အခန်း ၃၆၆
Vol. 37 Ch. 366
အခန်း (၃၆၆) - ထန်ချီ၏ မျက်နှာပြောင်တိုက်မှု
ထန်ချီသည် အလွန်ပါးနပ်လှသဖြင့် တောင်စောင့်အစီအရင်စံအိမ်၏ တံခါးကို သွားရောက်ခေါက်မိစဉ်က သူခံခဲ့ရသည့် အရိုက်ခံရမှုအကြောင်း အသေးစိတ်ကို ရှောင်လွှဲပြောဆိုသွားလေသည်။
စံအိမ်၏ဌာနချုပ်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များ၏ နိဂုံးချုပ်ကို အနည်းငယ်သာ ပြောဆိုပြီးနောက် ငွေဓားဂိုဏ်းနှင့် အပြန်အလှန် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများဆီသို့ အလျင်အမြန် ကူးပြောင်းသွားခဲ့၏။
"တောင်စောင့်အစီအရင်စံအိမ်ကနေ ထွက်လာပြီး လအနည်းငယ်ကြာတော့ ကျုပ်ရဲ့ ဂူဗိမာန်ကို ဘယ်သူဖောက်ထွင်းသွားသလဲဆိုတာကို ဆက်ပြီး စုံစမ်းခဲ့တယ်”
"သူတို့ခိုးသွားတဲ့ ပစ္စည်းအများစုကို ကျုပ် ဂရုမစိုက်ပေမယ့် ကျုပ်ရဲ့ အမွေအနှစ်ဖြစ်တဲ့ ဒီရေတက်ဓားသိုင်းနဲ့ ကျုပ်ရဲ့ နားလည်သဘောပေါက်နိုင်စွမ်းတွေကို မှတ်တမ်းတင်ထားတဲ့ စာအုပ်ငယ်လေးတွေကိုတော့ ဂရုစိုက်တယ်”
"အဲဒီလိုမျိုးအခိုးခံလိုက်ရတာကို ကျုပ် လက်မခံနိုင်ဘူး၊ အဲဒီပစ္စည်းနှစ်ခုက ကျုပ်ရဲ့ အသက်လောက်ကို တန်ဖိုးရှိတယ်”
"ဒီသိုင်းပညာကို နားလည်သဘောပေါက်ဖို့အတွက် သွေး၊ ချွေး၊ မျက်ရည်တွေနဲ့ နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရတယ်၊ အဲဒီကနေတစ်ဆင့် အများကြီးလည်း အဆက်မပြတ် နားလည်ခဲ့တယ်”
"ကျုပ်ရဲ့ အားထုတ်မှုပေါင်းများစွာကို တစ်စုံတစ်ယောက်က ဒီလိုမျိုး အလွယ်တကူ ယူသွားနိုင်တယ်ဆိုတာကို လက်ခံဖို့ ခက်ခဲတယ်”
ထန်ချီက ပြောလိုက်လေသည်။
သူ၏ စကားကြောင့် ငွေဓားဂိုဏ်းလူစုမှာ လက်ရှိအခြေအနေမှ လွတ်မြောက်နိုင်ရန်အတွက် သူတို့အောက်ရှိ ကြမ်းပြင်ကြီးပြိုကျကာ သူတို့အား တစ်ခါတည်း မျိုချသွားစေရန်ပင် ဆန္ဒရှိသွားကြပေသည်။
ထန်ချီနှင့် မပတ်သက်မိခင်က သူတို့သည် တိုးတက်နေသော ဂိုဏ်းတစ်ခုဖြစ်ပြီး သူတို့၏ နယ်မြေအတွင်း သန်းနှင့်ချီသောလူများက ဖော်ရွေစွာ ဆက်ဆံခဲ့ကြ၏။
လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း သူတို့၏ တောက်ပမှုများကြောင့် မတူညီသော အဖွဲ့အစည်းများမှ ကျင့်ကြံသူများစွာတို့သည် ဂိုဏ်းချုပ်ထံသို့ မိတ်ဖက်ဖွဲ့ရန် ရောက်ရှိလာခဲ့ကြလေသည်။
သို့သော်လည်း သူတို့၏ တံခါးပေါက်သို့ ထန်ချီ ခြေချလိုက်သည့်အချိန်တွင် ထိုအရာအားလုံး ပြောင်းလဲသွားခဲ့ရသည်။
ထိုအချိန်မှစ၍ အခြေအနေများ ဆိုးရွားလာခဲ့ပြီး ယခုအခါ လုယက်မှုဖြင့် စွပ်စွဲခံနေရချေပြီ။
"နည်းနည်းပါးပါးစုံစမ်းလိုက်တာနဲ့ သူခိုးတွေရဲ့ ခြေရာတွေကို နောက်ဆုံးမှာ တွေ့ခဲ့တယ်၊ အဲဒီကနေမှ ငွေဓားဂိုဏ်းဆီ ရောက်သွားခဲ့တယ်”
"တကယ်တော့ သိပ်မခက်ပါဘူး”
ထိုနေရာသို့ ရောက်သောအခါ ထန်ချီက ဂိုဏ်းချုပ်ရှောက်ရုံရှိရာဘက်သို့ အေးစက်သော အပြုံးတစ်ခုကို ပစ်လွှတ်လိုက်၏။
"လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်းမှာ အဲဒီဂိုဏ်းက ကျုပ်ရဲ့ဓားသိုင်းနဲ့ နားလည်သဘောပေါက်မှုတွေကို အသုံးပြုပြီး နာမည်ရလာခဲ့တယ်”
“ကျုပ်ဆီကခိုးသွားတဲ့ အရင်းအမြစ်တွေကိုသုံးပြီး ဂိုဏ်းရဲ့ ဂုဏ်သတင်းကို မြှင့်တင်ရင်း အင်အားကြီးထွားလာခဲ့တယ်”
"ဆယ်စုနှစ်တစ်ခုအတွင်းမှာပဲ သူတို့က ပျမ်းမျှ အဆင့် ၄ ဂိုဏ်းကနေ ကြောက်မက်ဖွယ်ဓားစွမ်းရည်တွေနဲ့အတူ ပျမ်းမျှအထက်သာတဲ့ အဆင့်ကို ရောက်လာခဲ့တယ်”
"သူတို့အကြောင်းကြားတော့ ကျုပ်ဆီကခိုးသွားတာ သူတို့ဟုတ်၊ မဟုတ် ကျုပ် သေချာမသိခဲ့ဘူး”
“သူတို့က သတိရှိလို့ပဲလား ဒါမှမဟုတ် မာနကြောင့်ပဲလားတော့ မသိပေမယ့် ကျုပ်ရဲ့ဓားသိုင်းကို စသုံးတဲ့အချိန်မှာ အပြင်လောကကို ပေးတဲ့နာမည်က ဒီရေတက်ဓားသိုင်းမဟုတ်ဘဲ ကြယ်စုတန်းလှိုင်းငွေရောင်ဓားသိုင်းလို့ ခေါ်ခဲ့ကြတယ်”
“အဲဒီသိုင်းကို သူတို့ရဲ့ အကြီးအကဲက ကြယ်ကြွေတာကိုမြင်ပြီး ရုတ်တရက် စိတ်ကူးရလို့ ဖန်တီးခဲ့တာလို့ အခိုင်အမာပြောခဲ့ကြတယ်”
"ဒါပေမယ့် အဲဒီသိုင်းပညာကို နှစ်ထောင်ပေါင်းများစွာ လေ့လာခဲ့သူတစ်ယောက်အနေနဲ့ ဒီဓားသိုင်းရဲ့ ရှုပ်ထွေးမှုတွေ၊ သိုင်းကွက်ပုံစံတွေကို ဘယ်လိုလုပ် မသိဘဲနေမှာလဲ”
"နာမည်တစ်မျိုးပြောင်းပေးထားရင်တောင် လှုပ်ရှားမှုတွေနဲ့ မွေးရာပါအရည်အသွေးတွေက ဒီရေတက်ဓားသိုင်းနဲ့ အတူတူပဲ၊ ခင်ဗျား တစ်ချက်ကြည့်သင့်တယ်လို့ ထင်တယ်”
"အဲဒါက ကျုပ်ရဲ့သိုင်းပညာမှန်း လုံးဝသေချာသွားတဲ့အချိန်မှာ ကျုပ် သူတို့ဂိုဏ်းကိုသွားပြီး ရင်ဆိုင်ခဲ့တယ်”
“ပြီးတော့ ကျုပ်ရဲ့ ပစ္စည်းအားလုံးကို ပြန်ပေးဖို့နဲ့ လျော်ကြေးပေးဖို့ တောင်းဆိုခဲ့တယ်”
"ဒါပေမယ့် သူတို့က ငြင်းရဲတဲ့အပြင် အဲဒီသိုင်းကို သူတို့ရဲ့အကြီးအကဲက လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းကျော် သူတို့ဂိုဏ်းကို စပြီးတည်ထောင်ထဲကရှိခဲ့တဲ့ ရှိရင်းစွဲကျင့်စဉ်ကို တိုးတက်အောင်လုပ်ပြီး ဖန်တီးခဲ့တာလို့ ပြောကြတယ်”
"တရားသူကြီးယန်ချင်း၊ ပုံမှန်ဆို ကျုပ်က သည်းခံတတ်တဲ့သူပါ”
ထန်ချီက လေးနက်သော အမူအရာဖြင့် ယန်ချင်းကိုကြည့်ကာ ပြောလိုက်လေသည်။
'ဘယ်လိုတောင် သည်းခံတတ်ရတာလဲ၊ တောင်စောင့်အစီအရင်စံအိမ်ကို မင်း သွားတုန်းက စကားတစ်ခွန်းတောင်မပြောခဲ့ဘူးလို့ ယွီကန်က ငါ့ကို ပြောတယ်”
“ဝင်ပေါက်ကအစောင့်တွေကို ချက်ချင်း ပါးရိုက်ပြီး အထဲကို ဝင်သွားခဲ့တယ်တဲ့၊ ကမောက်ကမတွေဖြစ်အောင်လုပ်ပြီး လှောင်ပြောင်တဲ့ စကားတွေတောင် ပြောခဲ့သေးတယ်ဆိုပဲ”
'လျော်ကြေးအနေနဲ့ တောင်စောင့်အစီအရင်စံအိမ်ရဲ့ ရတနာအားလုံးကို တောင်းဆိုရဲတဲ့အပြင် သူတို့စရိတ်ကိုသုံးပြီး မင်းရဲ့နေအိမ်ကို အပြာရောင်အဆင့်အစီအရင်တွေနဲ့ ပြန်လည်ပြင်ဆင်ပေးဖို့တောင် ပြောသေးတယ်”
'အရိုက်ခံရရုံလောက်နဲ့တင် မင်း ကံကောင်းနေပြီ၊ လူတစ်ယောက်က ဘယ်လိုလုပ် ဒီလောက်တောင် မျက်နှာပြောင်တိုက်နိုင်ရတာလဲ”
သို့သော်လည်း ယခုအခြေအနေတွင် ထန်ချီသည် နစ်နာသူဖြစ်နေသောကြောင့် ယန်ချင်းမှာ သူ၏ဟန်ဆောင်မှုကို မပြောတော့ဘဲ အပေါ်ယံမျှသာ ခေါင်းညိတ်ပြလိုက်၏။
အခြေအနေအမှန်ကို သူကိုယ်တိုင် ရှင်းရှင်းလင်းလင်း သိထားသကဲ့သို့ တရားရုံးတော်ကလည်း သိနေကြောင်း သိရှိထားသဖြင့် ထိုစကားကိုပြောချိန်တွင် ထန်ချီမှာ အစပိုင်း၌ စိုးရိမ်နေခဲ့သည်။
သို့သော် ယန်ချင်းက လက်ခံဟန်ပြသည်ကို မြင်သောအခါ သူ၏ ပခုံးပေါ်မှ အရှက်ကွဲနိုင်ခြေရှိသော ဝန်ထုပ်ဝန်ပိုးကြီး ကျဆင်းသွားသည်ကို ခံစားလိုက်ရလေသည်။
'တရားသူကြီးက ငါ့ကို မျက်နှာသာပေးနေတော့ နောက်ဆုံးအပိုင်းကို မျက်နှာပြောင်တိုက်ပြီး လွန်လွန်ကျူးကျူးလုပ်လို့ မဖြစ်ဘူး၊ အတိုချုပ်ပဲ ပြောသင့်တယ်”
ထန်ချီက သူ၏ အဖြစ်အပျက်ကို အဆုံးသတ်ရန်စဉ်းစားရင်း တွေးလိုက်လေသည်။
"လူတွေမှာ သူတို့ရဲ့ အောက်ခြေစည်းရှိသလို နဂါးတွေမှာလည်း ပြောင်းပြန်အကြေးခွံတွေရှိတယ်”
“တော်တော်များများကို ကျုပ် သည်းခံနိုင်ပေမယ့် တကယ်ခိုးသွားတဲ့ လူတွေက ကျုပ်ကို သူခိုးလို့ခေါ်တာကိုတော့ သည်းမခံနိုင်ဘူး”
"ဒါကြောင့် ကျုပ် လှုပ်ရှားခဲ့တယ်၊ သူတို့ကျင့်ကြံနေတဲ့ သိုင်းပညာက ကျုပ်ဟာဆိုတာကို သက်သေပြဖို့ အကောင်းဆုံးနည်းလမ်းက သူတို့ကို ပြသဖို့ပဲလေ၊ အဲဒါကြောင့် ကျုပ် ပြသခဲ့တယ်”
"စကားပြောရုံနဲ့ ဘာမှဖြစ်မလာတာကို မြင်တော့ ကျုပ် ဒီရေတက်ဓားသိုင်းကိုသုံးပြီး တိုက်ခိုက်ခဲ့တယ်”
“အဲဒီအချိန်က ဒေါသကို အနိုင်ယူခွင့်ပေးလိုက်မိပြီး ကျုပ်ရဲ့ မြစ်အရွယ်လောက်ရှိတဲ့ ဂျူနီယာတွေကို အနိုင်ကျင့်မိလို့ ရှက်မိပါတယ်”
“ဒါပေမယ့် ခိုးမယ်ဆိုရင် အဲဒီလုပ်ရပ်ရဲ့ အကျိုးဆက်တွေကို လက်ခံဖို့ ပြင်ဆင်ထားသင့်တယ်”
"သူတို့ရဲ့ အကြီးအကဲအချို့နဲ့ ဂိုဏ်းအကြီးအကဲတွေက ဂိုဏ်းစောင့်ရှောက်ရေးအစီအရင်ကို ဖြန့်ကျက်ပြီး တိုက်ခိုက်ခဲ့ကြတယ်”
“ကျုပ်က သူတို့ရဲ့ အကြီးအကဲဆယ့်တစ်ယောက်လောက်ကို ဒဏ်ရာရစေခဲ့ပြီး အစီအရင်တစ်ဝက်နဲ့ အဆောက်အအုံနှစ်ခု၊ သုံးခုကို ဖျက်ဆီးခဲ့တယ်”
"ဒါပေမယ့် တရားသူကြီး၊ သူတို့ဂိုဏ်းက ဘယ်အဖွဲ့ဝင်ကိုမှ ကျုပ် မသတ်ခဲ့ပါဘူးလို့ အာမခံပါတယ်”
ထန်ချီက ပြောလိုက်၏။
ထန်ချီသည် အမြဲတစေ အခြားသူများအပေါ် အတန်ငယ် သည်းခံတတ်သူဖြစ်သည်။
အထူးသဖြင့် မိမိကိုယ်ကိုသာ အားကိုးရပြီး အရပ်မျက်နှာအနှံ့မှ ရန်သူများကို ဆွဲဆောင်မိ၍မဖြစ်သော တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးအနေဖြင့် ပို၍ပင် သည်းခံတတ်လေသည်။
သံမဏိခွဲလက်ဝါးဂိုဏ်းရှိ အတွေ့အကြုံကလည်း သက်ရောက်မှုရှိခဲ့ကာ သူ့ထက် အားနည်းသူများအား ရက်ရက်စက်စက် အနိုင်ကျင့်ခြင်းကို အနည်းငယ် မနှစ်မြို့စေခဲ့ချေ။
ငွေဓားဂိုဏ်း၌ သူဖြစ်ပေါ်စေခဲ့သော ပျက်စီးဆုံးရှုံးမှုများကို သူကိုယ်တိုင်ပင် အံ့သြနေခဲ့သည်။
ထိုအရာသည် သူ၏ ပုံမှန်သဘာဝနှင့် ကွဲလွဲနေသောကြောင့်ဖြစ်၏။
ပုံမှန်အခြေအနေတွင်ဆိုလျှင် ဂိုဏ်းချုပ်နှင့်သာ ဖြေရှင်းရန် ရွေးချယ်ပြီး အကြောင်းပြချက်ရစေရန် အင်အားအနည်းငယ်သာ အသုံးပြုပေလိမ့်မည်။
သို့သော် ဤအကြိမ်တွင်မူ သူတို့၏ ပထမဆုံးငြင်းဆိုမှုအပြီး၌ သူ ဒေါသထွက်သွားကာ ချက်ချင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တောင်စောင့်အစီအရင်စံအိမ်မှ သူရရှိခဲ့သော အရိုက်ခံရမှုသည် သူ၏ တုံ့ပြန်မှုနှင့် အနည်းငယ် သက်ဆိုင်နေလိမ့်မည်ဟု မတွေးဘဲ မနေနိုင်ခဲ့ချေ။