အခန်း ၃၆၇
Vol. 37 Ch. 367
အခန်း (၃၆၇) - စံအိမ်သခင်ဆူးယဲ့၏ ဆုံးဖြတ်ချက်
"အခြေအနေတွေ ပိုဆိုးမသွားခင် ကျုပ်ဘက်က ရပ်တန့်လိုက်ပြီး သူတို့ခိုးသွားတဲ့ အရာအားလုံးကို ပြန်ပေးဖို့ အချိန်တစ်လပေးခဲ့တယ်”
“ခိုးခံလိုက်ရတဲ့ ပစ္စည်းတွေရဲ့ တန်ဖိုးဖြစ်တဲ့ အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ၄၇၄၀ နဲ့အတူ ကျုပ်ရဲ့ အမွေအနှစ်ကျင့်စဉ်ကို အသုံးပြုခဲ့တဲ့အတွက် ကောက်ခံတဲ့ ကုန်ကျစရိတ်အနေနဲ့ အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ ကိုပါ ထပ်ပေါင်းလိုက်တယ်”
“ပြီးတော့ ကျုပ်ရဲ့ သိမြင်နားလည်မှုတွေနဲ့ မှတ်စုတိုတွေအတွက် နောက်ထပ် ၅၀၀၀ ကိုလည်း ထပ်ဖြည့်ခဲ့သေးတယ်”
"ဒီကျင့်စဉ်ကိုယ်တိုင်က ထိပ်တန်းလိမ္မော်ရောင်အဆင့် ကျင့်စဉ်တစ်ခုဖြစ်ပေမဲ့ ကျုပ် နန်းတော်အဆင့်တံခါးဝရဲ့ အနားသတ်ကို ခံစားမိတဲ့အချိန်ကျမှပဲ ဒီကျင့်စဉ်ရဲ့ နက်နဲရှုပ်ထွေးမှုတွေက သာမန်ထိပ်တန်းလိမ္မော်ရောင်အဆင့် ကျင့်စဉ်တွေထက် အများကြီး ပိုသာလွန်နေတာကို သဘောပေါက်ခဲ့တာ”
“အဲဒီကိုမရောက်ခင်တုန်းကတော့ ကျုပ်က သဘောပေါက်နိုင်စွမ်းမရှိလောက်အောင် ညံ့ဖျင်းလွန်းနေခဲ့လို့ပဲ”
"ကျုပ်ထင်တာတော့ အဲဒါက ဆင့်ကဲပြောင်းလဲနိုင်တဲ့ ကျင့်စဉ်တစ်ခု ဖြစ်နိုင်တယ်”
ထန်ချီက ပြောလိုက်၏။
ဆင့်ကဲပြောင်းလဲနိုင်သော ကျင့်စဉ်ဟူသည်မှာ ဖန်တီးရန် အထူးကျွမ်းကျင်မှုလိုအပ်သော ထူးခြားသည့် ကျင့်စဉ်အမျိုးအစားတစ်ခု ဖြစ်ပေသည်။
၎င်းကို ကျင့်ကြံသူ၏ နားလည်သဘောပေါက်မှုအဆင့်အလိုက် မြင်တွေ့နိုင်စွမ်းကို ကန့်သတ်ထားသည့် ကြီးထွားလာနိုင်သော ကျင့်ကြံခြင်းကျင့်စဉ်တစ်ခုဟု ယူဆနိုင်ပေသည်။
ကျင့်စဉ်တစ်ခုတည်းကပင် ချီသန့်စင်ခြင်း၊ အခြေတည်အဆင့်၊ အမြုတေဖွဲ့စည်းခြင်း၊ နန်းတော်အဆင့်၊ နယ်ပယ်အဆင့် သို့မဟုတ် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ရှိသူများအတွက် မြင်တွေ့နိုင်စွမ်းမှာ မတူညီချေ။
ကျင့်ကြံသူ၏ နားလည်သဘောပေါက်မှုအဆင့် တိုးတက်လာတိုင်း ထိုကျင့်စဉ်မှရရှိသော အမြင်များမှာလည်း လိုက်ပါပြောင်းလဲလာလေသည်။
သက်တမ်းရှည်ကြာပြီး အင်အားကြီးမားသော အဖွဲ့အစည်းအများစုသည် သူတို့၏ အမွေအနှစ်ကျင့်စဉ်များကို ဤနည်းလမ်းဖြင့် လက်ဆင့်ကမ်းလေ့ရှိကြသည်။
မိမိတို့အဖွဲ့အစည်း၏ တာဝန်ကို ပခုံးထမ်းတင်နိုင်မည့် ပါရမီရှင်များကို ရွေးချယ်စိစစ်ရန်အတွက်လည်း ဤနည်းလမ်းကို အသုံးပြုကြ၏။
ဆင့်ကဲပြောင်းလဲနိုင်သော ကျင့်စဉ်တစ်ခုကို ဖန်တီးခြင်းသည် ထိုကျင့်စဉ်နှင့်သက်ဆိုင်သော တာအိုကို နက်နက်ရှိုင်းရှိုင်း နားလည်ထားသူသာလျှင် လုပ်ဆောင်နိုင်သောအရာမျိုး ဖြစ်ပေသည်။
များသောအားဖြင့် ထိုသို့သောပုဂ္ဂိုလ်များသည် အနည်းဆုံးအအနေဖြင့် ထိုသူများမှာ နယ်ပယ်အဆင့်နှောင်းပိုင်းသို့ ရောက်ရှိနေကြပြီး သူတို့၏ တာအိုကို အထွတ်အထိပ်သို့ရောက်စေရန် ပွတ်တိုက်ထားကာ စကြဝဠာ၏ အမှန်တရားများကို စတင်ရှုမြင်နေကြပြီ ဖြစ်လေသည်။
ထို့ကြောင့်ပင် ဆင့်ကဲပြောင်းလဲနိုင်သော ကျင့်စဉ်တိုင်းသည် အမြုတေဖွဲ့စည်းခြင်းအဆင့်၊ နန်းတော်အဆင့် သို့မဟုတ် နယ်ပယ်အဆင့်တွင်သာ ရပ်တန့်သွားသည်ဖြစ်ပါစေ၊ သူတို့သည် ထိပ်တန်းရွှေရောင်အဆင့် ကျင့်စဉ်တစ်ခုနှင့် တန်ဖိုးတူညီကြလေသည်။
ဆင့်ကဲပြောင်းလဲနိုင်သော ကျင့်စဉ်တိုင်းသည် သူတို့၏ လမ်းစဉ်တွင် အထွတ်အထိပ်သို့ရောက်နေသော ကျင့်ကြံသူတစ်ဦး၏ လက်ရာမွန်ဖြစ်ပြီး ထိုကျင့်စဉ်ကို ပိုင်ဆိုင်ရခြင်းသည် သူတို့ထံမှ လူကိုယ်တိုင် တိုက်ရိုက်လမ်းညွှန်မှုကို ခံယူရသကဲ့သို့ဖြစ်သောကြောင့် အထူးသဖြင့် စတင်လျှောက်လှမ်းခါစ ကျင့်ကြံသူလူငယ်များအတွက် အလွန်အဖိုးမဖြတ်နိုင်သော အရာတစ်ခုဖြစ်ပေသည်။
ကျင့်စဉ်အတွင်းရှိ အသိပညာများသည် လစ်ဟာမှုမရှိသလောက် နည်းပါးသဖြင့် ပိုမိုကောင်းမွန်ပြီး ခိုင်မာသော အုတ်မြစ်ကို ချမှတ်နိုင်ရန် ကူညီပေးလိမ့်မည်။
ဤကျင့်စဉ်မှာ ဆင့်ကဲပြောင်းလဲနိုင်သော ကျင့်စဉ်တစ်ခုဖြစ်နိုင်ကြောင်း ကြားလိုက်ရချိန်တွင် ဂိုဏ်းချုပ်ရှောက်ရုံ၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။
အကယ်၍ ထိုသို့သာဖြစ်ပါက အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ ပေးချေရုံဖြင့် မလုံလောက်နိုင်ချေ။
ထိပ်တန်းအပြာရောင်အဆင့် ကျင့်စဉ်တစ်ခုတည်းပင် အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ၁၀၀၀၀၀၀ အထိ တန်ဖိုးရှိရာ ထိပ်တန်းရွှေရောင်အဆင့် ကျင့်စဉ်တစ်ခုဆိုလျှင် မည်မျှအထိ တန်ဖိုးကြီးမားလိုက်မည်နည်း။
သူ၏ ဂိုဏ်းတစ်ခုလုံးကို ဖျက်သိမ်းကာ ပိုင်ဆိုင်မှုများအားလုံးကို ထုတ်ရောင်းလျှင်ပင် ထိုကုန်ကျစရိတ်ကို ကာမိရန် မလုံလောက်နိုင်ကြောင်း သူ ခံစားလိုက်ရ၏။
'ဘာဖြစ်လို့ ဒီလိုတွေ ဖြစ်ပျက်ကုန်ရတာလဲ”
သူ စိတ်ထဲတွင် ငိုကြွေးမြည်တမ်းမိလေတော့သည်။
"ကျုပ်ရဲ့ စည်းကမ်းချက်တွေကို သတ်မှတ်ပြီးတဲ့နောက်မှာ အဲဒါကိုပေးချေဖို့ သူတို့ကို အချိန်နှစ်လပေးခဲ့တယ်”
“လွန်ခဲ့တဲ့သုံးပတ်လောက်ကတော့ ဒီကိစ္စကို တရားရုံးတော်ဆီ လွှဲအပ်လိုက်ပြီလို့ ကျုပ်ကို အကြောင်းကြားလာခဲ့တယ်”
“အဲဒါကြောင့် အခု ကျုပ်တို့ ဒီကိုရောက်နေကြတာပဲ”
"ကျုပ် တောင်းဆိုချင်တာကတော့ ငွေဓားဂိုဏ်းနဲ့ တောင်စောင့်အစီအရင်စံအိမ်နှစ်ခုလုံးဆီကနေ ကျသင့်တာကို ရချင်ရုံသက်သက်ပဲ”
“ပထမတစ်ခုက ကျုပ်ဆီကနေ ခိုးယူသွားတာမို့လို့ ကျုပ်သတ်မှတ်ပေးထားတဲ့ ဈေးနှုန်းက တရားမျှတတာထက်ကို ပိုပါတယ်”
“ဒါပေမဲ့ သူတို့ယူသွားတဲ့ ပစ္စည်းတွေအတွက် တရားရုံးတော်က သတ်မှတ်ပေးတဲ့ ဘယ်လိုတရားမျှတတဲ့ ဈေးနှုန်းမျိုးကိုမဆို လက်ခံဖို့ အသင့်ရှိပါတယ်”
"တောင်စောင့်အစီအရင်စံအိမ်အတွက်ကတော့ အလုပ်တောင်မလုပ်ခဲ့တဲ့ အစီအရင်တွေအတွက် ကုန်ကျခဲ့တဲ့ အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ၆၇၀ ကို အနည်းဆုံးတော့ ပြန်အမ်းပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်”
"ဒါပေမဲ့ သူတို့ဘက်က မပေးချင်ဘူးဆိုရင်လည်း ကျုပ် လျှော့ပေးဖို့ အဆင်သင့်ပါပဲ”
“စီနီယာစူးက ကျုပ်အသက်ကို ချမ်းသာပေးဖို့အထိ ကြင်နာခဲ့တာမလို့ ကျုပ်မှာ ရွေးချယ်စရာသာရှိရင် ဒီအကြွေးကို အလွယ်တကူပဲ မေ့ပစ်လိုက်မှာပါ”
“ဒါပေမဲ့ လက်ရှိအခြေအနေမှာတော့ ကျုပ်ရဲ့ အမည်အောက်မှာ ဘာပိုင်ဆိုင်မှုမှ မရှိတော့ဘူးဖြစ်နေလို့ပါ”
"ဒီကိစ္စမှာ တရားသူကြီးယန်ချင်းရဲ့ ဆုံးဖြတ်ချက်ကို မျှော်လင့်ပါတယ်၊ တရားရုံးတော်က ဘယ်လိုပဲဆုံးဖြတ်ပါစေ၊ ကျုပ်ဘက်က လိုက်နာဖို့ အသင့်ပါပဲ”
ထန်ချီက လက်သီးပူးကာ ဂါရဝပြုရင်း လေးနက်စွာပြောလိုက်၏။
"စီနီယာထန်ချီရဲ့ ယုံကြည်မှုအတွက် အရမ်းကျေးဇူးတင်ပါတယ်၊ ဒီကိစ္စကို တရားမျှတအောင် ကျုပ်တို့ အစွမ်းကုန် ကြိုးစားပေးပါ့မယ်”
ယန်ချင်းက ထန်ချီကို ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။
"ဒါဆိုရင် နောက်ထပ် ဘယ်သူပြောဦးမလဲ”
ယန်ချင်းက ကျန်ရှိနေသည့် အဖွဲ့နှစ်ဖွဲ့ကိုကြည့်ကာ မေးလိုက်၏။
"တရားသူကြီးယန်ချင်း၊ ကျုပ်ကို ပြောခွင့်ပြုပါဦး”
တောင်စောင့်အစီအရင်စံအိမ်ကိုတည်ထောင်သူ ဆူးယဲ့က ရုတ်တရက် ကြားဖြတ်ပြောလိုက်သည်။
"ပြောနိုင်ပါတယ်၊ စံအိမ်သခင်ဆူးယဲ့”
ယန်ချင်းက ခွင့်ပြုလိုက်၏။
"တရားရုံးတော်ရဲ့ အချိန်ကို သက်သာစေဖို့အတွက် တောင်စောင့်အစီအရင်စံအိမ်အနေနဲ့ အလုပ်မှာ ပေါ့ဆခဲ့တဲ့ အပြစ်ကို ဝန်ခံပါတယ်”
“တာအိုရောင်းရင်းထန်ချီနဲ့ ကံမကောင်းစွာပဲ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပျက်ပြီးတဲ့နောက် ကျုပ်ကိုယ်တိုင် သူ့ရဲ့ ဂူဗိမာန်က အစီအရင်တွေကို သွားရောက်စစ်ဆေးခဲ့ပါတယ်”
"အစီအရင်က တကယ်ပဲ ပျက်စီးသွားခဲ့တာဖြစ်ပြီးတော့ အဲဒီပျက်ကွက်မှုက ကျုပ်တို့ရဲ့ တာဝန်ပါပဲ”
“ကျုပ်ရဲ့ လုပ်ဖော်ကိုင်ဖက်က အစီအရင်တွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ကြိုးစားရင်း တစ်ဖက်ကလည်း အစီအရင်တွေကို လည်ပတ်ဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေရဲ့ စွမ်းအင်သုံးစွဲမှုကို လျှော့ချဖို့အတွက် အစီအရင်တချို့ကို ထပ်ဆင့်ချိတ်ဆက်ခဲ့မိတာပါ”
"သူ့ရဲ့ စေတနာက ကောင်းမွန်ခဲ့ပေမဲ့ နောက်ဆုံးတော့ အစီအရင်တွေရဲ့ တည်ငြိမ်မှုကို ထိခိုက်ပျက်ပြားစေခဲ့တယ်”
“ကျန်ရစ်ခဲ့တဲ့စွမ်းအင်တွေနဲ့ ကျုပ် ရှာဖွေတွေ့ရှိခဲ့တဲ့ သဲလွန်စတွေအရ အစီအရင်တွေက လွန်ခဲ့တဲ့ နှစ် ၁၃၀ လောက်ကတည်းက ပျက်စီးသွားခဲ့ပုံပဲ”
"အစီအရင်တစ်ခုက ကွင်းဆက်တုံ့ပြန်မှုကို ဖြစ်ပေါ်စေခဲ့ပြီးတော့ ပုံမှန်ထက်ပိုများတဲ့ စွမ်းအင်ကို သုံးစွဲသွားခဲ့တယ်”
“အစီအရင်အားလုံးက အပြန်အလှန် ချိတ်ဆက်ထားတာမလို့ ကျန်တဲ့အစီအရင်ငါးခုလုံးကို မတည်မငြိမ် ဖြစ်သွားစေခဲ့ပြီး အဲဒီဖြစ်စဉ်အတွင်းမှာ အဓိကပစ္စည်းအချို့ ပျက်စီးသွားခဲ့တယ်”
“အဓိကပစ္စည်းတွေ မရှိတော့တဲ့အတွက် နောက်ဆက်တွဲပစ္စည်းတွေက ခဏတာပဲ တောင့်ခံနိုင်ခဲ့ပြီး နောက်ဆုံးမှာတော့ ခြောက်ခုလုံး ပြိုလဲပျက်စီးသွားခဲ့တာပါ”
"ကျုပ်ရဲ့တပည့်ကိုယ်စား ကျုပ်တို့ကြောင့် ခံစားခဲ့ရတဲ့ စော်ကားမှုတွေနဲ့ ဆုံးရှုံးမှုတွေအတွက် တောင်းပန်စကားဆိုချင်ပါတယ်”
"ဆရာ၊ ကျေးဇူးပြုပြီး မလုပ်ပါနဲ့”
အနောက်ဘက်တွင်ရှိနေသော မုန်ပိုင်သည် သူ၏ဆရာဖြစ်သူ ဆူးယဲ့ ဦးညွှတ်တောင်းပန်တော့မည်ကို မြင်သောအခါ တားဆီးရန် ရှေ့သို့ အလျင်အမြန်တိုးလာလေသည်။
"ဒါက ကျွန်တော့်ရဲ့ပေါ့ဆမှုနဲ့ ကိုယ့်စွမ်းရည်ကို အထင်ကြီးလွန်းခဲ့လို့ ဖြစ်ရတာပါ၊ တောင်းပန်ရမယ့်သူက ကျွန်တော်ပဲဖြစ်သင့်တာပါ”
ဆူးယဲ့က ရပ်တန့်မည့်အရိပ်အယောင် မပြသဖြင့် သူက ပျာပျာသလဲ ဆက်ပြောလိုက်၏။
"မုန့်အာ၊ ငါတို့ မှားခဲ့တယ်။ ပြီးတော့ ကတိကဝတ်ကိုလည်း ဖောက်ဖျက်ခဲ့တယ်”
“တောင်စောင့်အစီအရင်စံအိမ်ဆိုတာ တာဝန်မယူဘဲ နောက်ဆုတ်ပြီး ရှောင်ပြေးမယ့်နေရာ မဟုတ်ဘူး"
"တာအိုရောင်းရင်းထန်ချီက ကျုပ်တို့စံအိမ်ကို ယုံကြည်လို့ ကျသင့်တာကို ပေးချေခဲ့တာ၊ ဒါပေမဲ့ ကျုပ်တို့က အဲဒီယုံကြည်မှုကို ဖောက်ဖျက်ခဲ့တယ်”
“အဲဒါက မင်းရဲ့ အမှားဟုတ်ဟုတ်၊ မဟုတ်ဟုတ် အရေးမကြီးဘူး၊ စံအိမ်ဦးစီးတစ်ယောက်အနေနဲ့ သူရင်ဆိုင်ခဲ့ရတဲ့ အန္တရာယ်တွေကို ထောက်ထားပြီး တောင်းပန်စကားဆိုဖို့က ငါလုပ်ပေးရမယ့် အနိမ့်ဆုံးအရာပဲ”
"တကယ်လို့ အစီအရင်ပျက်ကွက်မှုကြောင့် သူ့ရဲ့ နန်းတော်အဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေးကို ဆုံးရှုံးသွားစေခဲ့ရင် ဘယ်လိုလုပ်မလဲ”
“မုန်အာ၊ အဲဒီလိုပျက်ကွက်မှုက သူ့ကို ကိုယ်လက်အင်္ဂါ မသန်မစွမ်းဖြစ်အောင် လုပ်လိုက်တာနဲ့ ဘာမှမခြားဘူး”
ဆူးယဲ့က ပြတ်သားစွာပြောရင်း လေးလေးနက်နက် ဦးညွှတ်ဂါရဝပြုလိုက်လေသည်။