← Chapters

အခန်း ၁၂

Vol. 2 Ch. 12

အခန်း ၁၂

Vol. 2 Ch. 12

🍅 Chapter 12

ဝူယွီလန်သည် စုန့်ကျစ်ယုံ၏ပန်းကန်ထဲသို့ ငါးဟင်းထည့်ပေးရုံသာမက မိသားစုဝင်အားလုံးကိုလည်း တစ်ယောက်တစ်ဖတ်စီ ထည့်ပေးလိုက်သေး၏။

စုန့်ယင်ဟွာလေးက ငါးဟင်းအား စိုက်ကြည့်ရင်း တံတွေးမြိုချနေသည်ကို မြင်သောအခါ သူမက ညင်သာစွာ ဆိုလိုက်သည်။

“စားလေ၊ နောက်နောင် အဘွားက နင်တို့ကို နေ့တိုင်း အသားစားရအောင် ကြိုးစားရှာကျွေးမယ်”

စုန့်ယင်ဟွာလေးသည် ကြင်နာယုယပုံပေါက်နေသော ဝူယွီလန်ကို ကြည့်ရင်း အဘွားက တကယ်ကြီးပြောင်းလဲသွားသလို ခံစားလိုက်ရသည်။

အရင်ကဆိုလျှင် အဘွားက သူမအပေါ် ဤသို့ ပြုမူဆက်ဆံမည်မဟုတ်ပေ။

သို့သော် ယနေ့တွင် ညင်သာသော အသံဖြင့် စကားပြောရုံသာမက သူမ၏ပန်းကန်ထဲသို့ ငါးဟင်းပင် ထည့်ပေးခဲ့သေးသည်။

အနီးနားရှိ အခန်းအတွင်းတွင် လီရှို့ယွင်သည် သူ့သမီးငယ်လေးကို အိပ်ပျော်စေရန် ညင်သာစွာ လွှဲသိပ်နေသည်။

ခေါင်းလှည့်လိုက်ရာ စားပွဲပေါ်ရှိအစားအစာများကို မြင်လိုက်ရပြီး ယောက္ခမဖြစ်သူ ယခုလေးတင် ပြောသွားခဲ့သော စကားများကို ပြန်လည်စဉ်းစားမိသောအခါ သူမ ရင်ထဲတွင် မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခု သန္ဓေတည်လာခဲ့၏။

ချွမ်းနီလေးသည် ခွေးခြေခုံပေါ်တွင်ထိုင်ရင်း ဆန်ပြုတ်ကို ပါးစပ်ထဲသွတ်နေသည်။ အဘွားဖြစ်သူ သူမအား ရောင်းစားမည်ဟု ပြောခဲ့သည့်အချိန်ကို သတိရမိသောအခါ လက်လှမ်းကာ မျက်ရည်များကို ခိုးသုတ်လိုက်မိရှာ၏။

……

ထမင်းစားပြီးနောက် ဝူယွီလန်သည် မိသားစုပိုင်လှည်းကို တွန်းကာ စုန့်တာ့လန်နှင့် စုန့်အာ့လန်တို့က ငါးရေပုံးနှစ်ပုံးကို ဆွဲလျက် အပြင်သို့ ထွက်လာခဲ့ကြသည်။

စုန့်မိသားစုရွာသည် ဖျင်ကျန်းမြို့၏ တောင်ဘက်တွင် တည်ရှိပြီး မြို့နှင့် လီနှစ်ဆယ်ခန့် ကွာဝေးသဖြင့် မြန်မြန်လမ်း လျှောက်လျှင်ပင် တစ်နာရီခန့် ကြာမြင့်မည်ဖြစ်သည်။

ဝူယွီလန်သည် မူလပိုင်ရှင်၏မှတ်ဉာဏ်များကို အားကိုးကာ တစ်နာရီကျော်ခန့် လမ်းလျှောက်ပြီးနောက် နောက်ဆုံးတွင်တော့ ဖျင်ကျန်းမြို့သို့ ရောက်ရှိလာခဲ့၏။

တုန်းချန်တိုင်းပြည်သည် ကုန်သွယ်ရေးကို အားပေးအားမြှောက်ပြုသဖြင့် လမ်းဘေးဈေးသည်များ၏ ယဉ်ကျေးမှုမှာ အလွန်ပင် ထွန်းကားလှသည်။

မြို့ထဲသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် ဈေးသည်များ၏ ပစ္စည်းရောင်းချနေသည့် အော်သံများကို တစ်ယောက်ပြီးတစ်ယောက် ကြားလိုက်ရလေသည်။

“ဆီးချိုရည်၊ လန်းဆန်းပြီး အပူငြိမ်းစေတဲ့ ဆီးချိုရည်”

“ဝမ်တန်၊ စစ်မှန်တဲ့ နန်ရှန်းဝမ်တန်”

“ထန်ဟူလု၊ ထန်ဟူလု တစ်ချောင်းကိုတစ်ပြား”

ဝူယွီလန် ခေါင်းလှည့်ကြည့်လိုက်ရာ ညီအစ်ကိုနှစ်ယောက်၏အကြည့်များမှာ ထန်ဟူလုရောင်းသော ဈေးသည်ထံတွင် ရပ်တန့်နေသည်ကို တွေ့လိုက်ရ၏။

မည်သို့ပင်ဆိုစေကာမူ ညီအစ်ကိုနှစ်ယောက်မှာ ဆယ့်သုံး၊ ဆယ့်လေးနှစ်အရွယ်သာ ရှိသေးပြီး ကလေးငယ်များသာ ဖြစ်သေးသဖြင့် ထန်ဟူလုကို တပ်မက်နေကြခြင်းမှာ သဘာဝကျပေသည်။

ဝူယွီလန်သည် အိမ်မှယူလာသော ဝါးရေဘူးကိုထုတ်ယူကာ ရေတစ်ငုံသောက်လိုက်ပြီး သူတို့နှစ်ဦးထံသို့ ကမ်းပေးလိုက်သည်။

“သွားရအောင်၊ ဟင်းသီးဟင်းရွက်ဈေးဘက်ကို သွားကြည့်ကြစို့”

ဟင်းသီးဟင်းရွက်ဈေးသို့ ရောက်သောအခါ လမ်းပေါ်တွင် ငါးရောင်းသူအတော်များများ ရှိနေသည်ကို ဝူယွီလန် တွေ့ရှိလိုက်ရ၏။

ဟိုမေးဒီမေး လုပ်ကြည့်ပြီးနောက် မြက်စားငါး တစ်ကျင်းလျှင် ခုနစ်ပြား သို့မဟုတ် ရှစ်ပြားဖြင့် ရောင်းချပြီး ငါးကြင်းဖြူမှာ ပိုလို့ဈေးပေါကာ ငါးပြား သို့မဟုတ် ခြောက်ပြားခန့်သာ ရှိကြောင်း သိရှိလိုက်ရသည်။

စဉ်းစားကြည့်လျှင် ဖျင်ကျန်းမြို့မှာ ရေပေါများသော မြို့ဖြစ်သဖြင့် ငါးနှင့် ပုစွန်များ သဘာဝအလျောက် ပေါများနေခြင်းဖြစ်ပြီး ဈေးနှုန်းချိုသာခြင်းမှာလည်း မျှော်လင့်ထားပြီးသားဖြစ်သည်။

ဝူယွီလန်သည် ရောင်းနိုင်သလောက် ရောင်းမည်ဟု တွေးကာ နေရာတစ်ခုကို ရှာဖွေပြီး ငါးများအား ခင်းကျင်းပြသလိုက်၏။

“ငါးရောင်းမယ်၊ လတ်ဆတ်တဲ့ မြက်စားငါး၊ ငါးကြင်းဖြူ”

ဈေးအတွင်း လူများ အဝင်အထွက်များပြားနေသည်။ ဝူယွီလန်၏အော်သံကို ကြားသောအခါ မကြာမီမှာပင် လူတစ်ဦး ရပ်တန့်သွားခဲ့၏။

“ဒီမြက်စားငါးက ဘယ်လောက်လဲ”

တောင်းတစ်လုံးကို ဆွဲလာသော သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးက ရေပုံးထဲရှိငါးကို လက်ညှိုးထိုးကာ မေးလိုက်သည်။

“ချိန်မယ်ဆိုရင် တစ်ကျင်းကို ရှစ်ပြားပါ၊ ငါးကို ကြည့်ပြီး ခန့်မှန်းမယ်ဆိုရင်တော့ နည်းနည်း ပိုသက်သာပါတယ်၊ ဒီတစ်ကောင်က သုံးကျင်း ဒါမှမဟုတ် အဲ့ဒီထက်ပိုပါမယ်၊ နှစ်ဆယ့်ငါးပြားတည်းပါ”

ခေတ်သစ်တွင် ရိုးရာတရုတ်ဆေးပညာကို စတင်လေ့လာစဉ်က ဆေးမြစ်ဆေးဥများအား မကြာခဏ ချိန်တွယ်ရန် လိုအပ်ခဲ့သဖြင့် ဝူယွီလန်သည် အလေးချိန်ကို ခန့်မှန်းရာတွင် အတော်လေး ယုံကြည်မှုရှိပေသည်။

အမျိုးသမီးသည် မြက်စားငါးကိုယူကာ လက်ထဲတွင် ချိန်ဆကြည့်လိုက်၏။

“သုံးကျင်းတော့ တကယ်ပြည့်ပါတယ်၊ ဒါပေမယ့် တခြားလူတွေက တစ်ကျင်းကို ခုနစ်ပြားနဲ့ ရောင်းနေတာလေ၊ ရှင်တို့ရဲ့ တစ်ကျင်း ရှစ်ပြားဆိုတဲ့ဈေးက နည်းနည်း ကြီးနေသလားလို့”

“အဒေါ်၊ တခြားလူတွေက ပိုက်ကွန်နဲ့ဖမ်းတာဆိုတော့ အကြေးခွံတွေ ပျက်စီးကုန်တာပေါ့၊ ကျွန်တော်တို့ငါးက ငါးမျှားတံနဲ့ ဖမ်းထားတာဆိုတော့ ကြေးခွံတွေက အကောင်းပကတိပဲဗျ”

စကားပြောနေသူမှာ စုန့်အာ့လန် ဖြစ်နေသည်ကို ကြားသောအခါ ဝူယွီလန်သည် မည်သည့်စကားမျှ မဆိုတော့ဘဲ စုန့်အာ့လန်၏လုပ်ဆောင်မှုကို ဆက်လက်စောင့်ကြည့်နေလိုက်သည်။

ဝူယွီလန်က သူ့အား သွယ်ဝိုက်သောနည်းဖြင့် ခွင့်ပြုထားသည်ကို မြင်သောအခါ စုန့်အာ့လန်သည် ပိုလို့စိတ်အားထက်သန်လာခဲ့သည်။

“အဒေါ်၊ ဒီငါးကို ကြည့်ပါဦး၊ အကြေးခွံတွေက မည်းနက်ပြီး တောက်ပြောင်နေတာပဲ၊ အသားက အရမ်းလတ်ဆတ်ပြီး ချိုမြိန်နေမှာ သေချာတယ်၊

အဒေါ်ရဲ့ အသားအရည်က ဘယ်လောက်ကောင်းလဲ ကြည့်ပါဦး၊ ငါးများများ စားလို့ဖြစ်မှာပဲ၊ ဒါကြောင့် တစ်ကောင်လောက်တော့ ဝယ်သွားသင့်ပါတယ်”

အမျိုးသမီးသည် ချီးမွမ်းခံရသဖြင့် သူမ၏ပါးပြင်ကို မသိမသာ လှမ်းကိုင်လိုက်မိကာ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာခဲ့၏။

“မင်းလေးကတော့ နှုတ်ခမ်းလေးက အရမ်းချိုတာပဲ”

“ကောင်းပြီလေ၊ ဒါဆို တစ်ကောင်ဝယ်လိုက်မယ်”

ထိုသို့ပြောရင်း သူမသည် ကြေးပြားနှစ်ဆယ့်ငါးပြားကို ကျွမ်းကျင်စွာ ရေတွက်ကာ ဝူယွီလန်ထံသို့ ကမ်းပေးလိုက်သည်။

ထိုမြင်ကွင်းကို မြင်သောအခါ စုန့်တာ့လန်သည် ဖခင်ဖြစ်သူရွေထားသော ဝါးနှီးစကို ကပျာကယာ ထုတ်ယူကာ ငါးကို ထုတ်ပိုးပေးလိုက်သည်။

“ကျေးဇူးတင်ပါတယ်အဒေါ်၊ စားလို့ကောင်းရင် နောက်တစ်ခါ ကျွန်တော်တို့ဆီက ပြန်လာဝယ်ဦးနော်”

စုန့်အာ့လန်သည် ပြုံးရွှင်စွာဖြင့် ငါးကမ်းပေးလိုက်ပြီး အမျိုးသမီး ထွက်သွားသည်ကို ကြည့်နေလိုက်၏။

အမျိုးသမီး ထွက်သွားသည်နှင့်တစ်ပြိုင်နက် စုန့်အာ့လန်သည် ဝူယွီလန်ကို ချက်ချင်းလှမ်းကြည့်လိုက်သည်။

“တော်လိုက်တာ၊ မင်းတို့ ဒီရေပုံးနှစ်ပုံးထဲက ငါးတွေကို အကုန်ရောင်းနိုင်ရင် မင်းတို့ နှစ်ယောက်လုံးကို ထန်ဟူလုတစ်ချောင်းစီ ဆုချမယ်”

ဤကောင်လေးနှစ်ယောက် ဤမျှစွမ်းဆောင်နိုင်လိမ့်မည်ဟု ဝူယွီလန် ထင်မှတ်မထားခဲ့ပေ။ မူလက ငါးများကို စောင့်ကြည့်ရန် လူပိုအဖြစ်သာ ခေါ်လာခဲ့သော်လည်း စုန့်အာ့လန်မှာ စီးပွားရေးတွင် အတော်လေးပါရမီပါသည်ကို တွေ့ရှိလိုက်ရခြင်းက မမျှော်လင့်ဘဲ ရရှိလိုက်သော ဝမ်းသာစရာတစ်ခုပင်။

“အဘွား၊ တကယ်ပြောတာလား၊ ဒီရေပုံးနှစ်ပုံးထဲက ငါးတွေကို အကုန်ရောင်းပြီးရင် သားတို့ကို ထန်ဟူလုဝယ်ကျွေးမှာလားဟင်”

စုန့်အာ့လန်က တံတွေးမြိုချရင်း စိတ်အားထက်သန်စွာမေးလိုက်သည်။

“တကယ်ပေါ့”

ထိုသို့ပြောရင်း သူမသည် ကျောက်တုံးခုံတစ်ခုကို ရှာတွေ့ကာ ထိုင်ချလိုက်သည်။

အားပေးစကား ကြားရသဖြင့် စုန့်အာ့လန်သည် ပိုမိုစိတ်အားထက်သန်လာကာ ဝူယွီလန်၏အော်သံကို အတုခိုးလျက် အော်ဟစ်ရောင်းချလေတော့၏ယ

“ငါးရောင်းမယ်၊ လတ်ဆတ်တဲ့ မြက်စားငါးနဲ့ ငါးကြင်းဖြူတွေ၊ လာကြည့်လှည့်ပါဦးခင်ဗျာ”

ထိုအခြေအနေကို မြင်သောအခါ စုန့်တာ့လန်လည်း သတ္တိမွေးကာ လိုက်အော်လေသည်။

“ငါးရောင်းမယ်”

ညီအစ်ကိုနှစ်ယောက်သည် ရုပ်ရည်အလွန်ဆင်တူပြီး တစ်ချက်ကြည့်လိုက်လျှင် အမြွှာများဟုပင် ထင်မှတ်ရကာ သူတို့၏ ချောမောသောရုပ်ရည်နှင့် အော်ဟစ်ရောင်းချသံများက အဒေါ်ကြီးများနှင့် အဘွားကြီးများစွာကို ဆွဲဆောင်နိုင်ခဲ့သည်။

သို့သော် ရောက်လာသူတိုင်းမှာ ငါးလာဝယ်ကြခြင်း မဟုတ်ဘဲ အများစုမှာ ညီအစ်ကိုနှစ်ယောက်ကို စနောက်လိုသော ရည်ရွယ်ချက်ဖြင့် ရောက်လာကြခြင်းဖြစ်သည်။

“မောင်လေးတို့၊ မင်းတို့ငါးကို စားရင် အမြွှာမွေးနိုင်မှာလားဟင်”

စုန့်အာ့လန်သည် မျက်နှာထားကို တည်ငြိမ်အောင်ထားလျှက် ဈေးရောင်းကောင်းစေရန်အတွက် စကားလုံးများကို ကျွမ်းကျင်စွာ ရွေးချယ်ကာ ပြန်လည်တုံ့ပြန်လိုက်၏။

“အဒေါ်ကြီး၊ ကျွန်တော်တို့ငါးကို စားရင် အမြွှာမွေးမမွေးတော့ မသိဘူးဗျ၊ ဒါပေမယ့် အဒေါ်ကြီးကို ကြည့်ရတာ သားသမီးတွေအပေါ် အရမ်းရက်ရောမယ့်ပုံပဲ၊ အိမ်က ကလေးတွေဆိုရင်လည်း ဝဖြိုးပြီး ကျန်းမာနေမှာသေချာတယ်”

ထိုစကားကို ကြားသောအခါ အဒေါ်ကြီးမှာ သဘောအကျကြီး ကျသွားလေတော့သည်။

“ဒါပေါ့ကွယ်၊ ငါက ကလေးတွေ စားတာသောက်တာ ဝတ်တာစားတာနဲ့ ပတ်သက်ရင် ဘယ်တော့မှ ကပ်စေးမနှဲဘူး၊

ငါ့သားလေးဆို အခုမှ ရှစ်နှစ်ပဲ ရှိသေးတာ၊ အရပ်က မင်းလောက်တောင် ရှိနေပြီ”

စုန့်အာ့လန်သည် ရလာသော အခွင့်အရေးကို လက်လွတ်မခံဘဲ ဆက်တိုက်ဆိုလေ၏။

“အဒေါ်ကြီး၊ ကျွန်တော်တို့ငါးတွေက မြစ်ထဲကနေ လတ်လတ်ဆတ်ဆတ် ဖမ်းလာတာဗျ၊ ဈေးနည်းနည်း ကြီးပေမယ့် အရသာကတော့ တကယ်ကို ချိုမြိန်လတ်ဆတ်တာ၊ အိမ်က ညီလေး မြည်းစမ်းကြည့်ရအောင် တစ်ကောင်လောက် ဝယ်မသွားချင်ဘူးလား”

အဒေါ်ကြီးသည် လက်ဝှေ့ယမ်းလိုက်၏။

“ငါက ကလေးတွေအတွက်ဆို အမြဲတမ်း ဈေးကြီးတာတွေချည်း ဝယ်ကျွေးတာ၊ မင်းက ဒီငါး အရမ်းကောင်းတယ် ဆိုမှတော့ တစ်ကောင်လောက် ဝယ်သွားလိုက်မယ်”

ဝမ်းသာအားရဖြင့် စုန့်အာ့လန်သည် ငါးတစ်ကောင်ကို ကပျာကယာ ဖမ်းယူကာ အဒေါ်ကြီးထံသို့ ကမ်းပေးလိုက်၏။

ငါးရောင်းပြီးသည့်တိုင်အောင် အချိုသတ်စကား အနည်းငယ် ထပ်မံဆိုလိုက်သေးရာ အဒေါ်ကြီးမှာ မျက်နှာကြီးပြုံးဖြီးလျက် ကျေနပ်စွာ ထွက်သွားလေတော့သည်။

အနီးနားတွင် ရပ်ကြည့်နေသော အဘွားအိုတစ်ဦးက ထိုမြင်ကွင်းကို မြင်သောအခါ စနောက်လိုသောအပြုံးဖြင့် ဝင်ရောက်ပြောဆိုလာသည်။

“မြေးလေး၊ အဘွားရဲ့ မြေးလေးက မင်းတို့ငါးကိုစားရင် မင်းလိုမျိုး ချောချောလေး ဖြစ်လာမှာလားကွဲ့”

စုန့်အာ့လန်သည် ပါးစပ်ကိုဟကာ စကားများ စတင်ရေရွတ်ပြန်လေသည်။

“အို အဘွားရယ်၊ အပြင်မထွက်ခင် မှန်လေးဘာလေး ကြည့်မလာဘူးလား”

All Chapters