အခန်း ၁၉
Vol. 2 Ch. 19
🍅 Chapter 19
သူမသည် သမီးငယ်လေးကို ညင်သာစွာ ပွေ့ချီလိုက်ပြီး ခင်ပွန်းဖြစ်သူနှင့် ခုနစ်ဆယ်ရာခိုင်နှုန်းခန့် တူညီသော မျက်နှာလေးကိုကြည့်ကာ တီးတိုး စကားဆိုလိုက်လေသည်။
“ကျစ်ခန်... ရှင်သိလား၊ အမေက ဒီရက်ပိုင်းအတွင်း အများကြီးပြောင်းလဲသွားတယ်၊ ကျွန်မနဲ့ ကလေးတွေအပေါ် အရမ်းကောင်းလာတယ်၊ သမီးလေးကို ရိုက်နှက် ဆူပူကြိမ်းမောင်းတာတွေ မလုပ်တော့တဲ့အပြင် ကျွန်မအတွက် ကြက်သားဟင်းချိုတောင် ချက်ကျွေးသေးတယ်သိလား၊ ပြီးတော့ ငါးဟင်းနဲ့ ဝက်သားဟင်းတွေလည်း ချက်ကျွေးတယ်”
“အမေက အကောင်းဘက်ကို ပြောင်းလဲသွားပြီမို့ အရာအားလုံးက ကောင်းမွန်လာတော့မယ်၊ အမေ့ရဲ့ ပြောင်းလဲမှုတွေကို ရှင်သာ မြင်ရမယ်ဆိုရင် ဘယ်လောက်တောင် ပျော်နေလိုက်မလဲနော်”
လီရှို့ယွင်သည် စကားပြောပြီးနောက် သူမ နဖူးကို သမီးငယ်လေး၏နဖူးနှင့် အပ်လိုက်လေ၏။
“နယ်စပ်စစ်မြေပြင်ကနေ ဘေးကင်းကင်းနဲ့ မြန်မြန်ပြန်လာခဲ့ပါတော့နော်... ရှင့်ရဲ့ သမီးငယ်လေး ဘယ်လောက်လိမ္မာပြီး ချစ်စရာကောင်းလဲဆိုတာကို လာကြည့်လှည့်ပါဦး”
ဧည့်ခန်းမဆောင်
တိတ်ဆိတ်ငြိမ်သက်နေလေသည်။
အားလုံးသည် တူများကို ကိုင်ထားကြသော်လည်း စားပွဲပေါ်ရှိ အစားအစာများမှာ အလွန်တရာကောင်းမွန်လွန်းနေသဖြင့် မည်သူမျှ စတင်မစားရဲဘဲ ဖြစ်နေကြသည်။
ဆန်ပြုတ်ဖြူဖြူ၊ ကျောက်ဖရုံသီး အရိုးဟင်းချို၊ ဝက်သုံးထပ်သား အချိုပေါင်း၊ ငါးဟင်း၊ ဝက်ဆီဖတ်ကြော်နှင့် မုန်ညင်းဖြူကြော်
ဟင်းလျာတစ်ခုချင်းစီမှာ သူတို့၏နေ့စဉ်ဘဝတွင် တွေးတောင်မတွေးဝံ့သော အစားအစာများ ဖြစ်နေလေ၏။
ဝမ်ကွေ့ချင်သည် ဝက်သားနှင့် ငါးဟင်းမှာ မတ်ဖြစ်သူအတွက် ချက်ပြုတ်ထားခြင်းဟုသာ ထင်မှတ်ခဲ့သည်။
ဤဟင်းလျာများကို ဧည့်ခန်းမဆောင်သို့ ယူဆောင်လာသည်ကို မြင်သောအခါ သူမ အနည်းငယ် မယုံကြည်နိုင် ဖြစ်သွားရသည်။
“အမေ... ဒီအစားအစာတွေ အကုန်လုံးက... သမီးတို့ စားဖို့အတွက်လားဟင်”
ဝူယွီလန် ခေါင်းညိတ်ပြလိုက်၏။
“အင်းလေ၊ ဒီနေ့ အားလုံးပင်ပန်းထားကြတာပဲ၊ အေးဆေးစားကြ”
စုန့်ကျစ်ယုံသည် စားပွဲပေါ်ရှိ အစားအစာများအား တစ်ချက်ကြည့်လိုက်ပြီးနောက် အကြည့်ကို လွှဲဖယ်လိုက်သည်။
သူသာ နောက်ထပ်တစ်ခဏမျှ ဆက်ကြည့်နေမိပါက အရင်က ဆန်ကွဲ ဖွဲနုများကို ဆက်လက်စားနိုင်တော့မည် မဟုတ်ကြောင်း သူ အမှန်တကယ် စိုးရိမ်မိသည်။
ဆင်းရဲခြင်းမှ ချမ်းသာခြင်းသို့ ကူးပြောင်းရန် လွယ်ကူသော်လည်း ချမ်းသာခြင်းမှ ဆင်းရဲခြင်းသို့ ပြန်လည်ကူးပြောင်းရန်မှာ အလွန်ခက်ခဲလှသည်မဟုတ်လော။
“အမေ၊ သားကတော့ ဆန်ကွဲပြုတ်ပဲ သောက်ပါတော့မယ်၊ ဒါတွေကို အမေနဲ့ ညီလေးစားဖို့အတွက် ချန်ထားလိုက်ပါ”
ဝူယွီလန်သည် အားလုံးအတွက် အရိုးဟင်းချိုတစ်ခွက်စီ ခပ်ပေးလိုက်၏။
“ဖွဲနုတွေကို ဝက်စာကျွေးဖို့ သုံးလိုက်ပြီ၊ ဒီနေ့ကစပြီး ငါ ဘာစားစား နင်တို့လည်း အဲ့ဒါပဲစားရမယ်”
ဖွဲနုများကို ဝက်စာကျွေးလိုက်ပြီဟု ကြားလိုက်ရသောအခါ စုန့်ကျစ်ယုံသည် ချိုင်းထောက်ကို အားပြုကာ ဝက်ခြံထဲမှ ဖွဲနုများကို ပြန်သွားခြစ်ယူရန် ကပျာကယာ ထလိုက်လေ၏။
“ရပ်လိုက်စမ်း”
ဝူယွီလန်သည် သူမ၏ပန်းကန်နှင့်တူကို ချထားလိုက်သည်။
“နင်က အတောင်အလက် စုံနေပြီဆိုတော့ အမေပြောတဲ့စကားကိုတောင် နားမထောင်တော့ချင်တော့ဘူးပေါ့လေ”
“ဒါမှမဟုတ် နင်က အိမ်ခွဲနေချင်လို့ ဆန္ဒပြနေတာလား”
အိမ်ခွဲနေမည့်အကြောင်း ကြားလိုက်ရသောအခါ စုန့်ကျစ်ယုံသည် ကမန်းကတန်း ပြန်လှည့်လာပြီး အသံကို နှိမ့်ချကာ ပြန်ပြောလိုက်၏။
“အမေ၊ သားက အမေ့စကားကို နားမထောင်ချင်လို့မဟုတ်ပါဘူး၊ သားလို ခြေထောက်မသန်တဲ့ လူတစ်ယောက်က ဒါတွေစားနေရတာ နှမြောစရာကောင်းလွန်းလို့ပါ၊ ဟိုဖွဲနုတွေက ကောင်းပါသေးတယ်၊ စားလို့ရသေးတဲ့ဟာပဲကို”
“နင့်ကို ဘယ်သူက မသန်မစွမ်းလို့ ပြောလဲ၊ နောက်ရက်အနည်းငယ်လောက် စောင့်ကြည့်လိုက်၊ နင့်ခြေထောက် ပြန်ကောင်းလာရင် ငါ့အတွက် တောင်ပေါ်တက်ပြီး အမဲပြန်လိုက်ပေးရဦးမှာ”
ထိုသို့ပြောရင်း ဝူယွီလန်သည် ဟင်းချိုအပြည့်ပါသော ပန်းကန်လုံးကို စုန့်ကျစ်ယုံ၏ပါးစပ်နားသို့ အတင်းထိုးပေးလိုက်၏။
“ငါ့ကိုလာပြီး ပွစိပွစိ လုပ်မနေနဲ့၊ ဒီနေ့ကစပြီး ငါချက်တာကို အကုန်စားရမယ်၊ ထပ်ပြီး ပွစိပွစိ လုပ်နေဦးမယ်ဆိုရင် အိမ်ပေါ်က ဆင်းသွားတော့”
စုန့်ကျစ်ယုံမှာ နားကြားများ မှားသွားသလားဟု ထင်မှတ်ကာ ကိုယ့်ကိုယ်ကို လှောင်ပြောင်ဟန်ဖြင့် ခါးသက်စွာ ပြုံးလိုက်မိ၏။
“သားခြေထောက်က ပျက်စီးနေပြီပဲဟာ၊ ဘယ်လိုလုပ်ပြီး ပြန်ကောင်းလာနိုင်မှာလဲ”
ဝူယွီလန်သည် ဘာမှဆက်မပြောတော့ချေ။ သူ ပုံမှန်အတိုင်း ပြန်လည်လမ်းလျှောက်နိုင်မည်ကို သူမ ယုံကြည်မှုရှိသော်လည်း အပြည့်အဝ ပြန်လည်ကောင်းမွန်နိုင်မည်၊ မကောင်းမွန်နိုင်မည်ကိုတော့ ဒဏ်ရာကို အရင်ဆုံး စစ်ဆေးကြည့်ရပေဦးမည်။
“ကဲပါ၊ ပွစိပွစိ လုပ်မနေနဲ့တော့၊ မြန်မြန်စားကြ”
ယခုအခါ လူတိုင်းမှာ သေသေချာချာ စားသောက်နေကြသော်လည်း အားလုံးမှာ ခေါင်းငုံ့ကာ ဟင်းချိုသောက်ခြင်း၊ ဆန်ပြုတ်သောက်ခြင်းကိုသာ ပြုလုပ်နေကြပြီး မည်သူမျှ တူကိုအသုံးပြုကာ ဟင်းများအား မယူရဲကြသေးပေ။
ဝူယွီလန်မှာလည်း မည်သို့မျှ မတတ်နိုင်တော့သဖြင့် ဟင်းလျာများကို လူအရေအတွက်အလိုက် အညီအမျှ ခွဲဝေပေးလိုက်ရတော့သည်။
“တစ်စက်မှ မကျန်စေနဲ့နော်”
ထိုသို့ သတိပေးပြီးနောက် ဝူယွီလန်သည် သူမ၏ထမင်းပန်းကန်လုံးကို ကိုင်ကာ ခြံဝင်းအတွင်းသို့ ထွက်လာခဲ့လေသည်။
သူမကဲ့သို့ ရက်စက်သောအဘွားကြီး ဧည့်ခန်းမဆောင်ထဲတွင် မရှိမှသာ သူတို့လွတ်လွတ်လပ်လပ် စားရဲမည်ဖြစ်ကြောင်း သူမ ကောင်းကောင်း သိပေသည်။
ခြံဝင်းအတွင်း လမ်းလျှောက်ပြီးနောက် ပြန်လာသောအခါ အစားအစာများ အမှန်တကယ်ပင် ကုန်စင်သွားသည်ကို တွေ့လိုက်ရလေ၏။
မိခင်ဖြစ်သူ၏ အကြည့်များမှာ မိမိရှေ့ရှိ ပန်းကန်နှင့် တူများထံသို့ ကျရောက်လာသည်ကို မြင်သောအခါ စုန့်ကျစ်ယုံ၏မျက်နှာမှာ အတော်လေး နီမြန်းသွားခဲ့သည်။
အစောပိုင်းလေးကတည်း သူက မစားဘူးဟု အော်ဟစ်နေခဲ့သော်လည်း ယခုတော့ အရာအားလုံးကို ကုန်စင်အောင် စားသောက်ပြီးဖြစ်နေသည်။ သူ အစားများလွန်းသည်ဟု မိခင်ဖြစ်သူက ထင်မှတ်နေမည်မှာ အသေအချာပင်။
သူသည် သူ့ပေါင်ကိုသူ ပြန်လိမ်ဆွဲလိုက်မိ၏။
‘စုန့်ကျစ်ယုံ... အို စုန့်ကျစ်ယုံ၊ မင်းက ဒီအရွယ်ရောက်နေပြီကို ဘာလို့ ဒီလောက်တောင် အစားမက်နေရတာလဲ'
‘အမေက နောက်ဆုံးကြမှ ငါတို့အပေါ် နည်းနည်းလေး ကောင်းလာတာကို မင်းကိုယ်မင်း မထိန်းချုပ်နိုင်တော့ဘူးလား'
သို့သော် ဝူယွီလန်သည် ပန်းကန်နှင့် တူများကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူမမျက်နှာပေါ်တွင် အပြုံးတစ်ခု ရုတ်တရက်ပေါ်လာခဲ့သည်။
“အင်း၊ ဆန်တစ်စေ့တောင် အလဟဿမဖြစ်ဘူးပဲ၊ နင်တို့အကုန်လုံး တော်ကြပါတယ်”
မိခင်ဖြစ်သူ၏ ချီးကျူးစကားကို ကြားလိုက်ရသောအခါ စုန့်ကျစ်ယုံမှာ တစ်ခဏမျှ မှင်သက်သွားခဲ့၏။
‘အမေက... ငါအစားများတာကို တကယ်ကြီး အပြစ်မမြင်တဲ့အပြင် ငါ့ကိုတောင် ချီးကျူးလိုက်သေးတယ်'
“ကဲ၊ သွားဆေးကြတော့”
“တာ့လန်၊ အာ့လန်၊ မင်းတို့နှစ်ယောက် မနက်ဖြန် မနက် လယ်ထဲသွားစရာမလိုဘူး၊ ငါနဲ့အတူ မြစ်ကမ်းဘေးကို ငါးသွားမျှားရမယ်”
စုန့်အာ့လန် စိတ်လှုပ်ရှားစွာဖြင့် ပြန်ဖြေလိုက်၏။
“ဟုတ်ကဲ့ပါ အဘွား”
စုန့်တာ့လန်လည်း ခေါင်းညိတ်ပြလိုက်သည်။
တစ်မိသားစုလုံး အလှည့်ကျ ရေချိုးဆေးကြောပြီးချိန်တွင်တော့ ကောင်းကင်ကြီးမှာ လုံးဝကို မှောင်မိုက်နေခဲ့ပြီဖြစ်သည်။
ဝူယွီလန်သည် ကုတင်ခေါင်းရင်းကိုမှီကာ လက်ထဲရှိငွေများကို ရေတွက်နေလေ၏။
ယနေ့ ငါးရောင်းရငွေမှ ကြေးပြား ၂၃၄ ပြား ရရှိခဲ့သော်လည်း ပစ္စည်းများဝယ်ယူရာတွင် အတော်လေး ကုန်ကျသွားခဲ့သည်။
ယခု သူမ၏လက်ထဲတွင် ငွေဆယ်ချောင်းနှင့် ကြေးပြား ၁၀၈ ပြားသာ ကျန်ရှိတော့သည်။
ဤမျှနည်းပါးသောငွေပမာဏဖြင့် ထိုကလေးမလေးနှစ်ယောက်ကို ပြန်လည်ရွေးယူရန်မှာ လုံးဝမဖြစ်နိုင်ပေ။
‘ငွေအမြန်ရအောင် ဘယ်လိုရှာရမလဲ'
“အို... ငါ့မှာ ဆေးပညာကုန်တိုက်စနစ် ရှိသေးတာပဲ၊ ဆေးပညာကုန်တိုက်ထဲက ပစ္စည်းတချို့ဝယ်ပြီး အပြင်မှာ သွားရောင်းရင်ရော ဘယ်လိုနေမလဲ”
ဖန်ခွက်များ၊ ပုံဆောင်ခဲခွက်များကဲ့သို့သော ပစ္စည်းမျိုးကို ရောင်းချပါက ငွေအများကြီး ရနိုင်မည်မှာ သေချာပေသည်။ ထိုအတွေး ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဆေးပညာကုန်တိုက် မျက်နှာပြင်ပေါ်တွင် မက်ဆေ့ချ်တစ်ခု ချက်ချင်း ပေါ်လာခဲ့၏။
[ဤကုန်တိုက်မှ ပစ္စည်းများကို Hostတစ်ဦးတည်းသာ အသုံးပြုခွင့်ရှိပြီး ကုန်သွယ်မှုပြုလုပ်ရန်အတွက် အသုံးပြု၍မရပါ]
ဝူယွီလန်သည် ထိုမက်ဆေ့ချ်ကို မြင်သောအခါ သက်ပြင်းချလိုက်မိ၏။
“ထားလိုက်ပါတော့၊ စနစ်ကုန်တိုက်ထဲက ပစ္စည်းတွေကို အပြင်ထုတ်ပြီး ရောင်းတာကလည်း အမြဲတမ်းအဆင်မပြေနိုင်ဘူး၊ မသမာတဲ့လူတွေများ သိသွားရင် ဒုက္ခရောက်နိုင်တယ်လေ”
ထိုအကြောင်းကို တွေးမိသောအခါ ဝူယွီလန်သည် နေရာလွတ်ထဲမှပစ္စည်းများကို အပြင်ထုတ်ကာ ရောင်းချမည့်စိတ်ကူးအား စွန့်လွှတ်လိုက်လေသည်။
သို့သော် ရောင်းချ၍ မရသော်လည်း လက်ဆောင်အဖြစ်ပေး၍တော့ ရနိုင်မည်မဟုတ်ပါလော။ မည်သို့ပင်ဖြစ်စေ ရောင်းချ၍မရဟုသာ ပြောထားခြင်းဖြစ်ပြီး လက်ဆောင်မပေးရဟု တားမြစ်ထားခြင်းမရှိပေ။
‘ငါက လူတွေကို ပစ္စည်းတွေပေးရင် သူတို့ကလည်း ငါ့ကို လက်ဆောင်တွေနဲ့ ပြန်ပြီး ကျေးဇူးဆပ်ကြမှာပဲ၊ ဒါဆို အဆင်ပြေတယ်မဟုတ်ဘူးလား'
ထိုအကြောင်းကို တွေးမိသောအခါ ဝူယွီလန်၏နှုတ်ခမ်းများ တွန့်ကွေးသွားလေသည်။
“မနက်ဖြန် နောက်ထပ် တစ်ရက်လောက် ငါးသွားမျှားကြည့်ဦးမယ်၊ တကယ်လို့ အဆင်မပြေသေးရင် ငါ့ရဲ့ မူလအလုပ်ကိုပဲ ပြန်လုပ်ရမှာပေါ့၊ ဘာပဲဖြစ်ဖြစ် စုန့်မိသားစုရွာမှာ အပေါဆုံးက တောင်တွေပဲလေ၊ တောင်တွေရှိရင် ဆေးမြစ်ဆေးဥတွေ ရှိမှာပဲ၊ ဆေးမြစ်တချို့ကိုခူးပြီး အခြောက်လှန်း၊ ပြုပြင်တာတွေလုပ်ရင်လည်း ပိုက်ဆံရနိုင်တာပဲ”
ဆုံးဖြတ်ချက်ချပြီးနောက် ဝူယွီလန်သည် အနားယူရန် လှဲလျောင်းလိုက်တော့၏။
မြူခိုးများ တိတ်တဆိတ် ကင်းစင်သွားပြီး တောင်ပေါ်သစ်တောများကြားမှ ထမင်းဟင်းချက်ပြုတ်သည့် မီးခိုးငွေ့များ တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။
“အားယား...”
ဝူယွီလန်သည် အကြောဆန့်လိုက်ပြီး လေပူများကို တစ်ချက် မှုတ်ထုတ်လိုက်လေသည်။
“ဒီတောင်ပေါ်သစ်တောတွေကြားက လေထုက တကယ်ကို လတ်ဆတ်ပြီး ကြည်နူးစရာပဲ”
ဝူယွီလန်သည် စိမ်းလန်းစိုပြည်နေသော တောင်တန်းများကို ငေးကြည့်ရင်း သူမ အိုမင်းလာသည့်အခါ ဤတိတ်ဆိတ်ငြိမ်သက်ပြီး သာယာလှပသော တောင်ပေါ်ရွာလေးတွင် အိမ်ငယ်လေးတစ်လုံး ဆောက်လုပ်နေထိုင်ရပါက မည်မျှသက်တောင့်သက်သာ ရှိမည်ကို တွေးတောနေမိ၏။
တွေးလေတွေးလေ ဝူယွီလန်၏ စိတ်ထဲတွင် ပိုဖြစ်နိုင်ခြေရှိလေဟု ခံစားလာရလေသည်။
ဤမိသားစုတစ်ခုလုံးကို အခြေအနေအမှန်သို့ ရောက်အောင်ပြုပြင်ပြီး အိမ်ခွဲပေးပြီးသည်နှင့်တစ်ပြိုင်နက် သူမ အိုမင်းလာသည့်ခါ နေထိုင်နိုင်ရန် ခြံဝင်းငယ်လေးတစ်ခု တည်ဆောက်မည်ဖြစ်၏။