အခန်း ၃၇၀
Vol. 37 Ch. 370
အခန်း (၃၇၀) - ရှေးဟောင်းအပျက်အစီးများ ရှာဖွေရေးစည်းမျဉ်း
"ရာထူးအသစ်နဲ့ အတော်လေး အသားကျနေပြီနဲ့ တူတယ်”
ယွီကန်က ဘေးနားမှနေ၍ စနောက်လိုက်၏။
"ဒါကလည်း သက်ဆိုင်သူတွေက ရိုးသားပြီး မင်းတို့ ရှာဖွေပေးတဲ့ အချက်အလက်တွေက မြန်မြန်ဆန်ဆန် ဆုံးဖြတ်ချက်ချဖို့ လုံလောက်လို့ပါ၊ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ယန်ချင်းသည် စစ်ဆေးရေးမှူးနှစ်ဦး၏ စေ့စပ်သေချာသော စုံစမ်းထောက်လှမ်းမှုများအတွက် ကျေးဇူးတင်မိသော်လည်း အမှုတွင်ပါဝင်သည့် အဖွဲ့သုံးဖွဲ့၏ စရိုက်လက္ခဏာများကလည်း သူ့အတွက် အထောက်အကူပြုခဲ့လေသည်။
တောင်စောင့်အစီအရင်စံအိမ်က သူတို့အား ထန်ချီက မဟုတ်မမှန်စွပ်စွဲထားခြင်းဖြစ်ကြောင်း ဇွတ်ငြင်းနေပါက ယန်ချင်းသည် ထန်ချီ၏ ဂူဗမာန်ရှိ အစီအရင်များနှင့် ပတ်သက်၍ သီးခြားလွတ်လပ်ပြီး နာမည်ကောင်းရှိသော အစီအရင်ဆရာသုံးဦးကို ခေါ်ယူကာ သဘောထားမှတ်ချက် တောင်းခံရပေလိမ့်မည်။
အစီအရင်ဆရာတစ်ဦးစီ၏ ရှင်းပြချက်မှာ အနည်းဆုံး နာရီဝက်ခန့်ကြာမြင့်မည်ဖြစ်ရာ ကျောင်းတော်တွင်ကြုံတွေ့ခဲ့ရသော နည်းပြအချို့ကဲ့သို့ လေပေါပြီး စကားဘေးရောက်တတ်သော အစီအရင်ဆရာတစ်ဦးနှင့် တိုးသွားပါက ထိုအစီအရင်များ၏ သမိုင်းကြောင်းများကိုပါ လိုက်လံရှင်းပြနေပေလိမ့်မည်။
ထိုသို့ဖြင့် မိနစ်အနည်းငယ်မျှသာ ရှင်းပြရမည့်အရာမှာ တစ်နေ့ကုန်ပို့ချချက်တစ်ခု ဖြစ်သွားနိုင်ပေသည်။
စံအိမ်သခင်ဆူးယဲ့က သူတို့၏ အမှားကို ဝန်ခံလိုက်ခြင်းကြောင့် ထိုအစီအရင်ဆရာများကို ခေါ်ယူရန် မလိုတော့ပေ။
သို့သော်လည်း ယန်ချင်းမှာ ရင်နာရလေ၏။
အကြောင်းမှာ ထိုအစီအရင်ဆရာများသည် ထန်ချီ၏ ဂူဗိမာန်ကို စုံစမ်းစစ်ဆေးပြီးဖြစ်၍ သူတို့၏ စုံစမ်းတွေ့ရှိချက်မှာ စံအိမ်သခင်ဆူးယဲ့ပြောကြားခဲ့သည်နှင့် ထပ်တူနီးပါးတူညီနေသောကြောင့် သက်သေထွက်ဆိုသည်ဖြစ်စေ၊ မထွက်ဆိုသည်ဖြစ်စေ၊ သူတို့အား အခကြေးငွေ ပေးဆောင်ရတော့မည်ဖြစ်သောကြောင့်ပင်။
ငွေဓားဂိုဏ်းအား ကိုင်တွယ်ဖြေရှင်းရသည်မှာ အလွယ်ကူဆုံးဖြစ်၏။
အကြောင်းမှာ သူတို့ အမှားလုပ်ထားကြောင်း သက်သေအထောက်အထားများမှာ နေ့ခင်းကြောင်တောင်ကဲ့သို့ ထင်ရှားနေပြီး ငြင်းမရစေရန် ချုပ်ကိုင်ထားနိုင်သည့် သက်သေများစွာ ရှိနေသောကြောင့်ပင်။
ဂိုဏ်းချုပ်ရှောက်ရုံနှင့် သူ၏တပည့်ထံတွင် တည်ရှိနေသော ဓားချီများမှာ ထန်ချီ၏ ဓားချီနှင့် အရည်အသွေးတူညီနေပြီး သူတို့၏ ကျင့်စဉ်များမှာ တစ်ခုတည်းမှ ဆင်းသက်လာကြောင်း သက်သေပြနေ၏။
နောက်ထပ်သက်သေတစ်ခုမှာ ထန်ချီနှင့် တောင်စောင့်အစီအရင်စံအိမ်တို့အကြား ချုပ်ဆိုထားသော ကတိကဝတ်စာချုပ်ဖြစ်ပြီး ယင်းစာချုပ်ပေါ်တွင် ချုပ်ဆိုခဲ့သည့် ရက်စွဲကိုလည်း ရှင်းရှင်းလင်းလင်း ရေးသားထားလေသည်။
ရှေးဟောင်းအပျက်အစီးများကို ရှာဖွေစူးစမ်းခြင်းနှင့် ပတ်သက်၍ စည်းမျဉ်းတစ်ခုရှိလေသည်။
၎င်းကို တရားရုံးတော်အား စတင်တည်ထောင်ရန် ထောက်ခံအားပေးခဲ့ကြသော အဖွဲ့အစည်းများ၏ လေးပုံသုံးပုံက တညီတညွတ်တည်း သဘောတူဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ပေသည်။
ထိုလမ်းညွှန်ချက်မှာ 'ရှေးဟောင်းအပျက်အစီးများ ရှာဖွေရေးစည်းမျဉ်း' အမည်ရှိ ပြဋ္ဌာန်းချက်တစ်ခုဖြစ်ပြီး ထန်ချီ၏ အဖြစ်အပျက်မျိုးအား ကြိုတင်ကာကွယ်ရန်အတွက် သတ်မှတ်ထားခြင်းဖြစ်၏။
ကျင့်ကြံသူများသည် အချိန်အတော်ကြာ တံခါးပိတ်ကျင့်ကြံလေ့ရှိကြပြီး တစ်ခါတစ်ရံတွင် မူလသတ်မှတ်ထားသော အချိန်ထက် ကျော်လွန်သွားတတ်၏။
ဥပမာအားဖြင့် အလယ်အလတ်အဆင့် နန်းတော်အဆင့်ကျင့်ကြံသူတစ်ဦး၏ သက်တမ်းမှာ နှစ်ပေါင်း ၂၀၀၀၀ ခန့် ရှိလေ၏။
ထိုကဲ့သို့သော ကျင့်ကြံသူတစ်ဦးသည် တံခါးပိတ်ကျင့်ကြံဝင်ပါက နှစ်ပေါင်းရာချီမှသည် ထောင်ချီအထိကြာမြင့်နိုင်ပြီး ထိုအချိန်ကာလအတွင်း များစွာပြောင်းလဲသွားနိုင်သည်။
ယင်းတို့အနက်တစ်ခုမှာ အစီအရင်များ ပျက်စီးယိုယွင်းခြင်း၊ သို့မဟုတ် ကာကွယ်ရေးရတနာများ ရုတ်တရက် အလုပ်မလုပ်တော့ခြင်းဖြစ်၏။
ထိုကျင့်ကြံသူသည် နက်ရှိုင်းစွာ တံခါးပိတ်ကျင့်ကြံနေပါက မိမိ၏ဂူဗိမာန် ပေါ်ထွက်သွားသည်ကို သိရှိလိမ့်မည်မဟုတ်ဘဲ အချိန်ကာလကြာညောင်းလာသည်နှင့်အမျှ ထိုဂူဗိမာန်သည် ကွယ်ပျောက်သွားသော အဖွဲ့အစည်းတစ်ခု၏ ရှေးဟောင်းအပျက်အစီးတစ်ခုအဖြစ် အထင်မှားခြင်းခံရနိုင်သည်။
ထို့ကြောင့် စည်းကမ်းချက်တစ်ခုကို သတ်မှတ်ထားခြင်း ဖြစ်၏။
ရှေးဟောင်းအပျက်အစီးများ ရှာဖွေရာတွင် နှစ်ပေါင်း ၅၀၀၀ သတ်မှတ်ချက်တစ်ခု ရှိလေသည်။
စူးစမ်းရှာဖွေသူသည် ထိုနေရာအား နှစ်ပေါင်း ၅၀၀၀ ကျော် စွန့်ပစ်ထားသည်မှာ ထင်ရှားပါက ထိုနေရာမှရရှိသော အရာအားလုံးကို တရားဝင် ပိုင်ဆိုင်ခွင့်ရှိပေသည်။
သို့သော်လည်း နှစ်ပေါင်း ၅၀၀၀ မပြည့်မီ မူလပိုင်ရှင် အသက်ရှင်သန်နေဆဲဖြစ်ကြောင်းနှင့် သူတို့၏ မျိုးဆက် သို့မဟုတ် အမွေဆက်ခံသူရှိကြောင်း သက်သေပြနိုင်လျှင် ယူဆောင်သွားသောအရာအားလုံးကို ပြန်လည်ပေးလျော်ရမည့်အပြင် ယူဆောင်သွားသောအရာများက သူတို့၏တိုးတက်မှုကို မည်မျှအဟန့်အတားဖြစ်စေခဲ့သည့်အပေါ် မူတည်၍ ထပ်ဆောင်းလျော်ကြေးများ ပေးဆောင်ရမည်ဖြစ်၏။
ထိုပြောင်းလဲမှုက ပိုကြီးမားလေလေ၊ ချမှတ်မည့်ဒဏ်ကြေးမှာ ပိုများပြားလေလေ ဖြစ်သည်။
ကျင့်ကြံသူများ တံခါးပိတ်ကျင့်ကြံခြင်းအပြင် အချို့မှာ လျှို့ဝှက်ဆန်းကြယ်သော နယ်မြေများ သို့မဟုတ် အခြားနေရာများသို့ သွားရောက်စူးစမ်းလေ့ရှိပြီး နေအိမ်၌ နှစ်ပေါင်းများစွာမရှိတော့ချိန်တွင် သူတို့၏ နေအိမ်များ၊ သို့မဟုတ် တည်ထောင်ထားသောအရာများမှာ လုယက်ဖျက်ဆီးခြင်းခံရကာ လူတိုင်းရှာဖွေနိုင်သော ရှေးဟောင်းအပျက်အစီးများအဖြစ် သဘောထားခြင်း ခံရတတ်ပေသည်။
ထိုအကြောင်းကြောင့် အကြီးစားနှင့် အသေးစားတိုက်ပွဲများစွာ ဖြစ်ပွားခဲ့ပြီး ယင်းကပင် ထိုစည်းမျဉ်းကိုပြဋ္ဌာန်းရန် တွန်းအားပေးခဲ့ခြင်းဖြစ်၏။
ထိုစည်းမျဉ်းကိုပြဋ္ဌာန်းရန် တွန်းအားပေးခဲ့သည့် ကြီးမားသော အမှုအခင်းများထဲမှ တစ်ခုမှာ အဆင့် ၃ ဂိုဏ်းတစ်ခုမှ နန်းတော်အဆင့် သက်ကြီးဝါကြီးကျင့်ကြံသူတစ်ဦးသည် အဆင့် ၂ မိသားစု၏ အကြီးအကဲချုပ်ဖြစ်သော နယ်ပယ်အဆင့်ပညာရှင်တစ်ဦး၏ နေအိမ်ကို မတော်တဆ တွေ့ရှိခဲ့ခြင်းဖြစ်ပေသည်။
ထိုနယ်ပယ်အဆင့်ပညာရှင်သည် တိုက်ကြီးတစ်ခွင် လှည့်လည်စူးစမ်းရသည်ကို နှစ်သက်ပြီး တစ်နေရာမှတစ်နေရာသို့ အမြဲရွေ့လျားနေတတ်သဖြင့် မိသားစုဌာနချုပ်သို့ပြန်ရန် အချိန်နည်းပါးလှရာ တိုက်ကြီးတစ်ခွင်တွင် နေအိမ်များစွာကို ဟိုတစ်စဒီတစ်စ တည်ဆောက်ထားလေ့ရှိ၏။
ရလဒ်အနေဖြင့် သူမတွင် တိုက်ကြီးတစ်ခွင်ပျံ့နှံ့နေသော နေအိမ်ပေါင်းတစ်ထောင်ကျော်ရှိနေပြီး ထိုနေအိမ်တစ်ခုစီတွင် သူမ၏ ခရီးစဉ်များအတွင်း စုဆောင်းခဲ့သော အဖိုးတန်ရတနာများဖြင့် ပြည့်နှက်နေလေသည်။
တိုက်တိုက်ဆိုင်ဆိုင် ကံတရား၏ လှည့်ကွက်ကြောင့် သူမ၏ နေအိမ်တည်ရှိရာမှ ကီလိုမီတာထောင်ပေါင်းများစွာအကွာတွင် ကျင့်ကြံသူအချို့ တိုက်ခိုက်ကြရာမှ ထိုနေအိမ်၏ ကာကွယ်ရေးစွမ်းအားများ လျော့နည်းသွားခဲ့၏။
တုန်ခါမှုလှိုင်းများ ထိုမျှအထိ ရောက်ရှိသွားရန်အတွက် ထိုကျင့်ကြံသူများသည် အနည်းဆုံး နယ်ပယ်အဆင့်တွင် ရှိရမည်ဖြစ်သော်လည်း ထိုဖြစ်စဉ်အား နောက်ပိုင်းတွင် လေ့လာခဲ့ကြသူများကမူ တိုက်ပွဲ၏ အကျိုးသက်ရောက်မှုကြောင့် ကီလိုမီတာတစ်ထောင်ကျော်အကွာရှိ အဆင့်မြင့် အပြာရောင်အဆင့်အစီအရင်တစ်ခုကိုပင် အက်ကွဲကြောင်းများ ဖြစ်ပေါ်စေခဲ့သောကြောင့် သူတို့သည် အနည်းဆုံး နယ်ပယ်အဆင့်၏ အထွတ်အထိပ်တွင် ရှိနေကြကြောင်း သုံးသပ်ခဲ့ကြ၏။
နှစ်ပေါင်းတစ်ထောင်ကျော်ကြာပြီးနောက်တွင် သူမ၏နေအိမ်ကို ကာကွယ်ထားသော အစီအရင်မှာ အလွန်အားနည်းသွားခဲ့သည်။
သူမသည် အမြဲရွေ့လျားနေပြီး နေအိမ်ပေါင်းထောင်ချီရှိနေသဖြင့် ထိုအစီအရင်၏ ချို့ယွင်းချက်ကို မည်သည့်အခါမျှ ပြန်လည်မပြင်ဆင်နိုင်ခဲ့ပေ။
ထို့နောက်တွင် နန်းတော်အဆင့် သက်ကြီးဝါကြီးကျင့်ကြံသူသည် ထိုနေအိမ်မှ ယိုစိမ့်ထွက်လာသော ရတနာအချို့၏ စွမ်းအင်ကြောင့် ဆွဲဆောင်ခြင်းခံခဲ့ရလေ၏။
သူသည် ထိုနေရာသို့ ရောက်ရှိလာပြီး ပျက်စီးနေသော အပြာရောင်အဆင့်အစီအရင်ကို မြင်သောအခါ ထိုနေရာသည် အချိန်အကြာကြီးကတည်းက မေ့လျော့ခြင်းခံထားရသော အဖွဲ့အစည်းတစ်ခု၏ စွန့်ပစ်နေအိမ်ဖြစ်နိုင်ကြောင်း ချက်ချင်း ကောက်ချက်ချလိုက်လေ၏။
ထိုနေရာတွင် စွန့်ပစ်နယ်မြေတစ်ခု၏ လက္ခဏာရပ်အားလုံး ရှိနေသည်။
အတွင်းတွင် မည်သူမျှမရှိသကဲ့သို့ နှစ်ပေါင်းများစွာ မည်သူမျှနေထိုင်ခဲ့ပုံလည်း မပေါ်ပေ။
အချိန်ကာလကြာမြင့်မှုကြောင့် ပျက်စီးသွားပြီဟု ယူဆထားသော ပျက်စီးယိုယွင်းနေသည့် အဆင့်မြင့် အပြာရောင်အဆင့်အစီအရင်တစ်ခု ရှိနေသည်။
ထို့အပြင် ပိုင်ရှင်ဖြစ်သူမှာ အတွင်းမှ သူခံစားမိနေသော အဆင့်မြင့်အုပ်စိုးသူအဆင့် ရတနာများကို ထားရစ်ခဲ့မည်မဟုတ်သောကြောင့် သေဆုံးသွားပြီဖြစ်နိုင်ကြောင်း ယူဆခဲ့ပေသည်။
ထိုရတနာများကို ပိုင်ရှင်မဲ့မထားခဲ့လိုသော တာဝန်သိစိတ်ဖြင့် သူသည် ကိုယ်ကျိုးမဖက်သည့် လုပ်ရပ်တစ်ခုကို လုပ်ဆောင်ရန် ဆုံးဖြတ်ကာ ယင်းတို့ကို မိမိ၏ စောင့်ရှောက်မှုအောက်သို့ ယူဆောင်ရန် ဆုံးဖြတ်လိုက်လေ၏။
ထို့ကြောင့် သူသည် အစွမ်းကုန်ကြိုးစားကာ ထိုနေရာကိုကာကွယ်ထားသော ပျက်စီးနေသည့် အဆင့်မြင့် အပြာရောင်အဆင့်အစီအရင်ကို ချိုးဖျက်ပြီး အတွင်းရှိပစ္စည်းအားလုံးကို ယူဆောင်သွားခဲ့လေသည်။
သူသည် ထိုနေအိမ်မှ တန်ဖိုးရှိသော ပစ္စည်းများစွာကို ယူဆောင်သွားခဲ့သည်။
ယင်းတို့တွင် အုပ်စိုးသူအဆင့်ဝိညာဉ်ဆေးပင်များ၊ အခြားသော သဘာဝရတနာများ၊ နယ်ပယ်အဆင့် မိသားစုအကြီးအကဲကိုယ်တိုင် ပြုလုပ်ထားသော အုပ်စိုးသူအဆင့်ဆွဲကြိုးများနှင့် ပန်းချီကားအချို့၊ အပြာရောင်အဆင့်ကျင့်စဉ်အချို့နှင့် ထိုဒေသရှိ လျှို့ဝှက်ဆန်းကြယ်သော နယ်မြေအချို့တွင် နယ်ပယ်အဆင့်ပညာရှင် ကြုံတွေ့ခဲ့ရသည်များကို အသေးစိတ်ရေးသားထားသော မြေပုံများနှင့် မှတ်တမ်းစာအုပ်များ ပါဝင်လေသည်။
ထိုသက်ကြီးဝါရင့်သည် ထိုပစ္စည်းများကို ရရှိပြီးနောက် အသိဉာဏ်ရှိစွာဖြင့် မိမိကိုယ်ကိုယ် ပိုမိုသန်မာစေရန် အရင်ဆုံး လုပ်ဆောင်ခဲ့၏။
ထိုရှေးဟောင်းနယ်မြေကို မစူးစမ်းမီက သူသည် နန်းတော်အဆင့်တတိယအဆင့်တွင်သာ ရှိခဲ့သော်လည်း ထိုနေအိမ်မှ ရတနာအချို့ကို အသုံးပြုပြီးနောက် သူ၏အစွမ်းမှာ အရှိန်အဟုန်ဖြင့် တိုးတက်သွားခဲ့သည်။
တစ်ဆယ့်ငါးနှစ်အတွင်း သူ၏အစွမ်းမှာ နန်းတော်အဆင့်ဆဋ္ဌမအဆင့်သို့ ရောက်ရှိသွားခဲ့ပြီး သတ္တမအဆင့်သို့ ချိုးဖျက်ဝင်ရောက်ကာ နောက်ပိုင်းနန်းတော်အဆင့် ပညာရှင်တစ်ဦးဖြစ်လာရန် လက်တစ်ကမ်းအလိုသာ လိုတော့သည်။
ရရှိလာသောအစွမ်းအသစ်ဖြင့် သူသည် မိမိ၏ဂိုဏ်းသို့ ပြန်လာခဲ့ပြီး နန်းတော်အဆင့်စတုတ္ထအဆင့်ရှိသော ဂိုဏ်းချုပ်အား အငြိမ်းစားယူရန် ယဉ်ကျေးစွာ တောင်းဆိုခဲ့သည်။
ထိုဆွေးနွေးမှုအပြီးတွင် ဂိုဏ်းချုပ်မှာ ကျင့်ကြံခြင်းအဆင့် ပျက်စီးသွားခဲ့ရပြီး နောက်ပိုင်းနှစ်များတွင် သူ၏ထောက်ခံသူအချို့လည်း ဆန်းကြယ်စွာ ကွယ်ပျောက်သွားခဲ့ကြလေသည်။
ထိုသက်ကြီးဝါကြီးကျင့်ကြံသူသည် နောက်ထပ်ဂိုဏ်းချုပ်အသစ် ဖြစ်လာခဲ့သည်။
ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် သူသည် ဂိုဏ်း၏အင်အားကို အသုံးချကာ နယ်ပယ်အဆင့်ပညာရှင်၏ မှတ်တမ်းထဲတွင် ဖော်ပြထားသော ရှေးဟောင်းနယ်မြေအချို့ကို သွားရောက်ရှာဖွေခဲ့သည်။
အလွန်တန်ဖိုးကြီးမားသော သယံဇာတများကို မတွေ့ရှိခဲ့သော်လည်း သူတို့၏ဂိုဏ်းအား ထိုဒေသတွင် အင်အားကြီးသော အုပ်စိုးသူအဆင့်သို့ ရောက်ရှိစေရန် လုံလောက်သောအရာများကိုမူ တွေ့ရှိခဲ့၏။
နှစ်ပေါင်းသုံးဆယ်အတွင်း သူတို့၏ ဂိုဏ်းအတွင်းရှိ နန်းတော်အဆင့်ပညာရှင်အရေအတွက်မှာ ၁၁ ဦးမှ ၃၄ ဦးအထိ တိုးတက်လာခဲ့ပြီး ဂိုဏ်းချုပ်ကိုယ်တိုင်လည်း နန်းတော်အဆင့်နဝမအဆင့် ပညာရှင်တစ်ဦးဖြစ်လာခဲ့သည်။
သို့သော်လည်း နောက်ပိုင်းနှစ်အနည်းငယ်တွင် ထိုနယ်ပယ်အဆင့်ပညာရှင်သည် သူမ၏ နေအိမ်တစ်ခု လုယက်ခံရသည်ကို သတိပြုမိသွားပြီး နယ်ပယ်အဆင့်ကျင့်ကြံသူတစ်ဦး၏ စွမ်းရည်ဖြင့် ထိုပစ္စည်းများရှိသည့် ထိုဂိုဏ်း၏တံခါးဝအထိ လိုက်လံထောက်လှမ်းရန်မှာ မခဲယဉ်းခဲ့ပေ။
ထိုနယ်ပယ်အဆင့်ပညာရှင်သည် ထိုဂိုဏ်းသို့ ရောက်ရှိသောအခါ တောင်းဆိုချက်များကို ကျိုးကြောင်းဆီလျော်စွာ ပြုလုပ်ခဲ့ပြီး သူတို့အား ချက်ချင်း သတ်မပစ်ခဲ့ပေ။
သူမသည် ဂိုဏ်းစောင့်အစီအရင်ကို အသာတကြည် ဖျက်ဆီးပစ်လိုက်ပြီး နယ်ပယ်အဆင့်ပညာရှင်တစ်ဦး၏ ဂုဏ်သိက္ခာကို ပြသကာ ထိုဂိုဏ်းမှ နန်းတော်အဆင့်ပညာရှင်အချို့ [14] ဦး၏ ကျင့်ကြံခြင်းကို ဖျက်ဆီးပစ်လိုက်ပြီးမှ တောင်းဆိုချက်များကို တင်ပြခဲ့သည်။
၎င်းမှာ ယူဆောင်သွားသော ပစ္စည်းများအတွက် လျော်ကြေးပေးရန်ဖြစ်ပြီး သို့မှသာ သူမက ထိုကိစ္စကို မေ့ဖျောက်ပေးမည်ဖြစ်၏။
သူမတွင် ကုန်သည်နောက်ခံရှိပုံရသည်။ အကြောင်းမှာ သူမသည် ပေးလျော်ရမည့်ပမာဏကို နောက်ဆုံးဝိညာဉ်ကျောက်တုံးတစ်တုံးအထိ တွက်ချက်ပြခဲ့သောကြောင့်ဖြစ်သည်။
ထိုပမာဏမှာ ထိုဂိုဏ်းအား နှစ်ပေါင်း ၁၀၀၀၀ ခန့် အကြွေးနွံနစ်စေမည်ဖြစ်သော်လည်း အနည်းဆုံးအနေဖြင့် ဆက်လက်ရှင်သန်ခွင့်ရရှိပေလိမ့်မည်။
သူမသည် ထိုပမာဏကို ရှာဖွေရန် နှစ်ဝက်ခန့် အချိန်ပေးခဲ့သည်။
ထို့အပြင် သူမတွင် သတင်းအချက်အလက်ရှိထားသော လျှို့ဝှက်ဆန်းကြယ်နယ်မြေများနှင့် ဂူများသို့ စူးစမ်းရှာဖွေရာတွင် သူမ၏ လက်ထောက်များအဖြစ် ကူညီပေးရမည်ဟူသော အထူးသဘောတူညီချက်တစ်ခုကိုလည်း ထည့်သွင်းထားလေသည်။
အပေါ်ယံအားဖြင့် ထိုဂိုဏ်းသည် သူမ၏ တောင်းဆိုချက်များကို သဘောတူပုံရသော်လည်း အာဏာ၏ အထွတ်အထိပ်ကို မြည်းစမ်းဖူးပြီး ဂိုဏ်းချုပ်ရာထူးအတွက် အခြားဂိုဏ်းချုပ်ကို သတ်ဖြတ်ခဲ့သော ဂိုဏ်းချုပ်ရှိသည့် ဂိုဏ်းတစ်ခုမှာ ယင်းသို့ လွယ်လွယ်ကူကူ သဘောတူရန် လုံးဝမဖြစ်နိုင်ပေ။
ထို့ကြောင့် သူတို့သည် အကောင်းဆုံးဟုယူဆရသော နည်းလမ်းကို လုပ်ဆောင်ခဲ့ကြသည်။
ယင်းမှာ လူသတ်သမားများကို ငှားရမ်း၍ ထိုနယ်ပယ်အဆင့်ပညာရှင်ကို လုပ်ကြံခိုင်းခြင်းဖြစ်ပြီး သူမတောင်းဆိုသော ပမာဏ၏ သုံးပုံတစ်ပုံကို အခကြေးငွေအဖြစ် ပေးဆောင်ရန်ဖြစ်၏။
ထို့အပြင် လူသတ်သမားအဖွဲ့အစည်းများ ပိုမိုစိတ်အားထက်သန်လာစေရန်အတွက် ထိုပညာရှင်တွင် ရှေးဟောင်းအမွေအနှစ်များဆီသို့ဦးတည်သော ရတနာမြေပုံအချို့ရှိကြောင်း သတင်းအမှားများကိုလည်း ဖြန့်ဝေခဲ့ပြီး သက်သေအဖြစ် သူမ၏နေအိမ်မှ ခိုးယူလာသော မှတ်တမ်းအချို့၏ မိတ္တူများကိုလည်း ပေးအပ်ခဲ့လေသည်။
သူတို့မသိရှိခဲ့သည်မှာ ပျားအုံကို တုတ်နှင့်ထိုးမိခဲ့ခြင်းပင်။
ထိုနယ်ပယ်အဆင့် ပညာရှင်သည် သမိုင်းအစဉ်အလာကြီးမားသော အဆင့် ၁ မိသားစု၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ထိုမိသားစုမပါဘဲနှင့်ပင် သူမကိုယ်တိုင်မှာ ဓားနယ်ပယ်အဆင့်ကို အသုံးပြုနိုင်သော စွမ်းအားကြီးမားသူတစ်ဦးဖြစ်၏။
ထို့အပြင် သူမသည် ရတနာရှာဖွေသူတစ်ဦးအဖြစ် ကျော်ကြားသောကြောင့် ကုန်သည်များနှင့် လေလံခန်းမများတွင် များပြားလှသော အဆက်အသွယ်များရှိနေရာ သူတို့၏ သတင်းအဆက်အသွယ်ကို အသုံးပြု၍ ထိုဂိုဏ်း၏လုပ်ရပ်ကို သိရှိသွားရန်မှာ သူမအတွက် မခဲယဉ်းခဲ့ပေ။
ထိုဂိုဏ်းနှင့် သူတို့ငှားရမ်းခဲ့သော လူသတ်သမားအဖွဲ့အစည်းများသည် တစ်ညတည်းဖြင့် ကွယ်ပျောက်သွားခဲ့ရလေ၏။
သူတို့အပြင် အခြားသောအဖွဲ့အစည်းများစွာသည်လည်း အသေးစိတ်အချက်အလက်အချို့မှလွဲ၍ တူညီသောအကြောင်းပြချက်ကြောင့် ပျက်စီးခဲ့ကြရသည်။
သူတို့သည် စွန့်ပစ်ထားသည်ဟု ယူဆရသော နယ်မြေအချို့ကို မတော်တဆ တွေ့ရှိခဲ့ကြသော်လည်း ကျင့်ကြံသူတို့၏ လောဘကြောင့် ထိုနေရာမှာ စွန့်ပစ်ထားခြင်းမဟုတ်နိုင်ကြောင်း ပြသနေသည့် သက်သေများကို လျစ်လျူရှုခဲ့ကြသဖြင့် နောက်ဆုံးတွင် မိမိကိုယ်ကိုယ် ဘေးဒုက္ခထဲသို့ ဖိတ်ခေါ်ခဲ့ကြခြင်းဖြစ်ပေသည်။
ဤပြဿနာကို ဖြေရှင်းရန်အတွက် ရှေးဟောင်းအပျက်အစီးများ ရှာဖွေရေးစည်းမျဉ်းကို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်၏။
၎င်းမှာ စေ့စပ်သေချာသော စုံစမ်းမှုမရှိဘဲ စူးစမ်းရှာဖွေခြင်းကို ဟန့်တားရန်ဖြစ်သည့်အပြင် ငွေဓားဂိုဏ်းလုပ်ဆောင်ခဲ့သကဲ့သို့ တရားရုံးတော်က ကြားဝင်စေ့စပ်ပေးသူအဖြစ် ဆောင်ရွက်ပေးခြင်းဖြင့် လုံးဝပျက်စီးသွားခြင်းမှ ရှောင်ရှားနိုင်ရန်ဖြစ်သည်။
သူတို့သည် မိမိတို့ဘက်က မှားယွင်းနေပြီး အင်အားနည်းသော အဖွဲ့ဖြစ်ကြောင်း သိရှိကြသဖြင့် ရှင်သန်နိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ ထိုဖြစ်စဉ်တွင် တရားရုံးတော်အား ကြားဝင်ပတ်သက်စေရန်ဖြစ်၏။
ထိုသို့ဖြင့် သူတို့သည် များပြားလှသော လျော်ကြေးများကို ပေးဆောင်ရမည်ဖြစ်သော်လည်း အနည်းဆုံးအနေဖြင့် ဂိုဏ်းမှာ ပျက်စီးမသွားဘဲ ဆက်လက်တည်ရှိနေပေလိမ့်မည်။