အခန်း ၃၆၃
Vol. 37 Ch. 363
အခန်း (၃၆၃) - ထန်ချီ
တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်အနေဖြင့် သူသည် လူများကို သတိထားတတ်ရန် ယခင်ကတည်းက အသားကျနေခဲ့ပေပြီ။
သို့သော်လည်း ထန်ချီက စိတ်ကို အမြန်ပင် ပြန်လည်စုစည်းလိုက်၏။
မည်သို့ပင်ဖြစ်စေ၊ သူသည် နန်းတော်အဆင့်ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။
ထို့အပြင် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်အဖြစ်မှ ဤကဲ့သို့ မြင့်မားသောအဆင့်ထိ ရောက်ရှိရန် စွမ်းဆောင်နိုင်ခဲ့ခြင်းမှာ လွယ်ကူလှသောကိစ္စရပ်တစ်ခု မဟုတ်ပေ။
"လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ရာ့သုံးဆယ့်သုံးနှစ်လောက်က ကျုပ် ကံကောင်းထောက်မစွာနဲ့ အခွင့်အရေးတစ်ခု ရခဲ့တယ်”
“အဲဒါက အမြုတေဖွဲ့စည်းခြင်းအဆင့်ရဲ့ အထွတ်အထိပ်မှာ နှစ်ပေါင်းငါးရာ့ခြောက်ဆယ့်ခုနစ်နှစ်လောက် ပိတ်မိနေခဲ့ရာကနေ နောက်ဆုံးမှာ နန်းတော်အဆင့်ရဲ့ တံခါးဝကို ခြေလှမ်းနိုင်မယ့် အခွင့်အရေးတစ်ခု ရခဲ့တာပဲ"
"ကျုပ်ရဲ့ ပါရမီနဲ့ဆိုရင် အဲဒီအဆင့်မှာတင် ရပ်တန့်သွားလိမ့်မယ်လို့ ထင်ထားခဲ့တာ”
“တကယ်တော့ ကျုပ်နေခဲ့ဖူးတဲ့ အရင်ဂိုဏ်းရဲ့ သတ်မှတ်ချက်တွေအရဆိုရင်တောင် ချီသန့်စင်ခြင်းအဆင့်ရဲ့ အစောပိုင်းကာလလောက်ကို ရောက်ဖို့ဆိုတာ ကျုပ်မျှော်လင့်နိုင်တဲ့ အကောင်းဆုံးအရာပဲ”
ထန်ချီက ခါးသက်သက်အပြုံးတစ်ခုဖြင့် ပြောလိုက်လေသည်။
သူသည် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်ဖြစ်လာရန် မဆုံးဖြတ်ရသေးမီ ငယ်ရွယ်စဉ်ကာလက ကျင့်ကြံခြင်းအကြောင်း သိပ်မသိလှသော ကျေးလက်ရွာလေးတစ်ရွာတွင် နေထိုင်ခဲ့ဖူးလေ၏။
တစ်နေ့တွင် သံမဏိခွဲလက်ဝါးဂိုဏ်းဟူသော ဂိုဏ်းမှ ကျင့်ကြံသူတစ်ဦး ရွာထဲမှ ဖြတ်သန်းသွားခဲ့ပြီး ကံတရား၏ရေစက်ကြောင့် ရွာထဲရှိကလေးငယ်များတွင် ကျင့်ကြံနိုင်မည့်ပါရမီများ ရှိ၊ မရှိ စစ်ဆေးပေးရန် ဆုံးဖြတ်ခဲ့လေသည်။
ပါရမီရှိကြောင်း တွေ့ရှိရသည့် ကလေးလေးယောက်ထဲတွင် ထန်ချီလည်း အပါအဝင်ဖြစ်ခဲ့ပေသည်။
ထိုကျင့်ကြံသူက သူ့ကို ဂိုဏ်းသို့ ခေါ်ဆောင်သွားရန် ကမ်းလှမ်းခဲ့၏။
အစပိုင်းတွင် သူ တုံ့ဆိုင်းနေခဲ့သော်လည်း ထိုကျင့်ကြံသူက ကျင့်ကြံသူတစ်ဦး၏ စွမ်းဆောင်ရည်များအကြောင်း၊ မိဘများ၏ဘဝကို မည်သို့ပြောင်းလဲပေးနိုင်ပုံနှင့် ကျင့်ကြံသူတစ်ယောက်ဖြစ်လာလျှင် လုပ်ဆောင်နိုင်မည့် အရာများစွာကို ပြောပြကာ သူ့အား ဆွဲဆောင်စည်းရုံးခဲ့လေသည်။
ထိုအချိန်က ထန်ချီသည် ကိုးနှစ်သားအရွယ်သာရှိသေးရာ အလွယ်တကူ လှည့်စားခံလိုက်ရ၏။
ကျင့်ကြံသူ၏စကားများ အဆုံးသတ်သွားချိန်တွင် ထန်ချီသည် ကြီးမြတ်လှသော သိုင်းကွက်များကို ပိုင်ဆိုင်ထားသည့် မသေမျိုးတစ်ဦးအဖြစ် မိမိကိုယ်ကို စိတ်ကူးယဉ်မိနေခဲ့တော့သည်။
သူသည် မိဘများ၊ နွားများ၊ ကြက်များ၊ ဝက်များနှင့် သဘောကျရသော ကောင်မလေးကိုပါ ထိုမျှမြင့်မားသည့် အဆင့်အတန်းတစ်ခုဆီသို့ ခေါ်ဆောင်သွားနိုင်ရန် မျှော်လင့်နေခဲ့ပေ၏။
ဝမ်းနည်းစရာကောင်းသည်မှာ အခြေအနေများက သူတွေးထင်ထားသကဲ့သို့ ဖြစ်မလာခဲ့ခြင်းပင်။
နောက်ဆုံး၌ သူသည် ဂိုဏ်း၏အစေခံတစ်ဦးသာ ဖြစ်လာခဲ့ပြီး သူနှင့် တစ်ရွာတည်းမှ အတူပါလာသည့် ကလေးသုံးယောက်ထက် ခန္ဓာကိုယ်ပိုမိုကြံ့ခိုင်ကြောင်း သက်သေပြနိုင်ခဲ့သဖြင့် ဆေးရည်အမျိုးမျိုးကို စမ်းသပ်ခံရသည့် ဆေးကျွန်အဖြစ်သို့ ရာထူးချခံခဲ့ရလေသည်။
သူနှင့်တစ်ရွာတည်းမှ ကလေးသုံးယောက်သည် သုံးနှစ်အတွင်း သေဆုံးသွားခဲ့ကြပြီး သူတစ်ဦးတည်းသာ ကျန်ရစ်ခဲ့၏။
ထိုအချိန်မှစ၍ နောက်ထပ်ကိုးနှစ်တာကာလတစ်လျှောက်လုံးမှာမူ ငရဲကျနေသကဲ့သို့ ညှဉ်းပန်းနှိပ်စက်မှုများကိုသာ ကြုံတွေ့ခဲ့ရလေသည်။
ဆေးဖော်စပ်မှုဆိုင်ရာစမ်းသပ်မှုများအတွက် အသုံးချမခံရသည့်အခါများတွင် သူသည် ဂိုဏ်း၏ တပည့်အစစ်အမှန်များအတွက် လေ့ကျင့်ရေးအရုပ်တစ်ခုအဖြစ် အသုံးချခံခဲ့ရပေသည်။
ထိုအချိန်က သူ၏ တစ်ခုတည်းသော ခုခံကာကွယ်နိုင်စွမ်းမှာ အဖြူရောင်အဆင့် ခန္ဓာကိုယ်သန့်စင်ခြင်းကျင့်စဉ်တစ်ခုသာရှိပြီး မည်သည့်ကျင့်ကြံခြင်းအတတ်ပညာကိုမျှ မသိရှိခြင်းနှင့် ကွာခြားမှုမရှိလှပေ။
သို့သော် ထိုသို့အရိုက်ခံရခြင်းများနှင့် ဆေးစမ်းသပ်မှုများသည် တစ်ဖက်တွင်မူ ကောင်းချီးတစ်ခုဖြစ်လာခဲ့သည်။
မည်သို့မည်ပုံဖြစ်သွားသည်ကို မသိရသော်လည်း သူသည် ငါးနှစ်အတွင်း ငွေခန္ဓာတစ်ခုကို ဖွဲ့စည်းနိုင်ခဲ့ကာ ယင်းကို အလျင်အမြန်ပင် ဖုံးကွယ်ထားခဲ့လေ၏။
သံမဏိခွဲလက်ဝါးဂိုဏ်း၏အမည်မှာ ဟိတ်ဟန်ကြီးမားနေသော်လည်း သူ၏ အတောက်ပဆုံးအချိန်တွင်ပင် အလယ်အလတ်အဆင့်ဂိုဏ်းတစ်ခုသာဖြစ်ပြီး ဂိုဏ်းချုပ်မှာ ချီသန့်စင်ခြင်းအဆင့်၏ နှောင်းပိုင်းကာလ၌သာ ရှိနေသောကြောင့် ယင်းကိုဖုံးကွယ်ထားရန် သူ့အတွက် လွယ်ကူခဲ့ပေသည်။
သို့သော် ထိုဂိုဏ်း၏အဆင့်အတန်းက နိမ့်ကျနေလင့်ကစား သူ၏ငွေခန္ဓာဖြင့်ပင် သူ့ကို အလွယ်တကူ သတ်ဖြတ်နိုင်သည့် ချီသန့်စင်ခြင်းအဆင့်ကျင့်ကြံသူများ ရှိနေသေးသဖြင့် သူသည် သင့်လျော်မည့်အချိန်ကိုသာ စောင့်ဆိုင်းရန် ဆုံးဖြတ်ခဲ့၏။
နောက်ထပ်ဆယ့်သုံးနှစ်ကြာမြင့်ပြီးနောက်တွင်မူ ပြိုင်ဘက်ဂိုဏ်းများထဲမှ တစ်ခု၌ အခြေတည်အဆင့်သို့ ဖောက်ထွက်နိုင်သူတစ်ဦး ပေါ်ထွက်လာခဲ့ရာ ထိုဂိုဏ်းကြီးတစ်ခုလုံး သုတ်သင်ချေမှုန်းခံလိုက်ရလေသည်။
ထိုသူ ဖောက်ထွက်အောင်မြင်သွားချိန်တွင် ထိုဂိုဏ်းမှ ပထမဆုံးလုပ်ဆောင်ခဲ့သောအရာမှာ သံမဏိခွဲလက်ဝါးဂိုဏ်းကို တိုက်ခိုက်ဖျက်ဆီးခြင်းပင် ဖြစ်ပေ၏။
ထန်ချီသည် ထိုပရမ်းပတာအခြေအနေများကြားထဲမှ သိုင်းကျင့်စဉ်အနည်းငယ်ကို လုယူရင်း အသက်ဘေးမှ သီသီလေးလွတ်မြောက်လာခဲ့၏။
ကိုယ်ပေါ်မှ သွေးစွန်းနေသည့် ဝတ်ရုံစုတ်၊ ချို့ယွင်းချက်ရှိသော ဆေးရည်များဖြင့် ပြည့်နှက်နေသည့် ခန္ဓာကိုယ်နှင့် အနိမ့်ဆုံး အနီရောင်အဆင့်သိုင်းကျင့်စဉ်သုံးခုမှလွဲ၍ အခြားဘာမျှမရှိဘဲ သူသည် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးအဖြစ် ခရီးလမ်းကို စတင်ခဲ့ရလေသည်။
သံမဏိခွဲလက်ဝါးဂိုဏ်းနှင့်ပတ်သက်သည့် အတွေ့အကြုံများကြောင့် သူသည် မည်သည့်ဂိုဏ်းသို့မဆို ထပ်မံဝင်ရောက်ရန် အစီအစဉ်ကို လုံးဝစွန့်လွှတ်လိုက်တော့သည်။
သူ့ကို အသုံးချစရာ ကိရိယာတစ်ခုထက် ပိုမမြင်သည့် ဂိုဏ်းများအတွက် အသက်စွန့်မည့်အစား မိမိကိုယ်ကိုသာ အားကိုးရင်းနှင့် ကြိုးစားရင်းဖြင့်သာ သေဆုံးသွားရန် ရွေးချယ်ခဲ့ပေသည်။
အကြိမ်ကြိမ်အခါခါ အမှားအယွင်းများကြားမှ ကြိုးစားပြီးနောက် ဂိုဏ်းမှထွက်ပြေးလွတ်မြောက်လာခဲ့ပြီး နှစ်အနည်းငယ်အကြာတွင် သူသည် ချီသန့်စင်ခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့၏။
ထို့နောက် နှစ်ပေါင်းသုံးဆယ်အကြာတွင်မူ သူ၏ဇာတိရွာလေးသို့ ခြေရာခံလျက် မိဘများကို သွားရောက်တွေ့ဆုံနိုင်ခဲ့လေသည်။
သံမဏိခွဲလက်ဝါးဂိုဏ်းနှင့်ပတ်သက်သည့် အတွေ့အကြုံများက သူ့အတွက် စိတ်ဒဏ်ရာများနှင့် အေးစက်သော စိတ်နေသဘောထားတို့ကို ချန်ရစ်ခဲ့ပေသည်။
သူ မြင်တွေ့ကြုံဆုံခဲ့ရသည်များကြောင့် လောကကြီးသည် မည်မျှထိတ်လန့်ဖွယ်ကောင်းကြောင်း ကောင်းစွာသိရှိထားခဲ့ရာ ရွာသို့ပြန်သွားချိန်တွင်လည်း စိတ်ထဲ၌ တွေးတောပူပန်နေမိသည်မှာ ရွာလေးပျက်စီးနေမည့်အခြေအနေနှင့် မိဘများ သေဆုံးနေမည့်အရေးကိုသာ ဖြစ်လေ၏။
သို့သော် သူ ရွာသို့ပြန်ရောက်သောအခါ ထိုခန့်မှန်းချက်များမှာ မှားယွင်းကြောင်း တွေ့ရှိခဲ့ရသည်။
ရွာလေးမှာ သူ ထွက်ခွာသွားစဉ်ကအတိုင်းပင် မပြောင်းမလဲရှိနေဆဲပင်။
လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်သည့် ရွာလေးဖြစ်သဖြင့် ရွာသူရွာသားများမှာ လယ်ကွင်းများထဲ၌ ကြိုးစားပမ်းစား အလုပ်လုပ်ကိုင်နေကြပြီး သူ၏မိဘများမှာလည်း အသက်ရှင်လျက်ရှိနေဆဲဖြစ်သော်ငြား အတော်လေးအိုမင်းရင့်ရော်နေကြပြီ ဖြစ်၏။
သူတို့သည် အသက်ရှစ်ဆယ်နှောင်းပိုင်းအရွယ်များသို့ ရောက်ရှိနေကြပြီဖြစ်ရာ သူပြန်လာချိန်၌ သူကိုယ်တိုင်ပင် အသက်ခြောက်ဆယ့်လေးနှစ်ခန့် ရှိနေပြီဖြစ်သဖြင့် ယင်းမှာ သဘာဝကျပေသည်။
ထိုအချိန်က သူသည် ချီသန့်စင်ခြင်းအဆင့်၏ နှောင်းပိုင်းကာလသို့ ရောက်ရှိနေခဲ့ပြီဖြစ်၏။
ပြန်လည်ဆုံတွေ့ရချိန်တွင် သူတို့အားလုံး မျက်ရည်ကျခဲ့ကြရသည်။
အထူးသဖြင့် မိဘများကို မည်သည့်အခါမျှ ပြန်လည်ဆုံတွေ့ရတော့မည်မဟုတ်ကြောင်း သေချာပေါက်ထင်ထားခဲ့သည့် ထန်ချီမှာ ပို၍ပင် ခံစားခဲ့ရ၏။
ထိုအချိန်မှစ၍ မိဘများမကွယ်လွန်မီ နောက်ထပ်ဆယ်စုနှစ်တစ်ခုကြာသည်အထိ သူသည် လယ်သမားတစ်ဦး၏သားအဖြစ် သူတို့နှင့်အတူ ရိုးရှင်းစွာ နေထိုင်ခဲ့ပေသည်။
တက်တက်ကြွကြွကျင့်ကြံခြင်း မရှိခဲ့သော်လည်း ထိုဆယ်စုနှစ်အတွင်း သူသည် ချီသန့်စင်ခြင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီး အခြေတည်အဆင့်သို့ ဖောက်ထွက်နိုင်ရန် ခြေတစ်လှမ်းသာ လိုတော့သည့် အနေအထားသို့ ရောက်ရှိနေခဲ့ပေသည်။
ထိုဆယ်နှစ်တာကာလက သူ့အတွက် အလွန်ပင် အထောက်အကူဖြစ်စေခဲ့ပြီး အထူးသဖြင့် စိတ်နှလုံးကို တည်ငြိမ်စေခြင်းနှင့် စိတ်ပိုင်းဆိုင်ရာအခြေအနေကို ပိုမိုကောင်းမွန်အောင် ပြုပြင်နိုင်ခဲ့လေသည်။
ထိုသို့ စိတ်ပိုင်းဆိုင်ရာတိုးတက်လာမှုနှင့် အေးချမ်းတည်ငြိမ်မှုတို့က သူ့အတွက် ကောင်းချီးတစ်ခု ဖြစ်လာခဲ့ပေ၏။
မိဘများကွယ်လွန်သွားပြီးနောက် သူသည် ရွာမှထွက်ခွာလာခဲ့ပြီး တစ်နှစ်မပြည့်မီမှာပင် အခြေတည်အဆင့်သို့ အောင်မြင်စွာ ဖောက်ထွက်နိုင်ခဲ့လေသည်။
ထန်ချီသည် မိဘများနှင့် ကွယ်လွန်ချိန်အထိ သူတို့၏မျက်နှာပေါ်တွင် ရှိနေခဲ့သည့် ပျော်ရွှင်ချမ်းမြေ့သော အပြုံးများကို ပြန်လည်တွေးတောမိသည့်အခါ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပေ။
နောက်ဆုံးတွင် သူသည် အမြုတေဖွဲ့စည်းခြင်းအဆင့်၏ အထွတ်အထိပ်သို့ မရောက်ရှိမီ နှစ်ပေါင်းတစ်ထောင်နီးပါးခန့် ပင်ပန်းဆင်းရဲစွာ ရုန်းကန်ခဲ့ရပြီး ထိုနှစ်များမှာ လွယ်ကူမှုနှင့် အလွန်ဝေးကွာလှသလို သေမင်းနှင့်ရင်ဆိုင်ခဲ့ရသည့် အကြိမ်အရေအတွက်မှာလည်း ရေတွက်၍မရနိုင်သည်အထိ များပြားလှပေ၏။
သို့သော် မိဘများ၏အပြုံးနှင့် သူတို့နှင့်အတူ ဖြတ်သန်းခဲ့ရသည့် ထိုဆယ်စုနှစ်တာကာလက သူ့ကို စိတ်ဓာတ်မကျဘဲ ဆက်လက်ရှင်သန်နိုင်ရန် ထိန်းမတ်ပေးထားခဲ့ပြီး နောက်ဆုံးတွင် လူသန်းပေါင်းများစွာကို အပေါ်စီးမှ ကြည့်ရှုနိုင်သည့် နန်းတော်အဆင့်ကျွမ်းကျင်သူတစ်ယောက်အဖြစ် ဤနေရာသို့ ရောက်ရှိလာသည်အထိ ရှေ့သို့တွန်းပို့ပေးခဲ့သော ကြိုးတစ်ချောင်းနှင့် တူခဲ့လေ၏။
တစ်ခါတစ်ရံတွင်မူ ဤအရာအားလုံးမှာ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်နေပြီး အိပ်ရာမှနိုးလာသည့်အခါ မိမိကိုယ်ကို ကြိုးတုပ်ခံထားရလျက် ဆေးရည်အမည်ခံအရည်များအား အတင်းအဓမ္မ တိုက်ကျွေးခံနေရဆဲဖြစ်နေမည်ကို စိုးရိမ်ပူပန်မိသည့် နေ့ရက်များလည်း ရှိခဲ့ပေသည်။
"စီနီယာ၊ စီနီယာ"
ယန်ချင်း၏အသံကို ကြားလိုက်ရသည့်အခါမှသာ ထန်ချီ၏မျက်လုံးများထဲတွင် အာရုံစူးစိုက်မှု ပြန်လည်ရရှိလာတော့သည်။
"တောင်းပန်ပါတယ် တရားသူကြီး"
သူက တောင်းပန်တိုးလျှိုးသည့် အပြုံးတစ်ခုဖြင့် ပြောလိုက်၏။
"ဒီကိစ္စတွေပြီးသွားရင် ကျုပ် အဲဒီမှာပဲ အပြီးအပိုင် အခြေချနေထိုင်ဖြစ်တော့မယ် ထင်တယ်”