← Chapters

အခန်း ၁၃

Vol. 2 Ch. 13

အခန်း ၁၃

Vol. 2 Ch. 13

🍅 Chapter 13

ထိုစကားကြောင့် အဘွားအိုမျက်နှာထားမှာ ချက်ချင်း ပြောင်းလဲသွားသည်။ သူမက ဆူပူကြိမ်းမောင်းရန် ပြင်လိုက်စဉ်မှာပင် စုန့်အာ့လန်၏စကားသံကို ဆက်လက်ကြားလိုက်ရ၏။

“အဘွားရဲ့ မိုးမခရွက်လေးလို မျက်ခုံးတွေ၊ ချယ်ရီသီးလို နှုတ်ခမ်းတွေကို ကြည့်ပါဦး၊ အဘွားလောက် ကျက်သရေရှိတာ ဘယ်သူမှမရှိဘူး၊ အဘွားရဲ့ မြေးလေးကလည်း အဘွားနဲ့တူမှာ သေချာတယ်၊ ကျွတ်ကျွတ်၊ အဲ့ဒီရုပ်ရည်မျိုးကတော့ တကယ်ကို….”

စကားရပ်သွားသည်ကို မြင်သောအခါ ဝူယွီလန် ဘေးမှနေ၍ ဝင်ဖြည့်ပေးလိုက်သည်။

“ဖန်းအန်းလောက်ကို ချောမောနေမှာပေါ့”

“ဟုတ်တယ်၊ ဟုတ်တယ်၊ ဖန်းအန်းလောက်ကို ချောမောနေမှာ အသေအချာပဲ”

အဘွားအို၏ နှုတ်ခမ်းများမှာ ထိန်းမရသိမ်းမရ ကွေးတက်သွားလေတော့သည်။

“အဟမ်း၊ အမှန်အတိုင်း ပြောရရင် ငါ့မြေးလေးက တကယ်ပဲ ငါနဲ့တူတာ၊ အခု ငယ်ငယ်လေး ရှိသေးပေမယ့် တော်တော်လေး ချောနေပြီ၊ ကြီးလာရင်တော့ ထူးထူးခြားခြားကို ခန့်ညားလာမှာ သေချာတယ်”

စုန့်အာ့လန် ထပ်မံမြှောက်ပင့်ပေးလိုက်ပြန်၏။

“ဒါပေါ့၊ အဘွားရဲ့အလှအပတွေက လမ်းပြပေးနေတာပဲလေ၊ အဘွားရဲ့ မြေးလေးက အဘွားရဲ့ရုပ်ရည် သုံးပုံတစ်ပုံလောက်ကိုပဲ အမွေရမယ်ဆိုရင်တောင် ဖန်းအန်းလောက်ချောနေပြီ”

ဘေးမှ နားထောင်နေသော ဝူယွီလန်၏နှုတ်ခမ်းများမှာ ထိန်းမရအောင် တွန့်ကွေးသွားရသည်။ ဤကလေးသည် အပြောအဆို တကယ်ပင် ညက်ညောလှပေ၏။

“မင်းလေးက တော်တော်ရိုးသားတာပဲ၊ ကောင်းပြီလေ၊ အကြီးဆုံးငါးတစ်ကောင်သာ ပေးလိုက်တော့”

“ဟုတ်ကဲ့ပါခင်ဗျ”

စုန့်အာ့လန်၏ ချိုသာလှသော နှုတ်ထွက်စကားများကြောင့် ငါးများမှာ အလွန်လျင်မြန်စွာ ရောင်းထွက်သွားခဲ့သည်။ နာရီဝက်ပင် မပြည့်တပြည့် အချိန်အတွင်း၌ ရေပုံးနှစ်ပုံးစာ ငါးများအားလုံး ပြောင်စင်သွားလေတော့၏။

စိတ်လှုပ်ရှားပျော်ရွှင်စွာဖြင့် ပစ္စည်းများ သိမ်းဆည်းနေသော စုန့်အာ့လန်ကိုကြည့်ရင်း ဝူယွီလန်၏ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်နေခဲ့သည်။

ဤကလေးကို ခေါ်လာမိ၍သာ တော်သေးသည်။ သို့မဟုတ်ပါက ငါးများအားလုံး ဤမျှလျင်မြန်စွာ ရောင်းထွက်မည်မဟုတ်ပေ။

သူမသာဆိုလျှင် ထိုကဲ့သို့သော ဟန်ဆောင်မြှောက်ပင့်သည့်စကားမျိုးကို ပါးစပ်မှထွက်နိုင်မည်မဟုတ်ချေ။

သူမသည် အဝတ်အိတ်ထဲရှိ ကြေးပြားများကို ရေတွက်ကြည့်ရာ စုစုပေါင်းနှစ်ရာသုံးဆယ့်လေးပြားတိတိ ရှိလေ၏။

ဆိပ်ကမ်းတွင် ကုန်ထမ်းသည့် အလုပ်သမားတစ်ယောက်ပင် တစ်နေ့လျှင် ကြေးပြား နှစ်ဆယ် သို့မဟုတ် သုံးဆယ်ခန့်သာ ရရှိသဖြင့် တစ်နေ့တည်းဖြင့် နှစ်ရာသုံးဆယ့်လေးပြား ရရှိခြင်းမှာ အလွန်များပြားသောပမာဏဖြစ်ပေသည်။

သို့သော် သူမအနေဖြင့် နေ့စဉ်နေ့တိုင်း ဤမျှများပြားသောငါးများကို ဖမ်းဆီးနိုင်မည် မဟုတ်သဖြင့် ဤအလုပ်ကို အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်ရန် ရည်ရွယ်မထားပေ။

ကြေးပြားများကို သေချာသိမ်းဆည်းပြီးနောက် ဝူယွီလန်သည် လှည်းကိုတွန်းကာ လမ်းမကြီးဆီသို့ ဦးတည်သွားလိုက်သည်။ စုန့်တာ့လန်နှင့် စုန့်အာ့လန်တို့မှာ သူမ၏ ဘယ်ညာတစ်ဖက်စီမှ လိုက်ပါလာကြ၏။

ထန်ဟူလုရောင်းသော ဈေးသည်အနီးမှ ဖြတ်သွားသောအခါ စုန့်အာ့လန်၏မျက်လုံးများမှာ အရောင်လက်သွားပြီး သူ့ခြေလှမ်းများမှာ အလိုအလျောက် နှေးကွေးသွားခဲ့သည်။ သူသည် မျှော်လင့်ချက်အပြည့်ပါသော မျက်ဝန်းများဖြင့် ဝူယွီလန်ကို မော့ကြည့်လိုက်၏။

သို့သော် ဝူယွီလန်သည် သတိမထားမိဟန်ဖြင့် ထန်ဟူလုဈေးသည်ရှေ့မှ တည့်တည့်မတ်မတ် ဖြတ်လျှောက်သွားလေသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ စုန့်အာ့လန်တစ်ယောက် ညှိုးနွမ်းနေသော မြက်ပင်လေးတစ်ပင်ပမာ ခွေကျသွားရရှာ၏။

‘ငါ သိပြီးသားပါ၊ အဘွားက ငါတို့ကို ထန်ဟူလု ဘယ်လိုလုပ် ဝယ်ကျွေးပါ့မလဲ၊ ဒါတွေအကုန်လုံးက ငါ့ကို လှည့်စားဖို့သက်သက်ပဲ'

သူမ၏စကားကို အယုံလွယ်ခဲ့မိသော မိမိကိုယ်ကိုတွေးမိကာ စုန့်အာ့လန်၏ မျက်ဝန်းများမှာ နီရဲလာခဲ့သည်။

‘အဘွားက အရင်အဘွားပါပဲ၊ ငါတို့ကို ခေါင်းပုံဖြတ်ပြီး အသုံးချဖို့ပဲသိတယ်၊ နည်းနည်းလေးမှ မပြောင်းလဲသေးဘူး'

စုန့်တာ့လန်သည် ညီဖြစ်သူ၏ပခုံးလေးကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။

ဤအချိန်တွင် ဝူယွီလန်သည် မည်သည့်ပစ္စည်းများဝယ်ယူရမည်ကို စိတ်ထဲမှ တွက်ချက်နေသဖြင့် ကလေးနှစ်ယောက်၏လှုပ်ရှားမှုများကို သတိမထားမိခဲ့ပေ။

အိမ်တွင် ဆန်နှင့် ဂျုံမှုန့် များများစားစား မရှိတော့သဖြင့် သဘာဝကျကျပင် ဝယ်ယူရန်လိုအပ်နေသည်။ ဆားလည်း သိပ်မကျန်တော့သလို ဆီတစ်စက်မျှပင် မရှိတော့သဖြင့် ဝက်ဆီဖတ်များ ဝယ်ယူကာ ဆီချက်ရန် လိုအပ်ပေသေး၏။

ထို့ပြင် အိမ်ရှိ ကလေးငယ်လေး၏ နူးညံ့လှသောအသားအရည်အတွက် အဝတ်စုတ်များဖြင့်သာ ဆက်လက်ပတ်ထားရန် အဆင်မပြေနိုင်ပေ။

စဉ်းစားကြည့်ရာ ဝယ်စရာပစ္စည်းများ အတော်လေး များပြားနေသည်။ လေးလံသော ပစ္စည်းများကို အရင်ဝယ်ပါက လှည်းတွန်းရသည်မှာ အဆင်မပြေနိုင်သည်ကို သဘောပေါက်သဖြင့် ဝူယွီလန်သည် ရင်းနှီးပြီးသား အထည်ဆိုင်တစ်ဆိုင်သို့ အရင်ဆုံး သွားရောက်ခဲ့၏။

မူလပိုင်ရှင်မှာ ကပ်စေးနှဲသူဖြစ်သဖြင့် သူမ မကြာခဏ သွားရောက်လေ့ရှိသောဆိုင်များမှာ ဈေးနှုန်းချိုသာသော အထည်များကိုသာ ရောင်းချလေ့ရှိသည်။

တုန်းချန်တိုင်းပြည်တွင် စီးပွားရေးလုပ်ကိုင်သော အမျိုးသမီးအတော်များများ ရှိကြပြီး ဤဆိုင်ပိုင်ရှင်မှာလည်း သူမနှင့် အသက်ရွယ်တူခန့်ရှိသော အဘွားအိုတစ်ဦးပင်။

ဝူယွီလန်ကို မြင်သည်နှင့်တစ်ပြိုင်နက် ဆိုင်ရှင်သည် လက်ထဲမှအထည်များကို ချထားကာ အပြေးအလွှား လျှောက်လာခဲ့သည်။

“အို၊ ညီမလေးရောက်လာပြီကိုး၊ ဒီနေ့ရော အငယ်ဆုံးသားလေးအတွက် အင်္ကျီလာဝယ်တာလား”

“လာပါ လာပါ၊ ဒီအထည်လေးတွေကို ကြည့်ပါဦး၊ အကုန်လုံး ပစ္စည်းသစ်လေးတွေ၊ ဝါချည်နဲ့ ရက်ထားတာလေ၊ ပညာသင်နေတဲ့ ကျောင်းသားတွေ ဝတ်ရင် အသက်တောင့်သက်သာ အရှိဆုံးပဲ”

ဝူယွီလန် ခေါင်းခါပြလိုက်၏။

“ဒီနေ့ အင်္ကျီဝယ်မှာမဟုတ်ဘူး”

ဆိုင်ရှင်သည် အနည်းငယ် ကြောင်အမ်းသွားသော်လည်း အပြုံးကို ဆက်လက်ထိန်းထားလျက် မေးလိုက်သည်။

“ဒါဆို ညီမလေးက ဒီနေ့ ဘာများဝယ်ချင်လို့လဲ”

“နွေးထွေးတဲ့ အရောင်လေးရှိတဲ့ ချည်ထည်စနည်းနည်းလောက် ဝယ်ချင်လို့ပါ”

ထိုစကားကို ကြားသောအခါ ဆိုင်ရှင်သည် ပန်းနုရောင်ဖျော့ဖျော့ ချည်ထည်စတစ်လိပ်ကို ထုတ်ယူလာခဲ့သည်။

“ဒီအရောင်လေးကော အဆင်ပြေမလား ကြည့်ကြည့်ပါဦး”

ဝူယွီလန်သည် လက်ဖြင့် လှမ်းကိုင်ကာ စမ်းသပ်ကြည့်ရာ နူးညံ့မှုရှိသည်ကို တွေ့လိုက်ရ၏ ကလေးငယ်လေးအတွက် အနှီးဝတ်ချုပ်ရန် အလွန်သင့်လျော်ပေမည်။

အိမ်ရှိ အခြားမိန်းကလေးများကိုပါ တွေးမိသွားသဖြင့် ဝူယွီလန်က မေးလိုက်သည်။

“အရောင်လေးက တော်တော်လှတယ်၊ ဈေးဘယ်လောက်လဲဟင်”

“လျှော်မျှင်နဲ့ ရက်ထားတဲ့ အထည်တစ်လိပ်ကို သုံးရာ့ရှစ်ဆယ် ရှိတယ်၊ ဒီချည်ထည်စကတော့ နှစ်ဆနီးပါး ဈေးပိုကြီးတယ်၊ ခုနစ်ရာ့လေးဆယ်ပါ”

“ဈေးလေး နည်းနည်းလျှော့ပါဦး”

ဆိုင်ရှင်က ပြုံးလိုက်၏။

“ညီမလေးက ငါ့ဆိုင်မှာ အင်္ကျီ ခဏခဏ လာဝယ်နေကျမို့ အရင်းဈေးနဲ့ပဲ ပေးလိုက်ပါ့မယ်၊ ခုနစ်ရာ့သုံးဆယ်ဆိုရင်ကော အဆင်ပြေလား”

အမြင်စူးရှသော ဝူယွီလန်သည် ဘေးနားတွင် ချထားသော တူညီသည့်အရောင်ရှိသော အထည်လိပ်တစ်လိပ်ကို မျက်စိလျင်လျင် တွေ့ရှိသွားခဲ့သည်။

သို့သော် ထိုအထည်စပေါ်တွင် အနည်းငယ်စွန်းထင်းနေသော အရာတစ်ခု ရှိနေလေ၏။

“ဒီတစ်လိပ်ကိုပဲ ဝယ်လိုက်ပါ့မယ်၊ ခုနစ်ရာနဲ့ပဲ ပေးလိုက်ပါလား”

ဝူယွီလန်မှ စွန်းထင်းနေသောအထည်အား လက်ညှိုးထိုးပြနေသည်ကို မြင်သောအခါ ဆိုင်ရှင်မှာ အနည်းငယ် အံ့အားသင့်သွားသည်။

သို့သော် ထပ်မံစဉ်းစားကြည့်ရာ ချည်ထည်များကို ဝယ်ယူနိုင်စွမ်းရှိသော မိသားစုအများစုမှာ အထည်ပေါ်ရှိ အစွန်းအထင်းများကို ရွံရှာတတ်ကြသဖြင့် ဤအထည်လိပ်မှာ ရောင်းထွက်ရန်ခက်ခဲနိုင်ကြောင်း သဘောပေါက်သွားသည်။

“ကောင်းပါပြီ၊ ခုနစ်ရာဆိုလည်း ခုနစ်ရာပေါ့၊ ညီမလေးမို့လို့သာ ဒီဈေးနဲ့ ပေးတာနော်၊ တခြားလူဆိုရင် ဒီဈေးနဲ့ ဘယ်လိုမှမရနိုင်ဘူး”

ဝူယွီလန်လည်း ပြုံးရွှင်စွာဖြင့် ပြန်လည်ချီးမွမ်းလိုက်၏။

“အစ်မကြီးရဲ့ ဈေးနှုန်းတွေက မှန်ကန်မျှတတဲ့အပြင် ရောင်းတဲ့ အထည်ဒီဇိုင်းတွေကလည်း တခြားဆိုင်တွေထက် ပိုပြီး လှပသေသပ်တယ်လေ၊ ဒါကြောင့်လည်း ဒီဆိုင်ကို လာဝယ်ရတာ သဘောကျတာပေါ့”

ဝူယွီလန်၏မြှောက်ပင့်စကားကို ကြားသောအခါ ဆိုင်ရှင်မှာ မျက်နှာကြီး ပြုံးဖြီးသွားလေတော့သည်။

“ညီမလေးကတော့ ပြောတတ်လိုက်တာ၊ ငါ့ရင်ထဲကို ရောက်သွားတာပဲ၊ ငါ့ဆိုင်က အထည်ဒီဇိုင်းတွေက ငါကိုယ်တိုင် သေသေချာချာ ရွေးချယ်ထားတာတွေချည်းပဲ၊ ဖျင်ကျန်းမြို့မှာ တစ်မူထူးခြားတယ်ဆိုတာ ငါ့ဆိုင်ပဲရှိတယ်၊ တခြားဆိုင်တွေမှာ ဒီလိုဒီဇိုင်းမျိုးမရှိဘူးလေ”

“ပြီးခဲ့တဲ့အခေါက်က ညီမလေး အထည်စအတိုလေးတွေ မေးသွားသေးတယ် မဟုတ်လား၊ ရော့၊ ဒါလေးတွေ ညီမလေးအတွက် သီးသန့်ဖယ်ထားပေးတာ၊ ယူသွားလိုက်လေ”

ထိုသို့ပြောရင်း ဆိုင်ရှင်သည် အထည်စအတို တစ်ထုပ်ကို ဝယ်ယူထားသော အထည်လိပ်နှင့်အတူ ပူးချည်ပေးလိုက်သည်။

ဤအထည်စများမှာ သူမအတွက် သီးသန့်ဖယ်ထားပေးခြင်းမဟုတ်ကြောင်း ဝူယွီလန် ကောင်းကောင်းသိထားသည်။ သူမ၏ မြှောက်ပင့်ပြောဆိုမှုများက ဆိုင်ရှင်၏စိတ်ကို ကျေနပ်စေခဲ့သောကြောင့်သာ လက်ဆောင်အဖြစ် ပေးလိုက်ခြင်းဖြစ်၏။

ဤအချိန်ရောက်မှသာ ချိုသာသော နှုတ်ထွက်စကားများ၏အကျိုးကျေးဇူးကို သူမ အမှန်တကယ် နားလည်သဘောပေါက်သွားတော့သည်။

“ညီမလေးကို သတိတရ ဖယ်ထားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်အစ်မကြီး”

ဝူယွီလန်သည် ငွေတစ်ချောင်းကို ထုတ်ယူကာ ချက်ချင်း ပေးချေလိုက်၏။

“ဒါနဲ့လေ ညီမလေး၊ ပြီးခဲ့တဲ့အခေါက်က ပန်းထိုးဖို့ယူသွားတဲ့ လက်ကိုင်ပဝါတွေ ပြီးပြီလားဟင်”

……

ဝူယွီလန် ဤဆိုင်သို့ မကြာခဏ လာရောက်ရခြင်း၏ အဓိကအကြောင်းရင်းမှာ လီရှို့ယွင် ဤနေရာတွင် ပန်းထိုးအလုပ်များ လက်ခံလုပ်ကိုင်နေသောကြောင့် ဖြစ်ပေသည်။

သူမ၏ ပန်းထိုးလက်ရာမှာ အလွန်တရာ သေသပ်လှပပြီး သာမန်လူများ လက်ကိုင်ပဝါ တစ်ထည်လျှင် ကြေးပြား နှစ်ပြား၊ သုံးပြားခန့်သာ ရရှိချိန်တွင် သူမကတော့ ငါးပြားအထိ ရရှိလေ၏။

သို့ရာတွင် ထိုရရှိလာသော ငွေကြေးများကို လီရှို့ယွင်တစ်ယောက် ကိုယ်ပိုင်အဖြစ် သိမ်းဆည်းထားခွင့်မရှိသည်မှာ ပြောစရာပင် မ‌လိုလောက်ချေ။

ဝူယွီလန်သည် ဆိုင်ရှင်ကိုကြည့်ကာ ရှင်းပြလိုက်၏။

“ကျွန်မ အခုပဲ ပြောမလို့၊ တတိယချွေးမက မနေ့ကမှ ကလေးမီးဖွားထားတာဆိုတော့ လက်ကိုင်ပဝါတွေလာအပ်ဖို့ အချိန်နည်းနည်းတော့ နောက်ကျလိမ့်မယ်”

All Chapters