အခန်း ၁၁
Vol. 2 Ch. 11
🍅 Chapter 11
စုန့်အာ့လန် ခေါင်းကို အားပါးတရ ညိတ်ပြလိုက်၏။
“အင်း၊ ခုနက အဘွားက ငါ့ကို တကယ်ကြီး တို့ဖူးကျွေးတာ၊ အရမ်းချိုပြီး လတ်ဆတ်နေတာပဲ”
အဘွားက သူ့အပေါ် ဤမျှကောင်းမွန်ဖူးသည်မှာ ပထမဆုံးအကြိမ်ပင်။ အကယ်၍ အဘွားသာ အမြဲတမ်း ဤသို့ကောင်းမွန်နေမည်ဆိုပါက တစ်သက်လုံး အဘွား၏အစေခံအဖြစ် ပြေးလွှားလုပ်ကိုင်ပေးရန် သူ ဝန်လေးမည်မဟုတ်ပေ။
စုန့်တာ့လန်သည် သူ့မေးစေ့ကို ပွတ်သပ်ရင်း လူကြီးများ စဉ်းစားတွေးတောနေသည့်ဟန်ပန်ကို တုပကာ ဆိုလာသည်။
“ထူးဆန်းတယ်၊ အရင်တုန်းကဆို အဘွားက ငါတို့ကို မရိုက်ရင်ပဲ ကံကောင်းလှပြီ၊ ဒီနှစ်ရက်အတွင်းမှာ ကန်စွန်းဥဆန်ပြုတ် တိုက်ရုံတင်မကဘူး၊ ကြက်သားနဲ့ ကြက်သားဟင်းချိုပါ တိုက်သေးတယ်”
ဆယ့်နှစ်နှစ်အရွယ် စုန့်ချန်းဟွာကလည်း သဘောတူညီဟန်ဖြင့် ခေါင်းညိတ်လိုက်၏။
“အဘွား ဒီနှစ်ရက်အတွင်းမှာ နည်းနည်းထူးဆန်းနေတယ်”
စုန့်ယင်ဟွာလေးက သူမ၏မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။
“ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် နောက်နောင် အဘွားက ငါတို့ကို မရိုက်တော့ဘူးဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲနော်”
ကလေးများ စုရုံးကာ ဆူဆူညံညံ ပြောဆိုနေကြသည်ကို စောင့်ကြည့်ရင်း စုန့်ကျစ်ယုံသည် မျက်လွှာချကာ နက်နက်ရှိုင်းရှိုင်း တွေးတောနေမိသည်။
သူ့ မိခင်သည် ပြီးခဲ့သည့်နှစ်ရက်အတွင်း တကယ်ကို ထူးဆန်းစွာ ပြုမူနေခဲ့သည်ပင်။
ချွမ်းနီလေးသည် မိခင်ဖြစ်သူ၏အခန်းတံခါးဝကို မှီတွယ်ထားရင်း အခန်းတွင်းရှိ မိခင်နှင့် ညီမငယ်လေး ကိုတစ်လှည့်၊ ခြံဝင်းအတွင်းရှိ အစ်ကိုများနှင့် အစ်မများကိုတစ်လှည့် ကြည့်နေမိသည်။
ထို့နောက် လက်သီးဆုပ်လေးများကို ကျစ်ကျစ်ပါအောင်ဆုပ်လျက် မီးဖိုချောင်ထဲသို့ ပြေးဝင်သွားခဲ့၏။
“အဘွား၊ သမီးကို ရောင်းစားလိုက်ပါ၊ အဘွားသာ သမီးအမေအပေါ် ကောင်းပေးမယ်၊ ပြီးတော့ အစ်ကိုတွေ အစ်မတွေကို ဆက်မရိုက်တော့ဘူးဆိုရင် အဘွားရောင်းစားတာကို သမီး ကျေကျေနပ်နပ်ကြီးခံပါ့မယ်”
ငါးကြင်းဖြူနှင့် တို့ဖူးဟင်းချိုကို အပူပေးနေသော ဝူယွီလန်၏လှုပ်ရှားမှုများ ရပ်တန့်သွားသည်။
သူမ ခေါင်းအလှည့်တွင် လက်သီးဆုပ်လေးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ခေါင်းမာကာ စိတ်ပိုင်းဖြတ်ထားသော မျက်လုံးများဖြင့် ကြည့်နေသည့် ကလေးမလေးကို တွေ့လိုက်ရ၏။
“နင့်ကို ရောင်းစားမယ်လို့ ဘယ်သူကပြောတာလဲ”
ချွမ်းနီလေးက ထိုစကားကို မယုံကြည်ပေ။ သူမသည် လက်လှမ်းကာ နီရဲနေသော မျက်ဝန်းများကို ပွတ်သပ်လိုက်သည်။
“သမီးကို ရောင်းမစားချင်ဘူးဆိုရင် ဘာလို့ သမီးအမေအပေါ် အရမ်းကောင်းနေရတာလဲ”
သနားစရာကောင်းလှသော ထိုမျက်လုံးလေးများကို ကြည့်ရင်း ဝူယွီလန် စိတ်ထဲတွင် ရုတ်တရက် စနောက်ချင်စိတ်များ ပေါ်လာခဲ့သည်။ သူမသည် အနည်းငယ်ရှေ့သို့တိုးကာ ဆိုလိုက်၏။
“ဟုတ်တယ်၊ ငါ နင့်ကို ရောင်းစားချင်တာ၊ နင့်ကို အစေခံမလေးအဖြစ် ရောင်းစားပစ်မယ်၊ ဒါမှ နင် နေ့တိုင်း ရေနွေးကြမ်းငဲ့ပေး၊ ရေခပ်ပေးရတဲ့အလုပ်တွေ လုပ်ရမှာလေ”
ထိုစကားကို ကြားသောအခါ အချိန်ကြာမြင့်စွာ အောင့်အည်းမျိုသိပ်ထားခဲ့သော ချွမ်းနီလေး၏ မျက်ရည်များမှာ မျက်တောင်စွန်းများမှတစ်ဆင့် စီးကျလာခဲ့တော့သည်။ သူမ နှုတ်ခမ်းကိုကိုက် လိုက်၏။
“အဘွား၊ သမီးအမေအပေါ် အဘွား ကောင်းပေးသရွေ့တော့ အဘွားရောင်းစားတာကို သမီး ကျေကျေနပ်နပ်ကြီးခံပါ့မယ်”
ဝူယွီလန်က မျက်ခုံးတစ်ဖက်ကို ပင့်လိုက်မိသည်။
“ကောင်းပြီလေ၊ ဒါဆိုရင်လည်း နင့်ကိုယ် နင် ဝူယွီလန်ဆီမှာသာ ရောင်းလိုက်တော့၊ ဒီနေ့ကစပြီး နင်က သူ့အတွက် တစ်နေ့လုံး ရေနွေးကြမ်းငဲ့ပေး၊ ရေခပ်ပေးရမယ်”
“သွားတော့၊ အခန်းထဲပြန်စောင့်နေ”
ထိုစကားကို ကြားလိုက်ရချိန်တွင် ချွမ်းနီလေးမှာ သက်ပြင်းရှည်ကြီးတစ်ခုကို ရုတ်တရက် ချလိုက်မိသည်။ သူမ တကယ်ကြီး အရောင်းခံရတော့မည်ကို သိလိုက်ရသဖြင့် ခန္ဓာကိုယ်တစ်ခုလုံး အားအင်များ ဆုတ်ယုတ်သွားခဲ့ရ၏။
သို့တိုင်အောင် အားတင်းကာ မိခင်ဖြစ်သူ၏အခန်းတွင်းသို့ ပြေးဝင်သွားခဲ့ပြီး စောင်အောက်တွင် မျက်နှာအပ်လျက် အသံတိတ် ရှိုက်ငိုနေရှာတော့သည်။
“ဘာဖြစ်လို့လဲ ချွမ်းနီလေး”
သမီးဖြစ်သူ ငိုကြွေးနေသံကို ကြားလိုက်ရသဖြင့် လီရှို့ယွင်သည် စိုးရိမ်တကြီးဖြင့် ရှေ့သို့တိုးကာ မေးမြန်းလိုက်လေသည်။
မိခင်ဖြစ်သူ၏ စိုးရိမ်တကြီး မေးမြန်းမှုကို ကြားသောအခါ ချွမ်းနီလေးသည် သူမ၏ မျက်ရည်များကို ကမန်းကတန်း သုတ်ပစ်လိုက်သည်။
“အမေ၊ သမီး ဘာမှမဖြစ်ပါဘူး၊ ခုနက အမြန်ပြေးလာတော့ ခလုတ်တိုက်မိသွားလို့ပါ”
“အမေ့ကို ပြစမ်း၊ ဘယ်နားက ချော်လဲသွားတာလဲ၊ နာသွားသေးလား”
ချွမ်းနီလေးသည် အတင်းပြုံးပြရင်း ခေါင်းခါပြလိုက်၏။
…….
ဝူယွီလန်တစ်ယောက် နာရီဝက်နီးပါးခန့် အလုပ်များပြီးနောက် နောက်ဆုံးတွင်တော့ ထမင်းဟင်းများ အဆင်သင့်ဖြစ်သွားခဲ့လေသည်။
စားပွဲပေါ်တွင် အစီအရီ တည်ခင်းထားသော ဆန်ပြုတ်ဖြူဖြူ၊ ငါးဟင်းအိုးကြီးတစ်အိုး၊ တို့ဖူးကြော် နှစ်ပန်းကန်နှင့် ဂေါ်ဖီထုပ်ကြော် တစ်ဇလုံတို့ကို မြင်သောအခါ မည်သူတစ်ဦးတစ်ယောက်မျှ စတင်မစားသောက်ရဲဘဲ ငြိမ်သက်နေကြသည်။
ဝမ်ကွေ့ချင်သည် လက်ကိုသုတ်ကာ အပြင်ဘက်သို့ လှည့်ထွက်သွားရင်း အသံထွက်လာ၏။
“သမီး... သမီး မတ်လေးကို ထမင်းစားဖို့ သွားခေါ်လိုက်ပါ့မယ်”
“ရပ်လိုက်စမ်း”
“နောက်နောင် သူ့ကို ထမင်းစားဖို့ ခေါ်စရာမလိုဘူး၊ စည်းကမ်းအသစ် ငါချမှတ်မယ်၊ ဒီနေ့ကစပြီး ဒီအိမ်မှာ အလုပ်မလုပ်တဲ့လူ ထမင်းမစားရဘူး”
ထိုသို့ပြောရင်း ဝူယွီလန်သည် သူမ၏ထမင်းပန်းကန်လုံးကို ပထမဆုံးကိုင်မြှောက်လိုက်ပြီး တူဖြင့် ငါးဟင်းတစ်ဖတ်ကို ယူလိုက်သည်။
‘အင်း... အိမ်မှာ ဆားမရှိတော့တာကြောင့် အရသာက နည်းနည်းပေါ့နေပေမယ့် ဒီလောက်ဆိုရင်တော့ စားလို့ရလောက်ပါတယ်’
မည်သူမျှ တူမကိုင်ရဲဘဲ ဖြစ်နေသည်ကို မြင်သောအခါ သူမက ထပ်မံတိုက်တွန်းလိုက်သည်။
“မြန်မြန်စားကြ၊ တာ့လန်နဲ့ စုန့်အာ့လန်၊ မင်းတို့နှစ်ယောက် ထမင်းစားပြီးရင် ငါးသွားရောင်းဖို့ ငါနဲ့ လိုက်ခဲ့ရမယ်”
စုန့်ကျစ်ယုံသည် စားပွဲပေါ်ရှိ ငါးဟင်းကို စိုက်ကြည့်ရင်း အနည်းငယ် ကြောင်အမ်းအမ်းဖြစ်နေသည်။
အချိန်အတော်ကြာပြီးနောက် သူ တီးတိုးရေရွတ်လိုက်၏။
“အမေ၊ အမေ တကယ်ဘာလုပ်ချင်နေတာလဲ၊ ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်ပါ”
အရင်ကဆိုလျှင် စုန့်ကျစ်ယုံသည် အလွန်သိတတ်လိမ္မာပြီး မိဘကို လုပ်ကျွေးပြုစုသော သားတစ်ယောက် ဖြစ်ခဲ့သည်။
သို့သော် သူ၏သမီးအကြီးဆုံး စုန့်ကျင်းဟွာလေးကို မိခင်ဖြစ်သူမှ ရောင်းစားခဲ့သည့်အပြင် ဆောင်းရာသီတွင် အမဲလိုက်ရန် အတင်းအကျပ်ခိုင်းစေမှုကြောင့် ခြေထောက်ကျိုးခဲ့ရပြီးနောက်ပိုင်းတွင်တော့ သူ့နှလုံးသားမှာ လုံးဝ အေးစက်သွားခဲ့လေပြီ။
လွန်ခဲ့သည့် နှစ်ရက်အတွင်း သူမ၏ပြုမူပုံများမှာ အမှန်တကယ်ပင် ပုံမှန်မဟုတ်ကြောင်း ဝူယွီလန် ကောင်းကောင်းကြီး သိလေသည်။ သင့်လျော်သော ဆင်ခြေတစ်ခုမျှ မပေးပါက မည်သူမျှ စိတ်အေးလက်အေး ရှိမည်မဟုတ်ပေ။
ထိုအကြောင်းကို တွေးမိသောအခါ ဝူယွီလန် တူကို ချလိုက်ပြီး ခဏမျှစဉ်းစားပြီးနောက် ကွယ်လွန်သွားပြီဖြစ်သော အဘိုးကြီးစုန့်ကို ဆင်ခြေအဖြစ် အသုံးပြုရန်ဆုံးဖြတ်လိုက်သည်။
“မနေ့က ငါ သတိလစ်သွားတဲ့အချိန်မှာ အိပ်မက်တစ်ခုမက်တယ်၊ နင်တို့အဖေကို အိပ်မက်မက်တာ၊ နင်တို့အဖေက ငါ့ကို အပြစ်တင်နေတယ်၊
နင်တို့အားလုံးကို ငါ နှိပ်စက်နေခဲ့တယ်၊ နင်တို့ရဲ့ ဘဝတွေကို ခက်ခဲအောင်လုပ်ပြီး လေးယောက်မြောက်သားကိုတော့ ဥပဒေမဲ့တဲ့အထိ အလိုလိုက်ထားတယ်ဆိုပြီး ပြောတယ်”
“စုန့်မိသားစုရဲ့ သွေးသားတွေကို ရောင်းစားခဲ့တဲ့အတွက် ဘိုးဘေးတွေလည်း ငါ့ကို အပြစ်တင်ကြတယ်၊
သားမြေးမြစ်တွေကို ဒီလိုမျိုး ဆက်ပြီးနှိပ်စက်နေဦးမယ်ဆိုရင် ငါသေတဲ့အခါ ဘိုးဘွားကျောင်းဆောင်ထဲကို အဝင်ခံမှာမဟုတ်ဘဲ အပြင်ဘက်မှာ အထီးကျန် တစ္ဆေတစ်ကောင်အဖြစ် ပစ်ထားခဲ့မယ်တဲ့လေ”
စုန့်ကျစ်ယုံသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး မည်သည့်စကားမျှမဆိုခဲ့ပေ။
ဝူယွီလန်သည် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး ဆက်ပြောလေသည်။
“ပြီးခဲ့တဲ့ နှစ်တွေအတွင်း ငါလုပ်ခဲ့တာတွေကို သေချာပြန်စဉ်းစားကြည့်တော့ တကယ်လည်း ငါမှားခဲ့တာပါပဲ၊
သားကြီး၊ သားလတ်နဲ့ သားငယ်တို့က အမြဲတမ်း အသိတတ်ဆုံး၊ အလိမ္မာဆုံး ဖြစ်နေခဲ့ပေမယ့် ငါ့မျက်လုံးထဲမှာတော့ အငယ်ဆုံးသားကိုပဲ မြင်နေခဲ့မိတယ်”
“ဒီနှစ်တွေတစ်လျှောက်လုံး နင်တို့သုံးယောက်ကို သူ့အတွက် ခိုင်းနွား၊ ခိုင်းမြင်းတွေလို အလုပ်လုပ်ခိုင်းခဲ့ရုံတင်မကဘူး၊ သူ ပညာသင်နိုင်ဖို့အတွက် နင်တို့ရဲ့ သမီးတွေကိုတောင် ငါ ရောင်းစားခဲ့မိတယ်”
ထိုသို့ပြောဆိုရင်း သူမသည် အင်္ကျီလက်ဖြင့် မျက်ဒေါင့်မှ ထွက်မလာသောမျက်ရည်များကို သုတ်ဟန်ဆောင်လိုက်သည်။
“ငါလုပ်ခဲ့တာတွေကို ပြန်စဉ်းစားကြည့်တော့ သေသွားရင်တောင် ဘိုးဘေးတွေကို မျက်နှာပြစရာမရှိတော့ဘူး၊
ဒါကြောင့် ဒီနေ့ကစပြီး ငါလူသစ်စိတ်သစ် ပြောင်းလဲပြီး အမေကောင်း၊ ယောက္ခမကောင်းတစ်ယောက် ဖြစ်အောင်နေသွားတော့မယ်”
“သားကြီး၊ ငါ့ကို အမေတစ်ယောက်အနေနဲ့ အသိအမှတ်ပြုဖို့ စိတ်ရှိသေးရဲ့လား”
ထိုစကားကို ကြားသောအခါ စုန့်ကျစ်ယုံ၏ စိတ်အာရုံများမှာ ဗလာကျင်းသွားပြီး လက်ထဲမှ တူများပင် အနည်းငယ်တုန်ယင်သွားခဲ့သည်။
‘အမေက ငါတို့ရဲ့ ပေးဆပ်မှုတွေကို နောက်ဆုံးတော့ မြင်သွားပြီလား'
ထိုစကားကို ကြားသောအခါ အားလုံးမှာ အနည်းငယ် စိတ်လှုပ်ရှားသွားကြသည်။
ဝမ်ကွေ့ချင်သည် ကျောက်လီကျွမ်၏အင်္ကျီလက်စကို ဆွဲလိုက်ပြီး သူမ၏မျက်လုံးများထဲတွင် မျှော်လင့်ချက်များ အပြည့်အဝ ရှိနေလေသည်။
“လီကျွမ်၊ ယောက္ခမကြီးက တကယ်ပဲ အကောင်းဘက်ကို ပြောင်းသွားတော့မှာလားဟင်”
ကျောက်လီကျွမ်သည် အတင်းပြုံးပြလိုက်ပြီး ‘ယောက္ခမကြီးသာ တကယ်ပြောင်းလဲသွားမယ် ကောင်းမှာပဲ၊ အနည်းဆုံးတော့ အနာဂတ်မှာ ငါသူတို့ရဲ့ သမီးငယ်လေး ရောင်းစားခံရမှာကို စိုးရိမ်စရာ မလိုတော့ဘူး’ ဟု တွေးလိုက်မိသည်။
“မျှော်လင့်ရတာပါပဲ”
စုန့်ကျစ်ယုံက ပြန်မဖြေသည်ကို မြင်သောအခါ ဝူယွီလန်က ထပ်မံခေါ်လိုက်ပြန်သည်။
“သားကြီး”
စုန့်ကျစ်ယုံသည် အချိန်အတော်ကြာအောင် ရုန်းကန်နေခဲ့ရသော်လည်း နောက်ဆုံးတွင် သူ့ရင်ထဲရှိ မကျေနပ်မှုများမှာ မျှော်လင့်ချက်အဖြစ်သို့ ပြောင်းလဲသွားခဲ့တော့သည်။
‘အမေ တကယ်ပဲ ပြောင်းလဲနိုင်ကောင်းပါရဲ့’
သူက တီးတိုးရေရွတ်လိုက်၏။
“အမေ”
ဝူယွီလန်သည် ဝမ်းသာအားရဖြင့် တုံ့ပြန်လိုက်လေ၏။
“အေး”
မိမိ၏ပန်းကန်လုံးထဲသို့ ထပ်ရောက်လာသော ငါးဟင်းတစ်ဖတ်ကို ကြည့်ရင်း စုန့်ကျစ်ယုံတစ်ယောက် အတွေးနယ်ချဲ့နေပြန်သည်။