အခန်း ၁၈
Vol. 2 Ch. 18
🍅 Chapter 18
ယခုမူ ပန်းနုရောင် အင်္ကျီအသစ်လေးများရတော့မည်ကို ကြားသောအခါ သူတို့၏ဝမ်းသာပျော်ရွှင်မှုမှာ အတိုင်းမသိ ဖြစ်နေတော့သည်။
ထိုစဉ် ဝူယွီလန်သည် သူမ၏အင်္ကျီစွန်းလေး အဆွဲခံလိုက်ရသလို ခံစားလိုက်ရသည်။ အောက်သို့ ငုံ့ကြည့်လိုက်ရာ ချွမ်းနီလေးက သူမ အင်္ကျီလက်စလေးကို ဆွဲထားပြီး မျက်ရည်ဝဲနေသော မျက်လုံးဝိုင်းကြီးများဖြင့် မော့ကြည့်နေသည်ကို တွေ့လိုက်ရ၏။
“အဘွားက သမီးတို့အပေါ် အမြဲတမ်း ဒီလိုကောင်းပေးနိုင်မလားဟင်”
ဝူယွီလန်သည် မည်သည့်စကားမျှမဆိုဘဲ ကလေးမလေး၏ခေါင်းကိုသာ ညင်သာစွာ ပုတ်ပေးလိုက်သည်။
“ဟင်းချက်ရမယ့် အချိန်ရောက်ပြီ”
ဝမ်ကွေ့ချင်သည် ဝူယွီလန် အနောက်သို့ အပြေးအလွှား လိုက်လာခဲ့၏။
“အမေ၊ နားနေပါ၊ သမီး လုပ်လိုက်ပါ့မယ်”
ကျောက်လီကျွမ်လည်း ကူညီရန် ကမန်းကတန်း လိုက်ပါလာခဲ့သည်။
တပ်မတော်ကို ဦးမဆောင်နိုင်သော စစ်သူကြီးသည် စစ်သူကြီးကောင်း တစ်ယောက် မဟုတ်ကြောင်း ဝူယွီလန် ကောင်းကောင်းကြီး နားလည်ထားသည်။
၀ူယွီလန်သည် သူမ၏စီမံခန့်ခွဲမှုဖြင့် အိမ်ထောင်စုကို စနစ်တကျလည်ပတ်စေရန် ရည်ရွယ်ထား၏။
သူမသည် ဆန်ကို ချိန်တွယ်ပေးပြီးနောက် တစ်ယောက်ကို ဆန်ပြုတ်ပြုတ်ရန် အမိန့်ပေးကာ နောက်တစ်ယောက်ကို ငါးသတ်ရန် ခိုင်းစေလိုက်သည်။ သူမကိုယ်တိုင်မူ ခြံဝင်းအတွင်းရှိ ဟင်းသီးဟင်းရွက်ခင်းဆီသို့ ထွက်လာခဲ့လေသည်။
ပုံမှန်အားဖြင့် ခြံဝင်းအတွင်းရှိ ဟင်းသီးဟင်းရွက်များကို ရောင်းချရန်အတွက်သာ သိမ်းဆည်းထားလေ့ရှိပြီး မည်သူ့ကိုမျှ ကိုင်တွယ်ခွင့်မပေးသဖြင့် စိုက်ခင်းထဲမှ အသီးအရွက်များမှာ ခူးဆွတ်ခံရခြင်း မရှိသလောက်ပင်။
တရုတ်ဂေါ်ဖီထုပ်၊ မုန်ညင်းဖြူ၊ မုန်လာဥဖြူ၊ ဖရုံသီး၊ ကျောက်ဖရုံသီး စသော သာမန်ဟင်းသီးဟင်းရွက်များသာမက တရုတ်နံနံနှင့် ကြက်သွန်မြိတ်များပါ စိမ်းလန်းစိုပြည်စွာ ရှင်သန်ကြီးထွားနေကြသည်။
ဝူယွီလန်သည် ဤဟင်းသီးဟင်းရွက်များဖြင့် ငွေရှာရန် ရည်ရွယ်မထားတော့ဘဲ စားချင်သည်များကို လွတ်လွတ်လပ်လပ် ခူးယူလိုက်သည်။
သူမသည် ကျောက်ဖရုံသီး တစ်လုံး၊ မုန်ညင်းဖြူ အနည်းငယ်ကို ခူးဆွတ်လိုက်ပြီး ကြက်သွန်မြိတ်အချို့ကိုလည်း နုတ်ယူလိုက်လေ၏။
“အင်း၊ ညစာအတွက် ကျောက်ဖရုံသီးနဲ့ အရိုးဟင်းချိုချက်မယ်၊ အသီးခြောက်နဲ့ ဝက်သားအချိုပေါင်းလေးလည်း ပါတယ်၊ ပြီးတော့ ငါးဟင်းနဲ့ မုန်ညင်းဖြူကြော်၊ ဒီလောက်ဆို လုံလောက်ပါပြီ”
ဘေးတွင် ရပ်နေသော စုန့်ချန်းဟွာသည် ဝူယွီလန် ဟင်းသီးဟင်းရွက်များ ခူးဆွတ်ပြီးသည်ကို မြင်သောအခါ တောင်းတစ်လုံးအား ကပျာကယာ ယူလာကာ လှမ်းခံပေးလိုက်၏။
“အဘွား၊ ဒီအသီးအရွက်တွေ အကုန်လုံး ဆေးရမှာလားဟင်”
ဝူယွီလန်သည် အားနာနေခြင်းမရှိဘဲ တောင်းကို သူမထံသို့ တိုက်ရိုက်ကမ်းပေးလိုက်၏။
“အကုန်ဆေးလိုက်၊ ဒီည စားဖို့အတွက်ချည်းပဲ”
ဝက်ဆီမချက်ရသေးသည်ကို သတိရသွားသဖြင့် ဝူယွီလန်သည် ဝက်ဆီဖတ်ကို အမြန်ထုတ်ယူကာ ရေဆေးလိုက်ပြီး အတုံးသေးသေးလေးများ တုံးလိုက်သည်။ ထို့နောက် ဒယ်အိုးထဲသို့ ထည့်ကာ ရေအနည်းငယ် ထည့်၍ ဆီချက်ရန် ပြင်ဆင်လိုက်လေ၏။
မီးပြင်းပြင်းအောက်တွင် ဝက်ဆီဖတ်တုံးလေးများမှာ တဖြည်းဖြည်းချင်း ကြွပ်ရွသော ဝက်ဆီဖတ်ကြော်လေးများအဖြစ်သို့ ပြောင်းလဲသွားလေသည်။
စုန့်အာ့လန်သည် နှုတ်ခမ်းကိုသပ်လိုက်ပြီး မီးဖိုချောင်ဘက်သို့ တပ်မက်စွာ ငေးကြည့်လိုက်မိ၏။
“ဘာအနံ့လေးလဲ၊ မွှေးလိုက်တာ”
စုန့်ချန်းဟွာက တောဟင်းသီးဟင်းရွက်များကို ကြက်ခြံထဲသို့ ပစ်ထည့်လိုက်၏။
“ဝက်ဆီဖတ်ကြော်အနံ့လေ”
ဝက်စာကျွေးပြီးနောက် စုန့်တာ့လန်သည် ရေအနည်းငယ်ခပ်ယူကာ မျက်နှာသစ်လိုက်လေ၏။
“စားဖို့ တွေးမနေနဲ့၊ ဒီဝက်ဆီဖတ်တွေက ဦးလေး ၄ စားဖို့အတွက်ချည်းပဲ”
ပုံမှန်အားဖြင့် ၀က်ဆီဖတ်ကြော်သည့်အခါတိုင်း စုန့်ကျစ်ရှုတစ်ယောက်တည်းသာ ဝက်ဆီဖတ်ကြော်များကို စားခွင့်ရလေ့ရှိသည်။
စုန့်တာ့လန်သည် ညီငယ် ညီမငယ်များကို မျှော်လင့်ချက်ကြီးကြီး ထားပြီးမှ မစားရသည့်အခါ စိတ်ပျက်ဝမ်းနည်းသွားမည်ကို မလိုလားပေ။
စုန့်အာ့လန် နှာခေါင်းပွတ်လိုက်သည်။
“ဒါပေမယ့် ဘာလို့ အဲ့ဒီအမွှေးနံ့ကြီးက ညီမလေးတို့တွေဆီကို တဖြည်းဖြည်း နီးလာသလို ခံစားနေရတာလဲ”
“ဖတ်”
သူ့ခေါင်းကို ရုတ်တရက် အခေါက်ခံလိုက်ရသည်။ စုန့်အာ့လန်သည် နာကျင်မှုကြောင့် ခေါင်းကိုပွတ်ကာ လှည့်ကြည့်လိုက်ရာ ပန်းကန်လုံးတစ်လုံးကို ကိုင်ဆောင်လျက် ရပ်နေသော ဝူယွီလန်အား တွေ့လိုက်ရလေ၏။
“အစ်ကိုတစ်ယောက်ဖြစ်နေပြီး ကိုယ့်ရဲ့ ကိုးနှစ်အရွယ်ညီမလေး ကြက်စာကျွေးနေတာကို ရပ်ကြည့်နေသရလား”
စုန့်အာ့လန်သည် မတရားခံရသလို ခံစားလိုက်ရပြီး ခေါင်းကိုကုတ်လိုက်၏။
“အဘွား၊ သား အခုလေးတင် ဟင်းသီးဟင်းရွက်ခင်းကို ရေလောင်းပြီးတာပါ”
ဝူယွီလန် ထိုစကားကိုကြားသော်လည်း ဘာမှဆက်မပြောတော့ဘဲ သူမ လက်ထဲမှ ပန်းကန်လုံးကို စုန့်အာ့လန်၏လက်ထဲသို့ အတင်းထိုးထည့်ပေးလိုက်သည်။
“ညစာ မကျက်သေးဘူး၊ အစာအိမ်ထဲ အခံလေးဖြစ်သွားအောင် ဒါလေး နည်းနည်းစားထားလိုက်”
စုန့်အာ့လန်သည် အဆီတဝင်းဝင်းဖြင့် တောက်ပနေသော ဝက်ဆီဖတ်ကြော်များကို ကြည့်ရင်း မွှေးပျံ့သောရနံ့ကြောင့် မူးဝေသွားလေသည်။
သူက မယုံကြည်နိုင်စွာဖြင့် မေးလိုက်လေ၏။
“အဘွား... ဒါတွေက သားတို့စားဖို့အတွက်လားဟင်”
ဝူယွီလန်သည် တစ်ဖတ်ကိုကောက်ယူကာ စုန့်အာ့လန်၏ပါးစပ်ထဲသို့ ထိုးသွင်းပေးလိုက်သည်။
“ခွေးပေါက်လေး ကျွေးဖို့အတွက်ပါဟယ်”
“ဟီးဟီးဟီး”
ဝက်ဆီဖတ်ကြော်များပေါ်တွင် ဆားအနည်းငယ်ဖြူးထားသဖြင့် အရသာမှာ အလွန်တရာ ကောင်းမွန်လှပေ၏။
ပူလွန်းသဖြင့် စုန့်အာ့လန် လျှာထွက်သွားသော်လည်း သူ ပြန်မထွေးထုတ်ရက်ပေ။
“မင်းတို့ မောင်နှမတွေ ခွဲစားကြ”
မှာကြားပြီးနောက် ဝူယွီလန်သည် သူမ အလုပ်များကို ဆက်လုပ်ရန် ပြန်သွားလေသည်။
စုန့်အာ့လန်သည် ဝက်ဆီဖတ်ကြော်များကို ကိုင်ထားရင်း ဝူယွီလန်၏ကျောပြင်အား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိ၏။
“အဘွားက... တကယ်ကြီး ငါ့ကို ဝက်ဆီဖတ်တွေစားခိုင်းသွားတာပဲ”
ဝက်ဆီဖတ်ကြော်အနံ့ကြောင့် ဆွဲဆောင်ခံလိုက်ရသော စုန့်ချန်းဟွာလေးသည်လည်း တံတွေးမြိုချလိုက်မိသည်။
“အစ်ကိုကြီး၊ သမီးတို့ တကယ်စားရမှာလားဟင်”
စုန့်အာ့လန်သည် ဝက်ဆီဖတ်ကြော်တစ်ဖတ်ကို ယူကာ စုန့်ချန်းဟွာ၏ပါးစပ်ထဲသို့ ခွံ့ပေးလိုက်၏။
“အဘွားက စားလို့ပြောမှတော့ စိတ်ပူမနေဘဲ စားလိုက်ပါ၊ အဆိုးဆုံးဖြစ်လာရင်လည်း အရိုက်ခံရရုံပေါ့”
စုန့်ချန်းဟွာ စဉ်းစားကြည့်ရာ အစ်ကိုဖြစ်သူ ပြောသည်မှာလည်း မှန်နေသည်။ အလွန်ဆုံးမှ အရိုက်ခံရရုံသာ။ မည်သို့ပင်ဖြစ်စေ အရိုက်ခံရသည်မှာ သူတို့အတွက် ရိုးအီနေပြီဖြစ်သည်။
ကလေးများအားလုံး စုရုံးလာကြပြီး မျက်လုံးများ အရောင်တောက်ကာ တစ်ယောက်တစ်ဖတ်ဖြင့် ဝေမျှစားသောက်ကြလေတော့သည်။
သူတို့သည် အိမ်ရှိလူကြီးများကိုလည်း မေ့မထားကြချေ။ အနည်းငယ် မြည်းစမ်းပြီးသည်နှင့် လူကြီးများကို ဝေမျှပေးရန် ပန်းကန်လုံးကို သယ်ဆောင်သွားကြလေသည်။
ဟင်းလျာများ ကျက်သွားသောအခါ ဝူယွီလန်သည် ဟင်းများကို ခွဲဝေလိုက်ပြီး လီရှို့ယွင်အတွက် အရင်ဆုံးသွားပို့ပေး လေသည်။
“ဒေါက်၊ ဒေါက်၊ ဒေါက်…. ထမင်းစားချိန် ရောက်ပြီ”
ပြောပြီးသည်နှင့် ဝူယွီလန်သည် တံခါးကိုတွန်းဖွင့်ကာ ဝင်ရောက်သွားလေ၏။
ယောက္ခမဖြစ်သူကို မြင်သောအခါ လီရှို့ယွင်သည် လက်ထဲမှ ပန်းထိုးအထည်ကို ကမန်းကတန်းချထားပြီး ကုတင်ပေါ်မှ ထထိုင်လိုက်သည်။
“အမေ”
ဝူယွီလန်သည် ကုတင်ပေါ်ရှိ လက်ကိုင်ပဝါကို သဘာဝကျကျပင် သတိထားမိလိုက်သည်။ သူမက သယ်လာသော အစားအသောက်များကို စားပွဲပေါ်ချထားရင်း ဆိုလိုက်၏။
“နင့်အတွက် အခုအချိန်မှာ အရေးအကြီးဆုံးက ကျန်းမာရေးပြန်ကောင်းလာဖို့ပဲ၊ ပန်းထိုးတာကို ခဏရပ်ထားလိုက်ဦး”
စားပွဲပေါ်ရှိ ငါးဟင်းနှင့် ဝက်သားများကို မြင်သောအခါ လီရှို့ယွင်သည် ပိုစိုးရိမ်တကြီးဖြစ်သွားရ၏။
“အမေ၊ ဒီလိုမျိုး ကောင်းပေ့ဆိုတဲ့ အစားအစာတွေကို အမေပဲစားပါ၊ သမီး... သမီးက ဆန်ပြုတ်ကျဲကျဲလေး သောက်ရရင်ကို လုံလောက်ပါပြီ”
“စားစရာရှိတာ စားလိုက်စမ်းပါ၊ ဂျီးများမနေနဲ့”
ကြမ်းတမ်းသော လေသံဖြစ်နေဆဲပင် ဖြစ်သော်လည်း ယခုအခါတွင်မူ ကြားရသည်မှာ တစ်မျိုးလေး ကွဲပြားနေသလို ခံစားရလေသည်။
“အမေ...”
လီရှို့ယွင်၏မျက်ဝန်းများမှာ နီရဲလာခဲ့ပြီး တိုးညှင်းလွန်းသောအသံလေးဖြင့် ကတိပေးလိုက်ရှာသည်။
“သမီး နောက်ဆိုရင် ပိုက်ဆံရအောင် လက်ကိုင်ပဝါတွေ သေချာထိုးပေးပါ့မယ်၊ မိသားစုအတွက် ဘယ်တော့မှ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရပါဘူး”
ထိုသို့ပြောရင်း သူမသည် ပန်းထိုးပြီးသား လက်ကိုင်ပဝါများကို ထုတ်ယူလိုက်၏။
“ဒါတွေက ဒီရက်ပိုင်းအတွင်း သမီးထိုးထားတဲ့ လက်ကိုင်ပဝါတွေပါ၊ မနက်ဖြန်ကျရင် အမေ သွားအပ်ပေးပါနော်၊ ပြီးတော့ ပန်းထိုးဖို့ အထည်အသစ်တွေပါ ထပ်ယူလာပေးပါ”
ဝူယွီလန်သည် လက်ကိုင်ပဝါများကို ယူလိုက်သော်လည်း ဤပန်းထိုးအလုပ်ကို နောက်တစ်ကြိမ် လုံးဝ လက်ခံ၍မဖြစ်တော့ ဟု သူမ၏ရင်တွင်း၌ တွေးတောလိုက်မိ၏။
ကလေးမီးဖွားခြင်းက လူ၏ခွန်အားများကို များစွာ ဆုတ်ယုတ်စေသည်။ ဤကဲ့သို့ ခန္ဓာကိုယ်ကို အတင်းအကျပ်ခိုင်းစေကာ ပန်းထိုးနေမည်ဆိုပါက သူမ ကျန်းမာရေးမှာ အနှေးနှင့်အမြန် ဆိုသလို ချို့ယွင်းလာပေလိမ့်မည်။
“ငါလုပ်ရမယ့်အလုပ် ငါ သိပါတယ်၊ နင် ဒီအစားအသောက်တွေကို အကုန်ကုန်အောင်စားလိုက်၊ တစ်စက်မှ မကျန်စေနဲ့ ခဏနေရင် နင့်မရီးကို ပန်းကန်တွေ လာသိမ်းခိုင်းလိုက်မယ်”
ဝူယွီလန်သည် စကားပြောပြီးသည်နှင့် ဘေးနားတွင်ရပ်နေသော ချွမ်းနီလေးထံသို့ လက်ကမ်းပေးလိုက်သည်။
“လာ၊ အဘွားနဲ့ သွားစားရအောင်”
ချွမ်းနီလေးသည် စားပွဲပေါ်ရှိ အစားအစာများကို တစ်ချက်လှည့်ကြည့်လိုက်ပြီးနောက် ဝူယွီလန်၏လက်ကို လိမ္မာစွာ ဆုပ်ကိုင်လိုက်၏။
“အမေ၊ သမီး ထမင်းစားပြီးတာနဲ့ အမေ့ကို လာအဖော်ပြုပေးမယ်နော်”
အခန်းတံခါး ပြန်လည်ပိတ်သွားသော်လည်း ဘေးဘက်ရှိ ပြတင်းပေါက်ကို တစ်ဝက်ခန့်ဖွင့်ထားသဖြင့် အခန်းတွင်း၌ အမှောင်ကျမနေပေ။
နေဝင်ဆည်းဆာ၏ ကျန်ရစ်နေသော အလင်းရောင်များအောက်တွင် စားပွဲပေါ်ရှိ ကျောက်ဖရုံသီးအရိုးဟင်းချိုတစ်ခွက်၊ အသီးခြောက်နှင့် ဝက်သားအချိုပေါင်း တစ်ပန်းကန်၊ ငါးဟင်း ပန်းကန်လုံးအသေး တစ်လုံးနှင့် မုန်ညင်းဖြူကြော်တို့ကို လီရှို့ယွင် တွေ့မြင်နေရလေသည်။
ကြည်လင်ပြီး ချိုမြိန်သော ကျောက်ဖရုံသီးအရိုးဟင်းချိုကို သောက်နေစဉ် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဖြစ်ပေါ်ခဲ့သော ယောက္ခမဖြစ်သူ၏အပြောင်းအလဲများကို လီရှို့ယွင် တွေးတောမိလိုက်ရာ သူမ၏ မှိုင်းညို့နေသောမျက်လုံးများမှာ တဖြည်းဖြည်း ပြန်လည်လင်းလက်လာခဲ့၏။