← Chapters

အခန်း ၁၅

Vol. 2 Ch. 15

အခန်း ၁၅

Vol. 2 Ch. 15

🍅 Chapter 15

ကောင်မလေးသည် ကြမ်းပြင်ပေါ်မှ ကုန်းရုန်းထလာခဲ့သည်။ ယခုရရှိသွားသော ပွန်းပဲ့ဒဏ်ရာများမှာ သူမ၏ခန္ဓာကိုယ်အနှံ့ရှိ ညိုမည်းစွဲနေသော ဒဏ်ရာဒဏ်ချက်များနှင့် နှိုင်းယှဉ်လျှင် ဘာမျှမဟုတ်တော့ပေ။

သူမသည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ အသံတိုးတိုးဖြင့် တောင်းပန်ရှာသည်။

“သခင်လေးကို ကျွန်မ သေချာဂရုစိုက်ပါ့မယ်၊ ကျေးဇူးပြုပြီး ကျွန်မကို အဲ့ဒီလိုနေရာမျိုးမှာ မရောင်းပစ်ပါနဲ့၊ ကျွန်မ မှားမှန်းသိပါပြီ”

ကောင်မလေး ငိုနေသံကို ကြားသောအခါ ကောင်လေးသည် ခုန်ပေါက်ကာ လက်ခုပ်တီးလေတော့သည်။

“ဟီးဟီးဟီး၊ သူငိုနေပြီ၊ သူငိုနေပြီ၊ ပျော်စရာကြီး၊ သူ့ကို ရိုက်၊ သူ့ကို ရိုက်၊ သူငိုတာကို ကြည့်ရတာကြိုက်တယ်”

ထိုစကားကို ကြားသောအခါ ဆိုင်ရှင်သည် လက်ကိုမြှောက်ကာ ကောင်မလေးအား နောက်တစ်ကြိမ် ထပ်မံရိုက်ချလိုက် ပြန်၏။ ကောင်မလေးမှာ ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး သူမ မျက်နှာလေးမှာ တံခါးပေါက်ဘက်သို့ လှည့်သွားလေသည်။

ဝေဝါးနေသော အမြင်အာရုံထဲတွင် ရင်းနှီးနေသော လူတစ်ယောက်၏အရိပ်အယောင်ကို သူမ တွေ့လိုက်ရသည်။ အကူအညီတောင်းရန် ပါးစပ်ဟလိုက်သော်လည်း တစ်စုံတစ်ခုကို သတိရသွားကာ စကားလုံးများမှာ လည်ချောင်းထဲတွင် တစ်ဆို့သွားခဲ့သည်။

‘ထားလိုက်ပါတော့၊ အော်ခေါ်လိုက်လည်း ဘာထူးမှာမို့လို့လဲ'

‘ငါ့ကို ရောင်းစားခဲ့တဲ့သူက ဘယ်လိုလုပ်ပြန်ဝယ်ပါ့မလဲ။ ငါ့ကို ထပ်မရောင်းစားရင်ပဲ ကံကောင်းလှပြီပေါ့'

မျက်ရည်များမှာ မျက်တောင်စွန်းများမှတစ်ဆင့် အသံတိတ် စီးကျလာခဲ့သည်။ ကောင်မလေးသည် ခေါင်းကိုငုံ့ကာ ကြမ်းပြင်ပေါ်တွင် ထုံပေပေဖြင့်သာ ဆက်လက်ဒူးထောက်နေရှာတော့၏။

…

ဝူယွီလန်သည် ဆန်ဆိုင်အတော်များများကို လိုက်လံနှိုင်းယှဉ်ကြည့်ပြီးနောက် နောက်ဆုံးတွင်တော့ ဈေးနှုန်းသင့်တင့်ပြီး ဆိုင်အကူမှာလည်း ယဉ်ကျေးပျူငှာသော ဆိုင်တစ်ဆိုင်ကို ရွေးချယ်လိုက်လေသည်။

ဆိုင်အကူ၏မျက်နှာပေါ်တွင် နူးညံ့သိမ်မွေ့သောအပြုံးတစ်ခု အထင်းသားရှိနေသည်။ သူသည် စကားပြောရင်း ဆန်တစ်ဆုပ်ကို ကော်ယူကာ လေ့လာကြည့်ရှုနိုင်ရန် ဝူယွီလန်ထံသို့ ကမ်းပေးလိုက်၏။

“အဒေါ်၊ ဘာများဝယ်ချင်လို့လဲခင်ဗျ၊ ကျွန်တော်တို့ဆီမှာ ဆန်ကွဲ၊ ဆန်လုံးညို၊ ဆန်ချော၊ ဂျုံကြမ်းနဲ့ ဂျုံနုအကုန်ရပါတယ်”

“ကြည့်ပါဦး၊ ဒါတွေအကုန်လုံးက တောင်ဘက်ကနေသယ်လာတဲ့ အသစ်ထွက်ဆန်သစ်တွေချည်းပဲ၊ အရသာက အရမ်းကောင်းတာ”

ဝူယွီလန် ဆန်ကိုယူကာ နမ်းရှုံ့ကြည့်လိုက်သည်။

“အင်း၊ တကယ်ကို ဆန်သစ်တွေပဲ”

“ဆန်ချောနဲ့ ဂျုံနု နည်းနည်းလောက်ဝယ်ချင်လို့၊ ဈေးဘယ်လောက်ရှိလဲ”

ဆိုင်အကူက သေချာရှင်းပြလေ၏။

“ဆန်ချောက တစ်ကျင်းကို ဆယ့်ငါးပြား၊ ဂျုံနုက ဆယ့်လေးပြားပါ၊ အဒေါ် ဘယ်လောက်လိုချင်လဲသာပြောပါ၊ ကျွန်တော်ချိန်ပေးပါ့မယ်”

အိမ်ရှိ လူတစ်ဒါဇင်ခန့်ကို တွေးမိသွားသဖြင့် ဝူယွီလန်သည် လက်ဝှေ့ယမ်းကာ မှာယူလိုက်လေသည်။

“ဆန်ချော ငါးဆယ်ကျင်းနဲ့ ဂျုံနု ငါးဆယ်ကျင်း ပေးပါ”

ဆိုင်အကူ၏မျက်လုံးများမှာ အပြုံးကြောင့် ကွေးတက်သွားလေသည်။ ဆန်များကို ချိန်တွယ်ပြီးနောက် ဆိုင်အကူသည် ပေသီးကိုထုတ်ယူကာ ခလောက်ခလောက်မြည်အောင် တွက်ချက်လိုက်၏။

“ကောင်းပါပြီ၊ ကျွန်တော် ဈေးနည်းနည်းလျှော့ပေးပါ့မယ်”

“ဆန်ချော ငါးဆယ်ကျင်းက ခုနစ်ရာ့ငါးဆယ်၊ ဂျုံနု ငါးဆယ်ကျင်းက ခုနစ်ရာ၊ စုစုပေါင်း တစ်တေးနဲ့ လေးရာ့ငါးဆယ် ကျပါတယ်၊ အဒေါ့်ကို ပြားငါးဆယ် လျှော့ပေးလိုက်မယ်၊ တစ်တေးနဲ့ လေးရာပဲ ပေးပါတော့”

ဝူယွီလန် ငွေရှင်းပြီးသောအခါ ဆိုင်အကူသည် ဆန်နှင့် ဂျုံများကို လှည်းပေါ်သို့ ကူညီတင်ပေးလိုက်သည်။

“ကောင်းပါပြီ”

ဝူယွီလန်က လှည်းကို ရှေ့မှဆွဲကာ စုန့်တာ့လန်နှင့် စုန့်အာ့လန်တို့က အနောက်မှ တွန်းပေးရင်း ထွက်ခွာလာခဲ့ကြ၏။

“အိမ်ပြန်ကြစို့”

ထန်ဟူလုရောင်းသော ဈေးသည်အနီးမှ ဖြတ်သွားသောအခါ စုန့်အာ့လန်သည် သူ၏ နှုတ်ခမ်းကို သပ်လိုက်မိသည်။

အရှေ့မှ တိတ်တဆိတ်လျှောက်သွားနေသော ဝူယွီလန်ကို သူက တစ်ချက်ခိုးကြည့်လိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငိုက်စိုက်ကျသွားလေတော့သည်။

ထိုအချိန်တွင် ဝူယွီလန်သည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားကာ သူမ၏ခြေလှမ်းများကို ရပ်တန့်လိုက်လေ၏။

“ခဏလေး”

ညီအစ်ကိုနှစ်ယောက်မှာ သူမကို နားမလည်နိုင်စွာဖြင့် ကြည့်နေကြသည်။

“ငါ ခုနက မင်းတို့ကို ထန်ဟူလု ဝယ်ကျွေးမယ်လို့ ကတိပေးထားတာ၊ မေ့တော့မလို့”

ထိုသို့ပြောရင်း သူမသည် ကြေးပြားအနည်းငယ်ကို ထုတ်ယူကာ ထန်ဟူလုဈေးသည်ထံသို့ လျှောက်သွားလေ၏။

စုန့်အာ့လန်သည် သူ့အင်္ကျီစကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး ဝူယွီလန်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိ၏။

“အစ်ကိုကြီး၊ အဘွားက... တကယ်ကြီး သားတို့ကို ထန်ဟူလု ဝယ်ကျွေးမလို့လားဟင်”

စုန့်တာ့လန်သည်လည်း ဝူယွီလန်၏ကျောပြင်ကို မယုံကြည်နိုင်သောမျက်ဝန်းများဖြင့် ငေးကြည့်နေမိသည်။

“ဘာတွေ ရပ်ကြည့်နေကြတာလဲ၊ ယူပြီးစားကြလေ”

စုန့်အာ့လန်သည် သူ့မျက်စိရှေ့မှ နီရဲနေသော ထန်ဟူလုကို ကြည့်ရင်း သူ့ပေါင်ကိုသူ ပြန်လိမ်ဆွဲလိုက်သည်။

“အား... နာလိုက်တာ”

“တကယ်ကြီးပဲ၊ အဘွားက တကယ်ကြီး ထန်ဟူလု ဝယ်ကျွေးတာပဲ”

စုန့်တာ့လန်၏လက်ထဲသို့လည်း ထန်ဟူလုတစ်ချောင်း ထည့်ပေးလိုက်သော်ငြား သူသည် ဤအဖြစ်အပျက်ကို အိပ်မက်တစ်ခုကဲ့သို့ ထင်မှတ်နေဆဲပင်။

“စားကြလေ”

ထိုသို့ပြောရင်း ဝူယွီလန်ကိုယ်တိုင်လည်း ထန်ဟူလုတစ်ချောင်းကို ယူကာ ပါးစပ်ထဲသို့ သွင်းလိုက်သည်။

စုန့်တာ့လန်သည် တံတွေးမြိုချလိုက်ပြီး မြှောက်ပင့်သောလေသံဖြင့် မေးလိုက်၏။

“အဘွား၊ သား ဒါလေးကို ညီမလေးစားဖို့ ချန်ထားပေးချင်လို့ပါ၊ ရမလားဟင်”

စုန့်အာ့လန်လည်း သဘောတူညီဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ဝူယွီလန်သည် သစ်သားရေပုံးထဲမှ ကောက်ရိုးများကို မလိုက်ရာ ထိုအောက်တွင် ထန်ဟူလုအချောင်းများစွာ ထပ်မံရှိနေသည်ကို တွေ့လိုက်ရသည်။

“မင်းတို့ဟာကို မင်းတို့စားကြ၊ သူတို့အတွက်လည်း ငါ မေ့မထားပါဘူး”

ထန်ဟူလု တစ်ချောင်းလျှင် ကြေးပြားတစ်ပြားသာ ပေးရလေ၏။

ဤမျှလေးကို ချွေတာနေ၍လည်း သူမ ချမ်းသာလာမည် မဟုတ်သလို ဤမျှလေးစားလိုက်၍လည်း ဆင်းရဲသွားမည်မဟုတ်ဟု တွေးကာ လူတိုင်းအတွက် တစ်ချောင်းစီရစေရန် စုစုပေါင်း ဆယ့်တစ်ချောင်းတိတိ ဝယ်ယူလာခဲ့ခြင်းဖြစ်သည်။

သို့သော် ထိုအထဲတွင် စုန့်ကျစ်ရှုအတွက်မူ ပါဝင်မည်မဟုတ်သည်မှာ သေချာပေသည်။

ညီအစ်ကိုနှစ်ယောက်မှာ ထန်ဟူလု အပုံလိုက်ကြီးကို မြင်သောအခါ ရင်တွေတဒိတ်ဒိတ် ခုန်လာခဲ့ကြ၏။ သို့တိုင်အောင် လက်ထဲမှ ထန်ဟူလုကို မစားရက်ဘဲ အိမ်ရောက်မှ အားလုံးနှင့်အတူစုစားရန် ရည်ရွယ်ချက်ဖြင့် သိမ်းဆည်းထားလိုက်ကြသည်။

ထန်ဟူလုများကို မြင်လိုက်ရခြင်းက ညီအစ်ကိုနှစ်ယောက်အတွက် ကြီးမားသောခွန်အားတစ်ခု ဖြစ်သွားစေခဲ့ပြီး လှည်းကိုတွန်းရာတွင် မောပန်းမှု လုံးဝမရှိတော့ဘဲ တက်ကြွစွာ တွန်းလာကြလေသည်။

ဝူယွီလန်၏ခြေလှမ်းများမှာလည်း ပိုပေါ့ပါးလာခဲ့သည်။ သူမတို့ မြေးအဖွားသုံးယောက်မှာ တက်ကြွရွှင်လန်းနေကြ သော်လည်း အခြားတစ်ဖက်ရှိ စုန့်မိသားစု အိမ်လေးမှာတော့ မှိုင်းညို့မှုများ လွှမ်းမိုးနေခဲ့လေ၏။

…

“ပိုက်ဆံကလည်း ရပြီးပြီဆိုတော့ ဒီနေ့ ဒီကလေးကို ငါခေါ်သွားမှရမယ်”

အဘွားအိုတစ်ဦးသည် တံခါးဝတွင် မောက်မာစွာရပ်နေပြီး သူမ၏အနောက်တွင် လူမိုက်နှစ်ဦးက လိုက်ပါလာခဲ့သည်။

ချွမ်းနီလေးမှာ အလွန်တရာကြောက်လန့်နေသဖြင့် မိခင်ဖြစ်သူ၏အနောက်တွင် ပုန်းအောင်းကာ ခန္ဓာကိုယ်လေး တုန်ရီနေရှာ၏။

“အမေ၊ သမီး သူ့နောက်ကိုမလိုက်ချင်ဘူး”

လီရှို့ယွင်သည် သမီးဖြစ်သူ၏ကျောလေးကို ညင်သာစွာပုတ်ကာ နှစ်သိမ့်ပေးနေသည်။ တံခါးဝမှ အဘွားအို ဆက်တိုက် ဖိအားပေးနေသည်ကို ကြည့်ရင်း ယောက္ခမဖြစ်သူ သူမအပေါ် ပြောခဲ့သည့် စကားများကို ပြန်လည်သတိရမိကာ မိမိကိုယ်ကိုယ် လှောင်ပြောင်သည့်အပြုံးတစ်ခု ပေါ်လာခဲ့၏။

‘ဟက်... ယောက္ခမကြီးက ချွမ်းနီလေးကို မရောင်းပါဘူးလို့ ပြောတဲ့စကားကို ယုံကြည်မိတဲ့ ငါက တကယ်ကို ရိုးအလွန်းပါတယ်၊ ငါသာ သူ့စကားတွေကြောင့် သတိလက်လွတ်ဖြစ်ပြီး သမီးလေး အရောင်းခံလိုက်ရရင် တစ်သက်လုံး ကိုယ့်ကိုယ်ကို ခွင့်လွှတ်နိုင်မှာမဟုတ်ဘူး'

“ကျွန်မ သမီးကို မရောင်းဘူး၊ အဲ့ဒီစိတ်ကူးကို လက်လျှော့လိုက်တော့”

ထိုစကားကိုကြားသောအခါ အဘွားအိုဝမ်၏ မှေးကျဉ်းနေသောမျက်လုံးများမှာ မျဉ်းဖြောင့်တစ်ကြောင်းကဲ့သို့ ဖြစ်သွားလေသည်။ သူမသည် ခါးကိုထောက်ကာ အော်ဟစ်လိုက်၏။

“ပိုက်ဆံက ယူထားပြီးပြီ၊ ဒီနေ့ နင် ဒီလူကိုရောင်းသည်ဖြစ်စေ မရောင်းသည်ဖြစ်စေ ငါခေါ်သွားမှာပဲ”

ထိုသို့ပြောရင်း လူမိုက်နှစ်ဦးကို မျက်စပစ်ပြလိုက်ရာ သူတို့က ကလေးကိုဖမ်းဆွဲရန် ရှေ့သို့တိုးလာကြသည်။

ထိုမြင်ကွင်းကို မြင်သောအခါ စုန့်ကျစ်ယုံသည် ကပျာကယာ ဝင်ရောက်တားဆီးလိုက်၏။

“နေ့ခင်းကြောင်တောင်ကြီး သူများအိမ်ထဲကို ကျူးကျော်ဝင်ရောက်ပြီး ငါ့တူမလေးကို အတင်းလာခေါ်တာ၊ ဥပဒေဆိုတာ မရှိတော့ဘူးလား”

ဝမ်ကွေ့ချင်ကလည်း ခင်ပွန်းဖြစ်သူနှင့်အတူ လီရှို့ယွင်၏အရှေ့မှ ဝင်ရပ်လိုက်သည်။

သူမ သမီးအကြီးဆုံးလေးမှာလည်း ယောက္ခမဖြစ်သူ၏ခိုးဝှက်ရောင်းစားခြင်းကို ခံခဲ့ရဖူးသဖြင့် တူမလေးကို ဤသို့သောအဖြစ်ဆိုးမျိုးနှင့် မကြုံတွေ့စေချင်ပေ။

ကျောက်လီကျွမ်သည် မီးဖိုချောင်ထဲမှ သစ်သားတုတ်အချို့ကို ရှာဖွေယူဆောင်လာကာ သူတို့လက်ထဲသို့ ထည့်ပေးလိုက်သည်။

သူမ၏ သမီးအကြီးဆုံးမှာလည်း ယောက္ခမကြီး၏ လျှို့ဝှက်စွာ ခိုး၀ှက်ရောင်းစားခြင်းကို ခံခဲ့ရဖူးသည်။ သူမ မသိလိုက်သော ကိစ္စများတွင် ကူညီနိုင်စွမ်းမရှိသော်လည်း ယခုကဲ့သို့ မျက်မြင်ကိုယ်တွေ့ ကြုံရချိန်တွင်တော့ သူတို့အကြံအစည် အောင်မြင်ခွင့်မပေးနိုင်ပေ။

သူတို့၏ အနေအထားကို မြင်သောအခါ ဤကလေးမလေးအား အလွယ်တကူ ခေါ်ဆောင်သွားနိုင်မည်မဟုတ်ကြောင်း အဘွားအိုဝမ် ရိပ်မိလိုက်သည်။

“အို၊ ကောင်းပြီလေ၊ ပိုက်ဆံကိုတော့ ယူထားပြီးပြီ၊ အခု လူကိုလည်း မပေးတဲ့အပြင် ငါတို့ကိုတောင် ရိုက်ချင်နေသေးတယ်ပေါ့လေ”

“ငါ အခုချက်ချင်း အာဏာပိုင်တွေဆီသွားတိုင်ပြီး နင်တို့တစ်မိသားစုလုံးကို ထောင်ချပစ်မယ်ဆိုတာ ယုံလား၊”

ထိုစကားကို ကြားသောအခါ သူတို့သုံးဦး၏ သစ်သားတုတ်ကို ဆုပ်ကိုင်ထားသောလက်များ အနည်းငယ် လျော့ရဲသွားကြသည်။

ထိုအခြေအနေကို မြင်သောအခါ အဘွားအိုဝမ်သည် ချွမ်းနီလေးကိုစိုက်ကြည့်ကာ မြှူဆွယ်လိုက်၏။

“ကလေးမလေး၊ လိမ္မာတဲ့ကလေးဆိုရင် ငါ့နောက်ကို အေးအေးဆေးဆေးလိုက်ခဲ့ပါ၊ မဟုတ်ရင် ငါ အာဏာပိုင်တွေဆီ သွားတိုင်ပြီး နင့်အမေနဲ့ နင့်ဦးလေးတွေ အဒေါ်တွေကိုပါ ထောင်ထဲထည့်ပစ်မယ်”

All Chapters