← Chapters

အခန်း ၂၀

Vol. 2 Ch. 20

အခန်း ၂၀

Vol. 2 Ch. 20

🍅 Chapter 20

ရည်မှန်းချက်တစ်ခု ရှိလာသောအခါ ဝူယွီလန်သည် ခွန်အားများ ပြည့်ဝလာသကဲ့သို့ ခံစားလိုက်ရသည်။ သူမသည် မနက်စာကို လျင်မြန်စွာ ချက်ပြုတ်ပြင်ဆင်လိုက်၏။

သူမမှလွဲ၍ အိမ်ရှိ မည်သူမျှ မနက်ခင်းအချိန်တွင် မီးဖိုချောင်ထဲသို့မဝင်ရဲကြချေ။ အကြောင်းမှာ ဤမိသားစုတွင် မနက်စာစားသည့်အလေ့အထ လုံးဝမရှိသောကြောင့်ဖြစ်သည်။

အားလုံး အလုပ်ကိုယ်စီ လုပ်ကိုင်နေကြသည်ကို မြင်သောအခါ သူမက လှမ်းခေါ်လိုက်သည်။

“အလုပ်တွေကို ခဏရပ်ထားကြဦး၊ မနက်စာစားပြီးမှ ဆက်လုပ်ကြ”

ထိုသို့ အော်ဟစ်ပြီးနောက် ဝူယွီလန်သည် အသီးအရွက်နှင့် အသားပြုတ်ပန်းကန်အား ကိုင်ဆောင်ကာ ကြက်ဥနှစ်လုံး လှမ်းယူလျက် လီရှို့ယွင်၏အခန်းတံခါးကို တွန်းဖွင့်ကာ ဝင်ရောက်သွားလေတော့၏။

“အမေ၊ သမီး နေကောင်းလာပါပြီ၊ နောက်ဆိုရင် အပြင်ထွက်ပြီး ကိုယ့်ဘာသာ စားလိုက်ပါ့မယ်”

လီရှို့ယွင်သည် ကုတင်ပေါ်မှ လှုပ်လှုပ်ရွရွထလာပြီး ယောက္ခမဖြစ်သူ၏လက်ထဲမှ ပစ္စည်းများကို ကပျာကယာ လှမ်းယူလိုက်သည်။

“အခုချိန်မှာ နင့်ကျန်းမာရေးက အရေးအကြီးဆုံးပဲ၊ အနည်းဆုံး တစ်လလောက်တော့ သေချာနားလိုက်ဦး၊ နင့်ကို အလုပ်ခိုင်းရမယ့်အချိန်တွေ နောက်မှာ အများကြီးကျန်ပါသေးတယ်”

ဝူယွီလန်သည် ဆန်ပြုတ်ကို စားပွဲပေါ် ချထားပေးလိုက်ပြီး ဘေးနားတွင် ပုံထားသော ညစ်ပတ်သည့်အဝတ်အစားများကို မြင်သောအခါ ကောက်ယူကာ အပြင်သို့ သယ်သွားလိုက်၏။

“အမေ...၊ သမီး ကိုယ့်ဘာသာ လျှော်လိုက်ပါ့မယ်”

ယောက္ခမဖြစ်သူကို အဝတ်လျော်ခိုင်းရန်အထိ လီရှို့ယွင် မည်သို့မျှမရဲဝံ့ပေ။ သူမ ဝူယွီလန်အနောက်မှ ကမန်းကတန်း ပြေးလိုက်သွားလိုက်သည်။

သူတို့၏ စကားပြောသံကို ကြားသောအခါ ဝမ်ကွေ့ချင်လည်း အဝတ်များကို လှမ်းယူလိုက်သည်။

“ယောင်းမလေး၊ အဝတ်တွေကို ကျွန်မကိုပဲ လျှော်ခိုင်းလိုက်ပါ၊ နည်းနည်းလေးပါပဲ၊ ခဏလေးနဲ့ပြီးသွားမှာပါ”

ဝူယွီလန်သည် လီရှို့ယွင်အဝတ်များကို သူမကိုယ်တိုင်လျှော်ရန် ရည်ရွယ်ထားခြင်းမဟုတ်ပေ။ အဝတ်လျော်ရင်း အချိန်ဖြုန်းနေမည့်အစား ငါးအနည်းငယ်ပိုဖမ်းပြီး ရောင်းစားခြင်းက ပိုအကျိုးရှိပေလိမ့်မည်။

“ယောင်းမဖြစ်သူကိုပဲ လျှော်ခိုင်းလိုက်ပါ၊ သူ့ရဲ့စေတနာကို နောက်ပိုင်းကျရင် မမေ့မလျော့ တုံ့ပြန်ဖို့သာ စိတ်ထဲကမှတ်ထားလိုက်”

ဝမ်ကွေ့ချင်လည်း ခေါင်းညိတ်ပြလိုက်၏။ လွန်ခဲ့သည့်ရက်အနည်းငယ်မှစ၍ ယောက္ခမဖြစ်သူသည် သူတို့အပေါ် ပိုမိုကောင်းမွန်စွာ ဆက်ဆံလာခဲ့သဖြင့် ယောက္ခမဖြစ်သူ၏စေတနာကို တန်ဖိုးထားကြောင်းပြသရန် သူမက အခွင့်အရေးကို စောင့်မျှော်နေခဲ့သည်။

ထိုစကားကို ကြားသောအခါ လီရှို့ယွင် ဘာမှဆက်မပြောတော့ပေ။ ဝမ်ကွေ့ချင် မီးဖွားစဉ်ကာလကလည်း သူမသည် ဝမ်ကွေ့ချင်၏အဝတ်များကို ကူလျော်ပေးခဲ့ဖူးသည်ပင်။

ယောင်းမနှစ်ယောက်မှာ တစ်ဦးကိုတစ်ဦး အပြန်အလှန်ကူညီနေကြသူများဖြစ်ပေသည်။

“ကဲပါ၊ အရင်ဆုံး ဆန်ပြုတ်သောက်လိုက်၊ ပြီးမှပဲ စကားပြောကြတာပေါ့”

“ဟုတ်ကဲ့ပါ”

ဝမ်ကွေ့ချင်သည် ဝမ်းသာအားရ ပြန်ပြောလိုက်ပြီး ယောက္ခမဖြစ်သူ၏အနောက်မှ အပြေးအလွှား လိုက်ပါသွားခဲ့သည်။

စားပွဲပေါ်တွင် အသီးအရွက်နှင့် အသားပြုတ် ဆန်ပြုတ်ပန်းကန်လုံးကြီးများ တည်ခင်းထားသည်။ အားလုံးမှာ အဝစားပြီးလျှင် ထပ်မံယူသောက်ရန် မဝံ့မရဲဖြစ်နေကြမည်ကို စိုးရိမ်သဖြင့် ဝူယွီလန်က ပန်းကန်လုံးကြီးများအား ရွေးချယ်အသုံးပြုထားခဲ့ခြင်းဖြစ်သည်။

“ကဲ၊ ဆန်ပြုတ်ကုန်ရင် ကိုယ့်အလုပ်ကို ပြန်လုပ်ကြတော့”

ဝူယွီလန်၏အမိန့်ကို ကြားသောအခါ အားလုံးမှာ တသွေမတိမ်း လိုက်နာကာ ဆန်ပြုတ်ကို စတင် သောက်သုံးလိုက်ကြ သည်။ ကလေးငယ်များ၏မျက်လုံးများမှာမူ ကြယ်‌ရောင်များ လင်းလက်နေလေ၏။

အရင်အချိန်တွေတုန်းကက ယခုလို အဝစားရရုံသာမက အစားအစာတိုင်း အသားပါဝင်နေခြင်းကို သူတို့ အိပ်မက်ပင် မက်ဖူးလိမ့်မည်မဟုတ်ပေ။

သူတို့အားလုံးသည် ဝူယွီလန်ကိုကြည့်ရင်း အဘွားဖြစ်သူ မနက်ဖြန်တွင်လည်း ဤရက်များကဲ့သို့ပင် ကောင်းမွန်စွာဆက်ဆံပေးပါစေဟု ဆုတောင်းနေကြ၏။

ထိုအထဲတွင် ချွမ်းနီလေး၏အကြည့်များမှာ အပြင်းထန်ဆုံး ဖြစ်သည်။ ဝူယွီလန်သည် သူမကို သတိထားမိသွားကာ ခေါင်းလေးစောင်း၍ ကြည့်လိုက်၏။

“ဘာဖြစ်လို့လဲ၊ မဝတာလား၊ အဘွား ထပ်ထည့်ပေးရဦးမလား”

ချွမ်းနီလေး ခေါင်းခါယမ်းလိုက်လေသည်။

“အဘွား၊ အဘွားအရင်ကလိုမျိုး ပြန်မဖြစ်တာသေချာအောင် သမီး တစ်ခုခုလုပ်ပေးလို့ မရဘူးလားဟင်”

“အဘွား အခုကြ အရမ်းကောင်းတာပဲ၊ သမီးတို့ကို နေ့တိုင်း အဝစားခိုင်းတယ်”

ချွမ်းနီလေး၏ပိန်ချုံးနေသော မျက်နှာလေးကို ကြည့်ရင်း ဝူယွီလန်သည် ရင်ထဲမှ အဘွားကြီးအိုကို ကျိန်ဆဲလိုက်မိသည်။

သူမအနေဖြင့် ကလေးမလေးကို နေ့တိုင်း အဝစားစေရမည်ဟု ကတိပေးချင်သော်လည်း ဤအဘွားအို၏ခန္ဓာကိုယ်ထဲတွင် သူမ ဆက်လက်ရှင်သန်နေနိုင်ပါ့မလား မသေချာပေ။ တစ်နေ့နေ့တွင် မူလပိုင်ရှင်၏ဝိညာဉ် ပြန်ရောက်လာပါက...

ဝူယွီလန် စိတ်ရှုပ်ထွေးနေစဉ်မှာပင် စနစ်ကုန်တိုက်မျက်နှာပြင်ပေါ်တွင် မက်ဆေ့ချ်တစ်ခု ပေါ်လာခဲ့သည်။

[စိတ်မပူပါနှင့်၊ Host၊ မူလပိုင်ရှင်သည် မကောင်းမှုများစွာ ကျူးလွန်ခဲ့သဖြင့် သူမ၏သက်တမ်းမှာ ကုန်ဆုံးသွားခဲ့ပါပြီ၊ ယခုအချိန်မှစ၍ သင်သည်သာ ဝူယွီလန်အစစ် ဖြစ်ပါသည်]

ထိုစာတိုကို ဖတ်လိုက်ရသောအခါ ဝူယွီလန် နောက်ဆုံးတွင် စိတ်သက်သာရာရသွားတော့သည်။

သူမသည် ငုပ်တုတ်ထိုင်လိုက်ပြီး ချွမ်းနီလေး၏ညှိုးနွမ်းနေသောဆံပင်လေးများကို ပုတ်ပေးလိုက်သည်။

“အဘွား ကတိပေးတယ်၊ ဘယ်တော့မှ အရင်လိုပြန်မဖြစ်တော့ဘူး၊ အဘွား အသက်ရှိနေသရွေ့ အားလုံးကို အဝစားရအောင် ထားပေးမှာပါ”

“အဘွားပြောတာ တကယ်လားဟင်”

ချွမ်းနီလေးသည် မျှော်လင့်ချက်အပြည့်ပါသော မျက်ဝန်းများဖြင့် မော့ကြည့်လိုက်လေ၏။

ကလေးမလေး၏ စိတ်ရင်းအမှန်ကို မြင်သောအခါ ဝူယွီလန် အနည်းငယ်ပြုံးလိုက်မိပြီး သူမ၏လက်ကို ကမ်းပေးလိုက်လေသည်။

“ကတိပေးတယ်”

လက်ချောင်းသေးသေးလေးနှင့် လက်ချောင်းကြီးကြီးတစ်ခု ချိတ်ဆက်သွားလေသည်။ ထိုအခိုက်တွင် ချွမ်းနီလေး၏ ကြည်လင်သောအသံလေးမှာ သူမ နားထဲသို့ တိုးဝင်လာလေသည်။

“ကတိပေးတယ်၊ နှစ်တစ်ရာစာ ကတိ၊ ဘယ်တော့မှ မပြောင်းလဲစေရဘူး”

“ကောင်းပြီ၊ အဘွား ဘယ်တော့မှမပြောင်းလဲဘူးလို့ ကတိပေးတယ်”

……

ဝူယွီလန်သည်ခမနက်စာ စားပြီးနောက် ငါးမျှားတံများနှင့် ငါးစာများကိုယူကာ စုန့်တာ့လန်နှင့် စုန့်အာ့လန်တို့ကိုခေါ်၍ မြစ်ကမ်းဘေးသို့ ထွက်လာခဲ့လေ၏။

“အဘွား၊ တီကောင်တွေ မတူးတော့ဘူးလား”

ဝူယွီလန် ရွှံ့နွံများကို ကော်ယူကာ မြစ်ထဲသို့ ပစ်ချနေသည်ကို မြင်သောအခါ စုန့်အာ့လန်တစ်ယောက် ခေါင်းကိုစောင်းကာ နားမလည်နိုင်ဖြစ်ကာ မေးလိုက်၏။

“ဒါက ငါးမျှားဖို့ငါးစာလေ၊ လူတိုင်းက တီကောင်ပဲ သုံးနေတာဆိုတော့ ငါးတွေက တီကောင်ကို စားလွန်းလို့ လတ်ဆတ်တယ်လို့ မထင်တော့ဘူးလေ”

စုန့်တာ့လန် ရုတ်တရက် သဘောပေါက်သွားသည်။

“ဒါကြောင့် ငါးတွေမမိတာပဲ”

“ကဲ၊ ဒီမှာ ငါးမျှားတံတွေ၊ မင်းတို့လည်း မျှားကြ”

ဝူယွီလန်သည် ငါးမျှားတံနှစ်ချောင်းကို ပေးလိုက်ပြီး ငါးစာတပ်နည်းကို သင်ကြားပေးလိုက်၏။

ငါးမျှားချိတ်တွင်ရှိသော အသွားလေးကို မြင်သောအခါ စုန့်အာ့လန်မှာ အလွန်တရာ အံ့အားသင့်သွားရလေသည်။

“အဘွား၊ ဒီငါးမျှားချိတ်က ဘာလို့ အရင်ကမြင်ဖူးတာတွေနဲ့ မတူရတာလဲဟင်”

“ဒါကို အသွားပါတဲ့ငါးမျှားချိတ်လို့ ခေါ်တယ်၊ ငါးက ငါးစာကိုဟပ်လိုက်တာနဲ့ အသွားလေးက စွဲထားမှာမို့လို့ ငါးက အလွယ်တကူ လွတ်မသွားတော့ဘူးလေ”

ဝူယွီလန်၏လက်များမှာ အနည်းငယ်မျှပင် မရပ်တန့်နေခဲ့ပေ။ သူမသည် သစ်သားတုတ်ငယ်လေးတစ်ခုကို ရှာယူကာ သူမအတွက် ငါးမျှားချိတ်တစ်ခုကို ထပ်မံချည်နှောင်လိုက်သည်။

ဤအသွားပါသော ငါးမျှားချိတ်ကြောင့် ငါးများ လွတ်မသွားနိုင်တော့ကြောင်း ကြားလိုက်ရချိန်တွင် စုန့်အာ့လန်၏မျက်လုံးများ အရောင်လက်သွားလေတော့သည်။

“ဒီလောက်တောင် အစွမ်းထက်တာလား၊ သား စမ်းကြည့်ဦးမယ်”

သူသည် ရေနက်ပြီး လူသူကင်းမဲ့သောနေရာတစ်ခုအား ရွေးချယ်ကာ ငါးမျှားချိတ်ကို ချလိုက်လေသည်။ ထို့နောက် ဗော်ယာလေးကို စူးစိုက်ကြည့်နေခဲ့၏။

သို့သော် အချိန်အတော်ကြာသည်အထိ မည်သည့်လှုပ်ရှားမှုမျှမရှိပေ။ ဝူယွီလန်ဘက်တွင်လည်း အခြေအနေမထူးခြားချေ။ ငါးမျှားရာတွင် မမိသည်မှာ သဘာဝပင်ဖြစ်၍ ဝူယွီလန်လည်း စိတ်ပျက်မသွားပေ။

“ဟေး... ငါးမိပြီဟေ့”

ရုတ်တရက် ချုံပုတ်များကြားမှ စုန့်တာ့လန်၏ ဝမ်းသာအားရအော်ဟစ်သံ ထွက်ပေါ်လာခဲ့သည်။

“အစ်ကိုကြီး၊ သား လာပြီ”

ထိုအသံကို ကြားသောအခါ စုန့်အာ့လန်သည် ငါးဖမ်းပိုက်ကို ကမန်းကတန်းကိုင်ကာ စုန့်တာ့လန်ဆီသို့ အပြေးအလွှား ပြေးသွားလိုက်သည်။

မကြာမီမှာပင် ညီအစ်ကိုနှစ်ယောက်မှာ နှစ်ကျင်းကျော်ခန့်ရှိသော ငါးကြင်းတစ်ကောင်ကိုကိုင်လျက် ပျော်ရွှင်စွာ ပြန်လျှောက်လာကြ၏။

“အဘွား၊ ဒီငါးမျှားချိတ်က တကယ်ကြီး အံ့ဩဖို့ကောင်းတာပဲ၊ ငါးက ဟပ်မိပြီဆိုရင် ဘယ်လောက်ပဲရုန်းရုန်း လွတ်မသွားတော့ဘူး”

စုန့်အာ့လန်မှာ ငါးကိုကိုင်ထားရင်း ဝမ်းသာလွန်း၍ မျက်နှာကြီး နီရဲနေလေသည်။

“မင်းတို့ ပြောသလောက်တော့လည်း မဟုတ်ပါဘူး၊ တစ်ခါတလေကျရင်တော့ လွတ်သွားဦးမှာပဲ”

ဤကလေးနှစ်ယောက်မှာ အတွေ့အကြုံနည်းပါးသဖြင့် ဤကဲ့သို့သော ငါးမျှားချိတ်ကိုတစ်ခါမျှ မမြင်ဖူးခြင်းဖြစ်ကြောင်း ဝူယွီလန် ကောင်းကောင်း သိလေသည်။

သို့သော် ရှေးခေတ်က လူတို့၏ဉာဏ်ပညာမှာ အံ့မခန်း ဖြစ်ပေ၏။

ဤငါးမျှားချိတ်မျိုးမှာလည်း အချိန်ကြာမြင့်စွာကတည်းက ရှိနေခဲ့ပြီးသား ဖြစ်ပေလိမ့်မည်။

အောင်မြင်မှုတစ်ခု ရရှိသွားသောအခါ ညီအစ်ကိုနှစ်ယောက်မှာ အားဆေးထိုးခံလိုက်ရသကဲ့သို့ ဖြစ်သွားကာ ချုံပုတ်များကြားသို့ အထပ်ထပ်အခါခါ ဝင်ရောက်ကာ ငါးများကို တစ်ကောင်ပြီးတစ်ကောင် ဖမ်းနေကြတော့၏။

တစ်နာရီမပြည့်ခင်မှာပင် ရေပုံးနှစ်ပုံးလုံး ငါးများဖြင့် ပြည့်လျှံသွားလေတော့သည်။

“ပြန်ကြစို့၊ ဒီငါးတွေကို အရင်ဆုံး ရေစည်ပိုင်းထဲ သွားထည့်လိုက်ဦး၊ မဟုတ်ရင် ငါးတွေ ရေမရဘံ သေကုန်ကြလိမ့်မယ်”

ဝူယွီလန်က မှာကြားလိုက်ပြီးနောက် ပြည့်လျှံနေသော ငါးထည့်သည့်ပုံးကို သယ်ဆောင်ကာ အိမ်သို့ ပြန်လာခဲ့သည်။ အံ့ဩစရာကောင်းသည်မှာ ညီအစ်ကိုနှစ်ယောက်၏ခွန်အားမှာလည်း အတော်အတန် ရှိနေပြီး ပူးပေါင်းကာ ငါးထည့်သည့်ပုံး တစ်ပုံးကို သယ်ဆောင်နိုင်ခဲ့ကြလေ၏။

အိမ်ပြန်ရောက်သောအခါ ဝူယွီလန်သည် ရေတွင်းမှ ရေအပြည့်ခပ်ယူကာ ငါးအားလုံးကို ရေစည်ပိုင်းထဲသို့ ပြောင်းထည့်ထားလိုက်သည်။

ငါးများကို သေချာစီစဉ်ပြီးနောက် သူတို့သုံးယောက်သည် နောက်ထပ်ရေပုံးများကို ယူကာ မြစ်ကမ်းဘေးသို့ ထပ်မံသွားရောက်ခဲ့ကြ၏။

သူတို့ထွက်ခွာသွားပြီး မကြာမီမှာပင် မြင်းလှည်းတစ်စီး အိမ်ရှေ့သို့ ရောက်ရှိလာခဲ့လေ၏။

“ခွင့်ပြုပါဦး...”

All Chapters