← Chapters

အခန်း ၁၇

Vol. 2 Ch. 17

အခန်း ၁၇

Vol. 2 Ch. 17

🍅 Chapter 17

ထိုရိုက်ချက်ကြောင့် သူမသည် ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး ခေါင်းကိုကိုင်ကာ အော်ဟစ်ငိုယိုလေတော့သည်။

“အား”

“နင်... နင်၊ ဒီအိုကြီးအိုမကြီးက ငါ့ကို တကယ်ရိုက်ရဲတယ်ပေါ့လေ”

ယောက္ခမဖြစ်သူသည် သူမအတွက်နှင့် အဘွားအိုဝမ်ကို တကယ်ရိုက်ရဲလိမ့်မည်ဟု လီရှို့ယွင် မမျှော်လင့်ထားခဲ့ပေ။ ထိုကဲ့သို့ အကာအကွယ်ပေးခံရသော ခံစားချက်ကြောင့် သူမ၏မျက်ဝန်းများ ပူနွေးလာခဲ့ရလေသည်။

လွန်ခဲ့သော ခဏလေးကပင် သူမသည် ယောက္ခမဖြစ်သူအပေါ် အထင်လွဲမှားနေခဲ့သေးသည်။ သို့သော် ယခုတော့ ယောက္ခမကြီးက သူတို့အတွက် ဤသို့သော အပြုအမူမျိုး လုပ်ဆောင်ပေးနေသည်မှာ...

ထိုအကြောင်းကို တွေးမိသောအခါ မိမိကိုယ်ကို အပြစ်ရှိသော ခံစားချက်များက သူမ၏ရင်ထဲသို့ ဒီရေလှိုင်းများကဲ့သို့ တဟုန်ထိုး ဝင်ရောက်လာခဲ့၏။

လူမိုက်နှစ်ဦး ကြောင်ရပ်နေဆဲဖြစ်သည်ကို မြင်သောအခါ အဘွားအိုဝမ်သည် တံတွေးထွေးကာ အော်ဟစ်ကြိမ်းမောင်း လိုက်သည်။

“ဘာတွေ ရပ်ကြည့်နေကြတာလဲ၊ ဒီဘွားတော်ကြီးကို သေတဲ့အထိ ရိုက်သတ်ကြစမ်း”

စုန့်ကျစ်ယုံသည် ချိုင်းထောက်ကို အားပြုကာ အေးစက်စက်မျက်နှာထားဖြင့် မိခင်ဖြစ်သူ၏ အရှေ့သို့ ဝင်ရပ်လိုက်သည်။

“ငါ့အမေကို ထိချင်ရင် ငါ့ကို အရင်သေအောင်ရိုက်လိုက်”

အခြားသူများကလည်း ထိုအတိုင်း လိုက်လုပ်ကြကာ ဝူယွီလန်ကိုအကာအကွယ်ပေးရန် သူမ၏ အရှေ့သို့ ဝင်ရောက်လာကြ၏။

“အမေ ဒါမှမဟုတ် အဘွားကို ထိချင်ရင် ကျွန်တော်တို့ကို အရင်သေအောင်သတ်လိုက်”

အသံအကျယ်ဆုံးမှာ စုန့်တာ့လန်နှင့် စုန့်အာ့လန်တို့ပင်။

သူမကို အကာအကွယ်ပေးရန် အပြေးအလွှား ရောက်ရှိလာကြသော မိသားစုဝင်များကို ကြည့်ရင်း ဝူယွီလန်၏ရင်ထဲတွင် ကြီးမားသော ကျေနပ်ပီတိဖြစ်မှုများ ဖြစ်ပေါ်လာခဲ့သည်။ သူမသည် ကျောကို ပိုမတ်မတ်ထားလိုက်သည်။

“အဘွားအိုဝမ်၊ နင် မလုပ်သင့်ဆုံး တစ်ခုတည်းသောအရာက ငါ့ရဲ့ တတိယချွေးမကို ထိခိုက်မိတာပဲ၊ ငါ့ချွေးမက အခုမှ ကလေးမီးဖွားထားတာ၊ သူသာ တစ်ခုခုဖြစ်ခဲ့ရင် ငါ အာဏာပိုင်တွေဆီကို သွားတိုင်ပြီး နင့်ကို ထောင်ထဲရောက်အောင် ပို့ပစ်မယ်”

ထိုစကားကို ကြားသောအခါ လီရှို့ယွင်၏မျက်လုံးများ လှည့်ပတ်သွားပြီး ရုတ်တရက် ခေါင်းကိုကိုင်ကာ ကြမ်းပြင်ပေါ်သို့ သတိလစ်ဟန်ဆောင်ရင်း လဲကျသွားလေသည်။

“အို... ရှို့ယွင်၊ ရှို့ယွင်၊ ဘာဖြစ်တာလဲ”

ထိုမြင်ကွင်းကို မြင်သောအခါ ဝမ်ကွေ့ချင်သည် အထိတ်တလန့် အော်ဟစ်လိုက်၏။

နှိုး၍မရတော့သည်။ မြင်သောအခါ သူမသည် လီရှို့ယွင်၏နှာခေါင်းဝသို့ လက်ကိုကပ်ကာ အသက်ရှူနှုန်းကို စမ်းသပ်ကြည့်လိုက်သည်။

ရုတ်တရက်ဆိုသလိုပင် သူမသည်လည်း ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်လျက် ကျသွားခဲ့၏။

“ဒုက္ခပါပဲ... ဒုက္ခပါပဲ၊ ရှို့ယွင်... ရှို့ယွင် အသက်မရှူတော့ဘူး”

ချွမ်းနီလေး အော်ဟစ်ငိုယိုလေတော့သည်။

“အမေ၊ ဘာဖြစ်တာလဲ အမေ”

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အဘွားအိုဝမ်၏ရင်ထဲတွင် အနည်းငယ် ထိတ်လန့်သွားပြီး အပြစ်ရှိသလို ခံစားလိုက်ရသည်။

“ဒါ... ဒါ ငါနဲ့ ဘာမှမဆိုင်ဘူးနော်၊ ငါ သူ့ကို တစ်ချက်လေးပဲ တွန်းလိုက်တာ”

တကယ် ပြဿနာကြီးသွားမည်ကို ကြောက်လန့်သွားသော အဘွားအိုဝမ်သည် ခေါင်းကိုကိုင်ရင်း ခြေထောက်တွင် မီးဆွဲနေသည့်မလား ခြံဝင်းအပြင်ဘက်သို့ ကမန်းကတန်း ပြေးထွက်သွားလေတော့သည်။

ဝမ်ကွေ့ချင်မှာ လီရှို့ယွင်ဟန်ဆောင်နေမှန်း မသိသဖြင့် ဆက်လက်အော်ဟစ် ငိုယိုနေဆဲပင်။

“အမေ၊ ရှို့ယွင် အသက်မရှူတော့ဘူး၊ မြန်မြန် သမားတော်သွားခေါ်ပါ”

လီရှို့ယွင်သည် ဖြည်းညင်းစွာ မျက်လုံးပြန်ဖွင့်လာခဲ့သည်။

“အစ်မကြီး၊ ညီမလေး ဘာမှမဖြစ်ပါဘူး”

ချွမ်းနီလေး ငိုနေဆဲဖြစ်သည်ကို မြင်သောအခါ သူမသည် သမီးဖြစ်သူအား ချက်ချင်းဖက်ထားကာ နှစ်သိမ့်ပေးလိုက်သည်။

“နောက်နောင် ဒီလိုမျိုး လာစော်ကားတဲ့လူတွေ ရှိရင် အိမ်ပြင်ရောက်အောင်သာ ရိုက်ထုတ်လိုက်ကြ”

ဝူယွီလန်သည် စကားပြောပြီးသည်နှင့်တစ်ပြိုက်နက် ခြံဝင်းအပြင်သို့ ထွက်ကာ လှည်းကို ပြန်တွန်းလာခဲ့သည်။

လီရှို့ယွင် ယခုမှ တကယ်ကို ယုံကြည်သွားတော့၏။ သူမ၏ ယောက္ခမသည် သမီးဖြစ်သူကို ရောင်းစားရန် တကယ်ပင် ရည်ရွယ်ချက်မရှိခဲ့ပေ။

သူမသည် ချွမ်းနီလေးကို တယုတယ ပွေ့ဖက်ထားရင်း နဖူးလေးကို အကြိမ်ကြိမ် သပ်ပေးနေမိသည်။

“ချွမ်းနီလေး၊ မကြောက်နဲ့နော်၊ အဘွားကို မေမေတို့ အထင်လွဲခဲ့တာ၊ အဘွားက သမီးကို ရောင်းမစားပါဘူး”

စုန့်ကျစ်ယုံသည် ယခုလေးတင် ဖြစ်ပျက်သွားခဲ့သောအဖြစ်အပျက်များကို ပြန်လည်တွေးတောရင်း သူ့ရင်ထဲတွင် လှုပ်ခတ်သွားခဲ့ရသည်။

‘အမေက တကယ်ကို ပြောင်းလဲသွားခဲ့ပြီပဲ'

“ဘာတွေရပ်ကြည့်နေကြတာလဲ၊ လာကူကြလေ”

ဝူယွီလန်၏တိုက်တွန်းသံကို ကြားသောအခါ ဝမ်ကွေ့ချင်သည် ပထမဆုံးသတိဝင်လာပြီး လှည်းတွန်းပေးရန် အပြေးအလွှား ရောက်လာခဲ့၏။

“အမေ၊ ဘယ်လိုလုပ်ပြီး ပစ္စည်းတွေဒီလောက်အများကြီး ဝယ်လာရတာလဲဟင်”

ဝူယွီလန်သည် လှည်းကို မီးဖိုချောင်တံခါးဝအထိ တွန်းသွားလိုက်၏။

“ဒီနေ့ ဟိုငါးရေပုံးနှစ်ပုံးကို ရောင်းလိုက်တာ၊ အဲ့ဒါနဲ့ ဆန်နဲ့ ဂျုံမှုန့် နည်းနည်း ဝယ်လာတယ်၊ ပြီးတော့ ဆားလည်း ဝယ်လာတယ်၊ အိမ်မှာ ဆီမရှိတော့လို့ ဆီချက်ဖို့ ဝက်ဆီဖတ်လည်းဝယ်လာခဲ့တယ်”

ထိုသို့ပြောရင်း သူမသည် ပစ္စည်းများကို တစ်ခုချင်းစီ စီစီရီရီ ချထားလိုက်၏။

“အရည်သောက်ချက်ဖို့ ဝက်ခြင်ဆီရိုးကြီးတွေလည်း ဝယ်လာသေးတယ်၊ ပြီးတော့ ဝက်သုံးထပ်သားနှစ်ကျင်းလည်း ပါတယ်၊ ဒီည ဝက်သားဟင်းချိုပေါင်း ပေါင်းစားကြမယ်”

ရေပုံးထဲမှ အသားများကို မြင်သောအခါ ဝမ်ကွေ့ချင်၏ မျက်လုံးများထဲတွင် တပ်မက်မှုများဖြင့် ပြည့်နှက်သွားလေသည်။ သူမသည် ရေပုံးကို ဆုပ်ကိုင်ထားရင်း တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် မေးလိုက်၏။

“အမေ၊ ဒီအသားတွေကိုလေ... သမီးတို့ရော စားလို့ရမှာလားဟင်”

“ရတယ်၊ အားလုံးစားလို့ရတယ်၊ ဒီနေ့ကစပြီး ငါ ဘာစားစား နင်တို့လည်း အဲ့ဒါစားရမယ်”

ဝမ်ကွေ့ချင်သည် သူမ ခံစားချက်များကို မဖုံးကွယ်နိုင်တော့ပေ။ ထိုစကားကို ကြားသောအခါ သူမ၏မျက်နှာကြီး ပြုံးဖြီးသွားလေတော့သည်။

“ကလေးတို့ရဲ့အဖေ၊ ကြားလား၊ ဒီည ငါတို့ ဝက်သားဟင်းစားရမယ်လို့ အမေကပြောတယ်”

တစ်ယောက်ကို တစ်ဖတ်ပဲ စားရမမည်ဆိုလျှင်ပင် သူမအနေဖြင့် ကျေနပ်ရောင့်ရဲနေပြီဖြစ်သည်။

စုန့်ကျစ်ယုံသည် ဆီဝေ့နေသောဝက်ဆီဖတ်များကို ကြည့်ရင်း သူ့ရင်ထဲတွင် အနည်းငယ် နွေးထွေးသွားခဲ့၏။

“အမေ၊ အဘွားက သားတို့ကို ထန်ဟူလုတွေလည်း ဝယ်လာပေးတယ်”

စုန့်အာ့လန်သည် ရေပုံးထဲမှ ထန်ဟူလုများကို ထုတ်ယူလိုက်သည်။

ဆယ်ချောင်းတိတိ၊ နီရဲတောက်ပနေသည်ပင်။

ဝမ်ကွေ့ချင်သည် ဝူယွီလန်ကို အလိုအလျောက် လှမ်းကြည့်လိုက်မိသည်။

“စားကြ၊ တစ်ယောက်ကိုတစ်ချောင်း အတိအကျပဲ”

“အာ့လန်၊ ထန်ဟူလုတွေအားလုံးကို ဝေပေးလိုက်”

စုန့်အာ့လန်သည် အမိန့်ကို လက်ခံရရှိပြီးနောက် ထန်ဟူလုများကို အားလုံးအား လိုက်ဝေပေးလိုက်၏။ လူတိုင်း တစ်ချောင်းစီရရှိသွားပြီးနောက် နောက်ဆုံးတွင် တစ်ချောင်းပိုနေလေသည်။

“အဘွား၊ ဒီတစ်ချောင်းက ဦးလေး ၄ အတွက် ချန်ထားတာလားဟင်”

ဝူယွီလန်သည် မျက်ခုံးတစ်ဖက်ကို ပင့်လိုက်လေ၏။

ဤပြဿနာကောင် သားအငယ်ဆုံးကို လည်ပင်းညှစ်မသတ်ပစ်ခဲ့ခြင်းကပင် သူမ၏ ကြီးမားလှသောကရုဏာတရားကို ပြသပြီးသား ဖြစ်နေခဲ့ပြီဖြစ်သည်။

ထန်ဟူလုတစ်ချောင်း ပိုနေရခြင်းမှာ မွေးကင်းစကလေးငယ်လေးအတွက်ပါ ထည့်သွင်းရေတွက်ထားသောကြောင့်ပင်။

“ငါ ၀ယ်လာတာ သူ့အတွက်မဟုတ်ဘူး၊ ကလေးလေးအတွက် ဝယ်လာတာ”

“ကလေးက ငယ်လွန်းတော့ အခုမစားနိုင်သေးဘူး၊ ဒါကြောင့် သူ့ကိုယ်စား ငါ စားလိုက်မယ်၊ နောက်ကျမှ သူစားနိုင်တဲ့အရွယ်ရောက်ရင် ပြန်ဝယ်ကျွေးပြီး အစားပြန်ပေးမယ်”

ထိုသို့ပြောရင်း သူမသည် ထန်ဟူလုကို ယူကာ ပါးစပ်ထဲသို့ သွင်းလိုက်သည်။

စုန့်ကျစ်ယုံက သူ့ထန်ဟူလုကို လှမ်းပေးလိုက်ရင်း ပြောလိုက်လေ၏။

“အမေ၊ သားက လူကြီးဖြစ်နေပြီဆိုတော့ ဒီလိုမုန့်အချိုတွေ သိပ်မစားချင်ပါဘူး၊ အမေပဲ ယူထားလိုက်ပါ”

ဝူယွီလန်သည် ထန်ဟူလုကို ပြန်လုယူလိုက်ပြီး သူ့ပါးစပ်ထဲသို့ အတင်းထိုးသွင်းလိုက်သည်။

“ငါ့ကို အမေလို့ ခေါ်နေသရွေ့ နင်ဟာ ငါ့ကလေးပဲ၊ စားသာ စားလိုက်စမ်းပါ”

စုန့်ကျစ်ယုံတစ်ယောက် မှင်သက်သွားလေ၏။

‘အမေက ငါလည်း သားတစ်ယောက်ဆိုတာကို မှတ်မိနေသေးတာပဲ’

သူ့ပါးစပ်အတွင်း ပြန့်နှံ့သွားသော အချိရည်လေးကို သူ အရသာခံလိုက်မိ၏။

သူ၏ အသက်သုံးဆယ်သက်တမ်းတစ်လျှောက် ဤမျှချိုမြိန်သော အရသာမျိုးကို တစ်ကြိမ်တစ်ခါမျှ မမြည်းစမ်းခဲ့ဖူးချေ။

‘ထန်ဟူလုဆိုတာက ဒီလောက်တောင် ချိုတာကိုး'

ဝမ်ကွေ့ချင်သည် ပန်းနုရောင်ဖျော့ဖျော့အထည်လိပ်ကို ကြည့်ရင်း ခေါင်းကုတ်လိုက်မိ၏။

“အမေ၊ ဒီအထည်လိပ်က ယောက်ဖလေးအတွက် အင်္ကျီချုပ်ပေးဖို့ပဲလားဟင်”

ယောက်ျားလေးတစ်ယောက် ဒီလိုအရောင်မျိုးဝတ်ရင် နည်းနည်းတော့ ကြည့်ရဆိုးနေမှာပဲဟု သူမ စိတ်ထဲမှတွေးလိုက်မိသည်။

“မဟုတ်ဘူး၊ ကလေးလေးအတွက် အနှီးနဲ့ အင်္ကျီချုပ်ဖို့ နည်းနည်းဖြတ်လိုက်၊ ကျန်တဲ့အစကိုတော့ အိမ်က မိန်းကလေးသုံးယောက်အတွက် တစ်ယောက်တစ်စုံစီ ချုပ်ပေးလိုက်”

ထိုစကားကို ကြားလိုက်ရသောအခါ ဝမ်ကွေ့ချင်၏မျက်လုံးများမှာ ချက်ချင်းအရောင်လက်သွားလေ၏။

“အမေ တကယ်ပြောနေတာလား”

ဝမ်ကွေ့ချင် အံ့ဩသွားသည်မှာလည်း မဆန်းပေ။ ပတ်ဝန်းကျင် ရွာများကို လိုက်လံကြည့်ရှုမည်ဆိုလျှင် မိန်းကလေးများအတွက် သီးသန့်အထည်ဝယ်ကာ အင်္ကျီချုပ်ပေးသော မိသားစုဆိုသည်မှာ ခပ်ရှားရှားပင်။

ထို့ပြင် အတိတ်ကဆိုလျှင် သူမ၏ယောက္ခမသည် အိမ်ရှိ မိန်းကလေးများကို အမုန်းဆုံးဖြစ်ပြီး တစ်နေကုန် ‘အရှုံးပေါ်စေတဲ့ကောင်မတွေ’ ဟုသာ ခေါ်ဝေါ်လေ့ရှိသည်။

ယခုတော့ ယောက္ခမကြီးကိုယ်တိုင်က မိန်းကလေးများအတွက် အင်္ကျီချုပ်ပေးတော့ပေမည်။

သူမ မည်သို့လုပ်၍ မအံ့ဩဘဲ နေနိုင်မည်နည်း။

ထိုစကားကြောင့် ဤနေရာ၌ ရှိနေသူအားလုံးမှာ အံ့အားသင့်ကာ မှင်သက်သွားကြလေသည်။

ဝူယွီလန်သည် အထည်လိပ်ကိုပိုက်ကာ ဝမ်ကွေ့ချင်၏အခန်းတွင်းသို့ တန်းတန်းမတ်မတ် ဝင်သွားလေ၏။

“အင်း၊ အင်္ကျီချုပ်ရမယ့် တာဝန်ကို နင်နဲ့ ဒုတိယချွေးမကိုပဲ လွှဲပေးလိုက်မယ်”

အိမ်ရှိ မိန်းကလေးသုံးယောက်မှာ အင်္ကျီအသစ်ရတော့မည်ကို ကြားသောအခါ ဝမ်းသာလွန်း၍ ခုန်ပေါက်နေကြတော့သည်။

‘အင်္ကျီအသစ်တဲ့လား’

သူတို့ မွေးဖွားလာကတည်းက တစ်ကြိမ်တစ်ခါမျှ မဝတ်ဆင်ဖူးခဲ့ပေ။ သူတို့၏ကိုယ်ပေါ်ရှိ အဝတ်အစား အများစုမှာ တတိယဦးလေး စွန့်ပစ်လိုက်သော အဝတ်ဟောင်းများကို ပြန်လည်ပြင်ဆင် ချုပ်လုပ်ထားခြင်းသာဖြစ်သည်။

အရောင်များမှာလည်း မှိုင်းညို့ညို့ အရောင်များသာဖြစ်ပြီး မိန်းကလေးများဝတ်ဆင်ရန် သင့်လျော်သော တောက်ပသည့်အရောင် တစ်ရောင်မျှပင် မပါရှိချေ။

All Chapters