← Chapters

အခန်း ၉

Vol. 1 Ch. 9

အခန်း ၉

Vol. 1 Ch. 9

🍅 Chapter 9

ထိုအချိန်တွင် စုန့်ကျစ်ရှုတစ်ယောက် ဆာလောင်မှုဒဏ်ကြောင့် ခေါင်းများမူးဝေလျက် နိုးထလာခဲ့သည်။ မိခင်ဖြစ်သူမှာ တစ်ညလုံး ဒေါသထွက်နေခဲ့သော်လည်း ယခုအချိန်တွင်တော့ စိတ်ငြိမ်သွားလောက်ပြီဖြစ်၍ သူ့အတွက် အစားအသောက်များ လာပို့ပေးမည်ဟု တထစ်ချ တွေးထင်နေခဲ့၏။

သို့ရာတွင် အချိန်အတော်ကြာသည့်တိုင်အောင် ခြေသံပင်မကြားရဘဲ တိတ်ဆိတ်နေခဲ့သည်။ အခန်းတံခါးကို ဖွင့်ကာ အပြင်သို့ ထွက်ကြည့်လိုက်သောအခါ မိခင်ဖြစ်သူ၏ အရိပ်အယောင်ကိုပင် မမြင်ရပေ။

“အမေ ငါ့အတွက် မီးဖိုချောင်ထဲမှာ ထမင်းချန်ထားပေးခဲ့မှာ သေချာတယ်”

စုန့်ကျစ်ရှုသည် ဆာလောင်လွန်း၍ နာကျင်နေသောဝမ်းဗိုက်ကို ဖိနှိပ်လျက် မီးဖိုချောင်ထဲသို့ အပြေးအလွှား ဝင်သွားခဲ့သော်လည်း ထိုနေရာတွင် ဆန်ပြုတ်တစ်စက်မျှပင် ကျန်ရစ်မနေခဲ့ချေ။

“ခွမ်း”

ဒေါသအိုးပေါက်ကွဲသွားသော စုန့်ကျစ်ရှုသည် စားပွဲပေါ်ရှိ ပန်းကန်နှင့် တူများကို ကြမ်းပြင်ပေါ်သို့ ကြမ်းတမ်းစွာ ပွတ်ဆွဲချလိုက်သည်။

“ထမင်းတွေ ဘယ်ရောက်သွားတာလဲ”

“ငါ့အတွက် ထမင်းတွေကော”

မီးဖိုချောင်ထဲမှ ဟိန်းဟောက်သောင်းကျန်းနေသော အသံများကို ကြားလိုက်ရချိန်တွင် လီရှို့ယွင်မှာ အလွန်တရာ ထိတ်လန့်သွားပြီး သမီးငယ်နှစ်ဦးကို ရင်ခွင်ထဲသို့ တင်းကျပ်စွာဖက်ထားရင်း အသက်ရှူသံပင် မထွက်ရဲအောင် ငြိမ်သက်နေခဲ့၏။

အတန်ကြာအောင် ရမ်းကားသောင်းကျန်းပြီးနောက် စုန့်ကျစ်ရှုသည် တံခါးကိုဆောင့်ပိတ်ကာ အပြင်သို့ ဒေါသတကြီး ထွက်သွားလေတော့သည်။

မြစ်ဆိပ်ကမ်းဘေးသို့ ရောက်ရှိလာသော ဝူယွီလန်သည် တောင်ပေါ်သို့ ဦးတည်သွားနေကြသည့် စုန့်တာ့လန်နှင့် ကျန်ကလေးများကို မြင်သောအခါ လှမ်းခေါ်ကာ တားဆီးလိုက်သည်။

“ဟဲ့ကလေးတွေ၊ ခဏလောက်နေကြဦး၊ ငါ့အတွက် တီကောင်တွေ သွားရှာပေးစမ်း”

ဝူယွီလန်၏အမိန့်ကို မဖီဆန်ရဲကြသဖြင့် ကလေးများအားလုံး တီကောင်ရှာရန် ကမန်းကတန်း ပြေးသွားကြလေသည်။ သူတို့ မျက်စိအောက်မှ ပျောက်ကွယ်သွားသည်အထိ စောင့်ဆိုင်းပြီးနောက် ဝူယွီလန်သည် ရေပုံးထဲမှ ငါးမျှားချိတ်နှင့် ငါးစာများကို ထုတ်ယူလိုက်၏။

ထိုပစ္စည်းများမှာ သူမ၏ ဆေးပညာကုန်တိုက်ထဲမှ ကုန်တိုက်သုံးငွေကြေး နှစ်ဆယ်ဖြင့် လဲလှယ်ဝယ်ယူထားခြင်း ဖြစ်ပေသည်။

စနစ်ကုန်တိုက်တွင် ငါးများကို တိုက်ရိုက်ရောင်းချပေးသော်လည်း နှစ်ကျင်းခန့် အလေးချိန်ရှိသော ငါးတစ်ကောင်လျှင် ကုန်တိုက်သုံးငွေကြေး နှစ်ဆယ် သို့မဟုတ် သုံးဆယ်ခန့် ပေးရလေသည်။

ရေရှည်အတွက် ကြိုတင်မျှော်တွေးကာ ကိုယ်ပိုင်စီးပွားရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် ဆုံးဖြတ်ထားသော ဝူယွီလန်သည် ထိုသို့အလွယ်တကူ ဝယ်ယူမည့်အစား ငါးမျှားချိတ်နှင့် ငါးစာများကိုသာ ရွေးချယ်ဝယ်ယူခဲ့ခြင်းဖြစ်၏။

စုန့်မိသားစုရွာလေး၏ ပထဝီအနေအထားမှာ အရှေ့ဘက်တွင် ရေပြင်ကျယ်ရှိပြီး အနောက်ဘက်တွင် တောင်တန်းများ ကာရံထားသဖြင့် အလွန်ပင် သာယာလှပလေသည်။

မူလပိုင်ရှင်၏ မှတ်ဉာဏ်များကို အခြေခံကာ ဝူယွီလန်သည် ရွာ၏အသက်သွေးကြောဖြစ်သော ချွမ်းရှီးမြစ်ကမ်းဘေးသို့ ရောက်လာခဲ့သည်။

ချွမ်းရှီးမြစ်မှာ ခြောက်မီတာ သို့မဟုတ် ခုနစ်မီတာခန့် ကျယ်ဝန်းပြီး နက်ရှိုင်းသော နေရာများတွင် သုံး၊ လေးမီတာခန့်အထိ နက်ရှိုင်းနိုင်သည်။ မြစ်ရေပြင်အောက်တွင် ငါးများစွာ ခိုအောင်းနေတတ်သဖြင့် ရွာသားများ မကြာခဏ လာရောက်ငါးဖမ်းလေ့ရှိကြ၏။

ယခုအချိန်တွင်လည်း မြစ်ကမ်းဘေး၌ အရွယ်မရောက်သေးသော ကလေးငယ်တချို့ ငါးမျှားနေကြသည်ကို တွေ့နေရ၏။

ဝူယွီလန်သည် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ရာ ထိုကလေးများ အသုံးပြုနေသော ငါးမျှားချိတ်များမှာ သံကြိုးခွေများအား ကွေးထားခြင်းမျှသာ ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။

အသွားမပါသောကြောင့် မိထားသောငါးများမှာ အလွယ်တကူ လွတ်မြောက်သွားနိုင်ချေရှိသည်။ သူမသည် အတန်ကြာအောင် လေ့လာစောင့်ကြည့်ပြီးနောက် နေရာကောင်းတစ်ခုကို ရွေးချယ်ကာ ရေအနည်းငယ်ရောစပ်၍ ငါးများကို မျှားခေါ်ရန်အတွက် ငါးစာများအား စတင်ပြင်ဆင်လိုက်တော့သည်။

ငါးစာများ၏ ပြင်းရှရှအနံ့ကြောင့်ပင်ဖြစ်မည်၊ ရေထဲသို့ ပစ်ချလိုက်သည်နှင့်တစ်ပြိုင်နက် ငါးအုပ်ကြီးက အလုအယက် ရောက်ရှိလာကြလေသည်။

ထိုအခြေအနေကို ကြည့်ခြင်းအားဖြင့် သူမ၏ ငါးဖမ်းစီမံကိန်းကြီး အောင်မြင်တော့မည်ကို ဝူယွီလန် အပြည့်အဝ ယုံကြည်သွား၏။

ရေထဲသို့ ငါးစာများချပြီးချိန်တွင် စုန့်တာ့လန်နှင့် ကျန်ကလေးများ ပြန်ရောက်လာကြသည်။

“အဘွား၊ ဒီမှာ တီကောင်တွေပါ”

စုန့်တာ့လန်က ပိန်းရွက်ဖြင့် သေသပ်စွာထုပ်ပိုးထားသော တီကောင်ထုပ်လေးကို ဝူယွီလန်ထံသို့ ကမ်းပေးလိုက်သည်။

“ကောင်းပြီ၊ သွား… အလုပ်သွားလုပ်ကြတော့”

ဝူယွီလန်သည် တီကောင်များကို လှမ်းယူလိုက်ပြီး သူတို့ကို ဆက်လက် အာရုံစိုက်မနေတော့ပေ။

စုန့်တာ့လန်တို့မှာ အရွယ်မရောက်သေးသော ကလေးငယ်များ ဖြစ်နေသော်လည်း အလုပ်ကြမ်းများကိုတော့ အတော်အတန် နိုင်နင်းနေကြပြီဖြစ်သည်။

လက်ရှိအချိန်တွင် လယ်ယာအလုပ်များနှင့် ပတ်သက်၍ သူမကိုယ်တိုင် ကောင်းကောင်းမကျွမ်းကျင်သေးသဖြင့် သူတို့ကိုသာ ဦးဆောင်လုပ်ကိုင်ခိုင်းထားရခြင်းဖြစ်သည်။

နောက်ပိုင်းတွင် သူမကိုယ်တိုင် အလုပ်များ အသားကျလာပါက ကလေးများကို တင်းကျပ်စွာခိုင်းစေတော့မည်မဟုတ်ဘဲ ကူညီနိုင်လျှင် ကူညီ၊ မလုပ်ချင်ပါကလည်း လွတ်လပ်စွာ ဆော့ကစားခွင့်ပေးရန် သူမ ရည်ရွယ်ထားသည်။

ဝူယွီလန်၏သဘောထားကို မြင်သောအခါ စုန့်တာ့လန်တို့တစ်စုလည်း လယ်တောထဲသို့ ဆင်းသူကဆင်း၊ ဝက်စာစဉ်းရန် သွားသူကသွားဖြင့် အသီးသီး လူစုခွဲသွားကြလေ၏။

မြစ်ကမ်းစပ်တွင် ရပ်နေသော ဝူယွီလန်သည် ကြည်လင်နေသော ရေပြင်ထက်တွင် ထင်ဟပ်နေသည့် သူမ၏ပုံရိပ်ကို သတိထားမိသွားကာ ကိုယ်ကိုကိုင်းညွတ်၍ သေချာစွာ စိုက်ကြည့်နေမိသည်။

ထိုသို့ကြည့်လိုက်ရာ သူမ ရင်းနှီးကျွမ်းဝင်ပြီးသား မျက်နှာလေးဖြစ်နေသော်လည်း အသက်နှစ်ဆယ်ကျော်ခန့် ပိုမိုအိုမင်းရင့်ရော်နေသည်ကို တအံ့တဩ တွေ့ရှိလိုက်ရသည်။

အတိတ်ဘဝက သူမသည် အသက်သုံးဆယ့်ငါးနှစ် အရွယ်ရှိနေပြီဖြစ်သော်လည်း ခန္ဓာကိုယ်ကို သေချာဂရုစိုက်ထိန်းသိမ်းခဲ့သဖြင့် နှစ်ဆယ့်ခုနစ်၊ နှစ်ဆယ့်ရှစ်နှစ် အရွယ်ခန့်သာ ထင်ရလောက်အောင် နုပျိုနေခဲ့သည်။

သို့သော် ယခုအချိန်တွင်တော့ အသက်ငါးဆယ်ကျော် အရွယ်အိုကြီးတစ်ဦးကဲ့သို့ ဖြစ်နေပြီး မျက်ခုံးနှင့် မျက်လုံးများမှာ အောက်သို့တွဲကျကာ ညှိုးနွမ်းနေသည့်အပြင် မျက်နှာတစ်ပြင်လုံးတွင်လည်း အရစ်ရစ်သော ပါးရေတွန့်ရာများက နေရာယူထားလေပြီ။

မည်သို့ပင်ဆိုစေကာမူ မူလပိုင်ရှင်၏ အသက်လေးဆယ့်ခြောက်နှစ်ဆိုသော အရွယ်နှင့် နှိုင်းယှဉ်ပါက ဤတောင်ပေါ်ရွာလေးတွင် အတော်အသင့် နုပျိုနေသေးသည်ဟု ဆိုရပေမည်။

အတွေးတို့ကို ရပ်တန့်ကာ ဝူယွီလန်သည် ခေါင်းခါယမ်းလိုက်ပြီး မြစ်ရေပြင်ဆီသို့သာ အာရုံပြန်စိုက်လိုက်သည်။

“‌ဗွမ်းဗွမ်း”

ရေပြင်ထက်တွင် ရေပက်သံများ ဆူညံစွာ ထွက်ပေါ်လာခဲ့သည်။

ဝူယွီလန်သည် ငါးမျှားကြိုးကို အမြန်ချည်နှောင်လိုက်ပြီး ရေပေါ်ပေါ်စေရန် သစ်သားတုတ်ငယ်လေးတစ်ချောင်းကို အထိန်းအဖြစ် တပ်ဆင်လိုက်ကာ ငါးစာချိတ်လျက် သူမ ငါးမျှားခေါ်ထားသောနေရာသို့ ချလိုက်လေ၏။

ငါးမမိမည်ကို စိုးရိမ်သဖြင့် သူမသည် ငါးမျှားချိတ်နှစ်ခုကို အသုံးပြုထားပြီး တစ်ခုတွင် စနစ်ကုန်တိုက်မှ ဝယ်ယူထားသော ငါးစာကိုချိတ်ကာ နောက်တစ်ခုတွင် တီကောင်အား တပ်ဆင်ထားလိုက်သည်။

ရေထဲသို့ ချပြီး များမကြာမီမှာပင် စနစ်ငါးစာတပ်ဆင်ထားသော ငါးမျှားချိတ်မှာ လှုပ်ရှားလာခဲ့သည်။ ရေပြင်ထက်တွင် ပေါလောပေါ်နေသော သစ်သားတုတ်ငယ်လေး တဖြည်းဖြည်း နစ်မြုပ်သွားသည်ကို သူမ တွေ့လိုက်ရ၏။

ဝူယွီလန်သည် ထိုအခွင့်အရေးကို လက်လွတ်မခံဘဲ ငါးက ငါးစာကို သေချာဟပ်မိပြီဟု သေချာသည်နှင့်တစ်ပြိုင်နက် ငါးမျှားချိတ်ကို အပေါ်သို့ အားကုန်ဆွဲတင်လိုက်တော့သည်။

“ဖတ်၊ ဖတ်”

တစ်ကျင်းကျော်ခန့် အလေးချိန်ရှိသော ငါးကြင်းဖြူကြီးတစ်ကောင် ပါလာပြီး မြေပြင်ပေါ်တွင် လူးလွန့်ခုန်ပေါက်နေတော့၏။ ဝူယွီလန်၏ မျက်လုံးများမှာ ဝမ်းသာအားရမှုကြောင့် လင်းလက်သွားကာ ငါးကြီးကို အမြန်ဖမ်းဆုပ်လျက် ရေပုံးထဲသို့ ရေအနည်းငယ်ထည့်ကာ သိမ်းဆည်းလိုက်သည်။

“ငါးကြင်းဖြူနဲ့ တို့ဖူးဟင်းချိုလေးတော့ သေချာသွားပြီ”

ပထမဆုံး ငါးဖမ်းမိခြင်းက ဝူယွီလန်၏ စိတ်အားထက်သန်မှုကို ပိုမိုမြှင့်တင်ပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။ သူမသည် ငါးစာအသစ်ကို ထပ်မံတပ်ဆင်ကာ မူလနေရာသို့ပင် ပြန်ချထားလိုက်ပြန်၏။

ထို့နောက် တီကောင်တပ်ဆင်ထားသော အခြားငါးမျှားချိတ်ကို လှည့်ကြည့်လိုက်ရာ မည်သည့်လှုပ်ရှားမှုမျှမရှိဘဲ ငြိမ်သက်နေသည်ကို တွေ့လိုက်ရသည်။

ရွာသားများအားလုံး ငါးဖမ်းရာတွင် တီကောင်ကိုသာ အသုံးပြုလေ့ရှိသဖြင့် ဤမြစ်ထဲရှိ ငါးများအတွက် တီကောင်မှာ ဆွဲဆောင်မှုမရှိတော့ခြင်းဖြစ်မည်ဟု သူမ ကောက်ချက်ချလိုက်၏။ သူမ၏ ပြင်းရှရှအနံ့နှင့် ငါးစာကသာ အသာစီးရနေပုံပေါ်သည်။

မကြာမီမှာပင် သူမ နောက်ထပ်ငါးတစ်ကောင် ထပ်မံရရှိခဲ့သော်လည်း ယခုတစ်ကြိမ်တွင် ငါးကြင်းဖြူမဟုတ်ဘဲ သုံး၊ လေးကျင်းခန့် အလေးချိန်ရှိသော မြက်စားငါးကြီးတစ်ကောင် ဖြစ်နေပေသည်။

ထိုအချိန်မှစ၍ ဝူယွီလန်တစ်ယောက် မြက်စားငါးများ ခိုအောင်းရာအသိုက်ကို ဖောက်ခွဲလိုက်သကဲ့သို့ ငါးကြီးများကို တစ်ကောင်ပြီးတစ်ကောင် ဆက်တိုက် ဖမ်းမိနေတော့၏။ အချိန်တိုအတွင်းမှာပင် ရေပုံးထဲ၌ ငါးများ အပြည့်အလျှံ ဖြစ်သွားလေ၏။

သစ်သားအတံလေးမှာ လှုပ်ရှားနေဆဲဖြစ်သည်ကို မြင်သောအခါ ဝူယွီလန်သည် ငါးအပြည့်ပါသော ဤရေပုံးကို အိမ်သို့အရင်ပြန်ပို့ပြီးနောက် နောက်ထပ် ရေပုံးတစ်ပုံးသွားယူရန် ဆုံးဖြတ်လိုက်သည်။

“ချွမ်းနီ၊ တံခါးဖွင့်စမ်း”

ဟင်းရွက်ခင်းထဲတွင် ပေါင်းသင်နေသော ချွမ်းနီသည် ဝူယွီလန်၏ အသံကို ကြားလိုက်ရချိန်တွင် လည်ပင်းလေး ပုဝင်သွားရှာသည်။ ခဏမျှတုံ့ဆိုင်းနေပြီးနောက် ခြံတံခါးဖွင့်ပေးရန် ကပျာကယာ ပြေးလာခဲ့သည်။

“အဘွား”

ရေပုံးအပြည့်ပါလာသော ငါးများကို မြင်လိုက်ရသောအခါ ချွမ်းနီလေးမှာ အံ့ဩတကြီးဖြင့် အာမေဍိတ်သံ ထွက်သွားလေသည်။

“ငါးတွေအများကြီးပဲ”

ဝူယွီလန်သည် ခြံဝင်းအတွင်းရှိ အစွန်းပဲ့နေသော ရေစည်ပိုင်းအကြီးကြီးထဲသို့ ငါးများကို ပြောင်းထည့်လိုက်ပြီး အခြားရေပုံးတစ်ပုံးကို ကောက်ကိုင်ကာ အပြင်သို့ ပြန်ထွက်လာခဲ့သည်။

မထွက်ခွာမီ သူမက အသေအချာ မှာကြားသွားခဲ့သေး၏။

“ချွမ်းနီ၊ ဒီငါးတွေ အပြင်ကို ခုန်ထွက်မသွားအောင် သေချာစောင့်ကြည့်ထား၊ ခဏနေရင် အဘွားက နင်နဲ့ နင့်အမေအတွက် ငါးဟင်းချိုချက်ကျွေးမယ်”

ချွမ်းနီလေးသည် သူမ၏ မည်းနက်သော မျက်လုံးဝိုင်းလေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ရေစည်ပိုင်းအား မှီကာ အတွင်းရှိငါးများကို ငေးကြည့်နေမိသည်။

All Chapters