← Chapters

အခန်း ၃၆၂

Vol. 37 Ch. 362

အခန်း ၃၆၂

Vol. 37 Ch. 362

အခန်း (၃၆၂) - အမှုစတင်ခြင်း

ငွေဓားဂိုဏ်းမှ လူခုနစ်ဦးမှာ ခေါင်းများကို ငုံ့ထားကြသည်။

ယန်ချင်းက သူတို့အား စွဲချက်တင်ထားသည်များကို ရွတ်ဖတ်ပြနေစဉ် ပခုံးများအားလုံး တုန်ရီနေကြလေ၏။

သူတို့၏ဂိုဏ်းချုပ် ရှောက်ရုန်းမှာမူ အထိခိုက်ဆုံးဖြစ်ပေသည်။

ယန်ချင်းပြောလိုက်သည့် စကားလုံးတိုင်းကြောင့် သူ၏မျက်နှာမှာ ပို၍ဖြူလျော်လာကာ တစ်ကိုယ်လုံးတွင်လည်း ချွေးစေးများပြန်တက်လာလေ၏။

ထိုသို့စိတ်ထိခိုက်နေပုံကို ကြည့်ကာ ယန်ချင်းမှာ အမှုမစတင်မီ သူ လဲကျသွားမည်ကိုပင် စိုးရိမ်မိသွားသည်။

ထို့ကြောင့် သူ၏ ချီစွမ်းအားအနည်းငယ်ကို ဂိုဏ်းချုပ်ရှောက်ရုန်းထံသို့ ပို့လွှတ်ပေးပြီး စိတ်တည်ငြိမ်သွားစေရန် သေးငယ်သော အစီအရင်တစ်ခုကို အသုံးပြုပေးလိုက်လေ၏။

ဂိုဏ်းချုပ်သည် သူ၏ခန္ဓာကိုယ်အတွင်း ရုတ်တရက် ပြောင်းလဲသွားမှုကို ခံစားမိလိုက်သောအခါ သနားစဖွယ်အပြုံးတစ်ခုနှင့်အတူ ယန်ချင်းကို ကျေးဇူးတင်စွာ ခေါင်းညိတ်ပြလိုက်လေသည်။

သူ၏မျက်နှာသည် ဖြူလျော်နေဆဲဖြစ်သော်လည်း အခြေအနေမှာမူ အနည်းငယ် သက်သာသွားပုံရပေ၏။

"တောင်စောင့်အစီအရင်စံအိမ်က တာဝန်ပျက်ကွက်မှု၊ ပြီးတော့ ဝန်ဆောင်မှုပေးတဲ့နေရာမှာ အရည်အချင်းမရှိမှုတွေနဲ့ စွဲချက်တင်ခံထားရတယ်”

“ဒါတွေကတော့ စီနီယာထန်ချီက ခင်ဗျားတို့ကို တရားစွဲဆိုထားတဲ့ စွဲချက်တွေပဲ”

“သူအပ်နှံခဲ့တဲ့ ကာကွယ်ရေးအစီအရင်က ရည်ရွယ်ထားသလို အလုပ်မလုပ်ခဲ့ဘူး”

“ဒါကြောင့်မို့လည်း သူ့ရဲ့ ကျင့်ကြံခြင်းစံအိမ်က ပေါ်ပေါက်သွားပြီး လုယက်ဖျက်ဆီးခံခဲ့ရတာပဲ”

“ကျုပ်ဆီမှာ သဘောတူညီချက် မိတ္တူတစ်စောင်ရှိတယ်၊ စီနီယာဆူးယဲ့ဆီမှာလည်း တစ်စောင်ရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်"

ယန်ချင်းက အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်အနက်ရောင်ကို မြင်းမြီးပုံစံစည်းထားသည့် ခန္ဓာကိုယ်သွယ်လျလျနှင့် တည်ကြည်သောမျက်နှာရှိသည့် လူလတ်ပိုင်းအမျိုးသားကို ကြည့်ကာ မေးလိုက်၏။

"ကျွန်တော်တို့ဆီမှာလည်း ရှိပါတယ်"

ဆူးယဲ့က သူ၏လက်အင်္ကျီလက်ထဲမှ ဝါကျင်ကျင်စာရွက်လိပ်တစ်စောင်ကို ထုတ်ယူရင်း ပြန်ဖြေလိုက်၏။

"ကျုပ်ကို အဲဒါလေး ပေးလို့ရမလား၊ ဒါမှ ဒီလိပ်စာရွက်နှစ်စောင်မှာ ရေးထားတဲ့ အသေးစိတ်အချက်အလက်တွေ ကိုက်ညီမှုရှိ၊ မရှိ အတည်ပြုလို့ရမှာပါ"

ယန်ချင်းက တောင်းဆိုလိုက်သည်။

တောင်စောင့်အစီအရင်စံအိမ် တည်ထောင်သူက သူ၏တောင်းဆိုချက်ကို သဘောတူကာ စာရွက်လိပ်ကို ကမ်းပေးလိုက်လေ၏။

ယန်ချင်းသည် စာရွက်လိပ်နှစ်စောင်ကို ယှဉ်ချကာ နှစ်ခုလုံးကို စစ်ဆေးကြည့်လိုက်သည်။

ရေးသားထားသော အသေးစိတ်အချက်အလက်များမှအစ အသုံးပြုထားသော တံဆိပ်တုံးနှင့် စာရွက်လိပ်၏ ကုန်ကြမ်းပစ္စည်းအထိ ၎င်းတို့မှာ တူညီသောအရင်းအမြစ်မှလာခြင်း ဟုတ်၊ မဟုတ်ကို အတည်ပြုရန် စေ့စေ့စပ်စပ် စစ်ဆေးကြည့်ရှုနေပေသည်။

ထိုစာရွက်လိပ်မှာ တောင်စောင့်အစီအရင်စံအိမ်နှင့် ထန်ချီတို့အကြား ချုပ်ဆိုထားသော ကတိကဝတ် သဘောတူညီချက်စာချုပ်ပင် ဖြစ်ပေသည်။

သူသည် သူ၏ကျင့်ကြံရေးစံအိမ်တွင် ထိပ်တန်းလိမ္မော်ရောင်အဆင့် အစီအရင်ခြောက်ခုကို တည်ဆောက်ပေးရန် အပ်နှံခဲ့ခြင်းဖြစ်၏။

သဘောတူညီချက်အရ ထန်ချီက လိုအပ်သော ကုန်ကြမ်းပစ္စည်းများကို ထောက်ပံ့ပေးမည်ဖြစ်ပြီး စံအိမ်က လုပ်အားနှင့် အစီအရင်များကို ပြုလုပ်ပေးရမည်ဖြစ်သည်။

ထို့ကြောင့် ကုန်ကျစရိတ်တစ်ခုလုံးမှာ အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ၆၇၀ ဖြစ်ပြီး အလတ်စားဝိညာဉ်ကျောက်တုံးများအဖြစ် ပြောင်းလဲလိုက်ပါက အလတ်စားဝိညာဉ်ကျောက်တုံး ၆၇၀,၀၀၀ ခန့် ရှိပေသည်။

ဤပမာဏမှာ အထူးသဖြင့် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးအတွက်မူ အလွန်ပင်များပြားလှသော ပမာဏဖြစ်ပေသည်။

ဈေးနှုန်းအရ ကြည့်မည်ဆိုပါက ထိပ်တန်းလိမ္မော်ရောင်အဆင့် အစီအရင်တစ်ခုကို တည်ဆောက်ရန် အစီအရင်တစ်ခုလျှင် အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ၃၀၀ ခန့် ကုန်ကျနိုင်သဖြင့် မျှတသည်ဟု ဆိုနိုင်ပေသည်။

ထန်ချီသည် စုစုပေါင်းတန်ဖိုး၏ သုံးပုံတစ်ပုံခန့်သာ ပေးဆောင်ခဲ့ရသဖြင့် အတော်လေးသက်သာသော စာချုပ်ကို ရရှိခဲ့ခြင်း ဖြစ်၏။

ထန်ချီတပ်ဆင်ထားသည့် အစီအရင်ခြောက်ခုလုံးမှာ သေစေနိုင်သောစွမ်းအားမပါရှိဘဲ အများစုမှာ တားဆီးကာကွယ်ရေးနှင့် အကာအကွယ်အတားအဆီးအစီအရင်များနှင့်အတူ ပုံရိပ်ယောင်နှင့် စိတ်ဝေဝါးစေသော အစီအရင်များသာ ဖြစ်ကြသည်။

ထန်ချီသည် အဘယ်ကြောင့် သေစေနိုင်စွမ်းမရှိသော အစီအရင်များအား ရွေးချယ်ခဲ့သည်ကို ယန်ချင်း နားလည်ပေသည်။

ပထမအချက်မှာ သတ်ဖြတ်ရေးအစီအရင်များနှင့် နှိုင်းယှဉ်ပါက ကုန်ကျစရိတ် ပိုမိုသက်သာသောကြောင့်ဖြစ်၏။

သတ်ဖြတ်ရေးအစီအရင်တစ်ခု၏ ဈေးနှုန်းမှာ ပုံမှန်အားဖြင့် သေစေနိုင်စွမ်းမရှိသော အစီအရင်သုံးခုကို ပေါင်းစပ်ထားသော ဈေးနှုန်းနှင့် တူညီပေသည်။

နောက်ထပ်အကြောင်းရင်းတစ်ခုမှာ အရေးကြီးဆုံးဖြစ်ပြီး ၎င်းမှာ သူသည် တံခါးပိတ်ကျင့်ကြံတော့မည်ဖြစ်သောကြောင့် ဖြစ်၏။

သေစေနိုင်စွမ်းမရှိသော အစီအရင်များနှင့် နှိုင်းယှဉ်လျှင် သတ်ဖြတ်ရေးအစီအရင်တစ်ခုသည် စတင်လှုပ်ရှားသွားပါက သူ၏တံခါးပိတ်ကျင့်ကြံမှုကို အလွယ်တကူပင် အနှောင့်အယှက်ဖြစ်စေနိုင်ပေသည်။

ထိုစာရွက်လိပ်ပေါ်တွင် တပ်ဆင်ထားသော အစီအရင်များကိုသာမကဘဲ အစီအရင်များအတွက် အသုံးပြုရန် ထန်ချီပေးအပ်ခဲ့သော ကုန်ကြမ်းပစ္စည်းများကိုလည်း စာရင်းပြုစုထားသည်။

သူပေးအပ်ထားသော ပါဝင်ပစ္စည်းများ၏ ဘေးတွင် တောင်စောင့်အစီအရင်စံအိမ်မှသာ ကုန်ကြမ်းပစ္စည်းများကို ထောက်ပံ့ပေးခဲ့မည်ဆိုပါက အသုံးပြုမည့် ပစ္စည်းများ၏ စာရင်းကိုလည်း ဖော်ပြထားပေသည်။

ယန်ချင်း သုံးသပ်နိုင်သလောက်အရ ဘေးပတ်လည်တွင် ပံ့ပိုးပေးမည့် ဒုတိယတန်းစားပစ္စည်းများနှင့် ပတ်သက်လာလျှင် ထန်ချီပေးအပ်ခဲ့သော အရာများသည် တောင်စောင့်စံအိမ်က အကြံပြုထားသည်များနှင့် နှိုင်းယှဉ်ပါက အရည်အသွေး အနည်းငယ်နိမ့်ကျသော်လည်း အရည်အသွေးကွာဟချက်မှာမူ သိပ်မရှိလှပေ။

အစီအရင်များ၏ ပင်မကျောက်ဆူးများဖြစ်ကြသော အဓိကအနှစ်သာရပစ္စည်းများနှင့် ပတ်သက်လာလျှင်မူ ထန်ချီပေးအပ်ခဲ့သော အရာများသည် တောင်စောင့်စံအိမ်က အကြံပြုထားသည်များထက်ပင် ပိုမိုကောင်းမွန်နေပေသည်။

ထို့ကြောင့် အစီအရင်များ ပျက်စီးချို့ယွင်းမှုမှာ ကုန်ကြမ်းပစ္စည်းများနှင့် မည်သို့မျှ မသက်ဆိုင်ပေ။

အစီအရင်တစ်ခုလုံးကို ထောက်ပံ့ပေးရန် ကောင်းမွန်သော အဓိကပစ္စည်းတစ်ခု ရှိနေသရွေ့ ဒုတိယတန်းစားပစ္စည်းများကို လျှော့ချအသုံးပြုလျှင်ပင် အစီအရင်၏စွမ်းအားကို လျော့ကျသွားစေမည် မဟုတ်ပေ။

ထိုစာရွက်လိပ်ထဲတွင် အစီအရင်သည် ကောင်းမွန်စွာ အလုပ်လုပ်နေကြောင်း နှစ်ဖက်စလုံး၏ သဘောတူညီချက်လည်း ပါဝင်ပြီး အောက်ခြေတွင်မူ မုန့်ပိုင်နှင့် ထန်ချီတို့၏ အမည်များကို ရေးထိုးထားသည်။

"သက်သေအဖြစ် ထန်ချီတင်ပြထားတဲ့ စာရွက်လိပ်ရဲ့ စစ်မှန်မှုကို ခင်ဗျားတို့ စစ်ဆေးပြီး ခင်ဗျားတို့ဆီက စာချုပ်နဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်"

ယန်ချင်းက စာရွက်လိပ်နှစ်စောင်လုံးကို ဆူးယဲ့ထံသို့ ကမ်းပေးရင်း ပြောလိုက်သည်။

ဆူးယဲ့သည် ပထမတွင် နှိုင်းယှဉ်ရန် တွန့်ဆုတ်နေပုံရပေသည်။

အဘယ်ကြောင့်ဆိုသော် ထန်ချီတင်ပြထားသော စာရွက်လိပ်သည် အတုဖြစ်ပါက သူတို့အား ဤအမှုသို့ ဆင့်ခေါ်နေစရာအကြောင်းမရှိဟု သူ စဉ်းစားမိသောကြောင့် ဖြစ်၏။

သူတို့ကို ဆင့်ခေါ်ထားသည်ဟူသောအချက်ကပင် ထိုလိပ်စာရွက်မှာ အစစ်အမှန်ဖြစ်ကြောင်း သက်သေပြနေပေသည်။

သို့သော်လည်း ယန်ချင်း၏ နောက်ထပ်စကားလုံးများက သူ့ကို ငြင်းဆန်ခြင်းမပြုနိုင်ရန် တားဆီးလိုက်သည်။

"ကျေးဇူးပြုပြီး အတည်ပြုပေးပါ စံအိမ်ရှင်ဆူးယဲ့၊ ဒါက ဒီအမှုစစ်ဆေးရေး လုပ်ထုံးလုပ်နည်းတွေရဲ့ စည်းမျဉ်းတစ်ခုဖြစ်လို့ပါ"

ယန်ချင်းက ငြင်းဆန်ခွင့်မရှိသည့် တင်းမာသော မျက်နှာထားဖြင့် ပြောလိုက်သည်။

ဆူးယဲ့သည် လိပ်စာရွက်နှစ်စောင်လုံးကို အာရုံစိုက်ကာ အသေးစိတ်ကြည့်ရှုပြီးနောက် ယန်ချင်းထံသို့ ပြန်လည်ကမ်းပေးလိုက်ပြီး ထိုလိပ်စာရွက်မှာ သူတို့၏ စာချုပ်အစစ်အမှန်ဖြစ်ကြောင်းနှင့် စည်းကမ်းချက်များမှာလည်း ကိုက်ညီမှုရှိကြောင်း ဝန်ခံလိုက်ရလေသည်။

"ကောင်းပြီ... အခုဆိုရင် ငါတို့ စလို့ရပြီ၊ ယွီကန်က ခင်ဗျားတို့ကို ကြိုတင်အကြောင်းကြားထားပြီးသားဖြစ်မှာပါ”

“ဒါပေမဲ့ ကျုပ် နောက်တစ်ကြိမ် ထပ်ပြောပါရစေ၊ ခင်ဗျားတို့ ဒီတံခါးကို ဖြတ်ကျော်ဝင်ရောက်လာကတည်းက ဘယ်လိုရလဒ်မျိုးပဲ ထွက်လာပါစေ၊ တရားရုံးတော်ရဲ့ ဆုံးဖြတ်ချက်ကို လုံးဝနာခံဖို့ သဘောတူညီပြီးသားပဲ”

“တကယ်လို့ ငြင်းဆန်မယ်ဆိုရင်တော့ အဲဒီငြင်းဆန်မှုနောက်ကွယ်က ပြစ်ဒဏ်တွေကို ခံယူရလိမ့်မယ်”

“ခင်ဗျားတို့အားလုံး ပြင်ဆင်ထားကြလိမ့်မယ်လို့ ကျုပ် မျှော်လင့်ပါတယ်”

ယန်ချင်းက အဖွဲ့သုံးဖွဲ့လုံးကို စိုက်ကြည့်၍ ပြောလိုက်ရာ အားလုံးက ခေါင်းညိတ်ပြကြသည်။

"ကောင်းပြီ၊ အခု ငါတို့အားလုံး သဘောတူညီမှုရပြီဆိုတော့ ခင်ဗျားတို့တစ်ယောက်ချင်းစီရဲ့ ထွက်ဆိုချက်တွေကို အလှည့်ကျ နားထောင်သွားမယ်”

“အမှုမြန်မြန်ပြီးပြတ်ဖို့အတွက် ကျုပ်တို့ စီနီယာထန်ချီဆီကနေ အရင်စတင်မယ်”

“ပြီးရင်တော့ ဂိုဏ်းချုပ်ရှောက်ရုန်းဆီ သွားမယ်၊ နောက်ဆုံးမှ စံအိမ်ရှင်ဆူးယဲ့နဲ့ မုန်ပိုင်တို့ဆီ သွားကြတာပေါ့”

“စီနီယာထန်ချီ၊ ကျေးဇူးပြုပြီး စတင်ပေးပါ”

ယန်ချင်းက တစ်ကိုယ်တော်ကျင့်ကြံသူ ထန်ချီကို စတင်ရန် လက်ဟန်ပြရင်း ပြောလိုက်သည်။

"တရား...တရားသူကြီး ယန်ချင်း...အခွင့်...အခွင့်အရေးပေးတဲ့အတွက် ကျေး...ကျေးဇူးတင်ပါတယ်..."

ထန်ချီသည် မိတ်ဆက်စကားကို စတင်ပြောဆိုရာတွင် အနည်းငယ် ထစ်ထစ်အအဖြစ်နေပေသည်။

ဤသည်မှာ စိုးရိမ်စိတ်ကြောင့် ဖြစ်သကဲ့သို့ လူများနှင့် ဆက်ဆံရာတွင် ကျွမ်းကျင်မှုမရှိခြင်းကြောင့်လည်းဖြစ်၏။

အထူးသဖြင့် သူသည် လွန်ခဲ့သော နှစ်ပေါင်း ၂၃၀ ခန့်ကတည်းက တံခါးပိတ်ကျင့်ကြံနေခဲ့ပြီး ဘဝတစ်လျှောက်လုံးတွင် တစ်ကိုယ်တည်းသာ နေထိုင်ခဲ့ခြင်းကြောင့်လည်း ဖြစ်ပေသည်။

All Chapters