← Chapters

အခန်း ၃၆၁

Vol. 37 Ch. 361

အခန်း ၃၆၁

Vol. 37 Ch. 361

အခန်း (၃၆၁) - နန်းတော်အဆင့် တရားသူကြီးတစ်ယောက်အနေဖြင့် ပထမဆုံးအမှု (၄)

ယီကျဲ၏နောက်ကပ်လျက်တွင် အသက်ခြောက်ဆယ်ကျော်ခန့် သက်ကြီးရွယ်အိုတစ်ဦး ရှိနေလေသည်။

သူ၏ ဖြူဖွေးနေသော ဆံပင်များမှာ ယခုလေးတင် ကမန်းကတန်း ဖီးသင်ထားသကဲ့သို့ဖြစ်နေပြီး လည်ပင်းနှင့် လက်မောင်းများတွင် အဖြူရောင်ဖဲကြိုးများပါရှိသော ဝတ်ရုံနက်ကို ဝတ်ဆင်ထားလေသည်။

သူ၏ပုံပန်းသွင်ပြင်မှာ အသက်ကြီးသော်လည်း အသားအရည်မှာမူ တင်းရင်းလှပကာ နုပျိုနေဆဲပင်။

မျက်ဝန်းများမှာ သက်ဝင်လှုပ်ရှားနေပြီး ဓားသွားကဲ့သို့ စူးရှထက်မြက်သည့် အရှိန်အဝါများ တောက်ပနေသည်။

သို့သော်လည်း ယန်ချင်းနှင့် ယီကျဲတို့နှစ်ယောက်လုံးက သူ့အား စိုက်ကြည့်လိုက်သည်ကို မြင်သောအခါ သူက ထိုအရှိန်အဝါကို ကမန်းကတန်း ပြန်လည်ထိန်းချုပ်လိုက်၏။

"တောင်းပန်ပါတယ်၊ ကျွန်တော်က မရင်းနှီးတဲ့နေရာကို ရောက်ရင် အဲဒီလိုဖြစ်တတ်လို့ပါ"

ထိုသက်ကြီးရွယ်အိုက သူတို့နှစ်ဦး၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသဖြင့် ရှက်ကိုးရှက်ကန်းနိုင်စွာ ပြန်လည်ဖြေကြားလိုက်လေ၏။

သူ့လက်သီးများ တုန်ရီနေသည်ကို မြင်တွေ့နိုင်ပြီး လက်နှစ်ဖက်ကို ပူးယှက်ဂါရဝပြုရင်း အနူးအညွတ် တောင်းပန်လိုက်ရှာသည်။

"ရပါတယ်"

ယန်ချင်းက သူ၏ ပျာပျာသလဲဖြစ်နေပုံကို ကြည့်ကာ စိတ်မပါ့တပါရယ်မောရင်း ပြောလိုက်၏။

အကယ်၍ ထိုသက်ကြီးရွယ်အိုကို ကြည့်မည်ဆိုလျှင် မည်သူကမျှ သူ့အား နန်းတော်အဆင့် ကျင့်ကြံသူတစ်ဦးအဖြစ် ထင်မှတ်ကြမည်မဟုတ်ချေ။

ယီကျဲပေးထားသော အချက်အလက်များအရ ထိုသက်ကြီးရွယ်အိုမှာ နန်းတော်နယ်ပယ်အစောပိုင်းအဆင့်ရှိ တစ်ကိုယ်တော်ကျင့်ကြံသူ ထန်ချီဖြစ်ကြောင်း ယန်ချင်း ခန့်မှန်းမိလိုက်လေသည်။

ယန်ချင်း၏ အကဲဖြတ်ချက်အရ သူသည် အဆင့်တက်လှမ်းနိုင်ခဲ့သည်မှာ မကြာသေးပုံရပြီး စွမ်းအားများကို အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိသေးပေ။

ထို့ကြောင့် စိုးရိမ်တကြီးဖြစ်နေချိန်တွင် သူ၏ဓားဆန္ဒများမှာ အလိုအလျောက် ယိုစိမ့်ထွက်လုနီးပါး ဖြစ်နေပေသည်။

သူ၏နောက်ကွယ်ရှိ နောက်ထပ်လူခုနစ်ဦးမှာမူ တူညီသော ဝတ်ရုံများကို ဝတ်ဆင်ထားကြ၏။

ထိုဝတ်ရုံများမှာ အနီရောင်ဖြစ်ပြီး ရင်ဘတ်တွင် ဓားသွားပုံသဏ္ဌာန်ကို ချည်ထိုးထားလေသည်။

ထိုအုပ်စု၏ ဦးဆောင်သူမှာ ကြေးနီရောင်အသားအရည်နှင့် ခန့်ညားသောမျက်နှာရှိသည့် လူလတ်ပိုင်းအမျိုးသားတစ်ဦးဖြစ်၏။

သူသည် ဆံပင်ကို တာအိုကျင့်ကြံသူများကဲ့သို့ ထုံးထားပြီး ဓားရိုးပုံသဏ္ဌာန်ဆံထိုးတစ်ခုဖြင့် ထိန်းထားသည်။

ဆံပင်များမှာ နက်မှောင်နေသော်လည်း အနည်းငယ် ဖြူစပြုနေခြင်းက သူ့အား ရင့်ကျက်သည့် ဆွဲဆောင်မှုတစ်မျိုးကို တိုးပွားစေလေသည်။

သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အမြုတေဖွဲ့စည်းခြင်းအဆင့် ၈ တွင် ရှိပြီး သူ၏ချီစွမ်းအင်မှ စူးရှထက်မြက်သည့် အရှိန်အဝါတစ်ခုကို ယန်ချင်း ခံစားမိလိုက်၏။

ထိုအနီရောင်ဝတ်ရုံဝတ် လူလတ်ပိုင်းအမျိုးသားသည် ဓားချီကို ကောင်းစွာကျွမ်းကျင်ထားကြောင်း ယန်ချင်း ခန့်မှန်းမိလိုက်လေသည်။

သူ၏အမည်မှာ ရှောက်ရုံဖြစ်ပြီး ဓားသိုင်းပညာရပ်တွင် နာမည်ကျော်ကြားသည့် အဆင့် ၄ ဂိုဏ်းတစ်ခုဖြစ်သော ငွေဓားဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ပေသည်။

သာမန်အလယ်အလတ်ဂိုဏ်းတစ်ခု၏ ခေါင်းဆောင်တစ်ဦး ဖြစ်သော်လည်း သူ၏ လက်ရှိအမူအရာမှာမူ ကြောက်ရွံ့စိုးရိမ်စိတ်များဖြင့် ပြည့်နှက်နေပြီး ခေါင်းကိုပင် မမော့ရဲဘဲ မျက်လွှာချထား၏။

သူတစ်ဦးတည်းတင် မဟုတ်ပေ။

သူ၏ဂိုဏ်းမှ ကျန်အဖွဲ့ဝင်ခြောက်ဦးလုံးသည်လည်း အလားတူ ကြောက်ရွံ့ထိတ်လန့်နေကြပြီး ခန္ဓာကိုယ်များမှာ ဝတ်ရုံများအောက်တွင် သိသိသာသာ တုန်ရီနေကြလေသည်။

ထိုအဖွဲ့ဝင်ခြောက်ဦးလုံးမှာ ငယ်ရွယ်ကြပြီး အသက်နှစ်ဆယ်နှောင်းပိုင်းမှ သုံးဆယ်အစောပိုင်းအရွယ်များ ဖြစ်ကြသည်။

သူတို့ခြောက်ဦးလုံးမှာ အခြေတည်အဆင့်၏ နောက်ဆုံးအဆင့်များတွင် ရှိနေကြပြီး တစ်ဦးမှာမူ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

ထိုအဖွဲ့ဝင်များမှာ အမျိုးသားလေးဦးနှင့် အမျိုးသမီးနှစ်ဦးဖြစ်၏။

ကျင့်ကြံခြင်းအဆင့် အမြင့်မားဆုံးမှာ နက်မှောင်သောဆံကေသာများကို ဖြန့်ချထားပြီး ဘဲဥပုံမျက်နှာကျဉ်းကျဉ်းလေးရှိသည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။

သူမသည်လည်း သူမ၏ ဂိုဏ်းချုပ်ကဲ့သို့ပင် ဓားချီအား နားလည်သဘောပေါက်ထားသည်ကို တွေ့ရသဖြင့် ယန်ချင်း အနည်းငယ် အံ့အားသင့်သွားရလေသည်။

သူတို့၏ တုံ့ပြန်မှုများကိုကြည့်ကာ ယန်ချင်း စိတ်ထဲမှ တိတ်တဆိတ် ရယ်မောလိုက်မိသည်။

ယီကျဲရှင်းပြခဲ့သည့် အခြေအနေများကို ထည့်သွင်းစဉ်းစားပါက အရာရာကို ထိတ်လန့်တုန်လှုပ်နေကြသည့် သူတို့၏ တုံ့ပြန်မှုများကို နားလည်ပေးနိုင်လေသည်။

ယန်ချင်းသည် ပြင်ပနန်းတော်အဆင့် တရားသူကြီးတစ်ယောက်အနေဖြင့် သူ၏ ပထမဆုံးအမှုကို ငွေဓားဂိုဏ်းနှင့် တစ်ကိုယ်တော်ကျင့်ကြံသူ ထန်ချီတို့၏ ခိုးမှုအဖြစ် သတ်မှတ်ရန် ဆုံးဖြတ်လိုက်၏။

ငွေဓားဂိုဏ်းမှ ကျင့်ကြံသူခုနစ်ဦး၏နောက်တွင် နောက်ထပ်လူနှစ်ဦး ရှိနေသေးသည်။

သူတို့သည် အနက်ရောင်တောင်တန်းအမှတ်တံဆိပ်နှင့် အစီအရင်တစ်ခုကို ထွင်းထုထားသော အပြာနှင့် အဖြူရောင်ဝတ်ရုံများကို ဝတ်ဆင်ထားလေသည်။

ထိုသူနှစ်ဦးမှာ အစီအရင်ပိုင်းတွင် အထူးပြုသည့် အဆင့် ၃ ကုန်သည်အဖွဲ့အစည်းတစ်ခုဖြစ်သော တောင်စောင့်အစီအရင်စံအိမ်မှ အဖွဲ့ဝင်များဖြစ်ကြ၏။

သူတို့သည် ကာကွယ်ရေးအစီအရင်များ တည်ဆောက်ရာတွင် အလွန်ကျွမ်းကျင်ကြပြီး သူတို့၏ တည်ထောင်သူမှာ အပြာရောင်အဆင့် အစီအရင်ပညာရှင်တစ်ဦးဖြစ်၏။

ထို့ကြောင့် ထိုအဖွဲ့အစည်းသည် အတော်အတန် နာမည်ကျော်ကြားလှပေသည်။

သူတို့သည် နိုင်ငံတော်များ၊ အင်ပါယာများ၊ မျိုးနွယ်စုများနှင့် အခြားအဖွဲ့အစည်းများမှသည် တစ်ကိုယ်တော်ကျင့်ကြံသူများအထိ ဝန်ဆောင်မှုပေးလေ့ရှိသည်။

တည်ထောင်သူများထဲမှ တစ်ဦးမှာ အပြာရောင်အဆင့်အစီအရင်ပညာရှင်ဖြစ်သည့် စူးရဲဖြစ်ပြီး နန်းတော်နယ်ပယ် အဆင့် ၃ သို့ ရောက်ရှိနေပြီဖြစ်၏။

သူ၏နောက်တွင်မူ စံအိမ်၏ အဓိကတာဝန်ရှိသူတစ်ဦးဖြစ်သည့် မုန့်ပိုင်အမည်ရသည့် သူ၏တပည့်တစ်ဦး ရှိနေလေသည်။

သူသည် အမြုတေဖွဲ့စည်းခြင်းအဆင့် ၉ တွင် ရှိနေပေသည်။

သို့သော်လည်း တည်ငြိမ်အေးဆေးပြီး မတ်မတ်ရပ်နေသော သူ၏ အထက်လူကြီးနှင့်မတူဘဲ သူသည် ပျာပျာသလဲဖြစ်နေသော မျက်နှာပေးဖြင့် တုန်ရီနေပြီး ကုန်းကုန်းကွကွဖြစ်နေရှာ၏။

တောင်စောင့်အစီအရင်စံအိမ်ကို တရားခွင်သို့ ခေါ်ဆောင်လာရခြင်းမှာ သူတို့သည် ဤအမှုနှင့် ဆက်နွှယ်မှုရှိနေသောကြောင့်ပင်။

ထန်ချီ၏ ကျင့်ကြံရေးဂူဗိမာန်တွင် အစီအရင်ကို တည်ဆောက်ပေးခဲ့သူများမှာ ထိုသူတို့ဖြစ်ပြီး မုန့်ပိုင်ကိုယ်တိုင် ထိုအစီအရင်ကို တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်၏။

ယီကျဲသတ်မှတ်ထားသော နေရာအသီးသီးတွင် ထိုအုပ်စုသုံးစု အခြေတကျရှိစေရန် စောင့်ဆိုင်းပြီးနောက်မှသာ ယန်ချင်း စကားစလိုက်လေတော့သည်။

"ကျုပ်နာမည်က ယန်ချင်းပါ၊ ဒီအမှုကိုကိုင်တွယ်မယ့် တရားသူကြီးဖြစ်ပါတယ်”

“အခု ကျုပ်တို့ရှေ့မှာရှိနေတဲ့ အမှုမှာ ငွေဓားဂိုဏ်းက ရှေးဟောင်းအပျက်အစီးများ ရှာဖွေရေးလမ်းညွှန်ချက်တွေပါ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲခံထားရပြီး စီနီယာထန်ချီ တံခါးပိတ်ကျင့်ကြံနေချိန်မှာ သူ့ရဲ့ ကျင့်ကြံရေးဂူဗိမာန်ကို ဝင်မွှေပြီးဖျက်ဆီးခဲ့ကြတယ်"

"မင်းတိုက သူ့ရဲ့ ကျင့်ကြံခြင်းပညာရပ် ၂၄ ခုကို ခိုးယူခဲ့တယ်လို့ စွပ်စွဲခံထားရတယ်၊ အဲဒီထဲကတစ်ခုက သူ့ရဲ့ အမွေဆက်ခံတဲ့ ဒီရေတက်ဓားသိုင်းပဲဖြစ်တယ်”

“ပညာရပ် ၂၃ ခုက အလယ်အလတ်အဆင့် လိမ္မော်ရောင်အဆင့်ပညာရပ်တွေဖြစ်ပြီးတော့ ဒီရေတက်ဓားသိုင်းကတော့ ထန်ချီရဲ့ ထွက်ဆိုချက်အရ အဆင့်နိမ့် အပြာရောင်အဆင့်ပညာရပ်တစ်ခုပဲ"

"ဒါ့အပြင် မင်းတို့က ကောင်းကင်အဆင့် ဆေးဖက်ဝင်အပင် ၂၁ ပင်ကိုလည်း ခိုးယူခဲ့တယ်လို့ စွပ်စွဲခံထားရတယ်၊ အဲဒီအထဲမှာ ၈ ပင်က ထိပ်တန်းအဆင့်ဖြစ်ပြီး ကျန်တဲ့ ၁၃ ပင်ကတော့ အလယ်အလတ်အဆင့်တွေပဲ"

"မင်းတို့က မြေကမ္ဘာအဆင့် ဆေးဖက်ဝင်အပင် ၁၁၃ ပင်ကိုလည်း ခိုးယူခဲ့တယ်လို့ စွပ်စွဲခံထားရတယ်၊ အဲဒီထဲမှာ ၉၈ ပင်က ထိပ်တန်းအဆင့်ဖြစ်ပြီးတော့ ၁၅ ပင်က အလယ်အလတ်အဆင့်တွေဖြစ်တယ်"

"မင်းတို့က ကောင်းကင်အဆင့် ရတနာနဲ့ ပစ္စည်း ၄ ခုကိုလည်း ခိုးယူခဲ့တယ်လို့ စွပ်စွဲခံထားရတယ်”

“အဲဒါတွေကတော့ ဆီးနှင်းမွေးဓား၊ မိုးကြိုးကျောက်တုံး၊ ခရမ်းရောင်မိုးရေဖိုဦးနဲ့ နေဝင်ရီတရောမီးခိုးရောင်လိပ်ပြာရဲ့ ပိုးအိမ်ကနေ ပြုလုပ်ထားတဲ့ ဝတ်ရုံတို့ပဲ"

"ပြီးတော့ နောက်ဆုံးအနေနဲ့ မင်းတို့က ဂူဗိမာန်ထဲက ဆေးဥယျာဉ်နဲ့ ကျင့်ကြံရေးအခန်းမှာရှိတဲ့ အစီအရင်တွေကို ဖျက်ဆီးခဲ့တယ်လို့လည်း စွပ်စွဲခံထားရတယ်"

ယန်ချင်းက တည်ငြိမ်စွာ ပြောကြားလိုက်လေသည်။

All Chapters