ်လျက် လက်ထဲမှ တံမြက်စည်းကြီးကို နောက်တစ်ကြိမ် လွှဲယမ်းပြလိုက်သည်။

အိမ်ထဲရှိ ကလေးများအားလုံး၏ ခန္ဓာကိုယ်ထက်တွင် ညိုမည်းစွဲနေသော ဒဏ်ရာဒဏ်ချက် အနည်းနှင့်အများဆိုသလို ရှိနေကြခြင်းက မူလပိုင်ရှင် အဘွားကြီး၏ ရက်စက်ကြမ်းကြုတ်လှသော ညှင်းပန်းနှိပ်စက်မှုများကို သက်သေပြနေပေသည်။

ခြိမ်းခြောက်သံကြောင့် အားလုံးမှာ တုန်လှုပ်ချောက်ချားသွားကာ ဆန်ပြုတ်ပန်းကန်များကို ကပျာကယာ မော့သောက်လိုက်ကြပြီး တစ်စက္ကန့်လေး နောက်ကျသွားသည်နှင့် ဝူယွီလန်၏ တံမြက်စည်းကြီး သူတို့ကျောပြင်ထက် ကျဆင်းလာမည်ကို အလွန်တရာ ကြောက်ရွံ့နေကြ၏။

ထို့ပြင် ဝူယွီလန်တစ်ယောက် ရုတ်တရက်စိတ်ပြောင်းသွားကာ ဆက်မစားရန် တားမြစ်မည်ကိုလည်း စိုးရိမ်နေကြသဖြင့် စားနေရင်းမှ သူမဘက်သို့ အကဲခတ်ကာ ခိုးကြည့်နေကြရှာ၏။

ဆန်ပြုတ်တစ်ပန်းကန်လုံး ကုန်စင်သွားသောအခါ အားလုံး၏ ဝမ်းဗိုက်ထဲတွင် နွေးထွေးပြည့်၀သွားကြသည်။ အထူးသဖြင့် ကလေးငယ်များ၏ မျက်နှာထက်တွင် ဆန်ပြုတ်ကြောင့် ရရှိလာသော ကျေနပ်ရောင့်ရဲမှု အပြုံးရိပ်လေးများ ကူးလူးဖြတ်သန်းသွားကြလေသည်။

ပန်းကန်နှင့် တူများကို အလျင်အမြန် ဆေးကြောပြီးသည်နှင့် တစ်ပြိုင်နက် လူတိုင်းသည် မိမိတို့၏ တောင်းများ၊ ပေါက်ပြားများနှင့် တံစဉ်များကို အသီးသီး ဆွဲယူလိုက်ကြ၏။

ထင်းကောက်ရန်နှင့် ဝက်စာစဉ်းရန် ရည်ရွယ်ချက်ဖြင့် တောင်းငယ်လေးတစ်လုံးကို ကောက်ကိုင်လိုက်သော ချွမ်းနီကို ဝူယွီလန် မြင်တွေ့သွားသောအခါ အမြန်လှမ်းခေါ်လိုက်ရ၏။

“ချွမ်းနီ၊ နင်လိုက်သွားစရာမလိုဘူး၊ အိမ်မှာနေပြီး နင့်အမေကို သေချာပြုစုပေးလိုက်”

“ခဏနေ နင့်အမေ ရေဆာတာဖြစ်ဖြစ် တစ်ခုခုလိုတာဖြစ်ဖြစ်ဆိုရင် ကူညီပေးမယ့်လူ ရှိမှာမဟုတ်ဘူး”

ထိုစကားကြောင့် ချွမ်းနီ၏ သေးသွယ်သောခန္ဓာကိုယ်လေးမှာ ကြောက်စိတ်ကြောင့် တောင့်တင်းသွားခဲ့သည်။

ဝမ်ကွေ့ချင်ကလည်း ယောက္ခမဖြစ်သူသည် နောက်ဆုံးတော့ ချွမ်းနီကိုအပြစ်ပေးရန် အကွက်ဆင်နေပြီဟု တွေးထင်ကာ ကလေးမလေးကို သနားကြင်နာစွာဖြင့် လှမ်းကြည့်နေမိသည်။

သူတို့၏ စိုးရိမ်ထိတ်လန့်နေသော အတွေးများကို ဝူယွီလန် ချက်ချင်းပင် ရိပ်မိလိုက်သည်။ သူမသည် ထင်းရုံထဲသို့ဝင်ကာ ဟိုဒီမွှေနှောက်ရှာဖွေပြီးနောက် သစ်သားတုတ်ရှည်တစ်ချောင်းကို ကိုင်ဆောင်ထွက်လာခဲ့ပြီး ရေပုံးတစ်ပုံးကိုပါ ကောက်မလိုက်၏။

မီးဖွားထားသော တတိယချွေးမ လီရှို့ယွင်အတွက် အာဟာရဖြစ်စေမည့် ငါးကြင်းဖြူနှင့် တို့ဖူးဟင်းချို ချက်ကျွေးနိုင်ရန် ရွာထိပ်ရှိ မြစ်ထဲသို့သွားကာ ငါးဖမ်းရန် သူမ အခိုင်အမာဆုံးဖြတ်ထားသည်။

“ချွမ်းနီ၊ နင်နဲ့ နင့်အမေ အိမ်တံခါးကို သေချာလုံအောင် ပိတ်ထားကြ”

ထိုသို့မှာကြားပြီးသည်နှင့် သူမသည်လည်း မိသားစုဝင်များ၏နောက်မှလိုက်ကာ အိမ်အပြင်သို့ ထွက်ခွာသွားလေသည်။

ဝူယွီလန် ထွက်သွားသည်ကို မြင်မှသာ ချွမ်းနီလေးမှာ ရင်ထဲမှအလုံးကြီးကျသွားသကဲ့သို့ သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်နိုင်တော့၏။

ခြံတံခါးကို သေချာလုံလုံခြုံခြုံ ပိတ်ပြီးနောက် မိခင်ဖြစ်သူ၏ အခန်းတွင်းသို့ အလျင်အမြန် ပြေးဝင်သွားခဲ့သည်။

All Chapters