← Chapters

အခန်း ၁၄

Vol. 2 Ch. 14

အခန်း ၁၄

Vol. 2 Ch. 14

🍅 Chapter 14

ထိုစကားကို ကြားသောအခါ ဆိုင်ရှင်သည် နားလည်မှုအပြည့်ဖြင့် လက်ဝှေ့ယမ်းပြလိုက်၏။

“ဒါက ကိစ္စမရှိပါဘူး၊ တတိယချွေးမလေး သေချာအနားယူပြီးမှ ပန်းဆက်ထိုးလည်း နောက်မကျပါဘူး”

သူမတို့နှစ်ဦးသည် အချိန်အနည်းငယ်မျှ ထပ်မံစကားစမြည် ပြောဆိုနေခဲ့ကြသေးသည်။

ဝယ်ယူရန် လိုအပ်နေသေးသော အခြားပစ္စည်းများကို ခေါင်းထဲတွေးမိသွားချိန်တွင်တော့ ဝူယွီလန်သည် စကားစဖြတ်ကာ ဆိုင်ထဲမှ ထွက်ခွာလာခဲ့လေ၏။

ဆိုင်ရှင်သည် ဝူယွီလန် ထွက်ခွာသွားသောကျောပြင်ကို ငေးကြည့်ရင်း တီးတိုးရေရွတ်လိုက်မိ၏။

“ဒီအမျိုးသမီးက ပုံမှန်ဆို ကမ္ဘာကြီးတစ်ခုလုံးကို ထမ်းထားရတဲ့အတိုင်း မျက်နှာကြီးက ဆူပုပ်နေတတ်ပေမယ့် ဒီနေ့တော့ တော်တော်လေး တက်ကြွရွှင်လန်းနေပါလား”

ထို့နောက် သူမသည် ခေါင်းကိုခါယမ်းလိုက်ပြီး သူမ၏အလုပ်များကို ဆက်လုပ်ရန် လှည့်ထွက်သွားလေတော့သည်။

ဝူယွီလန်သည် ဝယ်လာသော ချည်ထည်စကို လှည်းပေါ်သို့ တင်လိုက်ပြီးနောက် ဆားဆိုင်တစ်ဆိုင်ကို ဆက်လက်ရှာဖွေခဲ့သည်။

ဤခေတ်ကာလတွင် သန့်စင်ပြီးသား ဆားချောများကို ထုတ်လုပ်နေပြီဖြစ်သည်။ ဈေးကွက်ထဲတွင် ဆားကြမ်း၊ ဆားချောနှင့် ချမ်းသာသော မိသားစုများ အသုံးပြုလေ့ရှိသည့် အဆင့်မြင့် ဆားနုဟူ၍ အသီးသီး ရောင်းချကြလေ၏။

ဆားကြမ်းမှာ ခါးသက်သက် အရသာရှိရာ ဝူယွီလန်အနေဖြင့် ဝယ်ယူရန် စိတ်ကူးမရှိခဲ့ပေ။

ဆိုင်ရှင်မှာ အလုပ်များနေသော်လည်း ဝူယွီလန်ကို မြင်သောအခါ ဆိုင်အကူတစ်ယောက်အား လာရောက်ဧည့်ခံရန် လက်ဟန်ပြလိုက်သည်။

“ဆိုင်ရှင်၊ ဒီဆားချောက ဘယ်လိုရောင်းတာလဲ”

“အဒေါ်ကြီး၊ ဒီဆားချောက ဇွန်းငယ်တစ်ဇွန်းကို ဆယ်ပြား၊ တစ်ကျင်းကို တစ်ရာပြားပါ၊”

အဒေါ်ကြီးဆိုသော အသုံးအနှုန်းကို ကြားလိုက်ရချိန်တွင် ဝူယွီလန်၏ရင်ထဲ၌ ခါးသက်သောခံစားချက်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။

ဝူယွီလန် ထပ်မံမေးမြန်းလိုက်၏။

“နှစ်ကျင်း ယူမယ်၊ ဈေးလေး နည်းနည်းလျှော့ပေးလို့ ရမလား”

ဆိုင်အကူက ခေါင်းခါပြလိုက်သည်။

“အများဆုံး ငါးပြားပဲ လျှော့ပေးလို့ရမယ်၊ တစ်ရာ့ကိုးဆယ့်ငါးပြားပဲ ပေးလိုက်ပါလား”

ဝူယွီလန်သည် ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး ကြေးပြားများကို ရေတွက်ပေးချေကာ ဆားထည့်ရန်အတွက် ဆားအိတ်တစ်လုံးကို ထုတ်ယူလိုက်၏။

ဆားဝယ်ပြီးနောက် ဝူယွီလန်သည် အသားဆိုင်တစ်ဆိုင်ကို လိုက်လံရှာဖွေခဲ့လေသည်။

“ဆိုင်ရှင်၊ အသားက ဘယ်လိုရောင်းတာလဲ”

ဆိုင်ရှင်မှာ အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်တစ်ဦး ဖြစ်သည်။ သူသည် ဝူယွီလန်ကို မြင်သောအခါ ပြုံးရွှင်စွာဖြင့် နောက်ပြောင်လိုက်၏။

“အဒေါ်၊ ကျွန်တော်က ကျွန်တော့်အသားကို မရောင်းဘူး၊ ဝက်သားပဲ ရောင်းတာ”

ဝူယွီလန်၏နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး ဟန်လုပ်ကာ ရယ်မောလိုက်ရသည်။

“မင်းက တော်တော်နောက်တတ်တာပဲ”

ဆိုင်ရှင်လူငယ်က ဆက်လက်ရှင်းပြလေ၏။

“အဒေါ်ရာ၊ ကျွန်တော်က နောက်တာပါ၊ ဝက်ဆီဖတ်က နှစ်ဆယ့်လေးပြား၊ ရှေ့လက်သားက နှစ်ဆယ်၊ နောက်ပေါင်သားက ဆယ့်ကိုးပြား၊ ဝက်သုံးထပ်သားကလည်း နှစ်ဆယ်ပါပဲ”

“ဒါနဲ့ ဘယ်အသားယူမလဲ”

ဝူယွီလန်သည် သုံးကျင်းကျော်ခန့်ရှိသော ဝက်ဆီဖတ်တစ်တုံးကို ရွေးချယ်လိုက်ပြီးနောက် နှစ်ကျင်းနီးပါးခန့်ရှိသော ဝက်သုံးထပ်သားတစ်တုံးကို ထပ်မံရွေးချယ်လိုက်သည်။

ဘေးနားတွင် ချထားသော ဝက်ရိုးတွင်းခြင်ဆီ အရိုးများကို မြင်သောအခါ နှစ်ပိုင်းခန့်ကိုပါ ကောက်ယူလိုက်လေ၏။

“ဒီဝက်ဆီဖတ်နဲ့ ဝက်သုံးထပ်သားကို ယူမယ်၊ ဈေးမဆစ်တော့ပါဘူး၊ ဒါပေမယ့် ဒီဝက်ခြင်ဆီရိုးတွေကိုတော့ အဆစ်ပေးလို့ရမလား”

ဆိုင်ရှင်လူငယ်က ခေါင်းခါပြလိုက်၏။

“ဟာ အဒေါ်ကလည်း၊ တကယ်နောက်တတ်တာပဲ၊ ဒီဝက်ခြင်ဆီရိုးတွေက တစ်ကျင်းကို သုံးပြား ရောင်းရတာဗျ၊ ဒီနှစ်ပိုင်းက အနည်းဆုံး ငါးပြား ခြောက်ပြားလောက် တန်တယ်”

“အဒေါ် နောက်ထပ် နည်းနည်းလောက် ပိုဝယ်မယ်ဆိုရင်တော့ အဆစ်ထည့်ပေးလိုက်မယ်”

ထိုစကားကို ကြားသောအခါ ဝူယွီလန်သည် နှစ်ကျင်းကျော်ခန့်ရှိသော နောက်ထပ် ဝက်ဆီဖတ်တစ်တုံးကို ထပ်မံရွေးယူလိုက်သည်။ ဆီဖတ်များကို ဆီချက်ထားနိုင်သဖြင့် မည်သို့ပင်ဖြစ်စေ အလဟဿ ပျက်စီးသွားမည်မဟုတ်ပေ။

ဆိုင်ရှင်လူငယ်သည် ထိုအခြေအနေကို မြင်သောအခါ လိုလိုလားလားပင် သဘောတူလိုက်၏။

“ကောင်းပြီ၊ ဒီအရိုးတွေ အဒေါ့်ကို အဆစ်ပေးလိုက်မယ်”

“ဝက်ဆီဖတ်က ငါးကျင်းနဲ့ သုံးလျန်၊ ဝက်သုံးထပ်သားက နှစ်ကျင်းနဲ့ နှစ်လျန်၊ အကုန်လုံး စုစုပေါင်း တစ်ရာ့ခုနစ်ဆယ့်တစ်ပြား ကျပါတယ်၊ ဒါကြောင့် တစ်ရာ့ခုနစ်ဆယ်ပဲ ယူတော့မယ်”

ထိုသို့ပြောရင်း သူသည် ဝက်သားများကို ဝါးနှီးကြိုးဖြင့်သီကာ ဝူယွီလန်ထံသို့ ကမ်းပေးလိုက်သည်။ ဝူယွီလန်က အသားဆိုင်ပေါ်တွင် တင်ထားသော ကောက်ရိုးများကို လက်ညှိုးထိုးပြလိုက်၏။

“ဟိုကောက်ရိုးလေးတစ်ဆုပ်လောက် ပေးလို့ရမလား”

ရေပုံးထဲတွင် ငါးညှီနံ့များ အနည်းငယ် နံနေသဖြင့် ကောက်ရိုးများကို အောက်မှခံရန် ဝူယွီလန် စိတ်ကူးမိခြင်းဖြစ်သည်။

ဆိုင်ရှင်လူငယ်သည် ပြုံးလျက် ကောက်ရိုးတစ်ဆုပ်ကို ကိုယ်တိုင်ဆွဲယူကာ ဝူယွီလန်ထံသို့ ကမ်းပေးလိုက်၏။

“အဒေါ် နောက်ထပ်အခေါက်နည်းနည်းလောက်သာ လာဝယ်ရင် ကျွန်တော့်ဆိုင်လေးတော့ အကုန်ပြောင်တော့မှာပဲ”

ဝူယွီလန်သည် ရှက်ကိုးရှက်ကန်းဖြင့် ပြုံးလိုက်ပြီး ကောက်ရိုးများကို ယူကာ ရေပုံးထဲတွင် ခင်းကျင်းလိုက်ပြီး ဝက်သားများကို ထည့်ထားလိုက်သည်။ ငွေရှင်းပြီးနောက် သူမသည် လှည်းကိုတွန်းကာ ထွက်လာခဲ့လေ၏။

“ကျေးဇူးပဲကွယ်၊ နောက်တစ်ခါလည်း မင်းဆိုင်က ကောက်ရိုးတွေ လာနုတ်ဦးမယ်”

…

လိုအပ်သည့် ပစ္စည်းအများစုကို ဝယ်ယူပြီးစီးသွားသောအခါ ဝူယွီလန်သည် မူလပိုင်ရှင်၏မှတ်ဉာဏ်များကို အားကိုးလျက် ဈေးနှုန်း အလွန်ချိုသာသော ဆန်ဆိုင်တစ်ဆိုင်သို့ ရောက်ရှိလာခဲ့သည်။

သို့သော် ဆိုင်အတွင်းသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ဆိုင်အကူတစ်ဦး ဆန်များ ဖြည့်တင်းနေသည်ကို တွေ့လိုက်ရသည်။ ဝူယွီလန်သည် ဆန်တစ်ဆုပ်ကို ကော်ယူကာ နှာခေါင်းနားသို့ တေ့၍ နမ်းကြည့်လိုက်၏။

ဆေးပညာကို လေ့လာသင်ယူထားသူ တစ်ဦးဖြစ်သဖြင့် သူမ၏အနံ့ခံအာရုံမှာ အလွန်တရာ ထက်မြက်လှရာ အသစ်လောင်း ထည့်လိုက်သော ဆန်များမှာ ကြာရှည်သိုလှောင်ထားသည့် ဆန်ဟောင်းများဖြစ်ကြောင်း ချက်ချင်းသိရှိလိုက်လေသည်။

သူမသည် ခေါင်းခါယမ်းလိုက်ပြီး သူမ၏စိတ်တွင်း၌ တွေးတောလိုက်မိ၏။

“တခြားနေရာတွေထက် ဈေးပိုပေါနေတာ အံ့ဩစရာမရှိပါဘူး၊ ဒီလိုနည်းလမ်းနဲ့ ဈေးပေါအောင် လုပ်ထားတာကိုး”

ဝူယွီလန်၏အပြုအမူကို မြင်သောအခါ ဆိုင်အကူသည် ဆန်အိတ်ကို ပစ်ချလိုက်ပြီး ဒေါသတကြီး ကြိမ်းမောင်းတော့သည်။

“ဝယ်မှာလား၊ မဝယ်ဘူးလား၊ မဝယ်ဘူးဆိုရင်လည်း ခင်ဗျားရဲ့ ညစ်ပတ်နေတဲ့လက်ကြီးနဲ့ ကျွန်တော်တို့ဆန်တွေကို လာမထိနဲ့”

ဝူယွီလန်သည် ဆန်များကို ပြန်လည်ပစ်ချလိုက်၏။

“ဈေးဝယ်လာတဲ့လူက ကြည့်ခွင့်တောင်မရှိဘူးလား”

ဆိုင်အကူသည် မျက်မှောင်ကြုတ်လျက် ဝူယွီလန်အား အထက်အောက် စုန်ဆန်ကြည့်လိုက်၏။

သူမ၏ အဝတ်အစားများမှာ အရောင်လွင့်နေအောင် လျှော်ဖွပ်ထားပြီး ဖာထေးရာအများအပြား ပါရှိနေသည်ကို မြင်သောအခါ သူက လှောင်ပြောင်လိုက်လေသည်။

“ဟက်”

“မဝယ်နိုင်ရင်လည်း ဝယ်နိုင်ချင်ယောင် လာမဆောင်နဲ့၊ ခင်ဗျား ဒီမှာရပ်နေတာ ဆန်ခိုးဖို့ ကြိုးစားနေတာလားဆိုတာ ဘယ်သူသိမှာလဲ”

ဝူယွီလန်သည် ဆန်အိတ်များကို ပေါ့ပျက်ပျက် တစ်ချက်ဝေ့ကြည့်လိုက်ပြီး အေးစက်စက်လေသံဖြင့် တုံ့ပြန်လိုက်သည်။

“မင်းတို့ဆန်ကို ကြွက်တွေတောင် လာခိုးရဲမယ်မထင်ဘူး၊ ဘယ်လောက်ကြာအောင် ထားထားမှန်းတောင် မသိရတဲ့ဟာတွေကို”

ထိုစကားကို ပြောပြီးနောက် သူမသည် နောက်သို့လှည့်မကြည့်တော့ဘဲ ဆိုင်ထဲမှ ထွက်ခွာလာခဲ့လေသည်။

သူမ၏ စကားကို ကြားသောအခါ ဆိုင်အကူသည် လည်ပင်းကိုဆန့်ထုတ်ကာ သူမနောက်သို့ လိုက်ရန်ပြင်လိုက်၏။

“ဟေ့၊ အဘွားကြီး၊ ခင်ဗျား ဘယ်လိုလုပ်ပြီး ဒီစကားတွေ လာပြောရဲရတာလဲ၊ ကျွန်တော် ဘာလုပ်မလဲဆိုတာ ကြည့်ထားလိုက်”

“ရပ်လိုက်စမ်း”

ဆိုင်ရှင်ဖြစ်သူသည် တံခါးဝတွင် ဝင်ရောက်ပိတ်ရပ်လိုက်လေသည်။ ဝူယွီလန် ထွက်သွားသည်ကို ကြည့်ရင်း ဆိုင်အကူသည် ဒေါသတကြီးဖြင့် ခြေဆောင့်လိုက်၏။

“ဆိုင်ရှင်၊ အဲ့ဒီအဘွားကြီးက တကယ်ကို မဟုတ်က ဟုတ်ကတွေ လာပြောသွားတာ၊ သူ့ပါးစပ်ကို ကျွန်တော်ဆွဲဖြဲ ပစ်လိုက်မယ်”

ဆိုင်ရှင်သည် ဝူယွီလန်ကို တစ်ချက်မျှ လှမ်းကြည့်လိုက်ပြီးနောက် ဆိုင်အကူကို လှည့်ကာ ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းလိုက်သည်။

“ပါးစပ်ပိတ်ထားစမ်း”

“ငါ မင်းကို ညဘက်ရောက်မှ ဆန်တွေကိုရောဖို့ ပြောထားတယ်လေ၊ မင်း နားကန်းနေလား”

ဆိုင်အကူသည် ခေါင်းငုံ့သွားပြီး ဆန်ပုံးကို လက်ညှိုးထိုးပြလိုက်၏။

“ဒါပေမယ့် ဒီဆန်တွေက ကုန်တော့မယ်လေ၊”

“ကုန်သွားရင် ဆန်သစ်တွေထည့်လိုက်၊ မင်း နောက်တစ်ခါ ဒီလိုအမှားမျိုးထပ်လုပ်ရင် အလုပ်ကနေ ထွက်သွားတော့”

သူသည် ဆိုင်အကူကို ဆူပူနေစဉ်မှာပင် အပေါ်ထပ်မှ သွားရည်များ တမြားမြားကျနေသော ဉာဏ်ရည်မမီသည့် ကောင်လေးတစ်ယောက် ဆင်းလာခဲ့သည်။

သူ့အနောက်တွင် ဆယ်ကျော်သက်အရွယ် ကောင်မလေးတစ်ယောက်လညါး လိုက်ပါလာခဲ့လေသည်။ ဆိုင်ရှင်ကို မြင်သောအခါ ကောင်လေးသည် ပျော်ရွှင်စွာဖြင့် လှေကားပေါ်မှ ပြေးဆင်းလာရာ ခြေချော်ကာ လှေကားပေါ်မှ တလိမ့်ခေါက်ကွေး ကျလာခဲ့တော့၏။

“အဖေ၊ အဖေ”

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ကောင်မလေးမှာ အထိတ်တလန့်ဖြင့် အောက်သို့ပြေးဆင်းလာခဲ့သည်။

ဆိုင်ရှင်သည် သားဖြစ်သူကို ထူပေးရန် အပြေးအလွှား သွားလိုက်ပြီးနောက် သူ၏ ရက်စက်ကြမ်းကြုတ်သော အကြည့်များက ကောင်မလေးထံသို့ ကျရောက်သွားလေသည်။

“ဖြန်း”

ကောင်မလေးသည် သူမ၏ မျက်နှာကို လက်ဖြင့်ကာလိုက်ပြီး နှုတ်ခမ်းကိုကိုက်ထားကာ အသံတစ်ချက်မျှမထွက်ရဲဘဲ နေရှာသည်။

“ငါ နင့်ကို စစ်ချုံးကိုသေချာဂရုစိုက်ဖို့ ပြောထားတယ် မဟုတ်လား၊ နင် ဘယ်လိုတွေဂရုစိုက်နေတာလဲ”

သားဖြစ်သူ၏ ကိုယ်ပေါ်ရှိ ပွန်းပဲ့ဒဏ်ရာများကို မြင်သောအခါ သူသည် ပိုဒေါသထွက်လာခဲ့သည်။ သူသည် ကောင်မလေးကို လှေကားထိပ်သို့ ဆွဲခေါ်သွားပြီးနောက် အောက်သို့ တွန်းချပစ်လိုက်လေ၏။

ကောင်မလေး လှေကားပေါ်မှ လိမ့်ကျသွားသည်ကို ကြည့်ရင်း ဆိုင်ရှင်သည် ဒေါသမပြေသေးဘဲ ကျိန်ဆဲလိုက်ပြန်သည်။

“တောက်စ်၊ နင့်လို တန်ဖိုးမရှိတဲ့ကောင်မကို ဝယ်လာတာ ဘာအသုံးကျလို့လဲ၊ လူတစ်ယောက်ကိုတောင် သေချာဂရုမစိုက် နိုင်ဘူး”

“ငါ့သားကို နောက်တစ်ခါ ထပ်ပြီး ထိခိုက်ဒဏ်ရာရအောင် လုပ်ရင် နင့်ကို ပြည့်တန်ဆာအိမ်မှာ သွားရောင်းပစ်မယ်”

All Chapters