အခန်း ၁၆
Vol. 2 Ch. 16
🍅 Chapter 16
“နင့်အမေက အခုမှ ကလေးမွေးထားတာမဟုတ်လား၊ သူသာ ထောင်ထဲရောက်သွားရင် အသက်ရှင်လျက် ပြန်ထွက်လာနိုင်ပါ့မလား မသိဘူးနော်”
လီရှို့ယွင်သည် ချွမ်းနီလေးကို တင်းကျပ်စွာဖက်ထားရင်း အော်ဟစ်လိုက်၏။
“ဘာတွေလာပြောနေတာလဲ”
“နင်တို့ မကြောက်ဘူးဆိုရင် ငါ အခုချက်ချင်း သွားပြီး လိမ်လည်မှုနဲ့ တိုင်တန်းပြီး နင်တို့အားလုံးကို ဖမ်းခိုင်းလိုက်မယ်”
မိခင်ဖြစ်သူ ထောင်ထဲရောက်သွားမည်ကို အလွန်ကြောက်လန့်သွားသော ချွမ်းနီလေးသည် အော်ဟစ်ငိုယိုလိုက်တော့သည်။
“ဟင့်အင်း၊ မတိုင်ပါနဲ့”
“သမီး လိုက်ခဲ့ပါ့မယ်၊ သမီး လိုက်သွားဖို့ သဘောတူပါတယ်”
လီရှို့ယွင်သည် သမီးဖြစ်သူအား ချော့မော့ရန် ပါးစပ်ကို လှမ်းပိတ်လိုက်သော်လည်း ချွမ်းနီလေးသည် ရုတ်တရက်ရုန်းထွက်ကာ အဘွားအိုဝမ်အနီးသို့ ပြေးသွားလေသည်။ သူမသည် ဒူးထောက်ချလိုက်ပြီး ဆိုလာ၏။
“အမေ၊ မနေ့က အဘွားက သမီးကို ရောင်းစားမယ်လို့ပြောတုန်းက သမီးကိုယ်တိုင် သဘောတူခဲ့ပြီးပါပြီ”
“အမေ၊ သမီးကို သွားခွင့်ပြုလိုက်ပါတော့၊ အရောင်းခံရရင်တောင်မှ သမီးက အမေ့သမီးပါပဲ၊ အားတဲ့အချိန်ကျရင် အမေ့ဆီ ပြန်လာလည်လို့ရသေးတာပဲလေ”
ထိုစကားကို ကြားသောအခါ အဘွားအိုဝမ်သည် သူမ၏လက်ထဲမှ ယပ်တောင်ကို ဝှေ့ယမ်းကာ လူမိုက်နှစ်ဦးအား ဖမ်းဆွဲရန် အချက်ပြလိုက်သည်။
“ဒါမှ မှန်ကန်တဲ့အတွေးအခေါ်ပေါ့၊ ငါ့နောက်ကို အေးအေးဆေးဆေးသာလိုက်ခဲ့၊ သခင်ကောင်းနဲ့တွေ့ရင် ကောင်းကောင်းစားရပြီး သက်တောင့်သက်သာ နေရမှာ၊ ဒီလို စုတ်ပြတ်နေတဲ့ တဲအိမ်လေးထဲမှာ နေရတာထက် အများကြီးကောင်းပါတယ်”
လီရှို့ယွင်သည် ရှေ့သို့ တိုးထွက်လာခဲ့၏။
“ဟင့်အင်း၊ ငါ့သမီးကို မရောင်းဘူး၊ သူ့ကိုလွှတ်ပေး”
အကြံအောင်မြင်သွားပြီဖြစ်သော အဘွားအိုဝမ်သည် သူမကိုလွှတ်မပေးတော့ဘဲ လူမိုက်များအား ကလေးမလေးကို ခေါ်ဆောင်သွားရန် ချက်ချင်း အမိန့်ပေးလိုက်သည်။
လီရှို့ယွင် အနောက်မှ ပြေးလိုက်သော်လည်း အဘွားအိုဝမ်၏တွန်းချမှုကို ခံလိုက်ရပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားလေသည်။
“အကောင်းပြောနေတာကို လက်မခံဘဲ အကြမ်းဖက်ချင်နေတာပဲ၊ နင်တို့ ထပ်ပြီးပြဿနာရှာနေမယ်ဆိုရင် အာဏာပိုင်တွေဆီတိုင်ပြီး နင်တို့အားလုံးကို ထောင်ချပစ်မယ်”
စုန့်ကျစ်ယုံနှင့် အခြားသူများက တားဆီးရန် ပြင်လိုက်သော်လည်း အဘွားအိုဝမ်၏ ဆက်လက်ခြိမ်းခြောက်သံကို ကြားလိုက်ရ၏။
“နင်တို့ လှုပ်ရဲလှုပ်ကြည့်၊ ငါ ချက်ချင်းတိုင်ပစ်မယ်၊ အဲ့ဒီအခါကျရင် နင်တို့ ဒုက္ခရောက်ရုံတင်မကဘူး၊ နင်တို့ရဲ့ကလေးတွေပါ ဒုက္ခရောက်ကုန်လိမ့်မယ်”
“ငါပြောထားမယ်နော်၊ ထောင်ထဲကို ဝင်သွားပြီးရင် အသက်ရှင်လျက်ပြန်ထွက်လာနိုင်တဲ့လူ ရှားတယ်၊ နင်တို့ရဲ့ ကလေးတွေကို ဒုက္ခမရောက်စေချင်ရင် မိုက်ရူးရဲမဆန်ကြနဲ့”
ထိုစကားကို ကြားသောအခါ စုန့်ကျစ်ယုံနှင့် အခြားသူများမှာ မလှုပ်ရဲတော့ဘဲ အဘွားအိုဝမ်က ချွမ်းနီလေးအား ခေါ်ဆောင်သွားသည်ကို လက်ပိုက်ကြည့်နေရုံမှလွဲ၍ ဘာမျှမတတ်နိုင်တော့ပေ။
လီရှို့ယွင်မှာ ကလေးမီးဖွားခါစ ဖြစ်သဖြင့် ခန္ဓာကိုယ်မှာ အလွန်တရာ အားနည်းနေလေသည်။ အဘွားအိုဝမ်၏ တွန်းချမှုကို ခံရပြီးနောက် ကြမ်းပြင်ပေါ်မှပင် ပြန်မထနိုင်တော့ချေ။
ခေါ်ဆောင်သွားခံရသော ချွမ်းနီလေးကို ကြည့်ရင်း သူမ၏ ရင်ထဲတွင် ပြာကျသွားသကဲ့သို့ ခံစားလိုက်ရသည်။
“ချွမ်းနီ၊ ငါ့သမီးလေး ချွမ်းနီ”
ချွမ်းနီလေးသည် ကြမ်းပြင်ပေါ်တွင် လဲကျနေသော မိခင်ဖြစ်သူကို ငဲ့ကြည့်ကာ နှလုံးကွဲမတတ် ငိုကြွေးနေရှာသည်။
“အမေ၊ သမီးအတွက် စိတ်မပူနဲ့နော်၊ သမီး အခွင့်အရေးရတာနဲ့ အမေ့ဆီ ချက်ချင်းပြန်လာလည်ပါ့မယ်”
ရည်ရွယ်ချက် အောင်မြင်သွားသော အဘွားအိုဝမ်သည် နှာခေါင်းရှုံ့ကာ ဆိုလိုက်၏။
“ဟက်၊ အဲ့ဒီစိတ်ကူးကို လက်လျှော့လိုက်တော့၊ အရောင်းခံရပြီးတာနဲ့ နင်က သခင့်လူ ဖြစ်သွားပြီ၊ အိမ်ပြန်ချင်သေးတယ် ဟုတ်လား၊ အိပ်မက်သာ မက်နေလိုက်”
ထိုစကားကို ကြားသောအခါ ချွမ်းနီလေး၏ မျက်နှာလေးမှာ သွေးဆုတ်သွားသကဲ့သို့ ဖြူလျော့သွားလေ၏။
‘သူမ နောက်ဘယ်တော့မှ အိမ်ပြန်လာလို့ မရတော့ဘူးလား'
“ဘယ်ခွေးသူတောင်းစားက ငါ့မြေးကို ရောင်းရဲသလဲဆိုတာ ကြည့်ရသေးတာပေါ့”
ခြံဝင်းအပြင်ဘက်မှ ရင်းနှီးနေသော ဆဲရေးတိုင်းထွာသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဝူယွီလန်သည် လှည်းကိုပစ်ချကာ သစ်သားတုတ်ရှည်တစ်ချောင်းအား ကောက်ကိုင်၍ အပြေးအလွှားဝင်လာခဲ့သည်။
သူမ မရှိခိုက် သူမ၏အိမ်သို့ မည်သူကများ ရဲတင်းစွာ ဝင်ရောက်ကျူးကျော်ဝံ့သနည်းဆိုသည်ကို သူမ သိချင်နေ၏။
ဝူယွီလန် ဖြစ်နေသည်ကို မြင်သောအခါ အဘွားအိုဝမ်က ရယ်မောလိုက်၏။
“အို အစ်မဝူ၊ အတော်ပဲ အစ်မ ပြန်လာတာနဲ့အံကိုက်ပဲ၊ ပိုက်ဆံက အစ်မကို ပေးပြီးသားဆိုတော့ ကျွန်မ လူခေါ်သွားပြီနော်”
“ရပ်လိုက်စမ်း”
ဝူယွီလန်သည် ခြံတံခါးကို ဝုန်းခနဲ ပိတ်ချလိုက်၏။
“ဘာပိုက်ဆံကို ငါ့ကိုပေးတာလဲ၊ ငါ့မြေးကို ရောင်းစားမယ်လို့ ဘယ်အချိန်က ပြောဖူးလို့လဲ”
လီရှို့ယွင်သည် အခြားသူများ၏အကူအညီဖြင့် မတ်တတ်ရပ်နိုင်လာပြီး ယောက္ခမဖြစ်သူ၏မေးခွန်းကို ကြားသောအခါ သူမ မျက်လုံးများထဲတွင် စိတ်ပျက်မှုများ အထင်းသား ပေါ်လွင်နေလေသည်။
“အမေ၊ အမေ သတိမေ့နေတာလား၊ ကိုယ်လုပ်ခဲ့တဲ့ကိစ္စကို ဘယ်လိုလုပ် မမှတ်မိရတာလဲ”
ဝူယွီလန်မှာ လုံးဝကို နားလည်နိုင်စွမ်းမရှိတော့ပေ။
“ငါ ချွမ်းနီလေးကို ရောင်းစားမယ်လို့ ဘယ်အချိန်ကပြောဖူးလို့လဲ”
သူမ ခေါင်းလှည့်ကြည့်လိုက်ရာ သားအကြီးဆုံး စုန့်ကျစ်ယုံ၏ မျက်လုံးများထဲတွင်လည်း စိတ်ပျက်မှုများ အထင်းသားရှိနေသည်ကို တွေ့လိုက်ရလေသည်။
လီရှို့ယွင်သည် ဝူယွီလန်အား သွေးထွက်မတတ် နီရဲနေသော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။
“အမေ၊ ဟန်ဆောင်မနေပါနဲ့တော့၊ အမေကိုယ်တိုင် သူ့ကို ရောင်းစားမယ်လို့ ပြောခဲ့တယ်ဆိုတာ အခုလေးတင် ချွမ်းနီက သမီးတို့ကို ပြောပြသွားတာ”
ထိုစကားကို ကြားလိုက်ရသောအခါ ဝူယွီလန်မှာ ဆွံ့အသွားပြီး နဖူးကို လက်ဖြင့်ဖိထားလိုက်မိသည်။
သူမက ချွမ်းနီကို လှမ်းကြည့်လိုက်မိ၏။
“ချွမ်းနီ၊ နင့်ကို ရောင်းစားမယ်လို့ အဘွားပြောခဲ့တာ မှန်ပါတယ်၊ ဒါပေမဲ့ ဘယ်သူ့ဆီကို ရောင်းမယ်လို့ပြောခဲ့လဲဆိုတာ နင်မှတ်မိသေးလား”
ချွမ်းနီသည် သူမ အရောင်းခံရမည့်ကိစ္စကို အလွန်ရှင်းလင်းစွာ မှတ်မိနေပေသည်။
“အဘွားက သမီးကို ဝူယွီလန်ဆိုတဲ့လူဆီ ရောင်းမယ်လို့ ပြောခဲ့တာလေ”
ဝမ်ကွေ့ချင် မျက်တောင်များ ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားသည်။ သူမသည် ခင်ပွန်းဖြစ်သူ၏အင်္ကျီလက်စကို ဆွဲကာ မေးမြန်းလိုက်၏။
“ဝူယွီလန်၊ မှတ်မှတ်ရရ အဲ့ဒါက... အမေ့နာမည် မဟုတ်ဘူးလား”
စုန့်ကျစ်ယုံ သဘောပေါက်သွားသည်။ ဤကိစ္စတွင် မြင်ရသည်ထက် ပိုမိုနက်နဲသော အကြောင်းရင်းများ ရှိနေပုံရပေ၏။ သူက မိခင်ဖြစ်သူကို လှမ်းကြည့်လိုက်သည်။
“ဟုတ်တယ်၊ ဝူယွီလန်ဆိုတာ တကယ်ပဲ အမေ့နာမည်ပဲ”
လီရှို့ယွင်မှာ မှင်သက်သွားပြီး ယောက္ခမဖြစ်သူအပေါ် တကယ်ပဲ အထင်လွဲမှားခဲ့မိပြီကို နားလည်သွားခဲ့သည်။
“အမေ၊ အမေက... ချွမ်းနီကို တကယ်ကြီး ရောင်းစားဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ဘူးလားဟင်”
ဝူယွီလန် ပြန်မဖြေချေ။ သူမသည် လက်ထဲမှ သစ်သားတုတ်ကို မြှောက်ကိုင်ကာ အဘွားအိုဝမ်ထံသို့ လျှောက်သွားလိုက်သည်။
“အဘွားကြီးဝမ်၊ ငါ့မြေးကို ရောင်းစားမယ်လို့ ငါ ဘယ်တုန်းကမှ မပြောခဲ့ဘူး၊ နင့်ငွေကို တကယ်ယူသွားတာ ဘယ်သူလဲ”
အဘွားအိုဝမ်လည်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း ရိပ်မိသွားသည်။ သူမက အရောင်းအဝယ် စာချုပ်ကို ထုတ်ပြလိုက်၏။
“ဒီမှာ အဖြူပေါ် အမည်းတင် ရှင်းရှင်းလင်းလင်း ရေးထားတာပဲ၊ နင့်ရဲ့ အငယ်ဆုံးသားက ငွေကိုလည်း ယူသွားပြီးပြီ”
“စုန့်ကျစ်ရှု…”
ဝူယွီလန် တကယ်ကိုဒေါသထွက်သွားသည်။ ဒီအငယ်ဆုံးသားကို မူလပိုင်ရှင်က အလိုလိုက်ထားမှန်း သူမ သိသော်လည်း ဤမျှလောက်အထိ ယုတ်မာကောက်ကျစ်လိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။
ဤအကောင်က အတွင်းအူတိုင်အထိကို ပုပ်ပွနေခဲ့ပြီဖြစ်သည်။
မလှမ်းမကမ်းတွင် ပုန်းကွယ်နေသော စုန့်ကျစ်ရှုသည် ကိစ္စပေါ်သွားပြီဖြစ်ကြောင်း သိလိုက်၏။
သူသည် ဝပ်ပုန်းနေသော မြက်ခင်းထဲမှ ကမန်းကတန်းထကာ အပြေးအလွှား ထွက်ပြေးသွားလေတော့သည်။
“နင့်ငွေကို ယူသွားတဲ့လူဆီကို သွားရှာလိုက်၊ ဘာပဲဖြစ်ဖြစ် ငါ့မြေးကိုတော့ လုံးဝအရောင်းမခံနိုင်ဘူး”
အဘွားအိုဝမ်ကမူ အထင်အမြင်သေးစွာဖြင့် နှုတ်ခမ်းကို တွန့်ကွေးလိုက်သည်။
“ဟက်၊ နင့်မြေးနှစ်ယောက်ကိုတောင် ရောင်းစားပြီးနေပြီကို အခုမှလာပြီး ဟန်ဆောင်မနေနဲ့”
ဝူယွီလန်မှာ အလွယ်တကူ ကိုင်တွယ်ဖြေရှင်း၍ရမည့်သူ မဟုတ်ကြောင်း၊ ထို့အပြင် ငွေကလည်း ဝူယွီလန်၏လက်ထဲသို့ မရောက်ထားသဖြင့် ပြန်ရရန်ခက်ခဲမည်ဖြစ်ကြောင်း သူမ သိလေသည်။
ထို့ကြောင့် လူမိုက်များကို ခေါ်ကာ စုန့်ကျစ်ရှုထံသို့ သွား၍ ငွေပြန်တောင်းရန် သူမ ရည်ရွယ်လိုက်၏။
“နေဦး”
ဝူယွီလန်သည် တံခါးဝတွင် ရပ်လိုက်ပြီး လက်ထဲမှသစ်သားတုတ်ကို ယားယံနေသည့်ဟန်ဖြင့် ဝှေ့ရမ်းပြလိုက်သည်။
“နင်က ငါ့ချွေးမကို ရိုက်ပြီး ဒီအတိုင်း လှည့်ထွက်သွားချင်တာလား”
အဘွားအိုဝမ်၏အနီးတွင် လူမိုက်နှစ်ဦး ရှိနေသေးသဖြင့် ဝူယွီလန်ကို သူမ မကြောက်ပေ။ ထိုစကားကို ကြားသောအခါ သူမသည် လက်ပိုက်ကာ မာမာထန်ထန် ရပ်နေလိုက်သည်။
“ငါ ရိုက်တာ ဘာဖြစ်လဲ၊ နင်က ငါ့ကို ပြန်ရိုက်ချင်လို့လား”
ထိုအခြေအနေကို မြင်သောအခါ လီရှို့ယွင်သည် ကပျာကယာလျှောက်လာပြီး ဝူယွီလန်ကို ဆွဲထားလိုက်၏။
“အမေ၊ သမီး ဘာမှမဖြစ်ပါဘူး”
အဘွားအိုဝမ်၏ အနီးတွင် လူငယ်လူရွယ် သန်သန်မာမာ ယောကျ်ားနှစ်ဦး ပါရှိနေပြီး သူမတို့မိသားစုတွင်မူ အိုမင်းမစွမ်း၊ အားနည်းသူ၊ ဖျားနာသူနှင့် ကိုယ်အင်္ဂါမသန်စွမ်းသူများသာရှိသဖြင့် ရန်ဖြစ်ပါက မည်သို့မျှ အနိုင်ရနိုင်မည်မဟုတ်ပေ။
သူမကြောင့် မိသားစုဝင်များ အရိုက်ခံရမည်ကို သူမ မလိုလားပေ။
ဝူယွီလန်က ဝမ်ကွေ့ချင်အား မျက်စပစ်ပြလိုက်သည်။ ဝမ်ကွေ့ချင် သဘောပေါက်သွားပြီး လီရှို့ယွင်အား ဆွဲခေါ်ရန် အပြေးအလွှား ရောက်လာခဲ့၏။
“ရှို့ယွင်၊ အမေ ဘာလုပ်နေတယ်ဆိုတာ အမေ သိပါတယ်၊ ထိခိုက်ဒဏ်ရာမရအောင် ဘေးကိုသွားနေလိုက်”
လီရှို့ယွင်သည် တုံ့ဆိုင်းနေသော်လည်း ဘေးဘက်သို့ လျှောက်သွားလိုက်ပြီး သူမ၏မျက်နှာပေါ်တွင် စိုးရိမ်သောကရောက်နေသည့် အမူအရာများ အထင်းသားရှိနေဆဲပင်။
ဝူယွီလန်သည် အပိုစကားများမပြောတော့ချေ။ သူမသည် တုတ်ကိုလွှဲယမ်းကာ ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး အဘွားအိုဝမ်၏မျက်နှာတည့်တည့်သို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့၏။
ဝူယွီလန် တကယ်ရိုက်ရဲလိမ့်မည်ဟု အဘွားအိုဝမ် လုံးဝ မထင်မှတ်ထားခဲ့ပေ။