အခန်း ၃၆၉
Vol. 37 Ch. 369
အခန်း (၃၆၉) - ပထမဆုံးအမှု၏ နိဂုံး (၂)
"ဒါကြောင့် သူတို့က အရမ်းစိတ်လှုပ်ရှားသွားပြီး စီနီယာထန်ချီရဲ့ ခြံဝင်းထဲကို ဝင်သွားခဲ့ကြတာပါ”
“အဲဒီဂူဗိမာန်ကို သေဆုံးသွားတာကြာပြီဖြစ်တဲ့ ကျင့်ကြံသူတစ်ယောက် ချန်ရစ်ခဲ့တဲ့ ပျက်စီးယိုယွင်းနေတဲ့ နေရာဟောင်းတစ်ခုလို့ပဲ ထင်ခဲ့ကြတာပါ”
"စီနီယာထန်ချီရဲ့ တည်ရှိမှုကို သူတို့ မသိခဲ့ကြပါဘူး၊ သိခဲ့ရင် သူတို့လည်း ကျူးကျော်ရဲမှာမဟုတ်ပါဘူး”
“ပြီးတော့ အဲဒီနေရာမှာ ဘာအစီအရင်မှလည်း အလုပ်လုပ်မနေတော့တာနဲ့ စွန့်ပစ်ခံထားရတာကြာပြီလို့ပဲ ထင်သွားကြတာပါ”
“အဲဒါကြောင့်ပဲ အဲဒီမှာရှိတဲ့ အရာအားလုံးကို သဘောရှိသလို ယူပြီး ဂိုဏ်းဆီ သယ်လာခဲ့ကြတာပါ”
"သူတို့ယူလာတဲ့ပစ္စည်းတွေရဲ့ တန်ဖိုးကို သိလိုက်ရတဲ့အချိန်မှာ အဲဒီနေရာက တကယ်ပဲ စွန့်ပစ်ခံထားရတာ ဟုတ်၊ မဟုတ် အတည်ပြုဖို့ ကျုပ်က စီနီယာထန်ချီရဲ့ ဂူဗိမာန်ဆီကို အကြီးအကဲတချို့ စေလွှတ်ခဲ့ပါတယ်”
“သူတို့ပြန်ရောက်လာတော့လည်း ဘာအငွေ့အသက်မှ မခံစားရသလို လူသူမရှိတာလည်း ကြာပြီဖြစ်တဲ့အကြောင်း တူညီတဲ့ အစီရင်ခံစာကိုပဲ တင်ပြခဲ့ကြပါတယ်”
"ကျုပ်တို့လည်း ဒါကို ကံကောင်းခြင်းတစ်ခုလို့ ထင်မှတ်ခဲ့မိပါတယ်၊ ဒီရေတက်ဓားသိုင်းနဲ့ စီနီယာထန်ချီရဲ့ နားလည်သဘောပေါက်မှုတွေနဲ့အတူ ကျုပ်တို့ရဲ့စွမ်းအားတွေက အချိန်တိုအတွင်းမှာ အလျင်အမြန် တိုးတက်လာခဲ့ပါတယ်”
“အဲဒီဆယ်စုနှစ်အတွင်းမှာပဲ ကျုပ်တို့ရဲ့ မဟာအကြီးအကဲတစ်ယောက်က နန်းတော်တပိုင်းအဆင့်ကိုတောင် ဖြတ်ကျော်ဝင်ရောက်နိုင်ခဲ့ပါတယ်”
"ကျုပ်တို့ရဲ့ နာမည်ဂုဏ်သတင်းမြင့်တက်လာတာနဲ့အမျှ စွမ်းအားတွေ တိုးတက်လာရတဲ့ အကြောင်းရင်းကို မဟာအကြီးအကဲက ဂိုဏ်းရဲ့ အဓိကကျင့်စဉ်ကို နားလည်သဘောပေါက်သွားပြီး နန်းတော်တပိုင်းအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့တာကြောင့်ဆိုပြီး အပြင်လူတွေကို ပြောပြတာက ပိုဘေးကင်းလိမ့်မယ်ဆိုပြီး ဂိုဏ်းအနေနဲ့ ဆုံးဖြတ်ခဲ့ကြပါတယ်”
"ဒီလိုလုပ်မှပဲ လောဘသားတွေရဲ့ စောင့်ကြည့်မှုကို မခံရဘဲ ကျုပ်တို့ဆီမှာ ရတနာတစ်ခုခုရှိနေတယ်ဆိုတဲ့ ကောလာဟလတွေကိုလည်း ရှောင်ရှားနိုင်မှာပါ”
“တခြားဂိုဏ်းတချို့ဆိုရင် ဒီထက်မကတဲ့ အသေးအမွှားကိစ္စလေးတွေနဲ့တင် ပျက်စီးသွားခဲ့ကြဖူးတာပဲ”
"အဲဒီနောက် လွန်ခဲ့တဲ့ လအနည်းငယ်က စီနီယာထန်ချီ ရောက်လာခဲ့ပါတယ်၊ အစပိုင်းမှာ ကျုပ်တို့က သူ့ကို မယုံကြည်ခဲ့ကြပါဘူး”
“တကယ်တော့ သူပြောတာ အမှန်ဖြစ်နေရင်တောင် ကျုပ်တို့က မယုံကြည်ချင်ခဲ့ကြတာပါ”
"ကျုပ်တို့က အာဏာနဲ့ အရှိန်အဝါတွေ အများကြီး ရရှိထားပြီးသားဖြစ်လို့ အဲဒါတွေကို မဆုံးရှုံးချင်ခဲ့ကြသလို သူ့အပေါ် ဆက်ဆံတဲ့နေရာမှာလည်း နည်းနည်းတော့ ထောက်ထားညှာတာမှုကင်းမဲ့ပြီး မောက်မာမိခဲ့ကြပါတယ်”
"ဂိုဏ်းကိုယ်စား စီနီယာထန်ချီကို ကျုပ်တို့ရဲ့ အပြုအမူတွေအတွက် တောင်းပန်ချင်ပါတယ်”
“ပြီးတော့ တရားရုံးတော်က သင့်တော်တယ်လို့ယူဆတဲ့ ဘယ်လိုအပြစ်ပေးမှုကိုမဆို ကျုပ် ကျေကျေနပ်နပ်ခံယူဖို့ အသင့်ရှိပါတယ်”
“ကျုပ် တောင်းဆိုချင်တဲ့ တစ်ခုတည်းသောအရာကတော့ ကျုပ်ရဲ့ဂိုဏ်းနဲ့ တပည့်တွေကိုတော့ ချမ်းသာပေးကြပါ”
ဂိုဏ်းချုပ်ရှောက်ရုံက ယန်ချင်းနှင့် ထန်ချီကို ဦးညွှတ်၍ နှိမ့်ချစွာ ပြောလိုက်၏။
"ကျုပ်က ကျုပ်ရဲ့ပစ္စည်းတွေကို ပြန်ရချင်ပြီးတော့ ခင်ဗျားတို့ သုံးစွဲပြီးသားပစ္စည်းတွေအတွက် လျော်ကြေးပေးရင် ရပါပြီ၊ အဲဒါပါပဲ”
ထန်ချီက သက်ပြင်းချကာ ပြောလိုက်၏။
"တကယ်ပဲ အဆင်ပြေရဲ့လား”
ဂိုဏ်းချုပ်ရှောက်ရုံက မယုံကြည်နိုင်စွာ မေးလိုက်၏။
ဒီရေတက်ဓားသိုင်းက ဆင့်ကဲပြောင်းလဲလာနိုင်ခြေရှိသော သိုင်းပညာရပ်တစ်ခုဖြစ်နိုင်ကြောင်း ကြားသိရစဉ်ကတည်းက သိုင်းကျင့်စဉ်အတွက် ပေးချေရန် လုံလောက်သော ချေးငွေရရှိရန်အတွက် ဂိုဏ်းပိုင်နက်၏ လေးပုံသုံးပုံကို ရောင်းချရန် သူ ပြင်ဆင်ထားပြီးဖြစ်ပေသည်။
ထိုသို့လုပ်ဆောင်လျှင်ပင် လုံလောက်မည်လောဆိုသည်ကို သူ မသေချာချေ။
သို့သော် ထန်ချီက မူလသိုင်းကျင့်စဉ်အတွက် အဆင့်မြင့်ကျောက်တုံး ၁၀၀၀၀၊ သူ၏နားလည်သဘောပေါက်မှုများအတွက် အဆင့်မြင့်ကျောက်တုံး ၅၀၀၀ နှင့် သူတို့ယူဆောင်သွားခဲ့သော အခြားပစ္စည်းများအတွက် အဆင့်မြင့်ကျောက်တုံး ၄၇၄၀ သာ တောင်းဆိုကြောင်း ကြားလိုက်ရချိန်တွင် သူတို့အတွက် အနည်းငယ် တန်ဖိုးကြီးနေသေးသော်လည်း အလွန်သက်သာလှသည်ဟု ခံစားလိုက်ရ၏။
"ဟုတ်ပါတယ်၊ ကျုပ်တောင်းဆိုထားတဲ့ ပမာဏဆိုရင် ရပါပြီ”
ထန်ချီက ပြောလိုက်၏။
"စီနီယာထန်ချီကို အရမ်းကျေးဇူးတင်ပါတယ်”
ဂိုဏ်းချုပ်ရှောက်ရုံက စိတ်လှုပ်ရှားနေသောလေသံဖြင့် ပြောလိုက်၏။
သူ ဦးညွှတ်လိုက်ချိန်တွင် တုန်ရီနေသော ပခုံးများကြောင့် မျက်ရည်ပင် ကျနေပုံရပေသည်။
ကျန်ရှိသောဂိုဏ်းတပည့်များကလည်း ထိုနည်းတူစွာပင် ထန်ချီကို ကျေးဇူးတင်စကားနှင့် တောင်းပန်စကားများ ပြောကြားပြီး ဦးညွှတ်လိုက်ကြရာ ထန်ချီက လက်ခံလိုက်၏။
"ကောင်းပြီ၊ ခင်ဗျားတို့အားလုံး သဘောတူညီမှုရသွားတာ ကောင်းတာပေါ့၊ ဒါဆို ကျုပ်ရဲ့အလုပ်ကို ပိုလွယ်ကူသွားစေတယ်”
“ဒါပေမဲ့ ကျုပ် ဖြည့်စွက်ပြောချင်တဲ့ အချက်တစ်ခုတော့ ရှိသေးတယ်”
ယန်ချင်းက ပြောလိုက်ရင်း သူ၏အကြည့်များက ထန်ချီနှင့် ငွေဓားဂိုဏ်းမှ လူများဆီသို့ ကျရောက်သွား၏။
"တခြားအရာတွေကို ခဏဖယ်ထားလိုက်ဦး၊ ခင်ဗျားတို့ဂိုဏ်းက စီနီယာထန်ချီရဲ့ ကျင့်စဉ်နဲ့ နားလည်သဘောပေါက်မှုတွေဆီကနေ အကျိုးကျေးဇူးအများကြီး ရရှိခဲ့တာကတော့ ငြင်းလို့မရတဲ့ အချက်ပဲလေ”
"ဟုတ်ကဲ့၊ မှန်ပါတယ်။ ကျုပ်တို့ အများကြီး အကျိုးအမြတ်ခံစားခဲ့ရပါတယ်”
ဂိုဏ်းချုပ်ရှောက်ရုံက ပြောလိုက်၏။
"သူက ခင်ဗျားတို့ကို ဒီကျင့်စဉ်ကို ဆက်ပြီးသုံးခွင့်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ၊ ဒီနေ့ဒီအချိန်မှာ ခင်ဗျားတို့ ပိုင်ဆိုင်ထားတဲ့ အရာတွေအတွက် သူ့ကို ကြွေးတင်နေတုန်းပဲ”
“အဲဒါကြောင့်မို့လို့ တရားရုံးတော်ရဲ့ကိုယ်စား ကျုပ် ကြေညာချင်တာက ခင်ဗျားတို့ဂိုဏ်း တည်ရှိနေသရွေ့ ဂိုဏ်းရဲ့အကျိုးအမြတ် ၄၀ ရာခိုင်နှုန်းကို စီနီယာထန်ချီကို ပေးအပ်ရမယ်”
"ခင်ဗျားတို့ရရှိခဲ့တဲ့အရာက နန်းတော်အဆင့်ကျွမ်းကျင်သူတစ်ယောက်ရဲ့ တိုက်ရိုက်လမ်းညွှန်မှုကို ရရှိခဲ့သလိုမျိုးပဲ၊ ခင်ဗျားတို့ဂိုဏ်းအနေနဲ့ အဲဒီအတွက် တန်ဖိုးပြန်ပေးဆပ်ရမယ်”
"တပည့်တွေက မသိခဲ့ကြဘူးဆိုရင်တောင် ခင်ဗျားတို့ အကျိုးကျေးဇူးတွေအများကြီး ရရှိခဲ့တယ်ဆိုတဲ့ အချက်ကိုတော့ ပြောင်းလဲလို့မရဘူး”
“ပြီးတော့ သက်ဆိုင်သူကလည်း အသက်ရှင်လျက်ရှိနေတုန်းပဲ၊ ဒါက အနည်းဆုံးတော့ ခင်ဗျားတို့ သူ့ကို ပေးဆပ်သင့်တဲ့ အရာပဲလေ”
ယန်ချင်းက ပြောလိုက်၏။
"ကျုပ်တို့ ဒီဆုံးဖြတ်ချက်ကို သဘောတူပါတယ်"
ဂိုဏ်းချုပ်ရှောက်ရုံက တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းပင် ပြောလိုက်၏။
ဂိုဏ်းချုပ်က ထိုမျှအထိ အလျင်အမြန် သဘောတူလိမ့်မည်ဆိုသည်ကို ထန်ချီပင် မထင်မှတ်ထားမိချေ။
သူ၏မျက်ဝန်းထဲတွင် ရှုပ်ထွေးသော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီးနောက် ပြောလိုက်၏။
"ဂိုဏ်းချုပ်ရှောက်ရုံ၊ ခင်ဗျားတို့ ကျုပ်ရဲ့ကျင့်စဉ်ကို ဆက်ပြီး သုံးလို့ရပါတယ်၊ ဒါပေမဲ့ အလဲအလှယ်အနေနဲ့ ပါရမီသိပ်မရှိဘူးလို့ ထင်ရတဲ့ တပည့်တွေကို ခင်ဗျားတို့ဂိုဏ်းက တစ်ခါတလေ လက်ခံပေးစေချင်တယ်”
"သူတို့ကို အထူးအခွင့်အရေးတွေပေးဖို့ ကျုပ် မတောင်းဆိုပါဘူး၊ အခွင့်အရေးလေးတစ်ခုပဲ ပေးလိုက်ပါ”
“ပြီးတော့ အဆင်ပြေမယ်ဆိုရင် ကျုပ်ရဲ့လယ်တောအလုပ်တွေမှာ ကူညီပေးဖို့ တပည့်အချို့ကို ရံဖန်ရံခါ စေလွှတ်ပေးနိုင်ရင်လည်း ပိုကောင်းတာပေါ့၊ သိပ်ပြီး ဒုက္ခမများဘူးဆိုရင်ပေါ့လေ”
ထန်ချီက ပြောလိုက်၏။
"ကျုပ်တို့ ဝမ်းမြောက်ဝမ်းသာ လုပ်ဆောင်ပေးပါ့မယ်၊ စီနီယာထန်ချီ”
ဂိုဏ်းချုပ်ရှောက်ရုံက လက်သီးစုကာ ဦးညွှတ်ရင်း ပြောလိုက်၏။
"ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ်”
ထန်ချီအတွက်မူ တပည့် သို့မဟုတ် မိသားစုလည်း မရှိသကဲ့သို့ ထိုကဲ့သို့သောဆန္ဒများလည်း မရှိသဖြင့် ငွေဓားဂိုဏ်းက သူ၏အမွေအနှစ်ကျင့်စဉ်အား လေ့ကျင့်နေခြင်းအပေါ် စိတ်မရှိချေ။
ထိုကျင့်စဉ်ကို ပိုင်ဆိုင်ခဲ့သည့် မူလပိုင်ရှင်မှာလည်း သူမဟုတ်ပေ။
ဤကျင့်စဉ်အား သူနှင့်အတူ မြေမြုပ်ပျောက်ကွယ်သွားစေမည့်အစား သူတို့ဂိုဏ်းအား အသုံးပြုခွင့်ပေးပြီး ပိုမိုမြင့်မားသော အဆင့်အတန်းတစ်ခုသို့ ရောက်ရှိစေရန် ကူညီပေးခြင်းက ပို၍ကောင်းမွန်ပေသည်။
အလဲအလှယ်အနေဖြင့် အခမဲ့အကူအညီများ ရရှိနိုင်မည်ဖြစ်သကဲ့သို့ သံမဏိခွဲလက်ဝါးဂိုဏ်းတွင် သူကြုံတွေ့ခဲ့ရသော ကြေကွဲဖွယ်ဖြစ်ရပ်မျိုး အခြားသူတစ်ဦးအပေါ် မကျရောက်စေရန်အတွက်လည်း တားဆီးနိုင်ပေလိမ့်မည်။
"အားလုံးရဲ့ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ပါတယ်”
“ပြီးတော့ ဒီအမှုကို တာဝန်ယူထားတဲ့ တရားရုံးတော်တရားသူကြီးတစ်ယောက်အနေနဲ့ ထန်ချီက ငွေဓားဂိုဏ်းနဲ့ တောင်စောင့်အစီအရင်စံအိမ်အပေါ် တရားစွဲဆိုထားတဲ့ အမှုကို အပြီးသတ်ပိတ်သိမ်းကြောင်း ကြေညာလိုက်ပါတယ်”
ယန်ချင်းက ပြောလိုက်ရင်း အမှုစစ်တူကို ရိုက်ချလိုက်၏။