← Chapters

အခန်း ၃၆၅

Vol. 37 Ch. 365

အခန်း ၃၆၅

Vol. 37 Ch. 365

အခန်း (၃၆၅) - ဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက်များ (၂)

"ကျုပ်ရဲ့ ကျင့်ကြံခြင်းအခြေခံကို နည်းနည်းတည်ငြိမ်အောင် ခြောက်လလောက် စောင့်ဆိုင်းပြီးမှပဲ လျော်ကြေးနဲ့ ရှင်းလင်းချက်တောင်းဖို့ သူတို့ကို သွားရှာခဲ့တာ”

“ကျုပ်ပိုင်ဆိုင်သမျှ အရာအားလုံးနီးပါး အခိုးခံလိုက်ရတယ်၊ ကျော်ဖြတ်ရမယ့်ကပ်ဘေးကြောင့် ပျက်စီးသွားမှာစိုးရိမ်လို့ ကျုပ်ရဲ့ ကျင့်ကြံရေးဂူဗိမာန်ထဲမှာ အားလုံးကို သိမ်းဆည်းထားခဲ့တာ”

“ပြီးတော့ သူတို့ဆင်ပေးထားတဲ့ အစီအရင်တွေကိုလည်း ယုံကြည်စိတ်ချခဲ့လို့ ဘာပြဿနာမှမရှိဘဲ ဘေးကင်းလိမ့်မယ်လို့ ထင်ခဲ့မိတယ်”

“ကျုပ်တပ်ဆင်ခိုင်းထားတဲ့ အစီအရင်တွေက အမြုတေဖွဲ့စည်းခြင်းအဆင့်ရဲ့ သတ္တမအဆင့်ကျင့်ကြံသူကိုတောင် တားဆီးနိုင်ရမှာ”

“အဲဒီအစီအရင်တွေထဲမှာဆိုရင် ကျုပ်ရဲ့ ဂူဗိမာန်ကို လူသူမသိအောင် ဖုံးကွယ်ထားပေးမယ့် မျက်လှည့်အစီအရင်တစ်ခုတောင် ပါသေးတယ်”

“ဒါပေမဲ့ ဘာတစ်ခုမှ အလုပ်မဖြစ်ခဲ့ပုံပဲ၊ ဘာလို့လဲဆိုတော့ နှစ်ပေါင်းနှစ်ရာ့တစ်ဆယ့်ခုနစ်နှစ်ကြာပြီးနောက်မှာ အခြေတည်အဆင့်ရှိတဲ့ ကလေးတချို့က ကျုပ်ရဲ့ဂူဗိမာန်ထဲကို ကျူးကျော်ဝင်ရောက်ပြီး ပစ္စည်းအားလုံးကို ခိုးယူသွားနိုင်ခဲ့လို့ပဲ”

“သူတို့က ကျုပ်ရဲ့ အမွေအနှစ်ကျင့်စဉ်၊ ဓားသိုင်းသိမြင်နားလည်မှုတွေ၊ ကျုပ်ကိုယ်တိုင်စုဆောင်းထားတဲ့ မတူညီတဲ့ ကျင့်စဉ်တွေ၊ ဆေးဖက်ဝင်ပစ္စည်းတွေအားလုံးကို ခိုးယူသွားခဲ့ကြတဲ့အပြင် ကျုပ် ပင်ပင်ပန်းပန်း စိုက်ပျိုးထားခဲ့ရတဲ့ ဆေးဘက်ဝင်အပင်ဥယျာဉ်ကိုတောင် ဖျက်ဆီးသွားခဲ့ကြတယ်”

ထိုသို့ပြောလိုက်စဉ်အတွင်း သူ၏မျက်ဝန်းထဲ၌ သတ်ဖြတ်လိုသော အငွေ့အသက်များ ခဏမျှဖြတ်ပြေးသွားပြီးနောက ထန်ချီက အလျင်အမြန်ပင် ပြန်လည်ထိန်းချုပ်လိုက်လေသည်။

ဂိုဏ်းချုပ်အပါအဝင် ငွေဓားဂိုဏ်းဝင်များမှာ ထိုသတ်ဖြတ်လိုသော အငွေ့အသက်ကြောင့် တုန်လှုပ်ချောက်ချားသွားကြ၏။

"အဲဒီအချိန်တုန်းက ကျုပ်ရဲ့ပစ္စည်းတွေကို ဘယ်သူခိုးသွားလဲဆိုတာ လုံးဝမသိခဲ့ရဘူး”

“ဒါကြောင့် ကျုပ် ပထမဆုံးသွားခဲ့တဲ့နေရာက တောင်စောင့်အစီအရင်ဂူဗိမာန်ပဲ”

“ကျုပ်က အစီအရင်တွေအကြောင်း သိပ်နားမလည်ပေမဲ့ နန်းတော်အဆင့်ရဲ့ အာရုံခံစားမှုကြောင့် အနည်းဆုံးတော့ အစီအရင်ကို အတင်းအဓမ္မ ဖျက်ဆီးထားခြင်း ရှိ၊ မရှိ ခွဲခြားနိုင်သေးတယ်”

“ဒါပေမဲ့ အဲဒီမှာ အတင်းအဓမ္မဖျက်ဆီးထားတဲ့ အရိပ်အယောင်မျိုး လုံးဝမတွေ့ရဘူး”

“ကျုပ်တွေ့လိုက်ရတာက အချိန်ကြာလာတာနဲ့အမျှ ယိုယွင်းပျက်စီးသွားတဲ့ အစီအရင်ရဲ့ အရိပ်အယောင်တွေပဲ”

“ဒါက ကျုပ်အတွက်တော့ လုံးဝ အဓိပ္ပာယ်မရှိဘူး၊ ဘာလို့လဲဆိုတော့ ကျုပ်က သတ်မှတ်ထားတဲ့ နှစ်ငါးရာမပြည့်ခင် နှစ်ပေါင်းနှစ်ရာ့ခုနစ်ဆယ်စောပြီး ပြန်ရောက်လာခဲ့တာမလို့ပဲ”

“ဒါကြောင့် ကျုပ် အဲဒီကိုသွားပြီး သူတို့ကို ရင်ဆိုင်မေးမြန်းခဲ့တယ်”

“ဒါပေမဲ့ သူတို့က ငြင်းဆိုပြီး ကျုပ်ရဲ့ ကပ်ဘေးကျော်ဖြတ်မှုကြောင့် အစီအရင်တွေ ပျက်စီးသွားတာလို့ ပြောကြတယ်”

“ဒါကလည်း လုံးဝ ဖြစ်နိုင်ခြေမရှိဘူး၊ ဘာလို့လဲဆိုတော့ ကျုပ် ကပ်ဘေးမရင်ဆိုင်ခင် လွန်ခဲ့တဲ့နှစ်နှစ်ခွဲကတည်းက အစီအရင်တွေက ပျက်စီးနေခဲ့တာမလို့ပဲ”

“တကယ်တော့ ငွေဓားဂိုဏ်းရဲ့ တပည့်တွေက လွန်ခဲ့တဲ့ဆယ့်တစ်နှစ်ခွဲကတည်းက အဲဒီဂူဗိမာန်ထဲကို ကျူးကျော်ဝင်ရောက်ပြီး ပစ္စည်းအားလုံးနီးပါးကို ခိုးသွားခဲ့ကြတာ”

“စကားအခြေအတင်ဖြစ်ကြပြီး သူတို့ဘက်က နန်းတော်အဆင့်ပညာရှင်နှစ်ယောက်ကို ထုတ်ဖော်ပြလာတဲ့အချိန်မှာတော့ ကျုပ်လည်း နာနာကျင်ကျင်နဲ့ပဲ ဆုံးရှုံးမှုတွေကို လက်ခံပြီး ထွက်ခွာခဲ့ရတော့တယ်”

ထန်ချီက ခါးသီးသော အပြုံးတစ်ခုနှင့်အတူ ပြောလိုက်လေသည်။

ကျင့်ကြံခြင်းအဆင့်တက်စဉ်က သူသည် အလွန်အမင်း စိတ်လှုပ်ရှားကာ ဝမ်းသာအားရဖြစ်ခဲ့ရ၏။

နန်းတော်အဆင့်ပညာရှင်တစ်ဦး၏ အားကောင်းလှသော စွမ်းအားကို ခံစားမိပြီး အမြုတေဖွဲ့စည်းခြင်းအထွတ်အထိပ်အဆင့်ရှိ ကျင့်ကြံသူအယောက်နှစ်ဆယ်ကိုပင် အလွယ်တကူ အနိုင်ယူနိုင်စွမ်းရှိကြောင်း သိလိုက်ရချိန်၌ ပျော်ရွှင်လွန်းသဖြင့် ရူးသွပ်မတတ်ဖြစ်ခဲ့ရလေသည်။

နန်းတော်အဆင့်သို့ရောက်ရှိခြင်းမှာ သူ ယခင်က အခြေတည်အဆင့်နှင့် အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိခဲ့စဉ် ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများနှင့် လုံးဝကွဲပြားခြားနားသည့် ထူးခြားသောအရည်အသွေးတစ်ခု ရှိနေကြောင်း ပင်ကိုဗီဇစိတ်အရ ခံစားမိနေခဲ့၏။

ထိုအဆင့်နှစ်ခုသို့ရောက်ခဲ့စဉ်က စွမ်းအားများ အဆမတန် တိုးတက်လာခဲ့သော်လည်း သူသည် လောကကြီးက လက်ခံနိုင်သော ဘောင်အတွင်း၌သာ ရှိနေသေးသကဲ့သို့ 'ပုံမှန်' အခြေအနေတစ်ခုကိုသာ ခံစားခဲ့ရ၏။

သို့သော် နန်းတော်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ချိန်တွင်မူ သူ လုံးဝကွဲပြားခြားနားသွားခဲ့‌ကြောင်းကို ခံစားလိုက်ရပြီဖြစ်သည်။

မည်သည့်ကြောင့်မှန်း အတိအကျမသိသော်လည်း သူသည် ပိုမိုမြင့်မားသော နယ်ပယ်တစ်ခုသို့ ခြေချလိုက်နိုင်ပြီဖြစ်ကြောင်းကိုမူ ခံစားမိနေပေသည်။

နန်းတော်အဆင့်သို့ ရောက်ရှိသူများကိုသာ အဘယ်ကြောင့် စစ်မှန်သောကျင့်ကြံသူများအဖြစ် သတ်မှတ်ကြသည်ကို နောက်ဆုံးတွင် သူ နားလည်သွားခဲ့ရလေသည်။

ထိုမျှစိတ်အားတက်ကြွနေသည့်အချိန်တွင် သူသည် မိမိ၏ရွှင်လန်းသော စိတ်ခံစားချက်နှင့် လိုက်ဖက်မည့် အရာတစ်ခုခုကို ပြုလုပ်ချင်နေခဲ့၏။

ထိုအရာမှာ အခြားမဟုတ်ဘဲ ကျင့်ကြံခြင်းအဆင့်တက်စဉ်က ရရှိခဲ့သော နားလည်မှုများကို အခြေခံ၍ ဆေးဥယျာဉ်သို့သွားကာ အပင်စိုက်ပျိုးရန်ပင် ဖြစ်သည်။

သို့သော် သူ ပြန်ရောက်ချိန်တွင် တွေ့ရှိလိုက်ရသည်မှာ ပျက်စီးယိုယွင်းနေသော အဆောက်အအုံဟောင်းတစ်ခုနှင့်မခြားသည့် ဂူဗိမာန်သာဖြစ်၏။

သူပိုင်ဆိုင်သမျှအားလုံး အခိုးခံလိုက်ရသည့်အပြင် အချို့အခန်းများ၏ ကြမ်းခင်းများကိုပင် တူးဆွယူဆောင်သွားကြချေပြီ။

သူသည် မျက်စိရှေ့မှမြင်ကွင်းကို မယုံကြည်နိုင်ဖြစ်ခဲ့ရ၏။

သူတန်ဖိုးထားရသမျှ အရာအားလုံး အခိုးခံလိုက်ရသည်။

ကပ်ဘေးကျော်ဖြတ်စဉ်က ကိုယ်နှင့်မကွာဆောင်ထားခဲ့သော ဓားတစ်လက်မှလွဲ၍ ကျန်ရှိသမျှအရာအားလုံး ဆုံးရှုံးသွားခဲ့ရလေသည်။

ဂူဗိမာန်ထဲတွင် အလှဆင်ထားပါက ကြည့်ကောင်းလိမ့်မည်ဟု ယူဆခဲ့သော နဂါးကျောက်ရုပ်တုများပင်မကျန် ယူဆောင်သွားကြချေသည်။

သူ ဒေါသအလွန်အမင်း ထွက်သွားခဲ့ရပြီး မိမိ၏နန်းတော်အဆင့် စွမ်းအားများဖြင့် တရားခံအားလုံးကို လိုက်လံစာရင်းရှင်းရန် ဆုံးဖြတ်လိုက်၏။

သူ၏ ပထမဆုံးပစ်မှတ်မှာ ချို့ယွင်းချက်ရှိသော အစီအရင်များ ရောင်းချခဲ့သည့် တောင်စောင့်အစီအရင်ဂူဗိမာန်ပင် ဖြစ်သည်။

ယခုအခါ သူသည် နန်းတော်အဆင့်ပညာရှင်တစ်ဦးဖြစ်ရုံသာမက ဓားဆန္ဒကိုပါ ပိုင်ဆိုင်ထားသော ဓားသမားတစ်ဦးဖြစ်သဖြင့် သူ၏စွမ်းအားဖြင့် ကောင်းကင်ကိုပင် မှောက်ပစ်နိုင်လိမ့်မည်ဟု ယုံကြည်နေခဲ့၏။

အခြေအနေများ မည်သို့ဖြစ်လာမည်ကို သူ စိတ်ကူးယဉ်ကြည့်ခဲ့ဖူးသည်။

သူသည် ထိုဂိုဏ်း၏ အဖွဲ့ဝင်အချို့ကို ဒုက္ခိတဖြစ်စေရန် ပြုလုပ်ပြီး တည်ထောင်သူ၏ပါးစပ်ကို ဓားရိုးဖြင့်ရိုက်နှက်ကာ ရသင့်ရထိုက်သော လျော်ကြေးများကို အတိုးပါမကျန်တောင်းယူရန် ကြံစည်ခဲ့မိသည်။

သို့သော် ဂူဗိမာန်တစ်ခုလုံး ပြောင်သလင်းခါသည်အထိ ခိုးယူခံလိုက်ရခြင်းမှာ သူကြုံတွေ့ခဲ့ရသည့် တစ်ခုတည်းသော ကြောက်စရာအဖြစ်အပျက် မဟုတ်ခဲ့ပေ။

တောင်စောင့်အစီအရင်ဂူဗိမာန်၏ ဌာနချုပ်တွင် သူ ဒေါသတကြီး သောင်းကျန်းလိုက်သည့် အချိန်မှသာ အစီအရင်ပညာရှင်များကို အဘယ်ကြောင့် ကြောက်ရွံ့ကြရသနည်းဆိုသည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့ရလေသည်။

မိနစ်သုံးဆယ်အတွင်း နန်းတော်အဆင့်ပညာရှင်ဟူသော သူ၏သိက္ခာနှင့် မာနအားလုံးမှာ ရိုက်နှက်ချေမှုန်းခြင်းခံလိုက်ရ၏။

သတ်ဖြတ်ခြင်းအစီအရင်နှစ်ခုကပင် သူ့ကို လုံးဝဖျက်ဆီးပစ်ရန် လုံလောက်နေပြီး သေလုမြောပါးဖြစ်နေချိန်တွင်မှ ရရှိတတ်သော ဘဝ၏အမှန်တရားနှင့် ရှင်းလင်းပြတ်သားမှုကို သူ့အား ပေးစွမ်းနိုင်ခဲ့လေသည်။

‘အခိုးခံရတဲ့ ကျောက်ပြားတွေ၊ မြေဆီလွှာတွေအတွက်ကြောင့်နဲ့ ငါ သေရတော့မှာလား၊ နန်းတော်အဆင့်ပညာရှင်တစ်ယောက်အနေနဲ့ ကောင်းကင်မှာ ပျံသန်းရတဲ့ အရသာကိုတောင် မခံစားရသေးဘူးလေ၊ ဒီလိုဖြစ်လို့မရဘူး”

“ဟုတ်သားပဲ၊ ငါက သံမဏိခွဲလက်ဝါးဂိုဏ်းမှာပဲ ရှိနေသေးတာပါလား၊ ပြီးတော့ ဆေးရဲ့ ထင်ယောင်ထင်မှားဖြစ်စေတဲ့ အာနိသင်တွေကလည်း ပြယ်တော့မယ်၊ တောက်...အဓိပ္ပာယ်မရှိလိုက်တာ'

ဂူဗိမာန်၏ပိုင်ရှင်ဖြစ်သူ ဆူးယဲ့၏ တားမြစ်မှုကြောင့်သာ သူ၏အသက်ကို ချမ်းသာပေးခဲ့ခြင်းဖြစ်သည်။

သူတို့ ထပ်မံတိုက်ခိုက်လာမည်ကို ထန်ချီ စိုးရိမ်သဖြင့် ထိုနေရာမှ အမြန်ဆုံး အမြီးကုပ်၍ ထွက်ပြေးလာခဲ့ရလေ၏။

သူသည် မိမိကိုယ်ကိုနှိမ့်ချမှုနှင့် သတိတရားတို့ကို သင်ခန်းစာရရှိသွားပြီးနောက် မိမိ၏ဂူဗိမာန်သို့ ပြန်သွားကာ လုယက်သွားသူကို ဖြည်းဖြည်းချင်း စုံစမ်းစစ်ဆေးခဲ့လေသည်။

သူ စိတ်ထဲမှ လုံးဝမကျေနပ်နိုင်သေးဘဲ ယခုလေးတင်ကြုံတွေ့ခဲ့ရသော အရှက်ကွဲမှုများကို တစ်စုံတစ်ယောက်အပေါ် ပုံချကာ ဒေါသထွက်ချင်နေခဲ့၏။

ထို့ပြင် ထိုသူခိုးများမှာ သူ့ထက်အားနည်းသူများဖြစ်ရန်၊ မည်သည့်အားကိုးအားထားပြုစရာနောက်ခံမှ မရှိရန်နှင့် အစီအရင်ပညာရှင်များနှင့်လည်း ဆက်စပ်မှုမရှိရန် အလွန်အမင်း မျှော်လင့်နေခဲ့သည်။

သူ့အတွက်ကံကောင်းသည်မှာ ငွေဓားဂိုဏ်းက ထိုအချက်အားလုံးနှင့် ကွက်တိကိုက်ညီနေခြင်းပင်။

All Chapters